အခန်း (၁၆၂)
Vol. 11 Ch. 162
ကိုင်ရှောင်က စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ အသာအယာပြုံးပြီး လက်နောက်ပစ်ကာ ရပ်နေခဲ့၏။
“ မင်းတို့ ကိုင်မိသားစုက လျှို့ဝှက်နယ်မြေထဲမှာ အကျိုးအမြတ်အများကြီးရခဲ့ပြီးပြီလေ.. ဂျူနီယာလေးတစ်ယောက် အတွက်နဲ့ အင်အားစုတစ်ခုလုံးကို ဘာလို့အထိအခိုက်ခံမှာလဲ…”
ကိုင်ရှောင်က မည်သည့်စကားမျှ ပြန်မပြောသည်ကိုမြင်လျှင် တွေဝေသွားသည်ဟုထင်ပြီး
ဟွမ်လန်၏ မျက်၀န်းများ တောက်ပလာကာ အတွေးများယိုင်လာစေရန် နူးညံ့စွာ ပြောလိုက်၏။
ပတ်၀န်းကျင်မှာ လူများ၏ မျက်၀န်းများလည်း အနည်းငယ်အရောင်လက်သွားခဲ့၏။ ဖီးနစ်ဘုရင်၏ စကားက အဓိပ္ပါယ်ရှိသည်ဟု တွေးမိလိုက်ကြသည်။
ကိုင်မိသားစု တစ်ခုလုံး၏ အနာဂါတ်နှင့် ၊ လူငယ်မျိုးဆက်တစ်ဦး…
မည်သူက ပိုတန်ဖိုးရှိသနည်း..?
“ နပေါဦး…”
ကိုင်ရှောင်က ခပ်ဟဟ ရယ်မောလိုက်ပြီး သူ့အကြည့်များက အေးစက်သွားခဲ့ကာ
“ ခင်ဗျားက ကျုပ်တို့ ကိုင်မိသားစုကို နှိမ့်ချပြီးကြည့်နေတာလား…? “
“ ဒီနေ့ ကျုပ်သာ ရွှမ်ယီကို ဒီမှာ ထားခဲ့မယ်ဆိုရင်.. အနာဂါတ်မှာ ကိုင်မိသားစုကို ဘယ်သူက ယုံကြည်ပြီး ပူးပေါင်းဝံ့တော့မှာလဲ… ကျုပ်တို့ အနေနဲ့ ဒီနေ့ ရတနာတွေအများကြီးရခဲ့တယ်ဆိုရင်တောင် ပါရမီရှင်တွေက ကျုပ်တို့ကို မယုံကြည်တော့ရင် ဘာလုပ်လို့ရတော့မှာလဲ….”
ကိုင်ရှောင်၏ လေသံက ပို၍ အေးစက်လာခဲ့ပြီး နံဘေးတွင် သက်တံ့ရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပလာခဲ့၏။
“ ရွှမ်ယီကို ခင်ဗျားတို့ဆီ လွှဲပြောင်းပေးခဲ့မယ်ဆိုရင် ကျုပ်တို့ ကိုင်မိသားစု လာမယ့်နှစ်(၁၀၀)အတွင်း လုံး၀ပျက်စီးသွားနိုင်ချေရှိတယ်.. မင်းတို့ ဖီးနစ်လှိုဏ်ဂူက တကယ်ကို စိတ်ကောင်းစေတနာကောင်းရှိတာဘဲ.. ဟမ့် ဟွမ်လန်.. မင်းက ဘယ်လောက်တောင် ရက်စက်လိုက်သလဲ…”
စကားဆုံးသည်နှင့် သူ၏ ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာခဲ့သည်။
ကိုင်မိသားစုအနေဖြင့် ရွှမ်ယီအား အဆုံးထိ ကာကွယ်ပေးသွားမည်ဖြစ်သည်။
ပတ်၀န်းကျင်မှ လူတိုင်း လေအေးများ ရှိုက်သွင်းမိလိုက်ကြ၏။
ကိုင်မိသားစုကား အလွန်သတ္တိကောင်းလွန်းလှသည်။ ထိပ်သီး အင်အားစုကြီးနှစ်ခုအား တစ်ပြိုင်နက်တည်း ဆန့်ကျင်သွားပေတော့မည်။
ဤ မတိုင်ခင်က ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုကြီးလေးခုက တည်ငြိမ်စွာလည်ပတ်နေခဲ့၏။ အမြဲတစေ ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့သော်ယခုတွင် ကိုင်မိသားစုက အင်အားစုကြီးနှစ်ခုအား အကြောင့်အလန့်အရှိ ရဲရင့်စွာ ရင်ဆိုင်နေချေပြီ။
ကောင်းကင်နယ်မြေတစ်ခုလုံး ကြီးမားသည့် အပြောင်းအလဲများ ဖြစ်လာပေတော့မည်။
“ ဒီနေ့ ကျုပ် ကိုင်ရှောင်က သူတို့အားလုံးကို အိမ်ပြန်ခေါ်သွားတော့မယ်.. ကျုပ်ကို တားရဲတဲ့လူ မှန်သမျှ သေရမယ်…”
ကိုင်ရှောင်၏ မျက်နှာက အေးစက်လျက်ရှိပြီး မျက်၀န်းများက တိုက်ပွဲဆာလောင်နေဟန်ဖြင့် တောက်ပလာခဲ့သည်။
