အခန်း (၁၅၁)
Vol. 11 Ch. 151
“ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ရဲ့ ထိပ်ဆုံးအထပ်ထိ ရောက်ခဲ့တဲ့လူတစ်ယောက်လို့ မပြောရဘူး.. တော်တော်အစွမ်းထက်တာပဲ…”
ထွက်ပြေးလွတ်မြောက်လာသော ချင်တျန်ဂီက ရေရွတ်လိုက်သည်။ သူ့မျက်၀န်းများထဲတွင် စိုးရိမ်ထိတ်လန့်ဟန်များ အတိုင်းသားပေါ်လွင်နေ၏။
ထွက်ပြေးလာရင်းနှင့် လမ်းတွင် ရွှမ်မိသားစုအဖွဲ့၀င်များအား ဦးဆောင်လာသော ကိုင်လျန်ရီတို့အဖွဲ့နှင့် ဆုံမိခဲ့သည်။
လက်ရှိအချိန်တွင် သူတို့အဖွဲ့က တော်တော်လေးအစွမ်းထက်သော အဖွဲ့ဟု ဆိုရပေမည်။
“ ဟူးး…”
နောက်ဆုံးတွင် သံချပ်ကာ၀တ် ချင်အင်ပါယာမှ အဖွဲ့များ သက်ပြင်းချလိုက်မိကြ၏။
ထိပ်တန်းအဖွဲ့ဖြစ်သော ကိုင်မိသားစုနှင့် ဆုံတွေ့မှသာ ချင်တျန်ဂီ၏ ထိတ်လန့်နေသည့် နှလုံးသားလည်း အနည်းငယ် ငြိမ်သက်သွားခဲ့တော့သည်။
“ အဆင့်(၂) နေရာကလူတောင် မျှော်စင်ကို (၇၃)ထပ်အထိပဲရောက်ခဲ့တယ်… ရွှမ်ယီဆိုတဲ့လူက (၉၉)ထပ်အထိရောက်ခဲ့တာ.. သူက အရမ်းအစွမ်းထက်တာပဲ…”
ကိုင်လျန်ရီက ထက်မြက်သောမျက်၀န်းများဖြင့် ချင်တျန်ဂီအား ကြည့်လိုက်သည်။
သူမ စိတ်ထဲတွင် ရွှမ်ယီနှင့် တိုက်ခိုက်စဉ်က သူမအနေဖြင့် တစ်ကွက်မျှပင် ခံနိုင်ရည်မရှိသည်ကို ပြန်တွေးမိလိုက်ပြီး
“ ပြောရမယ်ဆိုရင် (၉၉)ထပ်မြောက်က သူ့ရဲ့ ကန့်သတ်ချက်မဖြစ်နိုင်သေးဘူး.. မျှော်စင်ရဲ့ ကန့်သတ်ချက်က (၉၉)ထပ်ပဲ ရှိလို့အဲ့အဆင့်အထိပဲရောက်ခဲ့တာဖြစ်မယ်…”
ထိုစကားအားကြားလျှင် လူတိုင်းအံ့ဩသွားခဲ့ကြသည်။
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ အစွမ်းအား လူတိုင်း နားလည်ထားကြပေသည်။
ကောင်းကင်အဆင့်မှ နံပါတ်(၁)ဖြစ်သော ဟွမ်တျန်ချန်ဇီပင်လျှင် အထပ်(၆၀)သို့သာ ရောက်နိုင်ခဲ့၏။
ဟွမ်တျန်ချန်ဇီဆိုသည်မှာ ကောင်းကင်ဒေသမှ လူငယ်မျိုးဆက်အား ကိုယ်စားပြုသောသူဖြစ်သည်။
သို့သော် ယခုတွင် ရွှမ်ယီက နတ်ဘုရားသန့်စင်ခြင်းမျှော်စင် (၉၉)ထပ်က သူ၏ ကန့်သတ်ချက်မဟုတ်သေးကြောင်း ပြောကြားလာ၏။
အကယ်၍ တခြားနေရာမှ လူများဆိုပါက ရယ်မောကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော် သူတို့ကိုယ်တိုင် ထိုလူ၏ အခြေတည်ဝိညာဉ်အဆင့်(၇)အစွမ်းအား ကြုံတွေ့ဖူးခဲ့ကြသည်ဖြစ်ရာ ထိုစကားက မှန်မည်ဟု လက်ခံယုံကြည်မိကြသည်။
