အခန်း (၁၅၇)
Vol. 11 Ch. 157
ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုပင်ဖြစ်သော်ငြား ရွှမ်ယီ၏ အကာအကွယ်ကိုပင် ထိုးဖောက်နိုင်ခြင်းမရှိပေ။
“ ဒါက မင်းရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်မှုလား…? ကျွတ် ကျွတ် ကျွတ်….”
ရွှမ်ယီက အထင်အမြင်သေးစွာဖြင့် မဲ့ပြုံးလျှက် စကားဆိုလိုက်သည်။ စကားဆုံးသည်နှင့် လက်ထဲမှ ဓားက လှုပ်ရှားသွားခဲ့သည်။
ဘန်း…
အဆင့်(၃) အထွတ်အထိပ် ဓားရည်ရွယ်ချက်၏ ထောက်ပံ့မှုဖြင့်အတူ အနက်ရောင် ဟင်းလင်းပြင်ဓားနယ်မြေထွက်ပေါ်လာခဲ့သည်။ ၎င်းက အသက်ရှုသုံးကြိမ်စာအတွင်း နတ်ဘုရားသန့်စင်ခြင်းမျှော်စီ အနီးပါတ်၀န်းကျင် တစ်ဝိုက်အား ဖုံးအုပ်သွား၏။
၎င်းတွင် အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်းများ ပါ၀င်နေပြီး မူလ ဘုရင်အဆင့်တစ်ယောက်၏ ဖိအားပင်လျှင် နှိုင်းယှဉ်နိုင်ခြင်းမရှိချေ။
ဘုန်း…
ရွှမ်ယီ၏ ဦးခေါင်းထက်တွင် အလွန်ကြီးမားသည့် အနက်ရောင်ဓားကြီးတစ်ချောင်း ဖြစ်ပေါ်လာ၏။ ဤသည်ကား မဟာပင်ပါယာဓားဖြစ်ချေသည်။
ထို့နောက် ဓားဦးက ဟွမ်တျန်ချန်ဇီရှိရာသို့ ဦးတည်သွားခဲ့သည်။
“ ငါ့ကို မသတ်ပါနဲ့…”
ဟွမ်တျန်ထျန်ဇီတစ်ယောက် လက်သီးများ တင်းကြပ်အောင်ဆုပ်ထားလျက် အသက်ချမ်းသာပေးရန် တောင်းဆိုလိုက်သည်။ သူ၏ မျက်၀န်းများအတွင်း၌ ကြောက်လန့်နေဟန်များ အတိုင်းသား ပေါ်လွင်နေ၏။
ဘန်း…
အနက်ရောင်ဓားကြီးက ညှာတာခြင်းအလျင်းမရှိ ပြေးထွက်သွားပြီး လေထုထဲတွင် မီးရှုးမီးပန်းတစ်ခုအလား ပေါက်ကွဲသွားခဲ့သည်။
ကောင်းကင်ဒေသမှ နံပါတ်(၁) ပါရမီရှင် ၊ ဖီးနစ် လှုဏ်ဂူမှ မြင့်မြတ်သားတော်…
သူကား မရှုမလှရှုံးနိမ့်ခဲ့ချေပြီ။
“ အမှိုက်က အမှိုက်ပဲ.. ဘုရင်အဆင့်ရောက်သွားရင်တောင် အမှိုက်ဖြစ်နေဦးမှာပဲ…”
“ တစ်ကွက်တောင် မခံနိုင်ဘူး….”
