အခန်း (၁၅၄)
Vol. 11 Ch. 154
ထိုအချိန်တွင် နှင်းလျှို့ဝှက်နယ်မြေ၏ အမည်မသိနေရာတစ်ခု၌
ဟွမ်တျန်ချန်ဇီ၏ မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းလျက်ရှိနေသည်။
ထို့နောက် သူက ခန္ဓာကိုယ်တွင်၀တ်ဆင်ထားသည့် အပိုင်းပိုင်းအစစ ဖြစ်နေသော စိတ်ဝိညာဉ်ချပ်၀တ်အား ကြည့်ပြီး အနည်းငယ်စိတ်မကောင်းဖြစ်သွားမိ၏။
သူက အသက်အားဖြည်းညှင်းစွာ ရှိုက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
လက်ရှိတွင် သူ၏ ပုံစံက နှစ်ပေါင်းများစွာ တွင်းအောင်းနေရာမှ ထွက်ပေါ်လာသော ရှေးခေတ်သားရဲကြီးတစ်ကောင်ကဲ့သို့ဖြစ်နေ၏။ ထို့အပြင် သူ၏ နှဖူးအလည်တည့်တည့်ရှိ မျက်ရည်ပုံစံကျောက်မျက်အတွင်းမှ ဥပဒေသစွမ်းအားများ အဆက်မပြတ်ဖြာထွက်လျက်ရှိနေသည်။
ဘုန်း…
ဟွမ်တျန်ချန်ဇီ၏ ခန္ဓာကိုယ်မှ အလွန်ပူပြင်းပြီး အစွမ်းထက်လှသော စွမ်းအားများ တွန်းကန်ထွက်ပေါ်လာသည်။ ထို့နောက် လျှို့ဝှက်နယ်မြေ တစ်ခုလုံးအား တုန်ခါသွားစေ၏။
မီးများတောက်လောင်နေသော ဖီးနစ်ကြီးတစ်ကောင် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး လျှို့ဝှက်နယ်မြေမှ လူတိုင်း ဖိအားခံစားလိုက်ရသည်။
ဘုရင်အဆင့်…?
“ ဒီ စွမ်းအားအတက်အကျက…? ဘုရင်အဆင့်တစ်ယောက် ဆီကလာတာပဲ….”
ကိုင်လျန်ရီ၏ အမူအရာအနည်းငယ်ပြောင်းလဲသွားပြီး မျက်နှာထက်၌ တုန်လှုပ်နေဟန်များ ထွက်ပေါ်လာ၏။
သူမက အရှေ့တောင်ဘက်အရမ်းသို့ လှမ်းမျှော်ကြည့်လိုက်၏။ ထိုပြင်းထန်သော အရှိန်အဝါနှင့် ဖိအားက ထိုအရပ်မှ လာခြင်းဖြစ်သည်။ လေဟာနယ်အား ထိုးခွင်းကာ ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသည့် နေတစ်စင်းအလားဖြစ်နေသည်။
တခဏအတွင်း ထိုဖိအားက သူမတို့ရှိရာဆီသို့ လျင်မြန်စွာ နီးကပ်လာနေ၏။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း မျှော်စင်ရှေ့မှ လေဟာနယ်အက်ကွဲသွားပြီး လူတစ်ယောက်ထွက်ပေါ်လာလေသည်။ ၎င်းကား ဖီးနစ်လှိုဏ်ဂူမှ မြင့်မြတ်သားတော် ဟွမ်တျန်ချန်ဇီပင်ဖြစ်၏။
သူ၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ၏ မျက်၀န်းများအတွင်း၌ ယုံကြည်မှုများနှင့် အထင်သေးမှုများ အတိုင်းသားပေါ်လွင်နေပြီး ပတ်၀န်းကျင်အား တစ်ချက်ဝှေ့ကြည့်လိုက်ကာ
“ ကိုင်း.. မင်းတို့ဆီက အလင်းဘောလုံးတွေ ငါ့ဆီလာပေးကြတော့…”
ဟွမ်တျန်ချန်ဇီက ခေါင်းငုံ့ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်လျှင် သူ၏ နောက်ကျောထက်တွင် ရွှေနီရောင်သန်းနေသော မီးတောက်တောင်ပံတစ်စုံဖြစ်ပေါ်လာသည်။ ၎င်းက စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖန်တီးထားသည့် တောင်ပံတစ်စုံဖြစ်ပြီး ပြင်းထန်သောအတက်အကျများ ထုတ်လွှတ်နေ၏။
မူလစိတ်ဝိညာဉ်စွမ်းအား…!