ထိုလူကား အလွန်ထူးခြားသောသူဖြစ်၏။ သူတို့အနေဖြင့် အထပ်(၄၀) (၅၀)သို့ရောက်ရန်ပင် ရုန်းကန်နေရချိန်က ထိုလူက (၉၉)ထပ်သို့ သက်တောင့်သက်သာပင်ကျော်ဖြတ်နိုင်စွမ်းရှိနေသည်။
“ သူ ဘယ်လောက်ထိ သန်မာတယ်ဆိုတာ ငါ ခန့်မှန်းကြည့်လို့တောင်မရဘူး…”
တစ်စုံတစ်ယောက်က သက်ပြင်းချကာ ရေရွတ်လိုက်၏။
လက်ရှိ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က အထူးတလှယ်ပြောင်းခဲ့သွားခဲ့သည်။ ၎င်းက စိတ်ဝိညာဉ်ကိုယ်ပွားများအား ထုတ်လွှတ်၍ သူတို့အား တိုက်ခိုက်စေ၏။
သို့ရာတွင် ၎င်းကိုယ်ပွားများအားလုံးကို အခြေတည်ဝိညာဉ်အဆင့်(၇)၌ ကန့်သတ်ထားသည်။
ပြင်ပကမ္ဘာတွင် အနှီရွှမ်ယီဆိုသည့်လူ၏ အဆင့်က အခြေတည်ဝိညာဉ်အဆင့်(၇)အောက် မနိမ့်ကျလောက်ပေ။
သို့သော် သူ၏ ကိုယ်ပွားဖြစ်သော အခြေတည်ဝိညာဉ်အဆင့်(၇)ကပင် ဤမျှ အားကောင်းနေချေပြီ။
အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့်သာ ထိုထက်မြင့်ပါက ထူးခြားသောစံချိန်တစ်ခု သတ်မှတ်နိုင်ပေလိမ့်မည်။
သူက ဘုရင်အဆင့်ကိုပင် သတ်နိုင်မည်လော...?
ထိုစကားများအား ကြားချိန်တွင် ရွှမ်မိသားစုမှလူတိုင်း၏ မျက်၀န်းများ တောက်ပလာခဲ့ပြီး နှလုံးများခုန်ပေါက်လာခဲ့သည်။
“ အဲ့တာ ငါတို့ သခင်လေးပဲ…”
“ အင်း.. ငါတို့ ကောင်းကင်ဒေသက ရွှမ်မိသားစုကို ရောက်ရောက်ချင်း သူက ဆက်ခံသူအဖြစ် သတ်မှတ်ခံရတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ… ငါတို့ကြားက ခြားနားချက်က နေ့နဲ့ညလို ပါပဲလား…”
အုန်း…
ထိုအချိန်တွင် ပတ်၀န်းကျင်မှ လူတိုင်း၏ နှလုံးသားများ တုန်ယင်သွားခဲ့ကြ၏။
အဝေးတစ်နေရာသို့လှမ်းကြည့်လိုက်လျှင် ကောင်းကင်ယံ၌ ဖုံးလွှမ်းနေသော ကြီးမားသည့် ဓားချီအလင်းတန်းကြီးအား တွေ့လိုက်ရ၏။
“ မကောင်းတော့ဘူး.. စိတ်ဝိညာဉ်ကိုယ်ပွားက ကျုပ်တို့နောက်ကိုလိုက်လာနေပြီ…”
လူတိုင်း ဓားရည်ရွယ်ချက်စွမ်းအားက သူတို့အပေါ် ဦးတည်နေသည်ဟု ခံစားမိလိုက်လျှင် ဆံပင်များပင် ထောင်သွားသလိုခံစားလိုက်ရ၏။
သူတို့အားလုံး ရက်စက်သော သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းခံနေရသော ကလေးငယ်တစ်ဦးကဲ့သို့ ခံစားနေရသည်။ မျှော်လင့်ချက်များ ပျောက်ဆုံးသွားသကဲ့သို့ဖြစ်၏။
“ ပြေးကြတော့ဟ.. ငါတို့အဆင့်တွေနဲ့ဆိုရင် အကုန် လေထဲ ပျောက်သွားတော့မယ်….”
