လျှို့ဝှက်ဆန်းကြယ်သောဘုံကျောင်း
Vol. 7 Ch. 94
တံခါးတိုင်ဘေးက စာသားတွေက စွဲမက်စရာ ကောင်းလွန်းတာကြောင့် ချန်ရှီ မထိန်းနိုင်ဘဲ နှစ်ခါတောင် ပြန်ကြည့်လိုက်မိသည်။
"ကောင်းကင်နဲ့မြေကြီးက ငါ့လိုပဲ... တစ္ဆေနဲ့ နတ်ဘုရားတွေကို မေးတာထက် ကိုယ့်ကိုကိုယ် မေးကြည့်တာက ပိုကောင်းလိမ့်မယ်... ကိုယ့်အတွက် ဆုတောင်းတာထက် လောကကြီးမှာ ရုန်းကန်နေရတဲ့ လူတွေအတွက် ဆုတောင်းပေးရမယ်... အဲ့လိုလား... ဒီနေရာကို ရောက်ရင် ငါ ကျော်သွားလို့ရပြီလား"
သူသည် လှေကားထစ်များပေါ်တက်ပြီး ဤထူးဆန်းသော ရှေးဟောင်း ဘုံကျောင်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။ ရှေးဟောင်း ဘုံကျောင်းသည် အမှန်တကယ်ပင် သဲပုံစံရှိပြီး ၎င်းကို ထိလိုက်လျှင် အနည်းငယ်မျှ ကြွေကျသွားတာမို့ အစစ်မဟုတ်ဟု ထင်ရစေသည်။
ဘုံကျောင်းထဲမှာ အမွေးနံ့သာများ ပျံ့နေသည်။ အနီးပတ်ဝန်းကျင်ကို လှမ်းကြည့်ရာ ဘုံကျောင်းအတွင်း၌ ထုပ်တန်းကို ထောက်ထားသော တိုင်နှစ်တိုင်ကို တွေ့လိုက်ရသည်။ အလှဆင်ထားခြင်း မရှိသော နံရံများမှာလည်း အပြာရောင်အုတ်များဖြင့် ပြုလုပ်ထားသည်။
ချန်ရှီ နံရံကို လှမ်းကိုင်လိုက်တော့ သူ့လက်ဖဝါးက နံရံထဲကို ဖြတ်ဝင်သွားနိုင်တာ တွေ့ရသည်။ အားလုံးက သဲတွေနဲ့ချည်း တည်ဆောက်ထား၏။
"ဒီဘုံကျောင်းက တကယ့်ဘုံကျောင်း မဟုတ်တဲ့ ထင်ယောင်ထင်မှား ပုံရိပ်ပဲ... ထူးဆန်းတယ် ငါ ဘယ်လိုလုပ် ဝင်လာတာလဲ"
သူ့စိတ်ထဲတွင် တွေးတောနေမိတာက သူတကယ်ပဲ ရှဲ့တစ်ကောင်ဆီက လုပ်ကြံခံလိုက်ရတာလား ဆိုတာကြီးပါပဲ။ သူ့ရှေ့တည့်တည့်တွင် အနံနှစ်ပေ အမြင့်နှစ်ပေနှင့် အကျယ်လေးပေရှိသော နံ့သာအိုးက ပြာများဖြင့် ပြည့်နေတာ တွေ့ရ၏။
နံ့သာအိုးရှေ့တွင် အုတ်တံတိုင်းကာ၍ အမြင့်ခြောက်ပေနှင့် အကျယ်ငါးပေခန့်ရှိသည့် အနီရောင်သစ်သားတိုင်ဖြင့် ဆောက်လုပ်ထားသော တံခါးတစ်ခုရှိသည်။ တံခါးဆိုပေမယ့် တံခါးရွက်မပါဘဲ အလယ်၌ နတ်ကွန်းတစ်ခု ရှိနေ၏။
နတ်ကွန်းက အလွတ်ဖြစ်ကာ နတ်ဝိညာဥ် ရုပ်တု မရှိချေ။
"ဒီနတ်ကွန်းက ငါ့နတ်ကွန်းနဲ့ အတူတူပဲ... ငါ့မှာ နတ်သန္ဓေသား မရှိဘူး သူကလည်း နတ်ဝိညာဥ်ရုပ်တု မရှိဘူး"
ချန်ရှီ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ဘာမှ မတွေ့ရချေ။
"ဒီထူးဆန်းတဲ့ နေရာကနေ ငါဘယ်လို ထွက်သွားရမလဲ?"
