← Chapters

ရရှိခြင်း

Vol. 24 Ch. 325

ရရှိခြင်း

Vol. 24 Ch. 325

ဗွမ်း...

ရေကန်၏  မျက်နှာပြင်မှာ ပွင့်လာခဲ့သည်။

ရွှေရောင် မူလချီများနှင့် ပုံရိပ်တစ်ခုမှာ ထွက်ပေါ်လာခဲ့ပြီး သူ၏နောက်တွင် ပေတစ်ထောင် ရေနေသားရဲကြီးမှာ ထပ်ကြပ်မခွာ လိုက်ပါလာခဲ့ပြီး သူ၏ ဆာလောင်နေသော မျက်လုံးများက ဇူယွမ်အား မလွှဲတမ်း ကြည့်နေခဲ့သည်။

ပေတစ်ထောင် ရေနေသားရဲကြီး၏ နောက်တွင် အရွယ်အစား စုံလင်သော ရေနေသားရဲများလည်း လိုက်ပါလျက်ရှိသည်။

ဇူယွမ်၏ ပခုံးပေါ်တွင် ရှိနေသော ထန်ထန်မှာ အနောက်က လိုက်လာသော ရေနေသားရဲအုပ်ကို ကြည့်ပြီး ဟိန်းဟောက်လျက်ရှိကာ ထိုသို့ လိုက်ဖမ်းခံ နေရခြင်းကြောင့် အရှက်ရလျက်ရှိပြီး ထိုအကောင်များနှင့် တိုက်ခိုက်လိုသောကြောင့် တရွရွ ဖြစ်နေလေသည်။

“အဆင့်အခြင် မမဲ့စမ်းနဲ့”

ဇူယွမ်မှာ ထန်ထန်ကို လျင်မြန်စွာ တားမြစ်လိုက်သည်။ သူတို့ ပေတစ်ထောင် သားရဲကို အရင် မဖမ်းဆီးနိုင်ပဲ တိုက်ခိုက်လိုက်သည်နှင့် အဆုံးတွင် ထိုအကောင်များ ရှုံးနိမ့်သွားလျင်ပင် ရေအောက်သို့ ထွက်ပြေးလွတ်မြောက် သွားနိုင်ပြီး ပြန်လိုက်ဖမ်းရန် မဖြစ်နိုင်တော့ချေ။

ထိုသို့ တားမြစ်ခံရခြင်းကြောင့် ထန်ထန်မှာ မပျော်မရွင် ဖြစ်သွား ရသော်လည်းပဲ နောက်ဆုံးတွင် ငြိမ်သက်စွာပဲ နေလိုက်သည်။

ဇူယွမ်မှာ သက်ပြင်းလေးချလိုက်ပြီး သူ၏အနောက်ရှိ ရေသတ္တဝါ အုပ်ကြီးကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏ ခြေထောက်အောက်မှ ရွှေရောင်မူလချီများမှာ ရုတ်တရက် ထိုးတက်လာတော့သည်။

***

“မူလရေကန်ထဲမှာ ဘာလှုပ်ရှားမှုမှလည်း မရှိဘူးရော” ချောက်ကမ်းပါး ထိပ်ရှိ ကျောက်တုံး စင်မြင့်ပေါ်တွင် ထိုင်နေသော လီချင်းချန်က ရေပြင်ကို လှမ်းကြည့်လိုက် ပြီးနောက် ယောင်ယောင်ကို သံသယ ဖြစ်စွာဖြင့် လှမ်းကြည့်လိုက်သည်။ သူမက သူ့အား ပြင်ဆင်ထားရန် ပြောခဲ့သော်လည်း အဘယ်ကြောင့်မှန်း ယခုထိ ရေရေရာရာ မသိရသေးပေ။