ကိုင်လျန်ရီနှင့် ချင်တျန်ဂီတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့ကြသည်။
ကျန်သူများအနေဖြင့် ဖိအားအောက်တွင် မျက်နှာများဖြူဖျော့သွားခဲ့ပြီး ဟွမ်တျန်ချန်ဇီအား မယုံကြည်နိုင်စွာ ငေးကြည့်နေခဲ့ကြ၏။
အချိန်တိုအတွင်း တစ်စုံတစ်ယောက်က လျှို့ဝှက်နယ်မြေထဲမှာ ဘုရင်အဆင့်ရောက်သွားတာလား….?
“ ကောင်းကင်အဆင့်ရဲ့ နံပါတ်(၁)လို့ မပြောရဘူး ဖီးနစ်လှိုဏ်ဂူရဲ့ မြင့်မြတ်သားတော်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲလား…”
“ မင်းအနေနဲ့ မျှော်စင်က ဖန်တီးထားတဲ့ စိတ်ဝိညာဉ်ကိုယ်ပွားတွေကို သတ်ဖို့လွယ်သွားပြီလေ.. ဘာလို့ ငါတို့အပေါ် ရန်လိုနေတာလဲ…”
ချင်တျန်ဂီ၏ စိတ်ထဲတွင် အနည်းငယ်စိုးထိတ်နေပြီး ရှေ့တိုးကာ စကားဆိုလိုက်သည်။
လက်ရှိတွင် ဖီးနစ်လှိုဏ်ဂူမှ မြင့်မြတ်သားတော်ကား ဘုရင်အဆင့်သို့ရောက်သွားချေပြီ။ ထို့အပြင် လျှို့ဝှက်နယ်မြေအတွင်းသို့ ပြင်ပမှ ဘုရင်အဆင့်များ ၀င်ရောက်လာ၍လည်းမရပေ။
ချင်တျန်ဂီ၏ အမြင်တွင် လက်ရှိ လျှို့ဝှက်နယ်မြေ၌ ဟွမ်တျန်ချန်ဇီအား ယှဉ်နိုင်မည့်လူမရှိတော့ချေ။
အကယ်၍ ဟွမ်တျန်ချန်ဇီသာ သူ့အား ထွက်သွားစေလိုလျှင် စကားတစ်ခွန်းမှ မပြောပဲ ထွက်သွားရပေလိမ့်မည်။ တခြားရွေးချယ်စရာမရှိချေ။ ဘုရင်အဆင့်တစ်ယောက်ရှေ့တွင် သူကား ဘာမှမဟုတ်ပေ။
သို့သော် ဟွမ်တျန်ချန်ဇီက သူတို့ကြိုးစားပမ်းစား တိုက်ခိုက်ထားသမျှကို တောင်းဆိုနေသည်။ ချင်တျန်ဂီအနေဖြင့် ဤသည်အား လက်ခံနိုင်ခြင်းမရှိပေ။
ထိုအလင်းလုံးများထဲမှ တစ်ချို့သော အလင်းလုံးများဆိုလျှင် သူ၏ နောက်လိုက်များ မယှဉ်နိုင်၍ သူကိုယ်တိုင် ၀င်ရောက်တိုက်ခိုက်ထားခဲ့ခြင်းဖြစ်၏။
၎င်းတို့က အလွန်မကြီးမားသော်လည်း ဒါဇင်အနည်းငယ်ခန့်စုဆောင်းမိထားခဲ့သည်။
၎င်းဖြင့်ဆိုလျှင် ချင်အင်ပါယာ၌ ဘုရင်အဆင့် မည်မျှမွေးထုတ်ပေးနိုင်မည်နည်း။
ဟွမ်တျန်ချန်ဇီ၏ အဆိုပြုမှုက လုံး၀မဖြစ်နိုင်ချေ။
ချင်တျန်ဂီလည်း အရူးတစ်ယောက်မဟုတ်ပေ။ ၎င်းတို့အားလုံးကို လွှဲပြောင်းပေးလိုက်မည်ဆိုလျှင် ဖီးနစ်လှိုဏ်ဂူ၏စုပေါင်းစွမ်းအား အလွန်တိုးတက်လာပေလိမ့်မည်။
အချိန်အနည်းငယ်သာပေးလိုက်ပါက ၎င်း၏စွမ်းအားကို သူတို့အနေဖြင့် လုံး၀ယှဉ်နိုင်တော့မည်မဟုတ်ချေ။
ချင်အင်ပါယာအတွက်မူ အကျိုးအမြတ်တစ်ခုမျှ ဖြစ်ထွန်းတော့မည်မဟုတ်ပေ။
“ ဟမ်…”
ဟွမ်တျန်ချန်ဇီ၏ မျက်၀န်းများ၌ အထင်သေးမှုများဖြင့်ပြည့်နေပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါ အလွန်ပူပြင်းသော စွမ်းအင်များ ချင်တျန်ဂီရှိရာဆီသို့ ချက်ချင်းရောက်ရှိသွား၏။
ဘုန်း…
ချင်တျန်ဂီတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။
“ မင်းက ငါနဲ့ ညှိနှိုင်းချင်တာလား…? စိတ်မကောင်းပါဘူး.. မင်းက အဲ့လိုလုပ်ဖို့ အရည်အချင်းမမှီဘူး….”
