← Chapters

အခန်း (၁၆၄)

Vol. 11 Ch. 164

အခန်း (၁၆၄)

Vol. 11 Ch. 164

၀မ်ချုံက နားမလည်နိုင်သည့် မျက်၀န်းများဖြင့် ရွှမ်ယီအားကြည့်ပြီး တုန်လှုပ်သွားခဲ့သည်။

ရွှမ်ယီ၏ အော်သံက နှင်းလွင်ပြင်သာမက ၀မ်ချုံ၏ နှလုံးသားကိုပါ ကိုင်လှုပ်လိုက်ဟန်ရသည်။

ယနေ့တွင် ဤကိစ္စက အလွယ်တကူ ပြီးဆုံးတော့မည်မဟုတ်ကြောင်း ၀မ်ချုံနားလည်လိုက်သည်။

သို့ရာတွင် သူသေဆုံးခြင်းက သိပ်အရေးမပါသော်လည်း သူ့၏ နောက်ကွယ်မှ နှစ်ပေါင်းများစွာကြာအောင် တည်မြဲလာခဲ့သည့် ၀မ်မိသားစုကိုတော့ မပျက်စီးစေချင်ပေ။

ဟွမ်လန်လည်း သူမ၏ မျက်၀န်းများကို မှိတ်ချလိုက်သည်။

ရွှမ်ယီကို သွားသတ်ရမည်လော…

သူမက ထိုသို့ဆန္ဒရှိလျှင်ပင် ကောင်းကင်ဘုရင်တစ်ဦးအရှေ့၌ အနည်းငယ်မျှပင် လှုပ်ရှားနိုင်မည်မထင်ပေ။

ဟွမ်လန်က သက်ပြင်းချကာပြောလိုက်၏။

“ ဒီနေ့ကိစ္စတွေအားလုံး ကျွန်မ ဟွမ်လန် မှားခဲ့တာပါ… ဖီးနစ်လှိုဏ်ဂူရဲ့ ပိုင်ဆိုင်မှုတစ်၀က်တိတိ လွှဲပေးပါ့မယ်.. သခင်လေးရွှမ် စိတ်လျှော့ပေးလို့ရမလား….”

“ ကျုပ်တို့ ဝမ်မိသားစု ပိုင်ဆိုင်တဲ့နယ်မြေ သုံးပုံနှစ်ပုံကို ခွဲပေးချင်ပါတယ်.. အနောက်ပိုင်းနယ်မြေကို ရွှမ်မိသားစုနဲ့ အတူတူမျှဝေ အုပ်ချုပ်ပါ့မယ်… သခင်လေးရွှမ် ကျုပ်ရဲအမှားကို ခွှင့်လွှတ်ပေးစေချင်ပါတယ်….”

ပတ်၀န်းကျင်မှလူတိုင်း ရွှမ်ယီထံမှ ခွင့်လွှတ်မှုအား တောင်းခံနေသည့် ၀မ်ချုံနှင့် ဟွမ်လန်တို့အား ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။ သူတို့အနေဖြင့် တစ်ခုပြီးတစ်ခု အဆက်အပြတ် အံ့ဩထိတ်လန့်နေခဲ့ရသည်။

ယခုတွင်လည်း တချိန်က အလွန်တန်ခိုးထွားခဲ့သည့် လူသားဘုရင်အဆင့်နှစ်ဦးက လူငယ်လေးတစ်ယောက်ကို သူတို့အားလုံးရှေ့၌ တောင်းပန်နေ၏။

သို့သော် သူတို့သာ ထိုကဲ့သို့မလုပ်ပါက သေမည်မှာ သေချာနေသည်။ ၎င်းကို သူတို့အားလုံး နားလည်ထား၏။

ရွှမ်ယီက အနည်းငယ်ပြုံးလိုက်ပြီး သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။

သူ့လေသံက အလွန်အေးစက်နေ၏။

“ သတ်…”