သို့သော်လည်း ယောင်ယောင်မှာ သူ၏ သံသယဖြစ်နေသော အကြည့်ကို ဂရုစိုက်ခြင်းမရှိဘဲ သူမ၏ မူလမှော်စာလုံး ကျောက်စိမ်းစုတ်တံကို အသုံးပြုက လေထဲတွင် စတင်ပြီး ရေးဆွဲလိုက်သည်။ မှော်စာလုံးများ တစ်ခုပြီးတစ်ခု ထွက်ပေါ် လာခဲ့ပြီးနောက် ချက်ချင်းပင် ရေထဲသို့ နှစ်မြုပ်သွားခဲ့သည်။

လီချင်းချန်က သူမ၏ ရင်ဘတ်နားတွင် ကပ်ကာ လက်ပိုက်လျက်ရှိပြီး မှုန်တေတေနှင့် ပြောလိုက်သည် “နင်တို့ကောင်တွေ ဘာတွေ အဓိပ္ပာယ်မရှိတာတွေ လုပ်နေမလဲဆိုတာ ကြည့်ဦးမယ်”

ဘုန်း...

သူမ စကားပြောလိုက်သော အချိန်မှာပဲ ရေကန်တွင် ကြမ်းတမ်းသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့ပြီး မူလက တည်ငြိမ်နေသော ရေပြင်မှ စတင်ပြီး ဆူပွက်လာခဲ့သည်။

ထိုပြောင်းလဲသွားသော အခြေအနေကြောင့် လီချင်းချန်မှာ ထိတ်လန့်သွားခဲ့သည်။ ယခုအချိန်တွင် ရေကန်၏ နက်ရှိုင်းသော နေရာတွင် ဖြစ်ပျက်နေခဲ့သော အရာများကို သူမမြင်လိုက်ရပြီ ဖြစ်သည်။ မူလချီများက သူမ၏ မျက်လုံးအစုံတွင် လှည့်ပတ် လိုက်သည်နှင့် သူမ၏ မြင်ကွင်းထဲတွင် ဇူယွမ်ပေါ်လာခဲ့ပြီးနောက် သူ့နောက်တွင် လိုက်နေသော သားရဲအုပ်ကြီးကိုပါ တစ်ပါတည်း မြင်လိုက်ရတော့သည်။

“အများကြီးပဲ” လီချင်းချန်၏ မျက်နှာပဲ ချက်ချင်းပင် ပြောင်းလဲ သွားတော့သည်။ သူမ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေခဲ့သည်။ အထူးသဖြင့် ရေနေသားရဲ အုပ်ကြီး၏ ထိပ်ဆုံးတွင် ရှိနေသည့် ပေတစ်ထောင် ရေနေသားရဲအား မြင်လိုက်ရချိန်တွင် ဖြစ်ပြီး ပုံမှန်အားဖြင့် အမြဲအေးစက်နေသော သူမ၏ မျက်နှာပေါ်တွင်ပင် စိတ်လှုပ်ရှားနေမှုများကို အထင်းသား မြင်တွေ့နိုင်ပေသည်။

“သူတကယ်ပဲ ပေတစ်ထောင် သားရဲကို ရှာတွေ့နိုင်ခဲ့တယ်ပေါ့”

ယခုအချိန်တွင် လီချင်းချန်ကဲ့သို့ သူမျိုးပင် အေးစက်စက် မနေနိုင်တော့ပေ။ သူမအနေဖြင့် ပေတစ်ထောင်သားရဲမှာ မည်မျှရှာဖွေရ ခက်ခဲကြောင်း သိပေသည်။ ၎င်းတို့ကို တစ်နှစ်ခွဲလောက် အချိန်ပေးပြီး ရှာဖွေလျှင်ပင် တစ်ကောင်ဖမ်းမိဖို့ရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ဇူယွမ်မှာ ရက်အနည်းငယ်အတွင်း ထိုအကောင်ကို ရှာဖွေ ပြခဲ့သည်။ ထိုအရာက သူမအား မထိတ်လန့်စေပဲ မနေပေ။

