← Chapters

ဆေဘာ

Vol. 86 Ch. 1203

ဆေဘာ

Vol. 86 Ch. 1203

ဝေ့ဝူယင်မှာ မူလ နေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ သူ၏ အမူအရာကတော့ အနည်းငယ် သုန်မှုန်နေ၏။ သူ လက်ရှိ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံ၊ နည်းလမ်းများဖြင့် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ကို တိုက်ခိုက်ရန်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်ခြင်းကတော့ သူ့ အကန့်အသတ် အပြင်ဘက်တွင် တည်ရှိနေသည်။

အကယ်၍ ဝေ့ဝူယင် အတွေးကိုသာ အခြားလူများ သိရှိပါက ကျိန်းသေပင် ထရိုက်ချင်စိတ်များ ပေါ်လာလိမ့်မည် ဖြစ်သည်။ လူငယ်မှာ ယခုမှ သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် ကြယ်တာရာ သခင် တစ်ယောက်ပင် ဖြစ်မလာသေးပဲ လောကီ မျက်လုံးအဆင့်တွင်သာ ရှိပေသေးသည်။ သို့တိုင်အောင် သူက လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်သည် သန်မာနေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်အား ဆန့်ကျင်နိုင်သည့် ပါရမီရှင်များကို ဥပမာ ပြရလျှင် သူက နံပတ်တစ် နေရာတွင် ရှိနေပေလိမ့်မည်။ ပိုမို၍ အရေးကြီးသည့် အချက်က လူငယ်မှာ ယခုမှ အသက် ခြောက်ဆယ့် ရှစ်နှစ်သာ ရှိသေးခြင်း ဖြစ်သည်။

“ပြီးပြီလား...”

ခရာတို၏ အသံက ဝေ့ဝူယင် နှလုံးသား အတွင်း ဒေါသတကြီးဖြင့် ထွက်ပေါ်လာခဲ့၏။ သူက ခြောက်ကြိမ် တိုင်တိုင် ဆိုးရွားစွာ သေဆုံးခဲ့ရသည့် ဖြစ်ရပ် အပေါ် မကျေနပ်နေသည်မှာ ထင်ရှားလှသည်။

“မမျှတဘူး...”

ဘုရင်ကလည်း မှတ်ချက်ချလိုက်သည်။ အိုမီဂါ ဆေဘာ ဝိညာဉ်မှာ ကြယ်တာရာ ဝိညာဉ် လေးခုထဲတွင် အပြင်းထန်ဆုံးသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ သေဆုံးခဲ့သည့် ခြောက်ကြိမ်လုံး၌ ဆေဘာကို တစ်ခါမှ ထုတ်မသုံးခဲ့ချေ။ သူက ဆေဘာ ရည်ရွယ်ချက်ကိုပင် အသုံးပြုခဲ့ခြင်း မရှိပေ။

ဝေ့ဝူယင် အများဆုံး အသုံးပြုခဲ့သည်က ခရာတိုနှင့် အိုရီတို့၏ စွမ်းအားများသာ ဖြစ်သည်။ ကြမ္မာ ရှောင်ရှားခြင်း မျက်လုံးမှာလည်း ဧဒင်နှင့် ခရာတိုတို့၏ စွမ်းအား အပေါ်တွင်သာ မှီခိုနေသည်။

"..."

ဝေ့ဝူယင် တိတ်ဆိတ် နေခဲ့၏။

“သူတို့ကို ဒီအတိုင်း သတ်ပစ်လိုက်ပါလား...”

