← Chapters

ဆေဘာ (၂)

Vol. 86 Ch. 1204

ဆေဘာ (၂)

Vol. 86 Ch. 1204

ရွှင်း...

ဆေဘာ ဟိန်းဟောက်သံ ထွက်ပေါ်လာသည့် အခိုက်မှာပင် တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ နှစ်ယောက်မှာ ပြိုင်တူပင် မျက်လုံးများကို ဖွင့်လိုက်ကြသည်။ အံ့အားသင့်သည့် အငွေ့အသက်များက သူတို့၏ မျက်နှာထက်တွင် ရေးခြယ် နေကြ၏။ တစ်ချိန်တည်း၌ ပုန်းကွယ်နေသည့် ခွန်ရီမင် မျက်လုံးများမှာ အသင့် အနေအထားသို့ ပြောင်းလဲ သွား၏။

လောက ဝါးမြိုခြင်း တိမ်ပင်လယ်…

တိမ်ပြာက ချက်ချင်းပင် လက်နှစ်ဖက်ကို အလွန် လျှင်မြန်စွာ ရွေ့လျားလိုက်၏။ တိမ်တိုက် အလင်း တစ်ခုက ပုံမဖော်နိုင်သည့် အမြန်နှုန်းနှင့် ထွက်ပေါ်လာခဲ့သည်။ အတွေ့အကြုံ ရင့်ကျက်သည့် တစ်ချို့သော သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာ ထိုကဲ့သို့ အလစ် တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်သလို နှေးကွေးသည့် မြေကြီး ရှန့်ထို အဆင့်များပင်လျှင် ထိုတိုက်ခိုက်မှုကို အချိန်မှီ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည်လည်း ၎င်းကို တုန့်ပြန်နိုင်စွမ်း မရှိပါချေ။ အထူးသဖြင့် လျှို့ဝှက် ‌အော်ရာဖြင့် ထပ်ဆောင်း ဖုံးကွယ်ထားသည့် သေမျိုး တစ်ယောက် အနေဖြင့် မြင်နိုင်စွမ်းပင် မရှိချေ။

ဘုန်း...

ထူးဆန်းသည့် ပဲ့တင်သံ တစ်ခု ဖြစ်ပေါ်လာကာ တိမ်တိုက် ဝိညာဉ် အလင်းမှာ ဝေ့ဝူယင် အပေါ်သို့ ပြိုကျလာခဲ့၏။ တိမ်ပြာနှင့် နှိုင်းယှဉ်ပါက ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့၏ တုန့်ပြန်မှုများမှာ အလွန်ပင် နှေးကွေး လှလေရာ ယခုအချိန်အထိ လှုပ်ရှားရခြင်း မရှိသေးပါချေ။

ဝေ့ဝူယင်မှာ ဆေဘာကို အဆုံးစွန်ထိ အသက်သွင်းခဲ့ပြီး ဖြစ်သည်။ အိုမီဂါ ဆေဘာအလင်းမှာ သူ့ ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံနေ၏။

ဘုန်....

တိမ်တိုက် ဝိညာဉ် အလင်းမှာ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် အိုမီဂါ ဆေဘာ အလင်းနှင့် တိုက်ရိုက်ပင် ထိတွေ့လိုက်ရ၏။ ထို့နောက်တွင်တော့ ၎င်းက အလယ်မှာ ထက်ပိုင်းပြတ်ကာ အမှောင် ဟင်းလင်းပြင် အတွင်းမှာပင် ထာဝရ ပျောက်ကွယ်သွားရသည်။

“ဆေဘာရဲ့ အသွားမှာ အားလုံး အဆုံးသတ်ရတယ်...”

ဝေ့ဝူယင် ဆေဘာကို ကိုင်ရင်း ရေရွတ်လိုက်၏။ သူ့ နှလုံးသား အတွင်းရှိ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်က မခန့်မှန်း နိုင်လောက်သည့် အဆင့် တစ်ခု အထိ မြင့်တက်သွားခဲ့သည်။ ဝေ့ဝူယင်၏ ဘဝ တစ်လျှောက်လုံး အကိုကြီး စတင် သင်ကြားပေးခဲ့သည့် နေ့မှ စတင်၍ ဆေဘာတာအို အပေါ် ယုံကြည်ခဲ့သည်။ သူ ဆေဘာတစ်ချက် လွှဲလိုက်တိုင်း အသက် တစ်သက်ကို ယူဆောင်ရမည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ ခွန်ရီမင်ဘက်ကို လှည့်လိုက်၏။ ထို့နောက် သူက ထူးပြား ဆန်းကြယ်သည့် မည်သည့် လှုပ်ရှားမှုမျိုးကိုမှ မလုပ်ပါချေ။ သည်အတိုင်း ဆေဘာကိုသာ လွှဲခုတ်လိုက်သည်။ ခြောက်လက်မမျှ ရှိသည့ ဆေဘာအလင်း တစ်ခုမှာ ၎င်း၏ အသွားမှ ထွက်ပေါ်လာခဲ့၏။