“ဒီကောင်လေး ဘယ်လိုများ လုပ်လိုက်တာလဲ။ ဘာလို့ ရေနေသားရဲတွေက သူ့ကိုစားဖို့ မစောင့်နိုင်အောင် ဖြစ်နေတဲ့ပုံ ပေါက်နေတာလဲ...” လီချင်းချန်မှာ တုန်လှုပ်နေခဲ့သည်။ သူမလည်း ထိုသားရဲတို့ ရူးသွပ်နေခြင်းကို မြင်ပေသည်။

သူမ အံ့အားသင့်နေစဉ် အတွင်း ဇူယွမ်မှာ ရေမျက်နှာပြင်မှ ထိုးထွက်လာပြီး ဇူယွမ်မှာ ကောင်းကင်သို့ မြင့်တက်လာခဲ့သည်။

“လုပ်လိုက်တော့ အစ်မကြီး ယောင်ယောင်” ဇူယွမ်မှာ အော်ဟစ်လိုက်သည်။

ရေမျက်နှာပြင်မှာ ပွင့်လာခဲ့ပြီးနောက် သူ၏နောက်မှ ပေတစ်ထောင် ရေနေသားရဲနှင့် များစွာသော ရေနေသားရဲများမှာ သူတို့၏ ကြီးမားလှသော ပါးစပ်ကြီးများကို ဖွင့်ကာ မူလချီများ တအိအိ လှိုင်းထနေသော ဇူယွမ်အား လှမ်းဟပ်လိုက်ကြသည်။

ကျောက်တုံး စင်မြင့်ပေါ်ရှိ ယောင်ယောင်က လက်ထဲမှ မူလမှော်စာလုံး စုတ်တံကို လေထဲသို့ ညွှန်လိုက်ပြီးနောက် စုတ်တံ၏ ထိပ်ဖျားရှိ လေထုမှာ ပျံ့လွင့်သွားပြီး ရေထဲမှ မရေမတွက်နိုင်သော ရှေးဟောင်း မူလမှော်စာလုံးများမှာ တောက်ပလာခဲ့ပြီး စက္ကန့်ဝက်လောက် အကြာတွင် အလင်းရောင်များက စတင်ပျံ့နှံ့သွားခဲ့သည်။

ဒါဇင်ခန့် အသက်ရှိုက်စာ အပြီးတွင် အလွန် ကြီးမားသော အလင်းလုံးကြီးမှာ ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး ထိုအရာ၏ တစ်ဝက်မှာ ရေအောက်တွင် နှစ်မြုပ်လျက်ရှိသည်။

ထိုအလင်းလုံးထဲတွင် ပေတစ်ထောင် ရေနေသားရဲကြီး ရှိနေခဲ့သည်။

ထိုအလင်းလုံးမှာ များစွာသော မှော်စာလုံးများနှင့် ဖုံးအုပ်ထားပြီး ပတ်ဝန်းကျင်ရှိ မူလချီများကို အဆက်မပြတ် စုပ်ယူလျက် ရှိသည်။ ထိုအလင်းလုံး၏ အလင်းနံရံမှာ ပါးလွှာပုံရသော်လည်း အလွန်အမင်း ကြံ့ခိုင်လှပေသည်။ ထို့အပြင် ထိုအလင်းလုံးမှာ လည်ပတ်နေခဲ့ပြီး ပေတစ်ထောင် ရေနေသားရဲအား ထိုနံရံအနားသို့ မချဉ်းကပ်နိုင်အောင် ပြုလုပ်ထားသဖြင့် ချိုးဖောက်ပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

ထိုမူလမှော်စာလုံး အစီအရင်က ယောင်ယောင် တည်ဆောက်ထားသော အရာဖြစ်သည်။

ထိုအစီအရင်က ယဲ့ကယ် တည်ဆောက်ထားသော ရေအကျဉ်းထောင် အစီအရင်ထက် များစွာ သာလွန်ပေသည်။

ထိုအစီအရင်က ဇူယွမ်အား အဟန့်အတားမရှိဘဲ ထွက်ခွာ သွားနိုင်စေပြီးနောက် သူက လေထဲတွင် သူ၏ မူလချီပေါ်၌ ရပ်တန့်လိုက်ကာ အစီအရင်ကို ရူးသွပ်စွာ တိုက်ခိုက်နေသော ရေနေသားရဲများအား ကြည့်လိုက်သည်။

