ကောင်းချီးစတင်ခြင်း...
Vol. 24 Ch. 326
နောက်တစ်နေ့။
မနက်ခင်း၏ ရောင်နီသည် ဖြည်းညင်းစွာဖြင့် ရေကန်၏ မျက်နှာပြင်ပေါ်တွင် ပက်ဖျန်းလာခဲ့သည်။ ထိုအလင်းရောင် တောက်ပလာသည်နှင့် အမျှ ရေကန်ထဲတွင် အုံ့ဆိုင်းနေသော မြူခိုးများမှာ နောက်သို့ အနည်းငယ် တိမ်းရှောင်သွားသယောင်...
ဒေါင်...ဒေါင်...
ကျယ်လောင်သော ခေါင်းလောင်းသံကြီးသည် ဧရိယာတစ်လျှောက် ပျံ့နှံ့သွားပြီး မူလရေကန်၏ ထောင့်တိုင်းတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားရသည်နှင့် မူလရေကန်တစ်ခုလုံး အသက်ဝင်လာခဲ့ပြီး များစွာသော ပုံရိပ်များက ရေကန်မှ ထွက်ခွာကာ လေထဲသို့ ပျံသန်းလာခဲ့ကြသည်။
ဆယ်ရက်တာ ကုန်းဆုံးခဲ့ပြီ ဖြစ်သည်။ များစွာသော တပည့်များမှာ မူလရေကန်ထဲသို့ မူလနဂါး အဆီအနှစ် သလင်းကျောက်များ ရှာဖွေရန် ဝင်ရောက်ခဲ့ပြီး နောက်တွင် ရရှိလာမည့် မူလကောင်းချီးခြင်ဆီ အတွက် ပျော်ရွှင်နေကြပေသည်။
သူတို့၏ ဆယ်ရက်တာလုံးလုံး ကြိုးစားအားထုတ်မှုမှာ သည်အခိုက်အတန့် အတွက်သာ ဖြစ်သည်။
ကျောက်တုံး စင်မြင့်ပေါ်တွင် ဇူယွမ်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ ထို့နောက်တွင် သူမြင်လိုက်ရသည်ကား သူ့ရှေ့ရှိ စားပွဲ၏ ဘယ်ဘက်နှင့် ညာဘက်တွင် ပုံလျက်သား အိပ်နေသော လှပသော ပုံရိပ်လေးနှစ်ခုကို ဖြစ်သည်။ သူတို့၏ ကောင်းမွန် သန်စွမ်းသော ဆံပင်များမှာ ဦးခေါင်းအထက်မှ ဖျာကျလျက်ရှိပြီး သူတို့၏ အဝတ်များဖြင့် ဖုံးထားလျက်ပင် ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများက ထင်ပေါ်လျက်ရှိသည်။
သူတို့ နှစ်ယောက်လုံး၏ မျက်နှာလေးများမှာ အလွန်အမင်း သောက်ထားမှုကြောင့် နွေးထွေးနေသော ကျောက်စိမ်းသားလေး ကဲ့သို့ နီမြန်းလျက်ရှိနေကြသည်။ ပုံမှန်အားဖြင့် အေးစက်စက်နှင့် အရာအားလုံးကို လျစ်လျူရှုထားဟန်ဖြင့် ရှိနေသော နှစ်ယောက်မှာ သည်အခိုက်တွင် အလွန်ချစ်စဖွယ် ကောင်းနေပေသည်။
သို့သော်လည်း ဇူယွမ် စိတ်ဝင်တစားနှင့် ကြည့်နေစဉ် အတွင်းမှာပင် လီချင်းချန်၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။ သူမ၏ ရီဝေနေသော မျက်ဝန်းများဖြင့် အသက်ရှိုက်စာ အချို့ကြာအောင် ပတ်ဝန်းကျင်ကို ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ထထိုင်လိုက်ပြီး အေးစက်စက် မျက်ဝန်းများ အဖြစ် ပြန်လည် ပြောင်းလဲသွားကာ ဇူယွမ်ကို စိုက်ကြည့်လိုက်သည်။
“ဟဟ … မင်းနိုးလာပြီလား” ဇူယွမ်မှာ ရယ်မောလိုက်ပြီး “အစောက မင်းက တော်တော်လေး ချစ်စရာ ကောင်းတာပဲ”
လှပသော မျက်နှာလေးမှာ ပြန်လည် အေးစက် လာခဲ့ပြီးနောက် ချက်ချင်းပင် လီချင်းချန်က ကြောက်မက်ဖွယ် ကောင်းသော အကြည့်ဖြင့် ဇူယွမ်အား ကြည့်လိုက်ပြီး “မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို နင်ပြောရဲရင် နင့်ကိုငါသတ်မယ်”
ဇူယွမ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ သူမက မနေ့ညက ဖြစ်ပြီးခဲ့သော အကြောင်းများကို ပြောစရာမလိုသည့်ဟန် လုပ်နေခဲ့သည်လား...