ဒါကို တွေးပြီးတာနဲ့ သူ့မျက်လုံးရှေ့မှာ ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်တဲ့ အရိပ်အယောင် တစ်ခု ရှိနေတာကို ခံစားလိုက်ရ၏။ သူဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဘုံကျောင်းထဲကနေ မသိလိုက်ပါဘဲ ထွက်သွားပြီး သူ့ခန္ဓာကိုယ်ဆီ ပြန်ရောက်သွားခဲ့သည်။
ချန်ရှီ မျက်လုံး ဖွင့်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က သစ်ပင်အောက်မှာ ရပ်နေပြီး မလှုပ်မယှက် ဖြစ်နေတာ တွေ့လိုက်ရသည်။ သူ အံ့အားသင့်သွားပြီး အနီးနားကို လှမ်းကြည့်လိုက်တော့ သူမြင်လိုက်ရတဲ့ ဘုံကျောင်းဟာ အိပ်မက်တစ်ခုလို ပျောက်နေပြီ။
ကျူးရှို့ချိုင်: "တစ်ဆယ်လေး... မင်း ဝိညာဥ်ထွက်သွားတာလား? မင်းဒီမှာ ခုနက မလှုပ်မယှက် ရပ်နေတာလေ... နောက်ထပ် အမွှေးတိုင်တွေ.... နေပါဦး မင်းခေါင်းနောက်မှာ ဘယ်လိုလုပ် ဘုံကျောင်းတစ်ခု ရှိနေရတာလဲ"
ချန်ရှီ အံ့သြသွားပြီး "ကျွန်တော့်ခေါင်းနောက်မှာ ဘုံကျောင်းရှိတယ် ဟုတ်လား"
"တကယ် ဘုံကျောင်း တစ်ခုရှိနေတာ... ပင်မခန်းမနဲ့ တိုင်နှစ်တိုင်ပဲရှိတဲ့ အထီးကျန်ဘုံကျောင်း တစ်ခု...."
ကျူးရှို့ချိုင် အံ့အားသင့်သွားသည်။
"မင်း နတ်ကွန်းရှိတဲ့ နေရာပဲ.... ခဏစောင့် မင်းရဲ့ နတ်ကွန်းက ဘယ်မှာလဲ မင်းရဲ့ နတ်ကွန်း ပျောက်နေတယ်ကွ!"
ချန်ရှီလည်း ကြောင်နေ၏။ ကျူးရှို့ချိုင်က သူ့ပုံရိပ်ယောင်ထဲမှာ မြင်ဖူးခဲ့တဲ့ ဘုံကျောင်းကို တိတိကျကျ ဖော်ပြခဲ့တာပဲ မဟုတ်ပါလား။ နောက်ပြီး ဘုံကျောင်းက နတ်ကွန်းနေရာယူထားရင် သူ့ကိုယ်ပိုင်နတ်ကွန်းက ဘယ်ရောက်သွားတာလဲ။
ကျူးရှို့ချိုင်က မြန်မြန်ပြောသည်။
"ဖြည်းဖြည်းချင်း လှည့်ကြည့်!"