“ ကောင်းပြီလေ.. ကျုပ်တို့လည်း ပြန်ကြတာပေါ့.. ဒါပေမယ့် ကိုင်ရှောင်.. ခင်ဗျား အနောက်ပိုင်းနယ်မြေက ထွက်ခွာပြီးပြီဆိုတာနဲ့ နောက်တရဖို့ နောက်ကျသွားပြီဆိုတာ မှတ်ထားပါ…”
၀မ်ချုံက အံကြိတ်ကာပြောလိုက်ပြီးနောက် လှည့်ပြန်ရန်ပြင်လိုက်သည်။ ဟွမ်လန်ကလည်း ပတ်၀န်းကျင်အား ဝေ့ကြည့်လိုက်ပြီး အားရပါးရ ရယ်မောလိုက်၏။
ထိုလူက ရွှမ်ယီအား ကာကွယ်ရန်အတွက် သူတို့ အင်အားစုတစ်ခုလုံးအား အန္တရာယ်တွင်းထဲ ဆွဲခေါ်သွားချေပြီ။
အလွန်မိုက်မဲလွန်းလှ၏။
ကိုင်ရှောင်က ကိုင်မိသားစုအဖွဲ့အား ခေါ်ဆောင်ကာ မြောက်ပိုင်းသို့ပြန်ရင်ပြင်နေစဉ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
၀မ်မိသားစု ခေါင်းဆောင်က မထွက်ခွာခင် ရွှမ်ယီအား စူးနက်စွာ စိုက်ကြည့်လိုက်သည်။
“ ကိုင်မိသားစုခေါင်းဆောင် ရောက်လို့ ဒီနေ့ မင်း သက်သာသွားတယ်မှတ်ပါ… မဟုတ်ရင် မင်းအတွက် သေလမ်းပဲရှိလိမ့်မယ်….”
ဟွမ်လန်ကလည်း ရွှမ်ယီအားကြည့်လျက် အေးစက်စွာပြောလိုက်သည်။
“ ဒီနေ့ မင်းကို ကိုင်မိသားစုသာ လာမကယ်ခဲ့ရင် မြေပြင်မှာ ခွေးတစ်ကောင်လို ဒူးထောက်ပြီး သေဖို့ တောင်းဆိုနေရမှာ အသေအချာပဲ….”
အိုး…!
ထိုစကားများအား ကြားလျှင် ရွှမ်ယီက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိ၏။ သူ့မျက်၀န်းများထဲတွင် ဒေါသများ ထွက်ပေါ်လာခဲ့သည်။ ထိုလူများ၏ စကားများက အလွန်မောက်မာကြမ်းတမ်းကာ ပြင်းထန်လွန်းလှ၏။
အကယ်၍ ကိုင်မိသားစုခေါင်းဆောင်သာ ယနေ့ ရောက်လာခဲ့ခြင်းမရှိလျှင် သူက ပင်းယုအား ခေါ်ထုတ်မိပေလိမ့်မည်။ အကယ်၍ ထို့သို့ဖြစ်ခဲ့ပါက ၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူဆိုသည်မှာ ကောင်းကင်ဒေသ၌ ဆက်လက်တည်ရှိတော့မည်မဟုတ်ချေ။
ထိုလူများစိတ်ထဲတွင် ကိုင်မိသားစုက သူ့အသက်ကို ကယ်လိုက်သည်ဟု ထင်နေသလော…?
မဟုတ်ချေ။
ကိုင်မိသားစုက သူတို့အင်အားစု နှစ်ခုလုံး၏ အသက်အား ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ရွှမ်ယီ၏ မျက်၀န်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ယှက်သန်းလာခဲ့ပြီး ခေါင်းအနည်းငယ် ယမ်းလိုက်မိ၏။
“ ရွှမ်ယီ…”
ကိုင်ရှောင်က ငြိမ်သက်စွာ ရပ်တန့်နေသည့် ရွှမ်ယီအား မြင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏ မျက်၀န်းများအတွင်း၌ လေးနက်မှုများ ဖြစ်ပေါ်လာ၏။
ထို အချိန်တွင် ရွှမ်ယီ၏ ဖုံးကွယ်မထားသည့် သတ်ဖြတ်လိုစိတ်များကြောင့် သူပင်အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။
သူသာ ၀မ်မိသားစုခေါင်းဆောင်နှင့် ဖီးနစ်ဘုရင်တို့အား သတ်ဖြတ်လိုလျှင် သူ့အနေဖြင့်လည်း ဒဏ်ရာရသွားနိုင်ချေရှိသည်။ ထို့အပြင် သူတို့ရောက်ရှိနေသည်က ၀မ်မိသားစု နယ်မြေဖြစ်ပြီး အချိန်ကြာလေ ပို၍ အန္တရာယ်များလာလေဖြစ်၏။
ပညာရှိစွာ ဆုံးဖြတ်ရမည်ဆိုလျှင် ဤနေရာမှ တစ်စက္ကန့်မျှ မနှောင့်နှေးဘဲ အမြန်ဆုံးထွက်သွားခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။
“ ကျုပ်သေမယ်ဆိုတာ သေချာရဲ့လား ..”