ကောင်းကင်မှကျလာသည့် မီးမိုးများအောက်တွင် ရွှမ်ယီ၏ မျက်၀န်းများက မြေအောက်ကမ္ဘာမှ ထွက်ပေါ်လာသည့် သေမင်းနတ်ဘုရားတစ်ပါးအလား နက်ရှိုင်းစွာရှိနေခဲ့သည်။
…………………
အကယ်၍ ဟွမ်တျန်ချန်ဇီသာ သာမန်အတိုင်း တိုက်ခိုက်ပြီး သူ့အား သတ်ရန်မရည်ရွယ်ခဲ့ပါက ဤကဲ့သို့ အသတ်ခံရလိမ့်မည်မဟုတ်ချေ။
ရွှမ်ယီ၏ စည်းမျဉ်းများထဲတွင် သူ့အားသတ်ဖြတ်ရန်ရည်ရွယ်သည့် လူများအား လွှတ်ပေးရန် စိတ်ကူးမရှိချေ။
ပတ်၀န်းကျင်မှ လူတိုင်း မှင်သက်လျက် ရွှမ်ယီအပေါ်သို့ တစ်ဖွဲဖွဲကျဆင်းနေသည့် မီးမိုးများအား ငေးကြည့်နေမိကြသည်။
လက်ရှိအချိန်တွင် သူတို့၏ စိတ်ထဲ၌ ဗလာဖြစ်သွားသကဲ့သို့ ခံစားနေရ၏။
သူတို့ သိသလောက်ဆိုလျှင် အခြေတည်ဝိညာဉ်အဆင့် သာမက ဘုရင်တစ်၀က်အဆင့်များ မည်မျှပင်ရှိနေစေကာမူ ဘုရင်အဆင့်တစ်ယောက်အား ယှဉ်နိုင်လိမ့်မည်မဟုတ်ပါ။
ဤသည်ကား ကောင်းကင်ဒေသ၌သာမဟုတ် ပတ်၀န်းကျင်ဒေသမျှတွင်လည်း မည်သူမှ မချိုးဖျက်နိုင်သည့် စည်းမျဉ်းတစ်ခုဖြစ်သည်။
သို့သော် သူတို့မျက်လုံးရှေ့တွင် အခြေတည်ဝိညာဉ့်အဆင့်မှ ရွှမ်ယီက ဘုရင်အဆင့်တစ်ယောက်အား တစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။
ဤသည်က သူတို့ သိရှိနားလည်ထားသည့် သဘောတရားများအား ရိုက်ချိုးလိုက်သကဲ့သို့ပင်။
ထို့အပြင် ဘုရင်အဆင့်အား အနိုင်ရပြီးသော်လည်း ထိုလူ၏ မျက်နှာအမူအရာက သာမန်အတိုင်းပင်ရှိနေ၏။ ကြည့်ရသည်မှာ ဤသည်က ၎င်းအတွက် ပထမဆုံးအကြိမ်ဖြစ်ဟန်မတူပေ။
ရွှမ်ယီ အဇူအရာဒေသတွင် ရှိနေစဉ်က မေ့ပျောက်ဘုရင်အား သတ်ဖြတ်ရာတွင် အခြေတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံမှု ၊ ဟင်းလင်းပြင်ဓားနယ်မြေ နှင့် ဓားရည်ရွယ်ချက်တို့အား ပေါင်းစပ်ကာ ညာဏ်ရှိရှိအသုံးချခဲ့ရသည်။
သို့သော် ယခုတွင်မူ သူက ဓားရည်ရွယ်ချက်အဆင့်(၃) အထွတ်အထိပ်သာမက နယ်မြေစွမ်အားနှစ်ခုကိုပင် ပိုင်ဆိုင်ထားပြီးဖြစ်သည်။
ထို့အပြင် ဘုရင်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့၏။
၎င်းစွမ်းအားများအားလုံး ထိုဓားချက်ထဲတွင် စုပေါင်းထည့်သွင်းခဲ့သည်ဖြစ်ရာ မူလဘုရင်အဆင့်တစ်ယောက်အား သတ်ဖြတ်နိုင်သည်မှာ သိပ်တော့မထူးဆန်းချေ။
“ လူငယ်ခေါင်းဆောင် ရွှမ်.. ရှင် ဘုရင်အဆင့်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ…”