ခရာတိုက စိတ်မရှည်စွာဖြင့် ထပ်မံ၍ တိုက်တွန်းလိုက်သည်။

"ဟင်းသီးဟင်းရွက် လှီးဖို့ တုံးနေတဲ့ ဓားကို ဘာလို့ သုံးမှာလဲ... အဲဒီလို ဆက်လုပ်နေမယ် ဆိုရင် သက်ရောက်မှု မရှိသလောက်ပဲ”

ဧဒင်ကလည်း ဆိုလိုက်သည်။ ဝေ့ဝူယင် တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“အခု ငါတို့ရဲ့ ရည်ရွယ်ချက်က အကန့်အသတ်ကို စစ်ဆေးဖို့ သက်သက်ပဲ... ငရဲရဲ့ တတိယမြောက် ကပ်ဘေးက တစ်နှစ် အတွင်းလာတော့မယ်... ငါတို့ ဘာလုပ်နေတယ် ဆိုတာကို သိဖို့ လိုတယ်”

အိုရီ၏ အကန့်အသတ်က ဤနေရာတွင် ရှင်းလင်းသွားပြီ ဖြစ်သည်။ ခရာတို၏ ခွန်အားမှာလည်း တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ဖို့ လုံလောက်ခြင်းမရှိချေ။ ဧဒင်၏ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်မှာ တိုက်ခိုက်ရန် သီးသန့် မဟုတ်ပဲ စိတ်တာအို၏ ဆန်းကြယ်မှုများကိုသာ သယ်ဆောင်ထားသည်။ ဘုရင်မှာ ဝေ့ဝူယင်တွင် ကျန်ရှိသည့် တစ်ခုတည်းသော ဝှက်ဖဲ ဖြစ်ပေသည်။

“အဖေဘာကို စိုးရိမ်နေလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်...”

ခရာတို၏ အသံက အနည်းငယ် တည်ငြိမ်သွား၏။ စကားလုံး တစ်လုံးချင်းစီတိုင်း၌ သူက ပိုမို နူးညံ့ ပျော့ပျောင်း လာသည်။ သို့သော်လည်း ဝေ့ဝူယင် ချီးကျူး မဆုံးခင်မှာပင် သူက အသံက နောက်တစ်ကြိမ် ဒေါသ အရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြန်လေ၏။

“ဒါပေမဲ့ ဘာမှ သောက်ဂရုစိုက်စရာ မရှိဘူး... အဲ့ကောင်တွေကို သတ်သာပစ်လိုက်”

ခြောက်ကြိမ် တိုင်တိုင် သေဆုံးခဲ့ပြီး နောက်တွင် သူ၏ စိတ်ခံစားချက်များက အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ခရာတို၏ အတွေးနှင့် ခံစားချက်များကို သူ နားလည်ပေသည်။ ထိုသတ္တဝါလေးမှာ သူ့ ကိုယ်သူ အစစ်အမှန် ဟင်းလင်းပြင် နဂါးတစ်ကောင် အဖြစ် ခံယူထားသူ ဖြစ်သည်။ သူက အလွန်ပင် မောက်မာကာ မာနကို ထိပါး မခံလိုသူ ဖြစ်သည်။ ယခုလိုမျိုး ခြောက်ကြိမ် တိုင်တိုင် သေဆုံးခြင်းက သူ့ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိပါးစေသည်။ ထိုခံစားချက်က အလွန်ပင် နာကျင်ကာ ခံရခက်လှ၏။

ဝေ့ဝူယင် မျက်လုံးများ မှိတ်ထားသည့် တိမ်ပြာကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ၏ ငွေရောင် မျက်လုံးများက တရားထိုင်နေသည့် ခုတ်ပိုင်းခြင်းဓားနှင့် ပုန်းကွယ်နေသည့် ခွန်ရီမင်တို့ထံ ဆက်တိုက် ရွေ့လျား သွားသည်။

တိမ်ပြာ သူ၏ သန့်စင်မှုကို ရပ်နားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ သူတို့၏ အစီအစဉ်ကို ဝေ့ဝူယင်က ဖြတ်သန်း မြင်နိုင်စွမ်း ရှိသည်လား...။ သူ မရှူနိုင်မကယ်နိုင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဖုံးကွယ်ခြင်း အလွှာ အထပ်ထပ် တားဆီးထားသည့်တိုင် ထိုသေမျိုးမှာ ခွန်ရီမင်ကို မြင်တွေ့ နေနိုင်ဆဲ ဖြစ်သည်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သနည်း။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ဝေ့ဝူယင်မှာ အစွမ်း အထက်ဆုံးသေမျိုး ဆိုလျှင် မှားလိမ့်မည် မထင်ချေ။