ရွှမ်ယီက ခေါင်းမော့ပြီး ၀မ်းချုံနှင့် ဟွမ်လန်တို့အား ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထက်၌ အေးစက်သည့် အပြုံးတစ်ခုဖြစ်ပေါ်လာ၏။
“ စီနီယာ ကိုင်.. ဒီနေ့ ကျုပ်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့် ကျုပ် ရွှမ်ယီက ဘယ်သူ့ရဲ့ ကာကွယ်မှုကိုမှ မလိုအပ်ပါဘူး…”
“ ကိုင်း.. လုပ်စမ်းပါ… ခင်ဗျားတို့ ကျုပ်ကို ဘယ်လိုသတ်မလဲ ကြည့်ရအောင်….”
၀မ်ချုံနှင့် ဟွမ်လန်တို့ နှစ်ဦးလုံး ယနေ့ ရွှမ်ယီအား သတ်ဖြတ်မည့်ကိစ္စကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့စကားအနည်းငယ်က ရွှမ်ယီအား ရပ်တန့်သွားစေလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့မိခြင်းမရှိချေ။
သူတို့နှစ်ဦးလုံး အလွန်အံ့ဩသွားခဲ့ရ၏။
အချိန်အနည်းငယ်ကြာသွားလျှင် ၀မ်မိသားစုမှ ဘိုးဘေးများ ဤနေရာသို့ ရောက်လာတော့မည်။
ရွှမ်ယီ အသာထား ကိုင်ရှောင် ရှိနေလျှင်ပင် ကိစ္စမရှိတော့ချေ။
ယနေ့ သူတို့အနေဖြင့် အကြီးအကျယ်အမြတ်ထွက်တော့မည်။
၀မ်ချုံ၏ မျက်၀န်းများက အေးစက်နေပြီး နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ထို လူငယ်လေးကား လူသားဘုရင်တစ်ယောက် မည်မျှ အစွမ်းထက်သလဲ သိဟန်မတူပေ။ လွတ်မြောက်ရန် အခွင့်အရေးရနေသည့်တိုင်အောင် မြောင်းထဲသို့ ဝဲပစ်လိုက်သည်။
“ မင်းက သေချင်နေတာဆိုတော့လဲ…”
၀မ်ချုံ၏ စကားများက တစ်၀က်တစ်ပျက်ဖြင့် ရပ်တန့်သွားခဲ့သည်။ အလွန်ကြီးမားသော ဖိအားတစ်ခု သူ့အား ဖိနှိပ်ကာ ထိန်းချုပ်ထားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။
အနည်းငယ်မျှ လှုပ်လိုက်သည်နှင့် သေသွားနိုင်သည်ဟု ခံစားနေရသည်။
သူရှေ့တွင် အဖြူရောင်၀တ်စုံနှင့် နှင်းဘုရင်မတစ်ဦးအလား မြင့်မြတ်ကာလှပသည့် အမျိုးသမီးတစ်ဦးက ရုတ်တရက်ထွက်ပေါ်လာပြီး တည်ငြိမ်သည့်မျက်နှာထားဖြင့် ရပ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။
ဘန်း…
ပတ်၀န်းကျင်မှ ဟင်းလင်းပြင်မှာ ဆက်တိုက်ပြိုကျလျက်ရှိပြီး ကိုင်ရှောင်သည်လည်း မယုံကြည်နိုင်စရာတစ်ခုကို တွေ့လိုက်သည့်အလား မှင်သက်နေခဲ့သည်။
ထိုဖိအားအောက်တွင် လူတိုင်း အသက်ရှုရ ခက်ခဲနေပြီး မိမိကိုယ်ကိုယ် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားနေရ၏။
ကောင်းကင်ဘုရင်…!
၀မ်ချုံနှင့် ဟွမ်လန်တို့ နှစ်ယောက်လုံး မျက်လုံးများ အလွန်ပြူးကျယ်နေခဲ့ပြီး စိတ်ထဲ၌ ကမ္ဘာပျက်နေခဲ့ချေပြီ။
“ လာပါ.. ခင်ဗျားတို့ပဲ ကျုပ်ကိုသတ်မယ်ဆို… ဘယ်လိုသတ်မလဲ ကြည့်ရအောင်…”
ရွှမ်ယီ၏ မျက်နှာက အလွန်စိတ်၀င်စားသည့်ဟန် ဖြစ်နေပြီး နှုတ်ခမ်းထောင့်၌ အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။