ကိုင်လျန်ရီက ရှုက်ထွေးမှု မပျယ်သေးသည့် မျက်၀န်းများဖြင့် ရှေ့တိုးလာပြီး မေးလိုက်၏။ အစောပိုင်းတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများက သူမအား အလွန်အမင်းတုန်လှုပ်သွားစေခဲ့သည်။
သူမအနေဖြင့် ဘုရင်အဆင့်သို့ရောက်သွားလျှင်တောင် အခြေတည်ဝိညာဉ်အဆင့်မှ ရွှမ်ယီအား ယှဉ်နိုင်မည်မဟုတ်ချေ။
“ အရမ်း နီးစပ်နေပြီ…”
ရွှမ်ယီက ကိုင်လျန်ရီရှိရာဘက်သို့ လှည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် လက်မြှောက်လိုက်ပြီး သူ့လက်ထဲမှ ဆန်းကျယ်သည့် ရတနာများအား လှုပ်ပြလိုက်၏။
“ ခြေတစ်လှမ်းပဲလိုတော့တယ်…”
မျှော်စင်အတွင်းသို့ ၀င်ကြည့်ရမှာ ထိုဆန်းကျယ်သည့် အလင်းလုံး အတန်အသင့်ရရှိခဲ့သည်။ ရွှမ်ယီအနေဖြင့် သူ့၏ တာ၀န်အား ပြီးမြောက်ရန်အတွက် နောက်ဆုံးအတားအဆီးအားဖြတ်ကျော်ကာ ဘုရင်အဆင့်သို့ တက်ရောက်သင့်ပြီးဖြစ်ကြောင်း ခံစားမိလိုက်၏။
ရွှမ်ယီထံမှ အရှိန်အဝါများရုတ်ချည်း ထွက်ပေါ်လာပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးအား တုန်ခါသွားစေသည်။
ကိုင်လျန်ရီက မျက်လုံးများ တင်းကြပ်စွာမှိတ်ထားပြီး တဖြည်းဖြည်း လေပေါ်သို့ မြောက်တက်သွားသည့် အဖြူ၀တ်လူငယ်လေးအား ကြည့်နေခဲ့သည်။ ဤအချိန်တွင် ရွှမ်ယီ၏ အသိစိတ်က ပြင်ပကမ္ဘာတွင် မရှိတော့ချေ။
သူက ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ကြိုးစားနေတာလား…?
ကောင်းကင်ဒေသက နံပါတ်(၁) ပါရမီရှင်ကို သတ်ပြီးတာနဲ့ ဒီနေရာမှာ ချက်ချင်းအဆင့်တက်တော့မလို့လား…?
ချင်တျန်ဂီက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ရွှမ်ယီအား စိုက်ကြည့်နေခဲ့၏။ သူ့လက်က ကျော၌လွယ်ထားသည့် ဓားကြီးထံသို့ ရောက်ရှိနေပြီး အနည်းငယ် ချီတုံချတုံဖြစ်နေဟန်ရသည်။
“ အဓိပ္ပါယ်မရှိတာတွေ မလုပ်ဖို့ ငါ နင့်ကို အကြံပေးလိုက်မယ်…”
ကိုင်လျန်ရီ၏ အကြည့်များက စူးရှနေပြီး ချင်တျတ်ဂီအား စိုက်ကြည့်ကာ ပြောလိုက်သည်။
အကယ်၍ အနှီချင်တျန်ဂီသာ အမှန်တကယ် လှုပ်ရှားဝံ့ပါက သူမအနေဖြင့် ချက်ချင်းတိုက်ခိုက် သတ်ဖြတ်ပစ်လိုက်ပေလိမ့်မည်။
သူက ချင်အင်ပါယာမှ မင်းသာဖြစ်နေလျှင်တောင် ကိစ္စမရှိချေ။