ချန်ရှီလည်း လှည့်ကာ ဘုံကျောင်းကို ဂရုတစိုက် ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် မသက်မသာ ဖြစ်လာ၏။
သူ့စိတ်ထဲ အနည်းငယ် ဝမ်းနည်းလာသည်။ သူ့အဖိုး၊ ကန့်ညောင်နဲ့ ကျူးရှို့ချိုင်ကိုသာ အမွှေးတိုင်နဲ့ ပူဇော်တတ်သည်။ ဒီတစ်ကြိမ်ပဲ အိမ်ပြန်သွားပြီး အဘွားရှားနဲ့ တခြားသူတွေအတွက်လည်း လုပ်ပေးဖို့ ပြင်ထား၏။ သူ့ဆီမှာ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားချေ။
သူ့တွင် မူလက အခြားသူများထက် နတ်သန္ဓေသားမရှိသော နတ်ကွန်း တစ်ခုသာ ရှိခဲ့သည်။ နတ်ကွန်းနဲ့ နတ်သန္ဓေသား မရှိရင် တခြားလူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မလဲ။
ကျူးရှို့ချိုင်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။
"ဘုရားကျောင်းထဲမှာ နတ်ဝိညာဥ်ရုပ်တု ရှိသေးတယ် ... ခဏနေပါဦး ငါဘာလို့ ဘုံကျောင်းထဲ ရောက်နေတာလဲ... ငါဘာလို့ နတ်ကွန်းပေါ် ထိုင်နေတာလဲဟ! "
သူက ထပ်ခါထပ်ခါ အော်နေစဥ် မိုးမခသစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော ကျူးရှို့ချိုင်ရဲ့ အမြင်အာရုံက ပြောင်းလဲသွားကာ သစ်ပင်ပေါ်မှာလည်း ကြိုးအလွတ်တစ်ခုသာ ကျန်ခဲ့တော့သည်။ ပြီးတော့ သူ့ရဲ့ အသံက ချန်ရှီခေါင်းနောက်ကနေ ထွက်လာခဲ့သည်။
ကျူးရှို့ချိုင် အထိတ်တလန့်နဲ့ အော်တော့သည်။
"တစ်ဆယ်လေး! ငါ့ကို မြန်မြန် ထွက်သွားရအောင် လုပ်ပေးဦး! ဒီဘုံကျောင်းက ထူးဆန်းလွန်းတယ်!"
"ခင်ဗျားကို ဘယ်လို လွှတ်ပေးရမှန်း မသိဘူးလေ"
ချန်ရှီလည်း ဒီလိုအဖြစ်မျိုး တစ်ခါမှ မကြုံဖူးတာကြောင့် အခက်တွေ့သွားသည်။
ရုတ်တရက် အကြံတစ်ခုရပြီး ဘုံကျောင်းကို နတ်ကွန်းတစ်ခုလို ချက်ချင်း ဖွင့်လိုက်သည်။ ဘုံကျောင်းငယ်က လင်းထိန်သွားကာ ဘုံကျောင်းအတွင်း၌ နတ်အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်။ ကျူးရှို့ချိုင်က နတ်ကွန်းထဲတွင် ထိုင်းရင်း ပါးစပ်ကိုဖွင့်ကာ လျှာကို သုံးပေငါးပေခန့်အထိ ထွေးထုတ်ကာ သစ်ပင်ကြီးကို လှမ်းရစ်ပတ်လိုက်သည်။
သစ်ပင်အောက်မှာ အနားယူနေသော ဟေးကော်မှာ လျှာကြီးကိုမြင်တော့ လန့်ဖြတ်ကာ အမွှေးတွေထောင်ပြီး ထခုန်လိုက်လေသည်။ ကျူးရှို့ချိုင်လည်း အထိတ်တလန့်ဖြင့် လျှာကို အမြန်ရပ်လိုက်၏။
ထိုမှသာလျှင် သူ့ခန္ဓာကိုယ်ကို သူပြန်ပိုင်သွားသလို ခံစားလိုက်ရ၏။ သူ့တစ်ကိုယ်လုံး အေးစက်နေသော ချွေးများတောင် စီးကျနေသည်။
"တစ်ဆယ်လေး... ငါ ဘုံကျောင်းထဲမှာ ထိုင်နေတော့ မင်း ဘယ်လိုခံစားရလဲ..."
ချန်ရှီ ပြန်စဥ်းစားရင်း သေသေချာချာ ခံစားကြည့်လိုက်သည်။
"ကျွန်တော့်ခေါင်းနောက်မှာ ထိုင်နေတဲ့ တခြားတစ်ယောက် ရှိနေသလိုပဲ...ကျွန်တော် အပိုတစ်ယောက် ရှိနေသလိုပဲ... ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်ကို ထိန်းညှိပေးပြီး စွမ်းရည်တွေကို လည်ပတ်နိုင်အောင် ကူညီပေးနေတာ!"
