အခန်း (၁၅၂)
Vol. 11 Ch. 152
ဘန်း…
အလွန်ကြောက်မက်ဖွယ် အသံတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်အထက်သို့ ဖုန်များသဲများ မှိုပုံစံတိမ်တိုက်ပမာ လွင့်ပျံသွားသည်ကိုတွေ့လိုက်ရသည်။
မြင်ကွင်း ရှင်းလင်းသွားပြီးနောက် လူတိုင်း အာရုံစိုက်ကာကြည့်လိုက်ကြ၏။
ထိုအခါ ပထမစိတ်ဝိညာဉ်ကိုယ်ပွား မရှိတော့သည်ကိုတွေ့လိုက်ရသည်။
ဓားတစ်ချက်.. ဓားတစ်ချက်မျှသာ…
သူတို့အားလုံးကို ဒုက္ခရောက်စေသည့် စိတ်ဝိညာဉ်ကိုယ်ပွားကား ဓားတစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရချေပြီ။
“ သွားပြီ.. ဒီစိတ်ဝိညာဉ်ကိုယ်ပွား အသစ်က ပိုပြီးအစွမ်းထက်တယ်…”
“ ပထမတစ်ခုတုန်းက ငါတို့ ထွက်ပြေးလို့ရသေးတယ်.. ဒါပေမယ့် အခုတော့ လွတ်နိုင်မယ်မထင်ဘူး…”
ချင်အင်ပါယာမှ လူတိုင်း ၎င်းတို့၏စိတ်အား သေခြင်းတရားကိုရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြသည်။ ကာကွယ်ရန်စိတ်ကူးပင်မရှိတော့ချေ။
“ သခင်လေးရွှမ်က အရမ်းအစွမ်းထက်တာပဲ…”
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။
ချင်အင်ပါယာမှလူများ လှည့်ကြည့်လိုက်ရာ ကိုင်မိသားစုအဖွဲ့အတွင်းမှ ရွှမ်မိသားစု၀င်များ ရှေ့တက်လာသည်ကို တွေ့ လိုက်ရသည်။
၎င်းတို့၏ မျက်နှာများမှာ နီမြန်းနေပြီး စိတ်လှုပ်ရှားနေဟန်များ အတိုင်းသားပေါ်လွင်နေ၏။
ဘယ်သူလဲ…?
ဒါက စိတ်ဝိညာဉ်ကိုယ်ပွားမဟုတ်ဘူးလား..?
သခင်လေးရွှမ် ဆိုတာ…?
ချင်တျန်ဂီ အပါအ၀င် ချင်အင်ပါယာမှလူတိုင်း ပဟေဠိဖြစ်နေဟန်ဖြင့် ထိုလူများကိုကြည့်နေကြသည်။
လက်ရှိအခြေအနေက သူတို့အတွက် အိမ်မက်တစ်ခု အလားပင်။
“ သခင်လေး ရွှမ်…”
ကိုင်လျန်ရီက တောက်ပစွာပြုံးလျက် လှပစွာရှေ့သို့ပြေးထွက်သွား၏။
“ ရှင်နဲ့ ဒီမှာ တွေ့ရတာ အရမ်းကောင်းတာပဲ.. မဟုတ်ရင် လူတော်တော်များများ သေသွားနိုင်တယ်…”
ကိုင်လျန်ရီက ရွှမ်ယီအားကြည့်ပြီး နူးညံ့စွာပြောလိုက်၏။
ဤနေရာတွေရှိနေသူတိုင်း ကိုင်လျန်ရီ၏ လေသံမှတစ်ဆင့် ချစ်ခင်ကြင်နာမှုများအား ခံစားနိုင်သည်။
“ နတ်သမီးကိုင်က သူ့ကိုသိတာလား…?”
“ ဒါဆို သူက စိတ်ဝိညာဉ်ကိုယ်ပွားမဟုတ်ဘူးပေါ့…?”
“ သူက ရွှမ်မိသားစုက ဆက်ခံသူလား…?”