“ မလုပ်ပါဘူး.. ငါတို့နှစ်ယောက် သူ ဘုရင်အဆင့်ချိုးဖျက်တာကို စောင့်ကြည့်ကြတာပေါ့…”
ချင်တျန်ဂီက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး ဓားပေါ်မှ လက်အား ပြန်လည်ဖယ်ရှားလိုက်၏။
သူ၏ နှလုံးသားထဲတွင်မူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူက အဆင့်တက်ရန်ကြိုးစားနေသည့် ရွှမ်ယီအား ယခုအချိန်၀င်ရောက်တိုက်ခိုက်လျှင်တောင် ရွှမ်ယီ ဒဏ်ရာရသွားရန်မသေချာပေ။
သို့သော် အဆင့်တက်ခြင်းကတော့ ထိခိုက်သွားပေလိမ့်မည်။ ချို့ယွင်းချက်ရှိသွားကာ အားနည်းသည့်ဘုရင် တစ်ပါးပင်ဖြစ်သွားနိုင်သည်။
ထို ရွှမ်ယီက အလွန်အစွမ်းထက်လှသည်။
သူသာ ဘုရင်အဆင့်သို့ ရောက်သွားပါက မည်မျှ အစွမ်းထက်မည်မှန်း ချင်တျန်ဂီ တွေးတောင်မတွေးကြည့်တတ်ပေ။ ထို လျှို့ဝှက်ကာနေထိုင်သည့် ဘိုးဘေးအိုကြီးများမှ လွဲလျှင် မည်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်သည်က ဖြစ်နိုင်ချေများသည်။
သူက ယခုအချိန်တွင် ၀င်ရောက်တိုက်ခိုက်လိုသော်လည်း မလုပ်နိုင်ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် နံဘေးမှ ကိုင်လျန်ရီက သူ့အား သတ်ဖြတ်လိုသည့် မျက်၀န်းများဖြင့် စောင့်ကြည့်နေသည်။ ထို့ကြောင့် စိတ်သာရှိပြီး လက်တွေ့မလုပ်ရဲပေ။
“ ကံမကောင်းစွာနဲ့ ဒီမွန်းစတားက ငါတို့ ချင်အင်ပါယာက မဟုတ်ခဲ့ဘူး…”
ချင်တျန်ဂီက သက်ပြင်းချကာ ရွေတ်လိုက်၏။
ဘုန်း…
ထိုအချိန်တွင် ရွှမ်ယီ စုဆောင်းထားသည့် ရောင်စုံ ဥပဒေသများကပေါက်ကွဲသွားပြီး ဆယ်မီတာတိုင်အောင် ပျံ့နှံ့သွားက ၎င်းတို့အား ရွှမ်ယီက စုပ်ယူလိုက်သည်။
“ ရှူး…”
ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များ ရွှမ်ယီ ရှိရာဆီသို့ စီးဆင်းသွားပြီး မြူများကဲ့သို့ဖြစ်သွားကာ ရွှမ်ယီအား ဖုံးအုပ်သွား၏။
ထိုအချိန်တွင် ရွှမ်ယီ၏ခန္ဓာကိုယ်မှ ထောင်နှင့် ချီသော အပ်စိုက်မှတ်များ ပွင့်ဟလာခဲ့ပြီး ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအား လောဘတကြီး ဝါးမျိုလိုက်သည်။ ဤဖြစ်စဉ်က အသက်ရှုကြိမ်အနည်းငယ်ကြာသွား၏။ အပ်စိုက်မှတ်များက အလွန်အားကောင်းစွာ စုပ်ယူနေပြီး ပတ်၀န်းကျင် (၃)မီတာပတ်လည်မှ ဥပဒေသစွမ်းအားများကိုလည်း အသည်းအသန် စုပ်ယူသွားခဲ့သည်။
ဒါက မလုံလောက်သေးဘူး…!