လီချင်းချန်က သူမ၏ ခံစားချက်များကို ပြန်လည် ထိန်းချုပ် ပြီးသွားသည်နှင့် ယောင်ယောင်ကိုလည်း ကြောက်မက်ဖွယ် ကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမအနေဖြင့် သူအား မည်သည့် စကားလုံးများကို အသုံးပြုပြီး ဖိနှိပ်ထားခဲ့မှန်း မမှတ်မိတော့ချေ။ အနည်းငယ် ရန်စခံရသည်နှင့် ပုံမှန်ရှိနေသည့် သူမ၏ အေးစက်မှုများမှာ ပျောက်ကွယ်သွားခဲ့ရပြီး ငရဲသို့ပင်လိုက်ကာ ဘယ်သူက အတော်ဆုံးလဲ ဆိုသည်ကို လိုက်ပြီး ယှဉ်ပြိုင်နေခဲ့သည်။
မနေ့ညက တစ်ညလုံး သူမ ထိုင်သောက်နေခဲ့ခြင်းကို လီချင်းချန် ကိုယ်ကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်ခဲ့ရပေသည်။
ယှဉ်ကြည့်ပါက ဇူယွမ်သည်သာလျှင် အနားလည်နိုင် ခဲ့ဆုံးသောသူ ဖြစ်ပေသည်။ ထိုဖြစ်ရပ်၏ အဓိကအကြောင်းမှာ မာနကြီးပြီး အေးစက်စက် နိုင်လှသော မိန်းမလှလေး နှစ်ယောက်၏ သာမန်ထက် လွန်ကဲသော ခေါင်းမာမှုနှင့် အားပြိုင်လိုမှုတို့ကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက်မှ တစ်ယောက်၏ရှေ့တွင် တစ်ယောက်က အားနည်းကြောင်း ဝန်ခံလိုစိတ် မရှိကြသည့်အတွက် ယောင်ယောင်က ထိုအချက်ကို အသုံးချကာ သူမလိုချင်သည့် အခြေအနေ ရောက်အောင် လီချင်းချန်၏ စိတ်ကိုဆွခဲ့ခြင်း ဖြစ်ပေသည်။
“နင်တို့တွေ မူလရေကန်ထဲကနေ အရင်ထွက်သွားလိုက်” လီချင်းချန်မှာ လီချင်းချန်က မတ်တတ် ရပ်လိုက်သည်နှင့် သူမမှာ သေရည်အိုင်ထဲတွင် နှစ်နေကြောင်း သိရှိသွားခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည် … ထို့ကြောင့် သူမက အရင်ဆုံး ရေချိုးသင့်ပြီ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
သူမက ထွက်ခွာခါနီးတွင် ဇူယွမ်ကို သူမ၏ မူလအတိုင်း အေးစက်စက် ရှိနေသော မျက်လုံးအစုံဖြင့် နောက်တစ်ခေါက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည် “ဒီတစ်ခေါက်အတွက် နင့်ကို တော်တော်လေး ကျေးဇူးတင်ပါတယ်”
သူမက မူလနဂါး အဆီအနှစ် သလင်းကျောက် ရရှိခဲ့သည့် ကိစ္စကို ရည်ရွယ်ပြီး ပြောနေခဲ့ခြင်း ဖြစ်သည်။ ဇူယွမ်၏ အကူအညီသာ မပါခဲ့ပါက သူမနှင့် ခုန်းစိန်တို့ နှစ်ယောက်လုံး လက်ဗလာနှင့် ပြန်ရမည် ဖြစ်သည်။
“ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် အသုံးပြုခဲ့ကြတာပါပဲ။ အစ်မတော်လီ မပါရင်လည်း ကျွန်တော် မူလနဂါး အဆီအနှစ် သလင်းကျောက်ကို ရနိုင်ခဲ့မှာ မဟုတ်ဘူး” ဇူယွမ်က ပြုံးလျက် ပြောလိုက်သည်။