“အခု မင်းသွားလို့ရပြီ ဒီကောင်တွေက မင်းကိုင်တွယ်ရမဲ့ အပိုင်းပဲ” သူ၏ပခုံးကို တွန့်လိုက်ပြီးနောက် မရေမတွက်နိုင်သော သားရဲများကို ညွှန်ပြကာ ပြောလိုက်သည်။

ထန်ထန်၏ စိတ်ရှည်သည်းခံမှုမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် ဟိန်းဟောက်လိုက်ပြီး တိုက်ပွဲဝင် ပုံစံသို့ ပြောင်းလဲလိုက်သည်။ သူက ရေကန်အတွင်းသို့ တိုးဝင်လိုက်ပြီးနောက် မရေမတွက်နိုင်သော ရေနေသားရဲ အုပ်ထဲသို့ ရောက်ရှိသွားပြီး ဒေါသအားလုံးကို ထုတ်ဖော်လိုက်ကာ ဖျက်ဆီးရေး တိုက်ခိုက်မှုများကို စတင် လုပ်ဆောင်လိုက်သည်။

ဇူယွမ်က ထိုမြင်ကွင်းကို ဂရုစိုက်မနေတော့ပဲ သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး ချောက်ကမ်းပါးထိပ်သို့ ဆင်းသက်လိုက်သည်။

ယောင်ယောင်နှင့် လီချင်းချန်တို့မှာလည်း ထိုနေရာသို့ ရောက်ရှိ လာခဲ့ပြီးနောက် လီချင်းချန်၏ မျက်နှာမှာ မယုံနိုင်စရာ တစ်ခုကို တွေ့လိုက်ရသလိုမျိုး ဇူယွမ်အား အကြည့်မလွှဲတမ်း ကြည့်နေခဲ့သည်။

“နင် ဒါကို ဘယ်လို လုပ်လိုက်တာလဲ” လီချင်းချန်မှာ မနေနိုင်ပဲ မေးလိုက်သည်။

ပေတစ်ထောင် သားရဲများမှာ လွန်စွာ ရှားပါးလွန်းလှပြီး ရှာဖွေရန် မဖြစ်နိုင်ပေ။ ထိုသို့ မဟုတ်ပါက နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ချူးချင်း တစ်ယောက်တည်းသာ ပေတစ်ထောင်သားရဲ တစ်ကောင်ကို အမဲလိုက်နိုင်ခဲ့ပြီး နဂါးရှစ်ကောင် ကောင်းချီးကို တစ်ကြိမ်သာလျှင် ရရှိနေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုကိစ္စမှ ဇူယွမ်အတွက်တော့ ပြဿနာတစ်ခုပင် မဟုတ်သလိုပင်။

ဇူယွမ်မှာ ပြုံးဖြဲဖြဲနှင့် ပခုံးတွန့်ပြလိုက်သည်။ သူက သူမကို အသေးစိတ် မရှင်းပြလိုခဲ့ပေ။ ထိုသို့မဟုတ်ပါက သူ့အကြောင်း ပျံ့နှံ့သွားပြီး အခြားသော ရွေးချယ်ခံများကပါ သူ့အား အာရုံစိုက်လာ နိုင်ပေသည်။

လီချင်းချန်မှာ ထိုအရာက ဇူယွမ်၏ လျှို့ဝှက်ချက် တစ်ခုဖြစ်ကြောင်း နားလည်သွားပြီး ထပ်မံမေးမြန်းရန် မသင့်လျော်ကြောင်း ခံစားမိသဖြင့် ထပ်မမေးတော့ပေ။ သို့သော်လည်း သူမက သူ့အား အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဆက်ပြီး ကြည့်နေဆဲ ဖြစ်သည်။