ထိတ်လန့် တုန်လှုပ်နေသည့် ကြားမှပင် ခွန်ရီမင် ပြန်လည် တိုက်ခိုက်ဖို့ အသင့်ပြင် လိုက်သည်။ ထိုအခိုက်တွင်ပင် သူ့ ခန္ဓာကိုယ်က ပိုမို၍ ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ အမှောင် ဟင်းလင်းပြင်က ချာချာလည် လှည့်ပတ် သွားသည်။ ထို့နောက်တွင်တော့ သူမ၏ အသိစိတ်က မှေးမှိန်လာကာ အရာအားလုံး အမှောင်ထု အတွင်း ကျဆင်း သွားခဲ့တော့သည်။

တိမ်ပြာမှာ ဆေဘာအလင်းက ခွန်ရီမင်၏ ဦးခေါင်းအား ဖြတ်တောက်လိုက်သည်ကို လှမ်းကာ မြင်တွေ့ နေရ၏။ သို့သော်လည်း... သူ ကာကွယ် မပေးနိုင်ခဲ့သလို ဝိညာဉ်အာရုံဖြင့် အသိပေးမှု ပင်လျှင် မလုပ်နိုင်ခဲ့ပါချေ။ အရာ အားလုံးက အလွန်ပင် မြန်ဆန်လွန်းလှပေသည်။

ရုတ်တရက်.... တစ်စုံတစ်ခုကို သတိရသွားကာ ခုတ်ပိုင်းခြင်းဓားဘက်ကို လှမ်းကြည့်လိုက်၏။ ခုတ်ပိုင်းခြင်းဓားမှာ အကာအကွယ် အလွှာ အတွင်း၌ ရပ်နေဆဲ ဖြစ်ကာ ဓားကို လက်ထဲ၌ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ ခေါင်းကတော့ လွင့်စဉ် သွားခဲ့ပြီ ဖြစ်သည်။

စက္ကန့်မခြားပင် ထိုဓားသမား၏ ခန္ဓာကိုယ်မှာ ပျက်သုဉ်းခြင်း အလင်းတန်းများနှင့် စတင် တောက်ပ လာခဲ့၏။ ထို့နောက်တွင်တော့ ၎င်းတို့က သူ့ကို အပြီးတိုင် စားသုံးပစ်လိုက်တော့သည်။

တိမ်ပြာ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့ကာ ကြောက်ရွံ့စိတ်က တစ်ကိုယ်လုံးကို ထုံမွှမ်းလာခဲ့၏။

ထိုအခိုက်တွင်ပင် အသံတစ်ခုက နောက်နား၌ ကြားလိုက်ရလေရာ လူအိုကြီး၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့လေသည်။ သူ ပေါက်ကွဲသည့် အရှိန်အဟုန်မျိုးဖြင့် နောက်ကို လှည့်လိုက်လေရာ ဆေဘာကို ကိုင်ဆောင်၍ ရပ်နေသည့် အဖြူရောင် ဝတ်စုံဝတ် လူငယ်ကို တွေ့လိုက်ရ၏။ သူက တစ်နည်းနည်းဖြင့် အချိန်နှင့် ဟင်းလင်းပြင်တို့ကို ကျော်ဖြတ်လာကာ မျက်တောင် တစ်ခပ်စာ အတွင်း သူ့ ရှေ့သို့ ရောက်ရှိလာသည့်ပုံ ရသည်။

ရွှင်း...

ရုတ်တရက် အေးစက်သည့် ပြင်ပ စွမ်းအင် တစ်ခုက သူ့ လည်ပင်းကို ဖြတ်သန်း သွားသလို ခံစားလိုက်ရသည်။ မျက်လုံးထဲတွင်တော့ ဆေဘာအလင်းရောင် တစ်ခုကို သူ မြင်တွေ့လိုက်ရသယောင် ရှိ၏။ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းများအား ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ကြောင်း သဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် အမှန်တရားကို သူ သိရှိလိုက်၏။

“ငါ သေသွားပြီလား...”

အမှောင်ထုက အာရုံခြောက်ပါး၊ ဝိညာဉ်နှင့် အသိစိတ် ပင်လယ်တို့ကို ကျူးကျော်လာသော အခိုက်၌ သူ သိထားသော အမှန်တရားက ပိုမို သေချာသွားသည်။ နောက်ဆုံးအကြိမ် သူ မြင်တွေ့လိုက်ရသည့် အရာက ခေါင်းပြတ်နေသည့် သူ၏ ခန္ဓာကိုယ်နှင့် ထိုအရှေ့တွင် ရပ်နေသည့်

ဓားတစ်စင်း…

ငွေ‌‌ရောင် ဝတ်စုံတစ်ခု...

ငွေရောင် မျက်လုံးများနှင့် သေမျိုး လူငယ်...။

ထို့နောက်တွင်တော့ သူ့ တစ်ကမ္ဘာလုံးမှာ အမှောင် အတိကျသွားခဲ့တော့၏။

...