လီချင်းချန်မှာ ဇူယွမ်၏ စကားများမှာ ယဉ်ကျေးမှုအရသာ ပြောနေကြောင်း သိပေသည်။ တကယ်တော့ သူ့အနေဖြင့် ယောင်ယောင်၏ စွမ်းအားကို အသုံးပြုပြီး ပေတစ်ထောင်သားရဲကို အမဲလိုက်နိုင်စွမ်း ရှိပေသည်။
သူနှင့် ပထမဦးဆုံး တွေ့စဉ်က သူမအထင်အမြင် လွဲခဲ့သည်များမှာလည်း ပြီးခဲ့သော ရက်များစွာ ကတည်းက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရိုသားစွာ ပြောရရင်တော့ သူမအနေဖြင့် ဇူယွမ်မှာလည်း အခြားသူများနှင့် မတူကြောင်း ခံစားမိပေသည်။
“နင့်ကိုယ်နင် နှိမ့်ချမနေပါနဲ့။ နင်က ပထမဦးဆုံးအကြိမ် မူလရေကန်ထဲ ဝင်ရောက်တဲ့ အချိန်မှာပဲ နဂါးရှစ်ကောင် ကောင်းချီးကို ရရှိအောင် လုပ်နိုင်ခဲ့တဲ့ တစ်ယောက်တည်းသော ရွှေရောင်ခါးစည်း တပည့်တစ်ယောက်ပဲ။ ကန်ရွှမ်းကလန်ရဲ့ မျိုးဆက်ထဲမှာ ဘယ်သူမှ ဒီလို မစွမ်းဆောင် နိုင်ခဲ့ကြဘူး”
လီချင်းချန်မှာ ဇူယွမ်ကို လှမ်းကြည့် လိုက်ပြီးနောက် သူမ၏ နီရဲသော နှုတ်ခမ်းလေးကို ဖွင့်ဟကာ ဆက်ပြောလိုက်သည် “နောက်ဆုံး ကုန်ကုန်ပြောရရင် ချူးချင်းတောင်မှပဲ ရွေးချယ်ခံတပည့် တစ်ယောက်ဖြစ်မှ နဂါးရှစ်ကောင် ကောင်းချီးကို ရရှိခဲ့တာ။ ယှဉ်မယ်ဆိုရင် နင်ကတောင် သူ့ထက်သာသေးတယ်”
သူမက ပြောပြီးသည်နှင့် တစ်ဖက်သို့လှည့်ကာ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
ဇူယွမ်က ထွက်ခွာသွားသော ပုံရိပ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ သိသာစွာပင် သူမကဲ့သို့ အေးစက်လှပြီး ချဉ်းကပ်ရန် ခက်ခဲသော မိန်းမလှတစ်ယောက်က သူ့အား အားပေးနှစ်သိမ့်မှုနှင့် အားပေး တိုက်တွန်းခြင်းများ ပြုလုပ်သွားလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။
“ကြည့်ရတာ သူမက မင်းကိုမြင့်မားစွာ မျှော်လင့်ထားတဲ့ပုံပဲ။ မင်းကို ချီးမွှမ်းဖို့အတွက် ချူးချင်းကိုတောင် အသုံးပြုသွားသေးတယ်”
သူက ခေါင်းလှည့် ကြည့်လိုက်လျှင် သေးသွယ်သော လက်ကလေးကို ပါးပေါ်တွင် ထောက်ထားကာ သူ့အားသဘောကျစွာ ကြည့်နေသော ယောင်ယောင်ကို တွေ့လိုက်ရသည်။
ဇူယွမ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီးနောက် “ဒါက ဘာအဓိပ္ပာယ်မှ မဟုတ်ပါဘူး”
သူမူလရေကန် အတွင်းသို့ ဝင်သည့် ပထမဦးဆုံး အကြိမ်မှာပင် နဂါးရှစ်ကောင် ကောင်းချီးကို ရရှိခဲ့ရခြင်းမှာ သူ၏ ထူးခြားသော အလုံးစုံသော စပါးအုံးသားရဲချီ ကျင့်စဉ်၏ နောက်ခံကြောင့်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူ့အနေဖြင့် ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများကို ဂရုမစိုက်ဘဲ နေရလောက်အောင် အထိတော့ မဝင့်ကြွားသေးပေ။