ဇူယွမ်မှာ ရွှေရောင် ခါးစည်းအဆင့် တစ်ယောက်သာ ဖြစ်ကြောင်း သိသာနေသော်လည်း သူမ မျှော်လင့်ထားသည်ထက် အမြဲသာလွန်အောင် စွမ်းဆောင်နိုင်ပေသည်။ သူ၏ ငယ်ရွယ်နုပျိုသော မျက်နှာအောက်တွင် များစွာသော လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသလိုပင်။

အဘယ်ကြောင့်မှန်းကို သူမပင် မသိဘဲ ဇူယွမ်မှာ ယခုလက်ရှိတွင် ရွှေရောင်ခါးစည်း တပည့်တစ်ယောက်သာ ဖြစ်နေသေးသော်လည်း နောက်ပိုင်းတွင် ကန်ရွှမ်းကလန်၌ လွှမ်းမိုးနိုင်စွမ်းရှိသူ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ခံစားမိပေသည်။ အမှန်ပင် သူလည်း မကြာခင် ကြီးမြတ်သော အရွေးချယ်ခံ ဆယ်နေရာ၌ တစ်နေရာကို အရယူနိုင်ပေလိမ့်မည်။

လီချင်းချန်၏ ခေါင်းအတွင်းတွင် အတွေးများနေစဉ်၌ ဇူယွမ်က ကြီးမားသော အလင်းလုံးကြီးထဲတွင် ပိတ်မိနေသော ပေတစ်ထောင် ရေနေသားရဲကြီးကို ညွှန်ပြလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “အစ်မတော် လီချင်းချန် ဒီအချိန်က ကျွန်တော်တို့ ညှိနှိုင်းထားတဲ့အတိုင်း အဆုံးသတ်ရမဲ့ အချိန်ပဲ”

သူတို့နှစ်ဦး သဘောတူထားသည်မှာ ဇူယွမ်က ပေတစ်ထောင် ရေနေသားရဲအား ရှာဖွေရန်ဖြစ်ပြီး လီချင်းချန်က ထိုအကောင်ကို သတ်ဖြတ်ပေးရန်သာ ဖြစ်သည်။

“ငါ့ကတိကို ငါဖြည့်ဆည်းရမှာပေါ့” လီချင်းချန်က ပြောလိုက်သည်။

ပေတစ်ထောင် ရေနေသားရဲကြီးနှင့် ရင်ဆိုင်ရသည်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်သော်လည်း သူမက အနည်းငယ်မျှပင် မကျေမနပ် ဖြစ်နေသည့်ပုံ မပေါ်ပေ။ သူမက ခြေထောက်ကို မြေပြင်သို့ ဆောင့်နင်းလိုက်သည်နှင့် ကြာပလ္လင်တစ်ခုက သူမ၏ ခြေထောက်အောက်တွင် ပေါ်လာခဲ့ပြီး သူမကို သယ်ဆောင်ကာ အလင်းလွှာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဝရုန်း...

သူမအထဲသို့ ဝင်ရောက်သွားသည်နှင့် ကမ္ဘာကိုပင် တုန်လှုပ်စေသော တိုက်ပွဲကြီး တစ်ခုဖြစ်ပေါ်သွားပြီး အစီအရင်ထဲမှာ တိုက်ခိုက်မှု ဖြစ်ပွားနေသော်လည်း အပြင်ဘက်ကမ္ဘာသို့ တိုင်အောင်ပင် တုန်ခါမှုများ ပျံ့လွင့်လာပြီး အနီးအနားရှိ တောင်များကိုပင် အက်ကွဲ သွားစေပေသည်။