ချန်ရှီ ကျစ်ဝူရှဲ့သတ်ဓားကို ထုတ်လွှတ်လိုက်တော့ ကျူးရှို့ချိုင်ကလည်း ဓားစွမ်းအင်ကို ဝေ့ယမ်းလိုက်သည်။ နှစ်ယောက်လုံးရဲ့ ဓားစွမ်းအင်က ပေတစ်ရာအကွာအထိ လေထဲသို့ ပစ်လွှတ်လိုက်သည်။
၂၀% တောင် တိုးတက်သွားတာကြောင့် ချန်ရှီလည်း အံ့ဩသွားသည်။ ဒီလို စွမ်းအားနဲ့သာဆို ရွှေအမြုတေကို ဘယ်လိုလုပ် လိုတော့မှာလဲ။ ဒါတင်မကဘဲ ဘုံကျောင်းငယ်လေးရဲ့ တာဝန်ခံ ကျူးရှို့ချိုင်နဲ့အတူ သူ့ရဲ့ချီဟာ အရင်ကထက် ချောမွေ့ပြီး ပိုမိုအေးချမ်းနေကာ မကြမ်းတမ်းတော့ဘူးလို့တောင် ခံစားမိလာသည်။
သို့သော် စွမ်းအင်နှင့် သွေးများ ပေါက်ကွဲသောအခါ ပေါက်ကွဲနိုင်တဲ့ စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းလာ၏။
"မင်းရဲ့ စစ်မှန်တဲ့ ချီစွမ်းအင်ကို ထိန်းညှိပေးတယ်... မင်းရဲ့ ချီသွေးကို လှုံ့ဆော်ပေးတယ်... ရွှေအမြုတေကို ထိန်းပေးတယ်... ဓားစွမ်းအင်ကို ထုတ်ပေးတယ် အဲ့လိုမလား?"
ကျူးရှို့ချိုင် ရုတ်တရက် ဒီစကား ပြောလိုက်တဲ့အခါ ချန်ရှီလည်း သင့်လျော်တဲ့ ဥပမာတစ်ခုအကြောင်း တွေးမိသွားသည်။
"ကျွန်တော် အခြေတည်ဝိညာဥ် နယ်ပယ်ကို မကျင့်ကြံရသေးဘူးလေ... အခြေတည်ဝိညာဥ်ရဲ့ စွမ်းအားတွေက ဘာလဲဆိုတာလည်း မသိဘူး"
ကျူးရှို့ချိုင်က သက်ပြင်းချလိုက်၏။
"ခုနက ငါပြောခဲ့တာက နတ်သန္ဓေသားရဲ့ အံ့သြစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေ.. စစ်မှန်တဲ့ဘုရားက ဆင်းသက်လာပြီး နတ်သန္ဓေသားကို ပေးရင် နတ်ဘုရားဆီက ကောင်းချီးတွေကို ခံရတယ်... နတ်သန္ဓေသားလေးရှိတာက အောက်ကမ္ဘာမှာ အပိုဝိညာဉ် ရှိနေသလိုပဲ...ချီစွမ်းအင်ကို ထိန်းညှိတယ်၊ ချီသွေးကို ထိန်းညှိပေးတယ်... လှုပ်ရှားမှုတွေရဲ့ စွမ်းအားက အရင်ကထက် ပိုအားကောင်းမယ်"
ချန်ရှီ: "ဒါဆို နတ်သန္ဓေသားက အရမ်းသန်မာတယ်..."
“နတ်ဘုရားက ကျင့်ကြံသူတွေကို အချိန်တိုအတွင်း အဆင့်မြင့်နယ်ပယ်ကို ရောက်နိုင်အောင် ကူညီပေးတဲ့ နတ်သန္ဓေသားကို ပေးတာ!”
ကျူးရှို့ချိုင်က ချန်ရှီ ခေါင်းနောက်ကနေ အသံထွက်လာ၏။
"နတ်သန္ဓေသားကို ရယူတာက ကျင့်ကြံမှုမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ..."