“အနည်းဆုံးတော့ နင်က ချီးကျူးခံရတာကြောင့် ဦနှောက်ဆဲလ်တွေက မြောက်တက်မသွားဘဲ ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကို နားလည်သေးတာပဲ”
ယောင်ယောင်မှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမက ထရပ်လိုက်ပြီးနောက် ထန်ထန်ကို ကောက်ယူကာ ပြောလိုက်သည် “ငါတို့ သွားသင့်ပြီ”
ဇူယွမ်မှာ ခေါင်းညိတ် ပြလိုက်ပြီးနောက် သူ၏ ခြေထောက်အောက်မှ မူလချီများမှာ မြင့်တက်လာခဲ့ပြီး သူတို့နှစ်ယောက်ကို သယ်ဆောင်ကာ မူလရေကန်၏ အပြင်ဘက်သို့ ပျံသန်းထွက်ခွာ သွားခဲ့သည်။
သူ့အနေဖြင့် မူလ ကောင်းချီးခြင်ဆီကို ရရှိရန်အတွက် မစောင့်နိုင်တော့ပေ။
***
မူလရေကန် အပြင်ဘက်ရှိ နေရာတစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်လျက်ရှိပြီး အလွန်အမင်း ဆူညံလျက်ရှိပေသည်။
များစွာသော ပုံရိပ်များမှာ မူလရေကန်ထဲမှ ထွက်ခွာလာကြပြီး ရေကန်အစွန်းရှိ တောင်တန်းများပေါ်သို့ ဆင်းသက်ကာ သူတို့၏ မိတ်ဆွေ သူငယ်ချင်းများကို လှမ်းခေါ်နေကြသည်မှာ တော်တော်လေးကို ရှုပ်ထွေးသော မြင်ကွင်းပင် ဖြစ်ပေသည်။
များစွာတပည့်များမှာ သူတို့ ရရှိခဲ့သော မူလနဂါး သလင်းကျောက် အဆီအနှစ်များကို ရေတွက်နေကြပြီး သူတို့၏ ကောင်းချီးများ မည်မျှအဆင့်ထိ ရောက်နိုင်မလဲ ဆိုသည်ကို တွက်ချက်နေကြသည်။ အချို့သော သူများမှာ ပျော်ရွှင်သော မျက်နှာ အမူအရာများနှင့် ရှိနေကြပြီး အချို့မှာ စိတ်ပျက်နေဟန်ဖြင့် ရှိနေကြပေသည်။
ရွှေရောင် မူလချီတစ်ခုသည် လေထဲတွင် ပျံသန်းနေရာမှာ အဆုံးတွင် တောင်ထွတ်များထဲမှ တစ်ခုပေါ်၌ ရပ်တန့်သွားပြီး ဇူယွမ်နှင့် ယောင်ယောင်တို့ ပေါ်လာခဲ့ပေသည်။
“ဟီးဟီး နောက်ဆုံးတော့ ညီတော်ဇူယွမ်တို့ ရောက်လာခဲ့ပြီပဲ” ဇူယွမ်တို့ ပေါ်လာချိန်တွင် အသံတစ်သံကို ကြားလိုက်ရပြီး အရှေ့သို့ ကြည့်လိုက်သည်နှင့် ဇူထိုက်၊ ကျန့်ယန်နှင့် အခြားသော တပည့်များလည်း ထိုနေရာသို့ ရောက်နှင့်နေကြောင်း တွေ့လိုက်ရပေသည်။
ဇူယွမ်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ အားလုံးကို ပြုံးပြလိုက်သည်။
“ညီတော် ဇူယွမ် ပြီးခဲ့တဲ့ ဆယ်ရက်အတွင်းမှာ မင်းဘယ်တွေ သွားနေခဲ့တာလဲ” ဇူထိုက်က စိုးရိမ်နေသော မျက်နှာဖြင့် မေးလိုက်သည်။