ချင်အင်ပါယာမှ လူတိုင်း ထိတ်လန့်အံ့ဩသွားခဲ့ကြ၏။
သူတို့ ကောင်းကင်ဒေတွင် အလွန်နာမည်ကြီးသည့် နတ်သမီးကိုင်က လူတစ်ယောက်အား ဤမျှ ချိုသာစွာ ဆက်ဆံသည်အား တစ်ကြိမ်မှ မြင်ဖူးခဲ့ခြင်းမရှိပါ။
ထို့အပြင် လက်ရှိအချိန်တွင် သူတို့အားလုံး နတ်ဘုရား သန့်စင်ခြင်းမျှော်စင်မှ အဆင့်(၁) နှင့် အမှန်တကယ် ဆုံတွေ့နေရသည်လော။
ဒါပေမယ့် ထိုလူက နက်နဲဓားဂိုဏ်းမှ ဖြစ်ရမည်မဟုတ်လော...?
ချင်အင်ပါယာမှ လူများ၏ နှလုံးသားထဲတွင်း မေးခွန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေပေသည်။
ချင်တျန်ဂီက ရွှမ်ယီအား မှင်သက်စွာကြည့်နေခဲ့၏။
သူက ရွှမ်မိသားစုအကြောင်း ကြားဖူးပေသည်။ ၎င်းမိသားစုက မြောက်ပိုင်းဒေသမှ ကိုင်မိသားစု၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည်။ သာမန် အဖွဲ့အစည်းအများနှင့် ယှဉ်ပါက ရွှမ်မိသားစုမှာ သန်မာသည်ဟု ဆိုနိုင်သော်လည်း သူတို့ ထိပ်တန်းအင်အားစုကြီးများအမြင်တွင်မူ များစွာဘောင်မ၀င်လှပေ။
ထို့အပြင် ရွှမ်မိသားစုမှ သခင်လေးဆိုသူက ကောင်းကင်အဆင့်၌မရှိသလို သူ့အား တစ်ခါမှလည်း မြင်ဖူးခြင်းမရှိပေ။
ထို လူမသိသူမသိလူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ရွေးချယ်ခံ ကြောက်မက်ဖွယ် အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားမိခြင်းမရှိချေ။
ချင်အင်ပါယာမှလူတိုင်း အလွန်တုန်လှုပ်သွားခဲ့ကြ၏။
ကိုင်မိသားစုမှလူများကမူ သက်တောင့်သက်သာဖြစ်နေကြသည်။ အစောပိုင်းကတည်းက သူတို့က ကိုင်လျန်ရီနှင့် ရွှမ်ယီတို့အကြားမှ ရင်းနှီးမှုအား တွေ့မြင်ပြီးဖြစ်သည်။
ထို့အပြင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ရွှမ်ယီ၏ အဆင့်နှင့်တကွ စိတ်ဝိညာဉ်ကိုယ်ပွားအား မြင်တွေ့ပြီးနောက် ၎င်းမှာ ရွှမ်မိသားစုမှ လူငယ်ခေါင်းဆောင်ဖြစ်ကြောင်း နဂိုကပဲ သေချာနေခဲ့ကြ၏။
အနှီရွှမ်ယီကား နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ ထိပ်ဆုံးသို့ရောက်ခဲ့သော မွန်းစတားတစ်ကောင်ဖြစ်ပေသည်။
ရလဒ်အနေဖြင့် ရွှမ်ယီက ထိုစိတ်ဝိညာဉ်ကိုယ်ပွားအား ဓားတစ်ချက်ဖြင့် ဖျက်ဆီးသည်အားမြင်တွေ့ခဲ့ရသော်လည်း အလွန်အမင်းအံ့ဩခဲ့ခြင်းမရှိချေ။
စိတ်ဝိညာဉ်ကိုယ်ပွားလား…?