ချင်အင်ပါယာနှင့် ကိုင်မိသားစုမှ အဖွဲ့၀င်များ ထိုနေရာမှ ချက်ချင်းဆုတ်ခွာပြေးကြတော့သည်။
ထို ဓားရည်ရွယ်ချက်၏ ပစ်မှတ်ထားခြင်း ခံနေရာချိန်၌ သူတို့အနေဖြင့် လူစုမခွဲပဲ အတူတကွတိုက်ခိုက်ခြင်းက ပိုကောင်းမည်ဖြစ်၏။
အကယ်၍ လမ်းခွဲကာသွားပါက တစ်ဖွဲ့ခြင်းစီ လိုက်လံခြေမှုန်းခံရပေလိမ့်မည်။
“ ဒါက သေခြင်းနဲ့ ရှင်ခြင်းကြား လမ်းဆုံပေါ်က အကြပ်အတည်းပဲ…”
ချင်တျန်ဂီ၏ မျက်၀န်းများ ရဲရဲနီနေ၏။ သူ၏ပုံစံက ချောင်ပိတ်ခံလိုက်ရသော ဝံပုလွေရိုင်းတစ်ကောင်းကဲ့သို့ဖြစ်နေချေပြီ။
လက်ရှိအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုသာရှိတော့၏။
၎င်းက ဤနေရာမှ ဝေးသထက်ဝေးအောင် ပြေးရန်ပင်။
အကယ်၍ ထိုလူက ဆက်လိုက်နေပြီး သူပြေးမလွတ်နိုင်တော့ပါက လျှို့ဝှက်နယ်မြေအတွင်းမှ ချက်ချင်းထွက်ခွာသွားရန်စိတ်ကူးထားသည်။ ဤနေရာမှ ရတနာများအားလည်း မက်မောခြင်းအလျဉ်းမရှိတော့ချေ။
အသက်ရှင်သန်ရေးက အဓိကဖြစ်၏။
ရွှစ်…
ချင်တျန်ဂီတစ်ယောက် နောက်ဘက် အဝေးတစ်နေရာမှ ဓားချီအလင်းတန်းအား လှည့်ကြည့်လှည့်ကြည့်ဖြင့် အားသွန်ခွန်စိုက် လူတိုင်းရှေ့မှ ပြေးနေစဉ်တွင် ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ဓားရှည်တစ်လက်ကိုင်စွဲထားသည့် အဖြူ၀တ်လူတစ်ယောက်အား တွေ့လိုက်ရသောကြောင့်ပင်။
ချင်တျန်ဂီတစ်ယောက် အံ့ကြိတ်မိလိုက်သည်။ ထိုမြင်ကွင်းက မြင်လိုက်ရသူတိုင်းကို အံ့သွားစေ၏။
ဤမျှ ၀ရုန်းသုန်းပါးပြေးနေကြချိန်တွင် လူတစ်ယောက်က သူတို့ထံ ဦးတည်လျက်လာနေသည်။ အကယ်၍ ထိုလူသာ သူတို့အား တားဆီဝံ့ပါက မည်သူမှခွင့်လွှတ်မည်မဟုတ်ပေ။
သို့သော် လူတိုင်း ထိုလူ၏ မျက်နှာအား မြင်လိုက်ရချိန်၌ ချင်တျန်ဂီကဲ့သို့ မျက်၀န်းများပြူးကျယ်သွားကာ နှလုံးသားတစ်ခုလုံး တုန်ယင်သွားခဲ့ကြ၏။
“ မကောင်းတော့ဘူ… စိတ်ဝိညာဉ်ကိုယ်ပွားက ဘယ်လိုဖြစ်ပြီး နှစ်ခုဖြစ်သွားတာလဲ…”
မှန်ပေသည်။
သူတို့ရှေ့တွင် ရှိနေသော ဓားတစ်ချောင်းကိုင်စွဲထားသည့် အဖြူ၀တ်လူငယ်က သူတို့နောက်မှ လိုက်လာနေသော စိတ်ဝိညာဉ်ကိုယ်ပွားနှင့် ချွတ်စွတ်တူညီနေသည်။