ဇူယွမ်မှာ ဇူထိုက်က သူ့အား အမှန်ပင် စိုးရိမ် ပူပန်နေကြောင်း တွေ့ရသည့် အချိန်တွင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပေသည်။ သူသာ ဒီရက်အတွင်း ဖြစ်ပျက်ခဲ့သည်များ ကိုသာ အမှန်တိုင်း ပြောလိုက်ပါက အဆုံးတွင် သူတို့အားလုံး ကြောက်ရွံ တုန်လှုပ်သွားမည်ကို သူသိပေသည်။
နဂါးရှစ်ကောင် ကောင်းချီးသည် လက်ရှိမျိုးဆက်တွင် ချူးချင်း တစ်ယောက်တည်းသာ ရရှိထားသော အရာဖြစ်သည်။ ထို့အပြင် ထိုကောင်းချီးကို ရွေးချယ်ခံ တပည့်ဖြစ်မှ သူရရှိခဲ့ခြင်း ဖြစ်သည်။ ဇူယွမ်သာ မူလရေကန်ထဲ ပထမဆုံး ဝင်ရောက်ရောက်ခြင်း နဂါးရှစ်ကောင် ကောင်းချီးကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်ဟု ပြောလျှင် မည်သူမှ ယုံမည်မဟုတ်ပေ။
ဇူယွမ် တုံ့ဆိုင်းနေစဉ်အတွင်း ကျန့်ယန်မှာ ညင်သာစွာ ရယ်မောလိုက်ပြီး “ညီတော် ဇူယွမ် မင်းအနေနဲ့ လုံလောက် အောင် မစုဆောင်းနိုင်ခဲ့ရင် မင်းရဲ့ အစ်ကိုတော်တွေ ဖြစ်တဲ့ ငါတို့က မင်းကို အနည်းငယ် ပေးလို့ရပါတယ်”
သူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အခြားသော တပည့်များမှာလည်း လိုက်လံရယ်မော လိုက်ကြပြီးနောက်တွင် ဇူယွမ်ကို လှောင်ပြောင် သရော်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
အစ်ကိုတော် ဇူထိုက်က သူတို့ကို လှမ်းကြည့်လိုက်ပြီးနောက် ဇူယွမ်ဘက်သို့ လှည့်ကာ အားပေး နှစ်သိမ့်လိုက်သည် “ဒါ … မင်းရဲ့ မူလရေကန်ထဲကို ပထမအဆုံးအကြိမ် ဝင်ရောက်တာဆိုတော့ မင်းတော်တော်လေး ရုန်းကန် လှုပ်ရှားခဲ့ရတာက မထူးဆန်းပါဘူး။ ငါတို့ထဲက တော်တော်များများလည်း မူလရေကန်ထဲ ပထမဆုံးဝင်တုန်းက အခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရပြီး မူလနဂါးအဆီအနှစ် သလင်းကျောက် တစ်ခုမှ မရခဲ့ကြဘူး”
ဇူယွမ်မှာ ပြုံးလျက်သာ ခေါင်းညိတ်လိုက်ပြီး ကျန့်ယန်တို့ လူစု၏ လှောင်ပြောင်နေခြင်းကို အရေးစိုက် မနေတော့ပေ။ ကောင်းချီးပေးမှု စတင်ချိန်တွင် ထိုသူများ ရယ်နိုင်သေးမလား ဆိုတာကို သိရပေမည်။
သူတို့အုပ်စု၏ အနီးအနားတွင် လုယန်ဦးဆောင်သော ဆရာလု၏ အဖွဲ့ရှိနေခဲ့ပေသည်။
လုယန်မှာလည်း စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ဇူယွမ်ကို ဝှေ့ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။ ဇူယွမ်၏ တုံ့ဆိုင်းနေခြင်းကို ကြည့်ရသည်မှ မူလရေကန်မှ အိမ်ပြန်ခရီးတွင် မည်သည့်အရာမှ ယူဆောင်လာနိုင်ခြင်း မရှိကြောင်း သိသာနေပေသည်။