သူ၏လျှာသည် ပါးစပ်မှ ချော်ထွက်သွားသည်။
"နတ်ဘုရားက ဆင်းသက်လာပြီး နတ်သန္ဓေသားကို ပေးရမှာ မဟုတ်ဘူးလား....ငါကဘာလို့ မင်းရဲ့ နတ်သန္ဓေသား ဖြစ်လာတာလဲ"
သစ်ပင်ပေါ်မှာ ကြိုးဆွဲချနေတာက အကောင်းကြီးကို၊ ဘာကြောင့် တခြားတစ်ယောက်ရဲ့ နတ်သန္ဓေသား ဖြစ်လာရတာလဲ။
"ရှို့ချိုင်... စိတ်မပူပါနဲ့ ကျွန်တော် အဖြေတစ်ခု စဉ်းစားပေးပါ့မယ်!"
ချန်ရှီရဲ့ မျက်လုံးများ တောက်ပလာကာ အမွှေးတိုင်သုံးချောင်းကို ထုတ်ယူကာ အမြန်ထွန်းညှိလိုက်သည်။
"ဘုံကျောင်းထဲမှာ နံ့သာအိုး ရှိတာ ကျွန်တော် မှတ်မိတယ်... အမွှေးတိုင်ရှိလို့ နံ့သာအိုးကလည်း ရှိတာ ဒီအမွှေးတိုင်သုံးချောင်းကို အဲ့ထဲထည့်လိုက်ရင် ခင်ဗျား ထွက်လာနိုင်လောက်တယ်!"
သူ စကားပြောပြီးသည်နှင့် သေးငယ်သော လက်ကြီးသည် ဘုံကျောင်းကြီးမှ ထွက်လာပြီး အမွှေးတိုင်သုံးချောင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်းက ကျူးရှို့ချိုင်ရဲ့ လက်တွေပါပဲ။
ဟေးကော်က ထိုမြင်ကွင်းကို အဝေးမှသာ ကြည့်ရှုနေခဲ့သည်။ ချန်ရှီခေါင်းနောက်ဘက်တွင် လက်တစ်ချောင်း ထပ်ပေါ်လာပြီး သခင်ငယ်လေးက သူ့ပုံစံ အစစ်အမှန်ကို ပြသတော့မည်ဟု တွေးကာ ကြောက်ရွံ့နေသေးသဖြင့် ခဏတာမျှ အနားမကပ်ဝံ့တော့ပေ။
ဒီမြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းတယ်လေ။
ဘုံကျောင်းထဲတွင်တော့ ကျူးရှို့ချိုင်သည် အမွှေးတိုင်ကို ကိုင်ချင်သော်လည်း သူ့အမြင်အာရုံထဲမှာ သူ့လက်မောင်းများဟာ ပေပေါင်းများစွာ ရှည်ထွက်လာတာကို မြင်လိုက်ရသည်။ ဒီပြောင်းလဲမှုက သူ့အား အံ့ဩစေ၏။ လေးလေးနက်နက် မစဉ်းစားတော့ဘဲ အမွှေးတိုင် သုံးချောင်းကို ကိုင်လိုက်သည်နှင့် ရနံ့က သူ့ဆီသို့ ပျံ့လွင့်လာသည်။
ကျူးရှို့ချိုင်ခမျာ အမွှေးနံ့သာရနံ့ကို အနံ့ခံလိုက်သည့်အခိုက် သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရတုန်းကထက် ဒီအမွှေးနံ့သာက ပိုမိုသက်တောင့်သက်သာ ရှိသလို ခံစားရလေသည်။
အမွှေးနံ့သာများက လျင်မြန်စွာ ထူးကဲသော စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းကာ သူ့ရဲ့ခန္ဓာကိုယ် ပုံစံအစစ်အမှန်ကို ပုံဖော်လာတာ သတိပြုမိလာသည်။
သူသည် ဒဏ္ဍာရီထဲက နတ်ဖန်တီးသူ ဖြစ်လာလေပြီ။ နတ်ဖန်တီးသူဟာ ထူးထူးခြားခြား တန်ခိုးရှင် နတ်ဘုရားတွေ ဖန်ဆင်းတာနဲ့ မတူချေ။ အမွှေးနံ့သာရဲ့ ထူးကဲသော စွမ်းအင်ကြောင့် ဖြစ်လာသော အသွင်သဏ္ဌာန်ဖြစ်ပြီး လူတွေမထင်ထားသော ကွဲပြားခြားနားသော ပုံစံများအဖြစ် ပုံဖော်ထားသူ ဖြစ်သည်။