ချင်အင်ပါယာမှ လူတိုင်း ၎င်းတို့၏ ဘ၀များအဆုံးသတ်ပြီဟု တွေးမိလိုက်ပြီး စိတ်ဓာတ်ကျသွားခဲ့၏။
တစ်ယောက်တည်းကိုတောင်မယှဉ်နိုင်ချိန်တွင် နှစ်ယောက်ထွက်ပေါ်လာသည်က သူတို့အတွက် လမ်းဆုံးမဟုတ်ပေလော။
“ ဟူး…ငါ့ဘ၀ကြီးကတော့ ဒီမှာပြီးသွားပြီ…”
ချင်တျန်ဂီက ချင်အင်ပါယာမှ အဖွဲ့အား ဦးဆောင်ပြီး ရှေ့ဆုံးမှ အားသွန်ခွန်စိုက်ပြေးခဲ့သော်လည်း ယခုတွင် အရာအားလုံး အချည်းအနှီးဖြစ်သွားချေပြီ။
လက်ရှိအချိန်တွင် သူတို့အနေဖြင့် ခုခံရန်ပင် စိတ်မ၀င်စားတော့ချေ။ ထိုကိုယ်ပွားများက အလွန်အစွမ်းထက်လှသည်ဖြစ်ရာ ခုခံပါကလည်း အသုံးမ၀င်လောက်ပေ။
“ သူတို့အချင်းချင်း ပြန်တိုက်ခိုက်ရင်လည်းကောင်းမယ်…”
၎င်းက မဖြစ်နိုင်မှန်း ချင်တျန်ဂီနားလည်ထားပေသည်။ ထိုသို့ပြောပြီးနောက် ကွကိုလှောင်ရယ်မိလိုက်၏။
ထို စိတ်၀ိညာဥ်ကိုယ်ပွားများက အဘယ်ကြောင့် အချင်းချင်းတိုက်ခိုက်မည်နည်း။
ဘုန်း…
သူတွေးနေစဉ်အတွင်း သူတို့ရှေ့မှ အသစ်ပေါ်လာသည့် အဖြူ၀တ်လူငယ်က ဓားတစ်ချက် ခုတ်ချလိုက်သည်ကိုမြင်လိုက်ရ၏။
ထိုဓားချက်တွင် ကမ္ဘာမြေအားပင်တုန်ယင်သွားစေနိုင်သည့် စွမ်းအားများပါ၀င်နေပြီး သူတို့ ခေါင်းအထက်မှ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။
ချင်တျန်ဂီအပါအ၀င် ချင်အင်ပါယာမှ လူတိုင်း အံ့အားသင့်သွားခဲ့၏။ ထိုဓားချက်က အလွန်လျင်မြန်းလွန်းလှသည်ဖြစ်ရာ ၎င်းတို့အနေဖြင့် တုန့်ပြန်ရန်ပင် အချိန်မရခဲ့ချေ။
“ ကံကောင်းလိုက်တာ.. တော်သေးတယ် အဲ့တာက ငါ့တို့ကို မထိခဲ့ဘူး…”
သူတို့ နောက်လှည့်ကြည့်လိုက်စဉ်တွင် ကိုင်မိသားစုမှလူများလည်း အံ့အားသင့်နေသည်ကိုတွေ့လိုက်ရ၏။
“ စိတ်ဝိညာဉ်ကိုယ်ပွားတွေ ရူးသွားပြီလား..”
ချင်အင်ပါယာမှ လူတိုင်း ပဟေဠိဖြစ်သွားကြသည်။
သူတို့အားလုံး မသိစိတ်အရ ဖြတ်သန်းသွားသည့် ဓားအလင်းနောက်သို့လိုက်ကြည့်လိုက်ပြီး ၎င်းတို့မျက်၀န်းများပြူးကျယ်သွားခဲ့၏။