“ဟမ့်... ဇူထိုက် အစောပိုင်းတုန်းက ပြောတော့ ဇူယွမ်က အနာဂတ်မှာ နဂါးရှစ်ကောင် အခွင့်အရေးကိုတောင် ရပြီးတော့ အစ်ကိုတော် ချူးချင်းကိုတောင် ယှဉ်နိုင်လိမ့်မယ်ဆို... သူက တကယ်ပဲ တော်တော်လေးကို မသိနားမလည်တာပဲ”
သူမ၏ အနီရောင် နှုတ်ခမ်းမှာ မဲ့ရွဲ့လျက် ရှိသည်။ ဇူထိုက်အနေဖြင့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံတိုင်းကို အစ်ကိုတော်ချူးချင်း၏ အဆင့်သို့ ရောက်နိုင်သည်ဟု ယုံကြည် နေသည်တဲ့လား။
လုယန်၏ ဘေးနားမှ ခန့်ညားသည့် တပည့်တစ်ယောက် ကလည်း ရယ်မောကာ ပြောလိုက်သည် “ဟီးဟီး... ဒေါသ ထွက်မနေပါနဲ့တော့ အစ်မတော်လုယန်။ အခု ဇူယွမ်က မူလရေကန်ရဲ့ အတွေ့အကြုံကို ရသွားပြီ ဖြစ်တဲ့အတွက် နဂါးရှစ်ကောင် ကောင်းချီးရဖို့ ဘယ်လောက် ခက်ခဲကြောင်း နားလည်သွားပြီး သူနဲ့ အစ်ကိုတော် ချူးချင်းကြားက ကွာဟချက်ကို သိသွားလောက်ပါပြီ”
လုယန်မှာ ခေါင်းညိတ်လိုက်ပြီး သူမ၏ အကြည့်အား ပြန်ရုပ်သိမ်းကာ ဇူယွမ်အား ဂရုစိုက်မနေတော့ပေ။
***
အချိန်များ ကုန်ဆုံးသွားပြီးနောက် မူလရေကန်ထဲမှ ထွက်လာသော တပည့်များမှာ များသည်ထက် များလာခဲ့ပေသည်။
ထိုစဉ် မူလရေကန်ထဲသို့ ဝင်ခွင့်မရသည့် တပည့်များမှာလည်း အရပ်မျက်နှာ ပေါင်းစုံမှ ရောက်လာခဲ့ကြပေသည်။ မူလကောင်းချီးခြင်ဆီ ရရှိခြင်းသည် အလွန်အရေးကြီးသည့် အခိုက်အတန့်ဖြစ်သည့် အားလျော်စွာ အတွေ့ကြုံရရန်နှင့် အမြင်ကျယ်စေရန် လူတော်တော်များများ လာရောက်ကြပေသည်။
တောက်ပသော နေဝန်းကြီးသည် ကောင်းကင်ယံတွင် မြင့်တက်သည်ထက် မြင့်တက်လာခဲ့သည်။
ဒေါင်...
ရှင်းလင်း ပြတ်သားသော ခေါင်းလောင်းသံတစ်ချက် ကြားပြီးနောက်တွင် ကောင်းကင်ထက်သို့ မူလချီစီးကြောင်း တစ်ခုက ပျံဝဲတက်လာခဲ့သည်။ ထိုအပေါ်တွင် လှပသော အမျိုးသမီးကြီးတစ်ဦးမှာ မတ်တတ်ရပ်လျက် ရှိသည်။ သူမမှာ သည်တစ်ခေါက် မူလရေကန်တွင် တာဝန်ကျသည့် အကြီးအကဲ ဖြစ်ပေသည်။
နှင်းပဒုမ္မာ တောင်ထွတ်က အကြီးအကဲမြောင်။
သူမက ကောင်းကင်ထက်တွင် ရှိနေသည့် ကြီးမားသော ယဇ်ပုလ္လင်သဏ္ဌာန် နေရာအား မော့ကြည့် လိုက်ပြီးနောက် နေရာတစ်ခုလုံးကို ဝှေ့ကြည့်လိုက်ကာ မူလချီများ ပါဝင်နေသည့် သူ၏အသံကို လူတိုင်း၏နားတွင် ကြားလိုက်ကြရပေသည်။
“ဆယ်ရက် ကုန်ဆုံးသွားခဲ့ပြီ”
“ကောင်းချီးခံယူမှု စတင်မယ်”
ထိုအခိုက်တွင် နေရာတစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။