ဤအဆင်းသဏ္ဌာန်များသည် မြင်သာထင်သာရှိပြီး ကြီးမားသော၊ ပကတိမျက်စိဖြင့် မမြင်နိုင်သော၊ ထိထိမိမိ မထိတွေ့နိုင်သော၊ မှော်အစွမ်းရှိသော်လည်း သန့်ရှင်းမှုအဖြစ် မထင်ရှားနိုင်ပေ။
သို့သော် နတ်ဖန်တီးသူသည် နာမ်ဝိညာဉ်ကို အခြေခံ၍ နတ်ဖြစ်လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ရှေးခေတ် တရုတ်တိုက်ကြီးတွင် အကြောင်းတစ်ခုခုကြောင့် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားသော နီကျား အမည်ရှိ သေမျိုးကလေး တစ်ယောက်ရှိခဲ့ပြီး မိခင်ဖြစ်သူက သူ့ရဲ့ စောစီးစွာ သေဆုံးမှုအတွက် သနားသဖြင့် ရွှေရုပ်တုကို ထုလုပ်ကာ နတ်ဘုရားရုပ်တုလို ထားခဲ့ရာ လူများထံမှ အမွှေးနံ့သာများကို လက်ခံရရှိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ နီကျားဟာ နတ်အသွင်ကို ရရှိခဲ့သည်။
ထိုအရာက နတ်ဖန်တီးသူ ဖြစ်သည်။
နတ်ဖန်တီးသူများအတွက် ပထမဆုံး လိုအပ်ချက်မှာ ဦးစွာ အမိန့်တော်တစ်ခု ရှိရမည်။
အမိန့်တော်များသည် ပထမအချက် အင်ပါယာအာဏာမှ ပေးအပ်သော ဧကရာဇ် အမိန့်ဖြစ်ကာ ဧကရာဇ်ကို နတ်ဘုရားဟု ခွဲခြားသတ်မှတ်သည်။ ဒုတိယအချက်မှာ အမတမျိုးနွယ် နတ်ဘုရားများ၏ စည်းဝေးပွဲဖြစ်ပြီး အခြားနတ်ဘုရားများက အမိန့်တော်ကို အပ်နှင်းခြင်း ဖြစ်သည်။
ဒီနှစ်မျိုးရှိမှာ စစ်မှန်သော နတ်ဘုရား ဖြစ်လာလိမ့်မည်။ ဒီလို ဘုံကျောင်းငယ်လေး တစ်ခုထဲမှာ ဘယ်လိုလုပ် နတ်ဖန်တီးသူက ပေါ်လာနိုင်မှာလဲ။ ဒီဘုံကျောင်းက ဧကရာဇ်အာဏာ ရှိတာလား သို့မဟုတ် အမတ သဘောရှိလို့ နတ်ဖန်တီးသူ ပေါ်လာနိုင်တာလား။
ကျူးရှို့ချိုင် တကယ်ကို အံ့သြနေသည်။
ချန်ရှီ: "ရှို့ချိုင် ခင်ဗျား အခုထွက်လို့ရပြီလား"
ကျူးရှို့ချိုင်လည်း ဘုံကျောင်းပေါ်မှ ထဖို့ ကြိုးစားကြည့်သည်။ သူ့ခန္ဓာကိုယ်သည် တောင်ကြီးတစ်ခု အဖိခံထားရသလို လေးလံနေသည်။ အထူးသဖြင့် အမွှေးနံ့သာရနံ့ကို စုပ်ယူပြီးနောက်တွင် သူ့တင်ပါးများက ကြီးထွားလာသလိုပင် ခံစားလာရ၏။
"အလုပ်မဖြစ်သေးဘူး!..မင်း စောစောက တောင့်တောင့်ကြီး ရပ်နေတာက မင်းလည်း ဘုံကျောင်းထဲ ဝင်သွားခဲ့လို့မလား... မင်း ဘယ်လို ထွက်သွားတာလဲ"
"ကျွန်တော် ထွက်သွားဖို့ စိတ်ကူးလိုက်တော့ ထွက်လာနိုင်တာပဲ.... ခင်ဗျား စမ်းကြည့်..."