ဇူယွမ်မှာ လျင်မြန်စွာ လှမ်းကြည့် လိုက်ပြီးနောက် စိတ်ပူသွားသော်လည်း အလျင်အမြန်ပင် ခေါင်းတညိတ်ညိတ် ဖြစ်သွားပြီး ယောင်ယောင်နှင့်အတူ ကျောက်တုံး စင်မြင့်ပေါ်သို့ ပြန်တက်သွားခဲ့သည်။

ပေတစ်ထောင် ရေနေသားရဲမှာ မူလစဦး နဝမအဆင့် တစ်ယောက်နှင့် ညီမျှသော သန်မာမှု ရှိသော်လည်း သူ၏ တိုက်ခိုက်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိသည့်အတွက်ကြောင့် လီချင်းချန်ကဲ့သို့ အရွေးချယ်ခံ တစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဇူယွမ်မှာ ဆက်ပြီး စိတ်မပူနေတော့ပေ။

တကယ်တော့ လီချင်းချန် အနေဖြင့်လည်း ထိုရေနေသားရဲကို အဆုံးသတ်ရန် မလွယ်ကူပေ။

သည်လိုနှင့် ယောင်ယောင်နှင့် ဇူယွမ်တို့သည် ကျောက်တုံး စင်မြင့်ပေါ်တွင် သေရည် သောက်နေကြရင်းဖြင့် ရေကန်ထဲတွင်ရှိသော စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် တိုက်ပွဲကို ကြည့်နေကြတော့သည်။

ကမ္ဘာကိုပင် တုန်ခါစေသည့် တိုက်ပွဲကြီးမှာ အမွေးတိုင်တစ်တိုင် ကုန်စာအချိန်တွင် ပြီးဆုံးသွားတော့သည်။

ဝှစ်...

ပုံရိပ်တစ်ခုက ထွက်လာခဲ့ပြီးနောက် ကျောက်တုံးစင်မြင့်၏ အစပ်နားတွင် ရပ်တန့်လိုက်သည်။ ထိုတင့်တယ်လှသော ပုံရိပ်လေးမှာ လီချင်းချန်မှလွဲ၍ အခြားမည်သူမှ မဟုတ်ပေ။

ပေတစ်ဝက်ခန့် ရှည်သော မူလနဂါးအဆီအနှစ် သလင်းကျောက်မှာ သူမ၏ရှေ့တွင် ပျံဝဲနေခဲ့သည်။ လီချင်းချန်၏ အသားအရေမှာ အနည်းငယ် ဖြူဖျော့နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှ မူလချီများမှာ အားနည်းလျက်ရှိကာ တိုက်ပွဲတွင် အလွန်ခက်ခဲစွာ ရင်ဆိုင်လာရမှန်း သိသာနေပေသည်။

ဇူယွမ်နှင့် ယောင်ယောင်တို့ ကျောက်တုံး စင်မြင့်ပေါ်တွင် အေးအေးလူလူ သေရည် ထိုင်သောက်နေသည်ကို မြင်လိုက်ရသော အချိန်တွင် သူမ၏ နှလုံးသားမှာ ဒေါသကြောင့် စူးအောင့် တက်လာသည့်အတွက် သူမ၏ ရင်အုံကို လက်ဖြင့် ဖိထားလိုက်ရပြီး သူမ၏ ရင်ဘတ်မှာ နိမ့်ချီမြင့်ချီ ဖြစ်၍ နေလေသည်။

ငါ ရေကန်ထဲမှာ တိုက်ခိုက်နေတုန်း ဒီနှစ်ယောက်က ဒီနေရာမှာ သေရည်သောက်ပြီး ပျော်ပျော်ရွှင်ရွှင် ထိုင်ကြည့်နေကြတယ်ပေါ့…

“ဒါကိုယူပြီး ထွက်သွားတော့” လီချင်းချန်က လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သလင်းကျောက်က ဇူယွမ်ဆီသို့ ပျံဝဲသွားတော့သည်။ သူမ တော်တော်လေး ဒေါသထွက်နေပြီ ဖြစ်သည်။