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အမှောင် ဟင်းလင်းပြင်မှာ နတ္ထိသော တိတ်ဆိတ်မှုများနှင့် ပြည့်နှက် နေခဲ့၏။ အဆုံးမဲ့ အမှောင်ထုများက နေရာအနှံ့ စိုးမိုးထားကာ ဂြိုဟ်အပိုင်းအစ ဥက္ကာခဲများမှာ တိတ်တဆိတ်ပင် လွင့်မြော နေကြသည်။

အလွန်တရာ အပြောကျယ်လှသော ထိုနယ်မြေကြီး၏ အစိတ်အပိုင်း တစ်ခုတွင်တော့ အထီးကျန် ပုံရိပ် တစ်ခုမှာ ဆေဘာကို ကိုင်ဆောင်ရင်း တိတ်တဆိတ် လွင့်မြော နေခဲ့သည်။ သူနှင့် မလှမ်းမကမ်း နေရာများတွင်တော့ လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်၏ အကြွင်းအကျန်များ တည်ရှိနေခဲ့၏။

“သူ တကယ် လုပ်နိုင်ခဲ့တာပဲ...”

လင်းရှန်းရှန်းက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ လေသံက ပျော်ရွှင်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့၏။

မိန်းကလေး ခုနစ်ယောက်ထဲတွင် သူမမှာ တစ်ဦးတည်းသော လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်လေရာ သေမျိုး တစ်ပိုင်း အရှင် အဆင့်များ၏ စွမ်းအားနှင့် သူတို့ ဖော်နိုင်သည့် လျှို့ဝှက် တစ်ပိုင်း အဆင့် အကြောင်းကို အကောင်းဆုံး နားလည်ထားနိုင်သူ ဖြစ်သည်။

တရှန်းက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။ သူမ၏ ရွှေရောင် မျက်လုံးများက ဝေ့ဝူယင်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားသည့် အငွေ့အသက်များနှင့် ပြည့်နှက် နေခဲ့သည်။ ထိုအရာက သူမ ဘဝ တစ်လျှောက်လုံး လိုချင်သည့် ယောက်ျားမျိုး ဖြစ်သည်။

“တော်ဝင် သားတော်က တကယ့်ကို ပြိုင်ဘက်ကင်းပဲ...”

စီတက အံ့သြတကြီး ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲမှ ရိုသေကိုင်းရှိုင်းသည့် အငွေ့အသက်များမှာ အချိန်နှင့် အမျှ ပိုမို၍ နက်ရှိုင်းလာနေခဲ့လေသည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ ဖြစ်တည်မှုက သူမ တစ်သက်လုံး ကိုးကွယ်ခဲ့သည့် နှလုံးသားထဲမှ နတ်ဘုရားများထက်ပင် ကျော်လွန်သွားခဲ့ချေပြီ ဖြစ်သည်။

နယ်လာရှား၏ မျက်နှာကတော့ ပန်းရောင်သမ်း နေခဲ့၏။ မျက်ရည်များမှာ သူမ ပါးပြင်ထက်တွင် စီးကျ နေခဲ့သည်။ သို့သော်လည်း... သူမ၏ အတွေးများကိုတော့ မည်သူမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပါချေ။

ရှန်းလင်နှင့် မေ့ယန်တို့၏ မျက်ဝန်းများကတော့ ဂုဏ်ယူဝင့်ကြွားခြင်းများနှင့် တောက်ပ နေခဲ့၏။ သူမတို့ အတွက်တော့ ဝေ့ဝူယင်မှာ ကယ်တင်ရှင် တစ်‌ယောက်၊ အရှင်သခင် တစ်ယောက် ဖြစ်ပေသည်။ ဝေ့ဝူယင်မှာ ထရီလျံနှင့်ချီသော မိန်းကလေးများထဲမှ သူတို့ကို မမေ့မလျော့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရုပ်ပိုင်း ဆိုင်ရာရော ပါရမီ အရရော သူတို့ နှစ်ယောက်စလုံးမှာ ဝေ့ဝူယင်၏ ဇနီးလောင်း၊ ကိုယ်လုပ်တော်များနှင့် မယှဉ်နိုင်ပါချေ။ သို့သော်လည်း... ဝေ့ဝူယင်၏ သူတို့ အပေါ် ဆက်ဆံမှု၊ ထောက်ပံ့မှုများက အခြားသူများထက် လျော့နည်းခဲ့ခြင်း မရှိပါချေ။

“...”

အိယင်မှာ တိတ်ဆိတ် နေခဲ့၏။ သို့သော်လည်း... အမျိုးမျိုးသော ခံစားချက်များနှင့် သူမ၏ လက်ချောင်း ကလေးများကတော့ တဆတ်ဆတ် တုန်ရီနေသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးလို ချောင်ကျကျ နေရာလေးတွင် တစ်ဘဝလုံး ရှင်သန် နေထိုင်ရင်း သူမ ချဉ်းကပ်ခဲ့မိသည့် တော်ဝင် သားတော် တစ်ယောက်က အမှန်တကယ်တွင် ယခုလောက် ကြီးကျယ် ခမ်းနားလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့မိတာ အမှန်တကယ်ပင် ဖြစ်လေတော့သည်။

***

All Chapters