ကျူးရှို့ချိုင် ထွက်သွားဖို့ကို ဆက်တွေးနေပေမယ့် ဘုံကျောင်းထဲက မထွက်နိုင်သေးပေ။ သူက ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး ချန်ရှီကို မေးလိုက်သည်။
"ငါထွက်သွားနိုင်အောင် မင်းတွေးမှ ရမှာများလား"
ချန်ရှီ တွေးကြည့်ရင်း လည်ပင်း ကိုင်းနေသော သစ်ပင်အိုကြီးဆီ အမြန်ကြည့်လိုက်တော့ ကြိုးဆွဲချထားတဲ့ ကျူးရှို့ချိုင်ရဲ့ ခန္ဓာကိုယ်ဟာ အစောကမှ ကြိုးပေးခံထားရသလို လှုပ်ခါသွားတာ တွေ့လိုက်ရ၏။ ဤတော့မှ ချန်ရှီလည်း သက်ပြင်းချနိုင်တော့သည်။
ကျူးရှို့ချိုင်လည်း သက်ပြင်းတစ်ချက်ချကာ "တစ်ဆယ်လေး... ဒီဘုံကျောင်းက ဘယ်လိုလုပ် ရောက်လာတာလဲ"
ချန်ရှီ: "မသိဘူး...ကျွန်တော် ကန့်ညောင်ကို အမွှေးတိုင်တွေ ပူဇော်ပြီး ခင်ဗျားဆီက အကြံဉာဏ်တောင်းတော့မယ့် အချိန်မှာပဲ..."
ပြောပြီးတာနဲ့ ရုတ်ချည်း အေးခဲသွားတော့သည်။ မထိန်းနိုင်ဘဲ နံဘေးက ကျောက်ပြားကန့်ညောင်ကို အမြန်လှည့်ကြည့်လိုက်တော့ ကန့်ညောင်ဟာ အရင်ကလို မိုးမခသစ်ပင်ရဲ့ အမြစ်တွေအောက်မှာ တစ်ဝက်လောက် မြုပ်နေပါသေးသည်။
ကျောက်ပြားရှေ့တွင် အမွှေးနံ့သာ အခိုးအငွေ့များက ရစ်ပတ် ပျံသန်းနေကာ ကျောက်ပြားဆီသို့ လွင့်ပျံ့သွားသည်။
အရင်တုန်းက အမွှေးတိုင်တွေ မီးရှို့တိုင်း ကျောက်ပြားပေါ်မှာ "အဘွား" နဲ့ "ကျစ်" ဆိုတဲ့ စကားလုံးတွေ တောက်လျှောက် လင်းနေပေမယ့် ဒီတစ်ကြိမ်မှာတော့ စိမ်းပြာရောင် အလင်းတန်းလေးတောင် မရှိခဲ့ပါဘူး။ အချိန်အတော်ကြာအောင် စုဆောင်းထားတဲ့ ကျောက်ပြားရဲ့ စွမ်းအင်ဟာ ရုတ်တရက် ကုန်ဆုံးသွားသလိုပါပဲ။
"ကျွန်တော့်ကို ကန့်ညောင်က ကောင်းချီးပေးလိုက်တာလား"
သူဟာ ကျောက်ပြားကန့်ညောင်ကို ကိုးကွယ်နေတယ နှစ်နှစ်ကျော်ရှိနေပြီ ဖြစ်သည်။ မူလက ဤကျောက်ပြားပေါ်တွင် လှုပ်လှုပ်ရှားရှား မရှိခဲ့သော်လည်း သူ့ကို ဘုံကျောင်းငယ်လေးကို ရုတ်တရတ် ပေးအပ်လိုက်သည်။
ကျောက်သင်ပုန်းကို လက်ဖဝါးဖြင့် ထိလိုက်ကာ ကန့်ညောင် ဝိညာဉ်နှင့် အဆက်အသွယ် ရရန် ကြိုးစားသော်လည်း သူခံစားလိုက်ရသည့် အရာမှာ ကျယ်ပြောလှသည့် အချည်းနှီးသက်သက်သာ။