ဇူယွမ်မှာ သလင်းကျောက်ကို ဖမ်းယူလိုက်ပြီးနောက် ပြုံးပြကာ ပြောလိုက်သည် “မျှော်လင့်ထားတဲ့ အတိုင်းပဲ အစ်မတော်လီလို အရွေးချယ်ခံ တစ်ယောက်အတွက်က ပေတစ်ထောင်သားရဲ တစ်ကောင်က ပြဿနာ မဟုတ်ခဲ့ဘူး”

လီချင်းချန်မှာ အေးစက်စက် နှာခေါင်းရှုံ့လိုက် ပြီးနောက် “ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘာအကြွေးမှ မကျန်ကြတော့ဘူးနော်”

ဇူယွမ်မှာ သူမ၏ စိတ်ထဲမှ ခံစားနေရသည်ကို သိရှိသွားသည့် အတွက် “မနက်ဖြန်မှာရမဲ့ နဂါးရှစ်ကောင် ကောင်းချီးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ တစ်ခွက် နှစ်ခွက်လောက် သောက်ကြရအောင်”

လီချင်းချန်က ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ သူမမှာ ကျင့်ကြံခြင်းကိုသာ အာရုံအပြည့် စိုက်ထားသူ တစ်ယောက်ဖြစ်ပြီး အသောက်အစားကို စိတ်မပါသူ တစ်ဦးဖြစ်သည်။

သို့သော်လည်း သူမ မတုံ့ပြန်ခင်မှာပဲ ယောင်ယောင်က သူမလက်ထဲရှိ သေရည်ခွက်ကို ဆော့ကစားနေခဲ့ပြီး ပျင်းရိစွာ ပြောလိုက်သည် “ငါဒီမှာရှိနေမှတော့ သူမက ဘယ်လိုလုပ်ပြီး ငါနဲ့ တစ်ဝိုင်းတည်း သောက်ရဲမှာလဲ”

“ဘယ်လိုဟာသလဲ...”

လီချင်းချန်မှာ မျက်လုံး ဝှေ့ကြည့်လိုက်သည်။ သူမအနေဖြင့် ယောင်ယောင်ထံ၌ တစ်လက်မပင် အကျောခံလိုစိတ် မရှိပေ။ လီချင်းချန်မှာ ကျောက်တုံး စင်မြင့်ဆီသို့ လျှောက်လှမ်း လာခဲ့ပြီးနောက် စားပွဲမှာ ခွက်ကို ဆွဲယူလိုက်ပြီးနောက် တစ်မော့တည်း မော့ချလိုက်သည်။

ဂေ့...

လီချင်းချန်မှာ အရက်များ သူမ၏ အစာအိမ်သို့ ရောက်သွားချိန်၌ လေချဉ်တက်လိုက်သည်။

ဇူယွမ်မှာ တုန်လှုပ်သွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ထပြောလိုက်သည် “ဒါ ငါ့ခွက်...”

သို့သော်လည်း လီချင်းချန်၏ အကြည့်ကို ရင်ဆိုင် လိုက်ရချိန်တွင် လျှာထိပ်သို့ ရောက်နေသော သူ၏ စကားလုံးများကို လည်ချောင်းအတွင်းသို့ ပြန်လည် မျိုချလိုက်ရသည်။ သို့တိုင်အောင်ပင် လီချင်းချန်၏ အကြည့်ထဲတွင် အရှက်နှင့် ဒေါသများ ရောစွက်နေပေသည်။

သူမ၏ တော်တော်လေး လှပသော ကျောက်စိမ်း မျက်နှာလေးမှာ နီမြန်းနေပြီ ဖြစ်သည်။

လီချင်းချန်မှာ သူ၏ခွက်ကို အောက်သို့ စားပွဲခုံပေါ်သို့ ဆောင့်ချ လိုက်ပြီးနောက် ယောင်ယောင်ဘက်သို့ လှည့်ကာ အေးစက်စက် ကြည့်လိုက်သည်။