စကားဆုံးသည်နှင့် ၀မ်ချုံနှင့် ဟွမ်လန်တို့ နှစ်ဦးလုံး စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သူတို့၏ ပါးစပ်အား ဟလိုက်သော်လည်း မည်သည့် စကားမှထွက်မလာခဲ့ချေ။ သူတို့ ခန္ဓာကိုယ်များကမူ ခြေဖျားအောက်ခြေမှစလျက် ပြာများအဖြစ်ပြောင်းလဲက လေထဲလွင့်ပျံသွားခဲ့၏။

လူသားဘုရင်အဆင့် နှစ်ဦး သေဆုံးသွားချေပြီ။

သူတို့သေဆုံးပုံက ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ဖြစ်နေ၏။

လူတိုင်း အလွန်တုန်လှုပ်သွားခဲ့ကြသည်။

ဖြစ်စဉ် အစမှ အဆုံးထိ ရွှမ်ယီအနေဖြင့် အနည်းငယ်မျှ လှုပ်ရှားရန်မလိုအပ်ခဲ့ချေ။

ရွှမ်ယီက လူများအား သတ်ဖြတ်နေရခြင်း၌ ပျော်မွေ့နှစ်သက်သူမဟုတ်သော်လည်း ထိုနှစ်ဦးက သူ့အား သတ်ရန်ကြိုးစားခဲ့သည့်အပြင် ဆက်တိုက် သတ်ရန်ပဲပြောနေခဲ့သည်။ အကယ်၍ ဤအတိုင်းထားခဲ့လျှင် ပင်းယုသာမရှိတော့ပါက ထိုလူများက သူနှင့် ရွှမ်မိသားစုအား ပြသနာရှာလာပေတော့မည်။

ထို့အပြင် ၀မ်ချုံနှင့် ဟွမ်လန်တို့အား သတ်ဖြတ်ရုံနှင့် မပြီးသေချေ။ အပင်တစ်ပင်အား ခုတ်လျှင် အမြစ်ပါမကျန်အောင်ရှင်းပစ်မှဖြစ်မည်။

စလိုက်ပြီဖြစ်သဖြင့် အဆုံးထိ ဆက်လျှောက်ရတော့မည်ဖြစ်သည်။

၀မ်မိသားစုနှင့် ဖီးနစ်လှိုဏ်ဂူ ဆက်လက်တည်ရှိရန်မလိုတော့ချေ။

ထိုနှစ်ယောက်သေဆုံးသွားသည်နှင့် ရွှမ်ယီက အေးစက်စွာပြောလိုက်၏။

“ ၀မ်မိသားစုကို ဖျက်ဆီးလိုက်ပါ…”

ဘုန်း…

ပင်းယုက ရွှမ်ယီအား အတူခေါ်ဆောင်ပြီး လေဟာနယ်အား ဖြတ်သန်းလျက် ၀မ်မိသားစု ကောင်းကင်ယံအထက်သို့ ရောက်ရှိသွားခဲ့သည်။

ကိုင်ရှောင်ဦးဆောင်သည့် လူအုပ်ကလည်း သူတို့နောက်မှ လိုက်လာခဲ့၏။

ကောင်းကင်ဒေသ၏ ရေစီးကြောင်းများ ယနေ့ အကြီးအကျယ် ပြောင်းလဲပေတော့မည်။

ကောင်းကင်‌ဒေသမှ ထိပ်သီးအင်အားစုကြီးဖြစ်သည့် ၀မ်မိသားစု မည်သို့အဆုံးသတ်သွားမည်ဖြစ်ကြောင်း လူတိုင်းသိချင်နေကြ၏။

၀မ်မိသားစုထံသို့ အလွန်စွမ်းအားကြီးမားသည့် အရှိန်အဝါတစ်ခု ကပ်လာသည်အား ခံစားမိလိုက်ရာ ၀မ်မိသားစုအတွင်းမှ မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးတစ်ဦး၏ မျက်လုံးများ ဖျတ်ကနဲပွင့်လာခဲ့သည်။

သူ့ မျက်၀န်းများမှ အလွန်ထက်ရှသည့် ဓားချီများ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပင် ဖောက်ထွက်သွား၏။