တိမ်ပြာ လျှို့ဝှက် တစ်ပိုင်း အဆင့်ကို ဖော်ထုတ်ဖို့ အဆင်သင့် ပြင်ဆင် ထားလိုက်၏။ အကယ်၍ သူသာ နှောင့်နှေးနေပါက ပွဲသိမ်း တိုက်ကွက် ဖော်ထုတ်ရန် အခွင့်အရေးမှာ မှေးမှိန်သွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်က ရင်ဘတ်ကို ဖိလိုက်၏။ မူလ နဂါး ဆယ်ကောင်မှာ သူ့ထံသို့ ပျံလည် ပျံသန်းလာကာ အမျိုးမျိုးသော ရှုဒေါင့်များမှ နေ၍ ခန္ဓာကိုယ် အတွင်း ပြန်လည် ဝင်ရောက် သွားကြသည်။ သေမျိုး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းတို့ အားလုံးမှာ ဘုရင်ထံသို့ ဦးတည် စီးဆင်း သွားကြ၏။

ဝန်းကျင် တစ်ခုလုံးက ကြီးမားသည့် ဖိအားများနှင့် ချက်ချင်းပင် ပြည့်နှက် လာသည်။ ဝေ့ဝူယင် ညာဘက်လက်ကို ဆန့်ထုတ်ကာ အသက်ကို ညင်သာစွာ ရှူထုတ်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများမှာ ဆေဘာအလင်းများနှင့် လင်းလက်သွားသည်။

ဒြပ်စင်...

ရွှင်း...

ဆေဘာ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ၏။ အမှောင် ဟင်းလင်းပြင်ကတော့ တုန်ရီခြင်းမရှိသလို၊ လှုပ်ရှားခြင်းလည်း မရှိချေ။ ဘာဆို ဘာမှ ပြောင်းလဲခြင်း မရှိချေ။ သို့သော်လည်း... မိုင်ပေါင်း တစ်သန်း ဝန်းကျင်ရှိ အမတေ စွမ်းအင်များသာလျှင် အနှေးပြကွက်လိုမျိုး စတင်ကာ ရွေ့လျား လာကြ၏။

ကြောက်ရွံ့မှု...

လေးစားမှု...

၎င်းတို့ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်များက ရှင်းလင်းပေသည်။

“ဒြပ်စင်... မင်း အဆင်သင့် ဖြစ်ပြီလား...”

ဆေဘာအရိုးကို ဆုပ်ကိုင်ရင်း ဝေ့ဝူယင် ညင်သာစွာ မေးလိုက်၏။

ရွှင်း...

အဆင့်သုံး အခြေတည် ဆေဘာ ဝိညာဉ်ထံမှ တုန့်ပြန်မှုက ဆေဘာတေးသွား တစ်ခုသာ ဖြစ်သည်။

...

တင်းမာမှုများ မြင့်တက် လာနေစဉ်မှာပင် မူလ အာရုဏ်ဦး နန်းတော်‌ရှေ့၌ မိန်းကလေး ခုနစ်ယောက်မှာ အမျိုးမျိုး ကွဲပြားနေသည့် အမူအရာများနှင့် ရပ်နေခဲ့ကြ၏။ လင်းရှန်းရှန်း၏ အမြင်အာရုံ မျှဝေခြင်း အစီအရင် အောက်တွင် တိုက်ပွဲ တစ်ခုလုံးကို သူတို့ ရှင်းလင်းစွာပင် မြင်တွေ့ခဲ့ရသည်။