ယောင်ယောင်မှာ နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်ပြီး ခုံခေါက်ရင်း ပြောလိုက်သည် “ကောင်းတယ် နောက်ဆုံးတော့ မင်းက ရွေးချယ်ခံ တစ်ယောက်နဲ့ တူလာပြီပဲ။ ဒါပေမဲ့ နင်က ငါနဲ့တစ်ဝိုင်းတည်း ထိုင်ရဲပြီးတာတောင်မှ သေရည်နည်းနည်းပဲ သောက်လို့ရမလား”

သူမ၏ လက်ကို ယမ်းလိုက်ပြီးနောက် အရက်ကရားများ တစ်ခုပြီးတစ်ခု သူမ၏ နံဘေးတွင် ပေါ်လာခဲ့ပေသည်။

လီချင်းချန်၏ မျက်နှာမှာ ဖြူရော်သွားခဲ့သည်။ သို့သော်လည်း သူ့အတွက်က ယောင်ယောင်၏ ရှေ့တွင် ရှုံးနိမ့်ကြောင်းဝန်ခံပြီး ခေါင်းငုံ့ရန် လုံး၀ မဖြစ်နိုင်ပေ။ ထို့နောက် သူမက အံကြိတ်ကာ ပြောလိုက်သည် “ငါနင့်ကို ကြောက်မယ်များ ထင်နေတာလား”

သူမက ကရားတစ်ခုကို ဆွဲယူလိုက်ပြီးနောက် စတင်ပြီး မော့ချလိုက်သည်။

ယောင်ယောင်ကလည်း ကရားတစ်ခုကို ကောက်ယူ လိုက်ပြီးနောက် သူမ၏ လည်တိုင် ကြော့ကြော့လေးကို မော့လိုက်ပြီနောက် သူမလည်း စတင်ပြီး သောက်လိုက်သည်။

ဘေးတွင်ရှိနေသော ဇူယွမ်မှာ နီးမြန်းနေသော မျက်နှာနှင့် မိန်းမပျိုလေး နှစ်ယောက်က အရက်ကရားများ ကိုင်ဆွဲထားကြသော မြင်ကွင်းကို ကြောင်အစွာဖြင့် ကြည့်နေ ခဲ့ကြပေသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးသာ အခြားတပည့်များ မြင်သွားပါက အံ့ဩမှုကြောင့် သူတို့၏ မျက်လုံးများပင် မျက်ခွံထဲမှ ထွက်ကျသည်အထိ ဖြစ်သွားကြပေလိမ့်မည် ... ပုံမှန်အားဖြင့် ရေခဲတောင်ကြီးကဲ့သို့ အေးစက်နေသည့် လီချင်းချန်မှာ တခြားတစ်ဖက်တွင် ဤသို့ ရှိနေလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း...

သူက ခေါင်းခါယမ်းလိုက်ပြီး မိန်းကလေး နှစ်ယောက်ကို ဆက်လက် အာရုံစိုက်နေခြင်း မရှိတော့ပဲ လက်တစ်ဖက်က သူ၏ သိုလှောင်အိတ်ကို ဂရုတစိုက်နှင့် ဖွင့်လိုက်သည်။ နောက်ဆုံးတွင် ပေတစ်ထောင် ရေနေသားရဲ၏ မူလနဂါးအဆီအနှစ် သလင်းကျောက်က သူ၏အိတ်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

မျှော်လင့်ချက်များဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ရှိနေသည့် ဇူယွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက တွဲခို၍ နေလေသည်။

မနက်ဖြန်တွင် မူလ ရေကန်ပိတ်သည်နှင့် ကောင်းချီးကား ရောက်ရှိလာတော့မည် ဖြစ်သည်။

နဂါးရှစ်ကောင် ကောင်းချီး...

ငါတကယ် အဲဒီအရာကို မျှော်လင့်မိတယ်...

All Chapters