ထိုဓားချီနှင့်တကွ ခမ်းနားသည့် အသံတစ်ခုလည်း လိုက်ပါထွက်ပေါ်လာခဲ့သည်။

“ အနောက်ပိုင်းပြည်နယ်မှာ ဘယ်သူက ပြသနာလာရှာဝံ့တာလဲ…”

“ ထွက်သွားစမ်း…”

စကားဆုံးသည်နှင့် ပင်းယုက သူမ၏ ညာလက်အား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းတော့မည့်ဟန်ဖြင့် မီတာ(၁၀၀၀)ကျော်ကြီးမားသည့် လက်ဝါးကြီးက ပြိုင်ဘက်ကင်းစွမ်းအားများအား သယ်ဆောင်ကာ ၀မ်မိသားစုထံ ဆင်းသက်သွားတော့သည်။

ဝမ်မိသားစုဘိုးဘေးကား အံ့ဩမှုနှင့် ဒေါသကို တစ်ပြိုင်တည်းခံစားလိုက်၏။ သူက အထွတ်အထိပ် လူသားဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကောင်းကင်ဒေသ၌ ပြိုင်ဘက်ဖြစ်ထိုက်သူ အနည်းငယ်သာရှိသည်။

ယခုတွက် တစ်စုံတစ်ယောက်က အသည်းကောင်း၍ ပြသနာလာရှာနေချေပြီ။

သူ၏ ဓားအား ဆွဲထုတ်လိုက်ပြီး မြစ်တစ်စင်းကဲ့သို့ ကျယ်ပြန့်သည့် ဓားချီအား ထုတ်လွှတ်ကာ ကျဆင်းလာသည့်လက်ကြီးအား တားဆီးလိုက်၏။

တစ်ဆက်တည်း၌ အေးစက်စွာ အော်ဟစ်လိုက်သေးသည်။

“ မင်း ဘယ်သူပဲဖြစ်ဖြစ်…ဒီနေ့ ၀မ်မိသားစုကို လာစော်ကားတဲ့အတွက် ထိုက်တန်တဲ့ အကျိုးဆက်ကို ခံစားရစေမယ်ကွ…”

ဘုန်း…

ဧရာမလက်ကြီးနှင့် ဓားချီမြစ်ကြီးတို့ ရင်ဆိုင်မိလိုက်ချိန်၌ ၀မ်ဘိုးဘေး၏ အသံက ချက်ချင်းတိတ်ကျသွားခဲ့သည်။

တုန်လှုပ်ကာ နားမလည်နိုင်သည့် မျက်၀န်းများဖြင့် ကောင်းကင်ထက်သို့မော့ကြည့်လိုက်၏။

သူ၏ ဓားချီမြစ်ကြီးကား လက်ဖဝါးကြီးနှင့် ထိခတ်သွားချိန်၌ လေနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။

“ ကောင်းကင်ဘုရင်…! “

၀မ်ဘိုးဘေး၏ မျက်၀န်းများ မှုန်မှိုင်းသွားခဲ့သည်။

သူတံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ ကြာချေပြီ။

သူက ဤဒေသတွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေပြီဟု တွေးထင်မိခဲ့၏။ သို့သော် ကျင့်စဉ်က ထွက်လာချိန်၌ ဘာတွေဖြစ်ကုန်သနည်း။ အစောပိုင်းက စိတ်အား သေချာမစုစည်းနိုင်သေးသဖြင့် နားမလည်သော်လည်း ယခုတွင် ကောင်းစွာ နားလည်သွားချေပြီ။

ယခုတိုက်ခိုက်သူက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူဖြစ်နေသည်။

“ ငါတို့ ၀မ်မိသားစုက ဘယ်လိုဖြစ်ပြီး ကောင်းကင်ဘုရင်တစ်ယောက်ကို စော်ကားမိသွားတာလဲ…”

သူ၏ ရင်ထဲတွင် ခံပြင်းမှု ၊ မုန်းတီးမှူ မယုံကြည်နိုင်မှုများအား တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ ၎င်းတို့က သူ၏ မျက်လုံးများ ပိတ်မသွားခင် နောက်ဆုံး အတွေးနှင့် ခံစားချက်များဖြစ်၏။