၎င်းက ပုံတူကူးထားခြင်းသာဖြစ်ပြီး အစစ်အမှန်နှင့် အဘယ်သို့ ယှဉ်နိုင်လိမ့်မည်နည်း။
တစ်ချက်တည်းနှင့်ဇာတ်သိမ်းသွားခြင်းက သိပ်တော့လည်း အံ့ဩစရာမဟုတ်ချေ။
ထို့အပြင် ထိုလူအနေဖြင့် မျှော်စင်ထက်သို့ တက်ခဲ့စဉ်ကထက် များစွာ အစွမ်းထက်နေလောက်ချေပြီ။
“ နတ်သမီးကိုင်.. မတွေ့တာကြာပြီ…”
ရွှမ်ယီက ဓားအား ဓားအိမ်အတွင်းသို့ ပြန်ထည့်ရင်း ပြုံးလျက်စကားဆိုလိုက်သည်။
သို့သော် ဓားနှင့် ဓားအိမ်တို့ပွတ်တိုက်ရာမှ ထွက်ပေါ်လာသည့်အသံက ကြားရသူတိုင်းအား ကျောချမ်းသွားစေ၏။
“ ကြည့်ရတာ အဲ့ပုံရိပ်က နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က ဖန်တီးထားတာထင်တယ်…”
ရွှမ်ယီက ပြုံးလျက်ပင် ရှေ့သို့တိုးသွားပြီး စိတ်ဝိညာဉ်ကိုယ်ပွား ပျောက်ကွယ်သွားရာ နေရာသို့ လက်ဆန့်တန်းလိုက်သည်။
ထိုနေရာတွင် လင်းလည်မှိတ်ချည်ဖြင့် စိတ်ဝိညာဉ်အလင်းတန်းတစ်ခုရှိနေပြီး ၎င်းထံမှ ဥပဒေသစွမ်းအားများက ပတ်၀န်းကျင်သို့ ဖြာထွက်နေ၏။
လက်ရှိ အလင်းတန်းက ယခင်က တခြားသူများ ရခဲ့သည်ထက် သိသိသာသာထူထဲကြီးမား၍နေသည်။
ထိုမြင်ကွင်းက လူတိုင်း၏ မျက်၀န်းများအား တောက်ပသွားစေသော်လည်း ရွှမ်ယီအား တစ်ချက်ကြည့်လိုက်မိသည်နှင့် တုန်ယင်သွားခဲ့ပြီး မကောင်းသည့်အတွေးများအားလုံး စွန့်လွှတ်လိုက်ကြတော့သည်။
သူတို့ရှေ့မှ လူငယ်အား ဤလျှို့ဝှက်နယ်မြေအတွင်း၌ ပြိုင်ဘက်ကင်းသည်ဟု ဆိုရပေမည်။
လူသားဘုရင်အဆင့်တစ်ယောက် ထွက်ပေါ်မလာပါက ဘယ်သူမှ သူ့အား တိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ပေ။
“ ရှင်ပြောတာ မှန်တယ်.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က အများကြီးပြောင်းလဲသွားတယ်.. အဆင့်ဇယားမှာပါ၀င်တဲ့ မျှော်စင်အထပ်တိုင်းက ကာကွယ်သူတွေက စိတ်ဝိညာဉ်ကိုယ်ပွားတွေအဖြစ် ပေါ်လာပြီး ကျွန်မတို့ကို တိုက်ခိုက်ခဲ့တယ်… ပြီးတော့ သူတို့ကို သတ်လိုက်တိုင်း ရှင့်လက်ထဲကလိုမျိုး ထူးဆန့်တဲ့အရာတွေ ရခဲ့တယ်…”
ကိုင်လျန်ရီက တည်ငြိမ်စွာ ရှင်းပြလိုက်၏။ သူမက တောက်ပနေသော မျက်၀န်းများဖြင့် တစ်ကိုယ်တည်းတီးတိုးရေရွတ်နေသည့် ရွှမ်ယီအား ပြင်းပြစွာကြည့်လိုက်သည်။
“ သခင်လေးရွှမ်.. ရှင် စုဆောင်းထားတဲ့ ဥပဒေသစွမ်းအားတွေက ဘုရင်အဆင့်ရောက်ဖို့ မလုံလောက်သေးဘူး… တကယ်လို့ ရှင် စိတ်၀င်စားရင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အနီးကို သွားရအောင်လေ.. အဲ့မှာ အများကြီးရှိတယ်….”