အပ်စိုက်မှတ်များက အဆက်မပြတ်စုပ်ယူနေပြီး ပတ်၀န်းကျင် (၁၀)မီတာအတွင်း လေထုထဲမှ စိတ်ဝိညာဉ်စွမ်းအားများ အားလုံး စုပ်ယူခြင်းခံလိုက်ရ၏။
ထို့နောက် မီတာ (၁၀၀၀)ပတ်လည်မှ စိတ်ဝိညာဉ်စွမ်းအားများ ရေဝဲတစ်ခုပမာ အသွင်ပြောင်းလျက် ရွှမ်ယီ ရှိရာဆီသို့ စီး၀င်လာခဲ့သည်။
“ မြန်မြန် ဆုတ်ကြ…”
ကိုင်လျန်ရီ နှင့် ချင်တျန်ဂီတို့က ၎င်းတို့ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများပါ စုပ်ယူခံနေရသည်ကို ခံစားမိလိုက်ပြီး ကျန်သူများအား ချက်ချင်း နောက်ဆုတ်ရန် ဆော်ဩလိုက်၏။
ထိုအချိန်တွင် ရွှမ်ယီ၏ ခန္ဓာကိုယ်မှ သောင်းနှင့်ချီသော အပ်စိုက်မှတ်များပွင့်နေသည်။
လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် အပ်စိုက်မှတ် မည်မျှရှိကြောင်း ရွှမ်ယီ တိတိကျကျမသိသော်လည်း လက်ရှိတွင် သူ့ခန္ဓာကိုယ်မှ အပ်စိုက်မှတ်ပေါက်း (၄၈၀၀၀)ကျော် လင်းလက်နေ၏။
အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအင်များ ထိုအပေါက်များအတွင်းသို့ ဖြတ်သန်း၀င်ရောက်သွားပြီး ငွေဖြူရောင်စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့က ဓားချီများနှင့် အလားသဏ္ဌာန်တူညီနေပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေ၏။
သာမန်စိတ်ဝိညာဉ်စွမ်းအင်များမှ ပြောင်းလဲသွားသည့် ငွေဖြူရောင်စိတ်ဝိညာဉ်စွမ်းအင်မျာူက ဓားချီများနှင့် တူညီသော်လည်း ၎င်းတို့က ပိုအစွမ်းထက်သည့်ဟန်ရသည်။
ဘုန်း…
လေထုကြီးတစ်ခုလုံး တုန်ခါသွား၏။
လျှို့ဝှက်နယ်မြေတစ်ခုလုံး ပြင်းထန် ကျယ်လောင်စွာ တုန်ခါသွားခြင်းဖြစ်သည်။ ဓားရည်ရွယ်ချက်စွမ်းအားများ ပါ၀င်သည့် ဥပဒေသစွမ်းအားက ကောင်းကင်ထက်သို့ လွင့်ပျံသွားပြီး ငွေဖြူရောင်များဖြစ်ပေါ်လာစေသည်။
၎င်းက ရွှမ်ယီ၏ လက်ချောင်းများဖြင့် ရေးထိုးလိုက်သည့် ဥပဒေသစွမ်းအားဖြစ်ချေသည်။ ကြည့်ရသည်မှာ ထိုနေရာ၌ ထာ၀ရတောက်ပနေတော့မည့်အလားပင်။
( မှတ်ချက် ။ ဟိုးရှေ့က အပိုင်းမှာပါဖူးတဲ့ အဘိုးကြီးတစ်ယောက် နှင်းနယ်မြေမှာ အဆင့်တက်တုန်း ဘုရင်အဆင့်ကိုတက်ရင် ကိုယ့်နာမည်ကို ကောင်းကင်ဆီမှာ မှတ်ကျောက်တင်ရတယ်ဆိုတဲ့ကိစ္စလေ အခုလည်းအဲ့လို ပါပဲ။ နားမလည်မှာစိုးလို့ရှင်းပြတာပါ…)
အနာဂါတ်တွင် ဤနေရာသို့ ရောက်လာသော ဘုရင်အဆင့်နှင့်အထက် ကျင့်ကြံသူများအားလုံး စိတ်ဝိညာဉ်ဥပဒေသစွမ်းအားများကို သိလျှင် လေဟာနယ်အတွင်းမှ ရွှမ်ယီ၏ နာမည်အား တွေ့ရှိပေလိမ့်မည်။
ရွှမ်ယီကား ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သွားချေပြီ။