၀မ်ဘိုးဘေး သေဆုံးသွားချေပြီ။

ရွှမ်ယီနှင့် ပင်းယုတို့နောက် လိုက်လာခဲ့သူတိုင်း အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိကြသည်။ ပင်းယု၏ တိုက်ခိုက်မှုက သူတို့ နှလုံးသားများအား အပြင်သို့ ခုန်ထွက်မတတ်ဖြစ်သွားစေခဲ့သည်။

အချိန်တိုလေးအတွင်း လူသားဘုရင် အထွတ်အထိပ်အဆင့် ၀မ်ဘိုးဘေး သေဆုံးသွားခဲ့ပြီး ၀မ်မိသားစုလည်း ပျက်စီးသွားခဲ့ချေပြီ။

ရွှမ်ယီ၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ၀မ်မိသားစု ဘဏ္ဍာတိုက်အား ဖွင့်လှစ်လိုက်၏။ ထိုအခါ မျက်စိကျိန်းမတတ်တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။

ပတ်၀န်းကျင်မှ လူတိုင်း မျက်လုံးများနီရဲသွားပြီး အသက်ရှုသံများ မြန်လာခဲ့၏။

ဤသည်က ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုကြီးတစ်ခုဖြစ်သည့် ၀မ်မိသားစုဖြစ်သည်။ ထိုရတနာများက သူတို့ နှစ်ပေါင်းထောင်နှင့်ချီကာ စုဆောင်းထားခဲ့သည့် ချမ်းသာမှုများဖြစ်၏။

သို့သော် ယခုတွင် ၎င်းတို့အားလုံး ရွှမ်ယီလက်ထဲသို့ ရောက်သွားခဲ့ချေပြီ။

သူတို့ ထိုအရာများအပေါ် လောဘမတက်မိဟုပြောလျှင် လိမ်ညာနေရာကျသွားပေလိမ့်မည်။ သို့သော် ပင်းယုရှိနေသည်ဖြစ်ရာ စိတ်ဖြင့်သာတွေးနိုင်၏။

“ ဖီးနစ် လှိုဏ်ဂူကိုသွားကြစို့…”

ရွှမ်ယီက ကျေနပ်စွာခေါင်းတစ်ချက်ညိတ်ပြီး ပြောလိုက်သည်။ ၀မ်မိသားစု၏ နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားသည့် အရင်းအမြစ်များမှာ ဟာသတစ်ခုမဟုတ်ပေ။

၎င်းတို့အထဲတွင် အဆင့်(၄) စိတ်ဝိညာဉ်ဆေးပင်များမှာ ပင်လယ်ကြီးတစ်ခုကဲ့သို့ရှိနေပြီး အဆင့်(၅) စိတ်ဝိညာဉ်ဆေးပင်များမှာလည်း တောင်တစ်လုံးကဲ့သို့ ရှိနေသည်။ ထို့အပြင် မရေမတွက်နိုင်သည့် ရှားပါးရတနာများပင် ရှိနေ၏။

ပင်းယုပင်လျှင် အနည်းငယ်အံ့အားသင့်စွာကြည့်မိသည့် ရတနာတချို့လည်းရှိသည်။

ယခု ၎င်းတို့အားလုံး သူ့အပိုင်ဖြစ်သွားချေပြီ။

ဘန်း…

ပင်းယုက လေဟာနဲအား ခွဲချလိုက်ပြီး ‌ရွှမ်ယီအား အတူခေါ်ဆောင်သွားခဲ့သည်။ ကျန်သူများလည်း နောက်မှ ကသုတ်ကရုတ် လိုက်လာခဲ့ကြ၏။

ထို့နောက် ချက်ချင်းပင် ဖီးနစ်လှိုဏ်ဂူ အထက်ကောင်းကင်ယံ၌ လူတစ်စုထွက်ပေါ်လာခဲ့ပြီး ထိုအထဲမှ အရှိန်အဝါတစ်ခုက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။

All Chapters