ခွန်ရီမင်၏ တိုက်ကွက်သုံးခု ‌အောက်တွင် ဝေ့ဝူယင် ဒဏ်ရာ ရရှိသွားခဲ့သည်ကို သူတို့ တွေ့ခဲ့ရသည်။ ထို့နောက်တွင်တော့ လူငယ်မှာ ကြောက်မက်ဖွယ် ဟိန်းဟောက်သံ တစ်နှင့် အတူ ခွန်ရီမင်ကို သတိလစ် မေ့မျော သွားစေခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် သူက နဂါးဆယ်ကောင်ကို ဆင့်ခေါ်ကာ သေမျိုးတစ်ပိုင်း အရှင် တိမ်ပြာကို တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲ၌ တိမ်ပြာသည်လည်း အထိနာခဲ့ဟန် ရသည်။ သို့သော်လည်း... တစ်ချိန်လုံး ဝင်ရောက် မတိုက်ခိုက်ရသေးသည့် ကျင့်ကြံသူ တစ်ယောက် ရှိနေကြောင်း သူတို့ သတိပြုမိပေသည်။ သူက ကိုယ်ပိုင် အကာအကွယ် စက်ဝန်း အတွင်းတွင် မျက်လုံးများ မှိတ်ကာ တရားထိုင်နေခဲ့သည်။

တိုက်ပွဲက ဆက်လက် ပြင်းထန်လာလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း လက်တွေ့တွင်တော့ ဆန့်ကျင်ဘက်သာ ဖြစ်သည်။ ဝေ့ဝူယင်မှာ ဆက်လက် တိုက်ခိုက်ခြင်း မပြုသလို တိမ်ပြာမှာလည်း သူ၏ အပြာရောင် တိမ်တိုက်ပေါ်တွင် ထိုင်ချကာ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သန့်စင် နေခဲ့သည်။ ခွန်ရီမင်မှာလည်း အချိန်တို အတွင်း ပြန်လည် သတိလည်လာမည့်ပုံ မရချေ။

တိုက်ပွဲက ထိုအတိုင်း ပြီးဆုံးသွားပြီလော...။ ဘာပဲဖြစ်ဖြစ်... ပြီးဆုံးသွားပြီ ဆိုလျှင်လည်း စိတ်အေးစရာ ဖြစ်ပေသည်။

ချပ်... ချပ်... ချပ်...

စက္ကန့်များက ဖြည်းညင်းစွာပင် ရွေ့လျားနေ၏။ သူတို့ ခုနစ်ယောက် ဝေ့ဝူယင်ကို လှမ်းကြည့် နေမိကြသည်။ လူငယ်၏ ငွေရောင် မျက်ဝန်းများက တဖျပ်ဖျပ်ပင် တောက်ပနေကာ ဆယ်ကောင်မြောက် နဂါး၏ ဦးခေါင်းထက်၌ ဆက်လက် ရပ်နေဆဲ ဖြစ်သည်။

ချပ်... ချပ်... ချပ်...

လူငယ်၏ မျက်နှာက စက္ကန့်များ ရွေ့လျားသွားသည်နှင့် အမျှ ပိုမို၍ ဖြူရော်လာ၏။ သူ၏ အမူအရာက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ကပ်ဘေး တစ်ခုအား ရင်ဆိုင်လိုက်ရသလိုပင်။

စက္ကန့် သုံးဆယ် နီးပါး ကြာမြင့်ပြီးနောက်တွင်တော့ လူငယ်၏ အမူအရာက သိသိသာသာပင် ပြောင်းလဲ သွားသည်။ နဂါးများမှာ သူ့ခန္ဓာကိုယ် အတွင်း ပြန်လည် တိုးလျှိုးကာ ဝင်ရောက် သွားကြ၏။ ထို့နောက်တွင်တော့ သူက ညာဘက်ကို ဆန့်ထုတ်ကာ ဆေဘာ အရိုးကို ဆုပ်ကိုင်လိုက်သည်။

ရွှင်း...

ထိုအခိုက်အတန့်တွင်ပင် တိုက်ပွဲက မပြီးဆုံးသေးကြောင်း မိန်းကလေးများ သတိပြုမိလိုက်ကြပြီ ဖြစ်သည်။ သူတို့၏ မျက်ဝန်းများက ချက်ချင်းဆိုသလိုပင် စိုးရိမ် ပူပန်သည့် အငွေ့အသက်များနှင့် ပြန်လည် ပြည့်နှက် သွားကြတော့၏။

***

All Chapters