ရွှမ်ယီက သူ့အား ကြောက်လန့်နေဟန်ရသည့် ချင်အင်ပါယာမှ လူများကို မျက်ခုံးပင့်ကာကြည့်လိုက်ပြီး တစ်ချက်ပြုံးလိုက်၏။
သူ လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ပြီးသိပ်မကြာခင် ၀မ်ချောင်တို့အဖွဲ့နှင့် ဆုံတွေ့ခဲ့ပြီး ရွှေနေသစ်သီးအား ရရှိခဲ့သည်။ ထို့နောက် ၎င်းအတွင်းမှ ဥပဒေသစွမ်းအားကို အသုံးပြုပြီး သူ့ အဆင့်က တိုးတက်သွားခဲ့၏။
သူ့အနေဖြင့် လက်ရှိအချိန်တွင် ဘုရင်အဆင့်သို့ မရောက်သေးသော်လည်း ခြေတစ်လှမ်းမျှသာလိုအပ်တော့သည်။
ထိုအရာက ခြေတစ်လှမ်းမျှသာ။
ဥပဒေသစွမ်းအားများ ပါ၀င်သည့် ပုံမှန်အလင်းလုံးများက သူ့အား ဘုရင်အဆင့်သို့ တက်ရောက်ရန်မလုံလောက်သော်လည်း လက်ရှိ ရရှိထားသည့် အလင်းလုံးကား မတူညီပေ။
၎င်းအတွင်းတွင် ပါ၀င်သည့် ဥပဒေသစွမ်းအားများက သူ့အား အလွယ်တကူ ဘုရင်အဆင့်သို့ ရောက်သွားစေနိုင်စွမ်းရှိသည်။
သို့သော် ရွှမ်ယီကား များစွာ စိတ်လှုပ်ရှားခြင်းမရှိချေ။ အကယ်၍ သူသာ ဘုရင်အဆင့်သို့ရောက်သွားပါက လျှို့ဝှက်နယ်မြေအတွင်းမှ ကန်ထုတ်ခံရပေလိမ့်မည်။
သို့မဟုတ် လျှို့ဝှက်နယ်မြေ ပိတ်သွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွှမ်ယီအနေဖြင့် ဘုရင်အဆင့်သို့ အချိန်မရွေး ဖြတ်ကျော်နိုင်သည်ဖြစ်ရာ ဤလျှို့ဝှက်နယ်မြေအတွင်းမှ အကျိုးအမြတ်များ ရိတ်သိမ်းချင်သေးသည်။
“ အားလုံးပဲ သွားကြစို့.. ကျုပ်နာမည်က ရွှမ်ယီပါ…”
ရွှမ်ယီက အပြုံးတစ်ခုဖြင့် လူတိုင်းအား နှုတ်ဆက်လိုက်၏။
သူ့မျက်နှာထက်တွင် ယုံကြည်မှုအပြည့်နှင့်ဖြစ်ပြီး လူတိုင်းရှေ့ဆုံးမှ ဦးဆောင်သွားလိုက်သည်။
လျှို့ဝှက်နယ်မြေအတွင်း၌ သူ့ပြိုင်ဘက်ဖြစ်နိုင်သူ တစ်ဦးတစ်ယောက်မှ မရှိချေ။
တစ်ဖက်တွင်မူ ချင်အင်ပါယာမှ လူများက ထိုစကားများအားကြားလျှင် တုန်လှုပ်သွားခဲ့၏။
ချင်တျန်ဂီက တစ်စုံတစ်ခုပြောချင်ဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း မည့်သည့်စကားမှထွက်မလာခဲ့ပေ။
ဖြစ်နိုင်လျှင် သူက ထိုလူအား ရပ်တန့်စေချင်နေသည်။
သို့သော် ရွှမ်ယီ၏ စွမ်းအားအကြောင်း တွေးမိလိုက်လျှင် ဒူးများပင် အားပျော့သွားသလိုခံစားလိုက်ရပြီး စကားလုံးများအား ပြန်လည်မျိုချလိုက်ရ၏။
“ မင်းတို့လည်း လိုက်ချင်ရင် လိုက်ခဲ့လို့ရတယ်…”
ရွှမ်ယီက ချင်အင်ပါယာမှလူများအား လှည့်ကြည့်လိုက်ပြီး ပေါ့ပေါးပါးပါးပင် ပြုံးပြကာ ဆိုလိုက်၏။