ဟွမ်တျန်ချန်ဇီက ချင်အာပါယာမှလူများအား အေးစက်သောမျက်၀န်းများဖြင့် လှမ်းကြည့်လိုက်၏။
အကယ်၍ ထို ချင်အင်ပါယာမှလူများသာ အလွန်အစွမ်းထက်လှသော စိတ်ဝိညာဉ်ကိုယ်ပွားအား သူတို့ရှိရာဆီသို့ ခေါ်ဆောင်လာခြင်းမရှိလျှင် သူနှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် ကောင်းကင်ဒေသမှ နံပါတ်(၁) ပါရမီရှင်ဟူသော ပြိုင်ဘက်ကင်းပုံရိပ်လည်း ပျက်စီးသွားမည်မဟုတ်ချေ။
သို့သော် သူထွက်ပြေးခဲ့ပြီးနောက် ကံကောင်းထောက်မစွာနှင့် ထိုထူးဆန်းသည့် ဥပဒေသအလင်းလုံး အစုအဝေးနှင့် တည့်တည့်တိုးခဲ့သည်။ သူက ၎င်းတို့အား အသုံးပြုခဲ့ပြီး ဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးအား လှည့်ပတ်စီးဆင်းနေသည့် ပြင်းထန်သည့်စွမ်းအားများကို ခံစားမိနေခဲ့ပြီး သူ့မျက်၀န်းများ၌ မောက်မာမှုများ အထင်းသားပေါ်လွင်နေ၏။ သူက ချင်အင်ပါယာမှ လူများအား သတ်ဖြတ်လိုစိတ်များဖြင့် ပြင်းပြင်းထန်ထန်ဖိနှိပ်လိုက်ပြီး
“ အသက်သုံးရှိုက်အတွင်း မင်းတို့လက်ထဲမှာရှိတဲ့ အလင်းလုံးတွေ ငါ့ဆီလာပေး.. အဲ့တာဆိုရင် အသက်ချမ်းသာပေးမယ်… ဒီလိုမှမဟုတ်ရင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူးနော်.. လျှို့ဝှက်နယ်မြေထဲကို ဘုရင်အဆင်တွေ၀င်လာလို့မရဘူး.. လက်ရှိဒီနယ်မြေထဲမှာ ငါက ကောင်းကင်ဘုံပဲ…”
ဘုန်း…
လူတိုင်း အသက်ရှုရခက်ခဲလာပြီး မျက်နှာများဖြူရော်သွားပြီး ခန္ဓာကိုယ်များတုန်ယင်လာခဲ့သည်။
မှန်ပေသည်။
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အုပ်ကြီးအတွင်း ဘုရင်အဆင့်တစ်ယောက်ထွက်ပေါ်လာသည်က ပုရွတ်ဆိတ်အုပ်စုကြီးအတွင်း ဆင်တစ်ကောင်ထွက်ပေါ်လာသည့်အလားပင်။
သူ့ကို မည်သူက ရပ်တန့်နိုင်မည်နည်း။
“ ဟမ်.. ဘုရင်အဆင့်လား…?”
“ မင်းက ဘုရင်အဆင့်ကို အခုမှရောက်တာတောင် ဘာလို့ ဒီလောက် မောက်မာနေရတာလဲ…”
ထိုအချိန်တွင် ရုတ်တရက် အံ့အားသင့်နေသော အသံတစ်ခုထွက်ပေါ်လာ၏။
“ မင်းက ဒီနယ်မြေထဲမှာ ကောင်းကင်ဘုံပေါ့… ဟုတ်လား…? အဲ့တာကို ဘယ်သူကပြောတာလဲ…”