"ရှို့ချိုင်... ကျောက်ပြားကန့်ညောင်ရဲ့ မူလဇစ်မြစ်ကို သိလား"
ချန်ရှီက ခေါင်းကိုမော့ပြီး မေးလိုက်တော့ ကျူးရှို့ချိုင်က ခေါင်းကို ခါယမ်းလိုက်ပြသည်။
"မသိဘူး... ငါဒီကို အတွေးပေါင်းစုံနဲ့ လာပြီး သစ်ပင်ပေါ်မှာ သတ်သေတဲ့ အချိန်မှာ ဒီကျောက်ပြားက ဒီမှာရှိနေပြီးသား လုံးဝ မလှုပ်သေးဘူး"
"အဲဒါက ဘယ်လောက်ကြာပြီလဲ"
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဖြစ်မယ်"
ကျူးရှို့ချိုင် သူဟာသူလည်း မသေချာချေ။ ချန်ရှီ ပါးစပ်ဟောင်းလောင်းလေးဖြင့်။ ကျူးရှို့ချိုင် ဒီမှာရှိနေတာ ဆယ်စုနှစ် အနည်းငယ်သာ ကြာလိမ့်ဦးမည်ဟု သူထင်ခဲ့သော်လည်း လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက ကျူးရှို့ချိုင် ကွယ်လွန်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တစ်နည်းဆိုရသော် လည်တံကောက်ကွေး ဤမိုးမခပင်အိုနှင့် သစ်ပင်အောက်ရှိ ကျောက်ပြားကြီးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့တဲ့ အရာတွေပဲ ဖြစ်နေသည်။ ချန်ရှီ သူ့ခြေရင်းအောက်က ပျော့ပျောင်းသော တောင်ကုန်းကို ကြည့်လိုက်သည်။
ဒီသစ်ပင်နှင့် ကျောက်ပြားကန့်ညောင်က ဘုရင်ကျန်း ခေတ်ကတည်းက တည်ရှိနေခဲ့တာ ဖြစ်နိုင်လား။
လျှောစောက်က ကြွေထည်များကို ပြုလုပ်ရန်အတွက် အထူးအသုံးပြုထားသော အဆင့်မြင့်တောင်ထွတ်ရဲ့ မြေသားဖြစ်တာကြောင့် ဤပျော့ပျောင်းသော လျှောစောက်ကို ကြည့်ပြီး ဘုရင်ကျန်းရဲ့ အဆုံးကို ပြန်လည်ခြေရာခံနိုင်သည်။
ဘုရင်ကျန်းသာ မီးဖိုတစ်ခု ဆောက်လိုလျှင် မီးဖိုဘေးတွင် အဆင့်မြင့်မြေသားကို ထားလိမ့်မည်။ ဒါက မီးဖိုစက်ကို မြန်မြန်ဆန်ဆန် လည်ပတ်စေနိုင်ပြီး မြေဆီလွှာရရန် ပိုမိုလွယ်ကူလေသည်။
"ဘုရင်ကျန်း အဆင့်မြင့်မြေသားကို ဒီမှာ စုထားတာက ဘာကို ဖုံးကွယ်ထားချင်တာလဲ ဘုရင်ကျန်းက ဘာလို့ မြုပ်ထားခဲ့တာလဲ ဒီတောင်စောင်းကို အနှစ်ထောင်ချီပြီးတာတောင် တူးထုတ်ပစ်ဖို့ ဘယ်သူမှ မကြိုးစားခဲ့တာ ဘာကြောင့်လဲ"
ချန်ရှီ ချန်ယန်တောင်ကို လှမ်းကြည့်လိုက်သည်။ ဤအလွန်ရှေးကျသော တောင်တန်းများနှင့် ကြီးကျယ်ခမ်းနားသော တောများထဲတွင် ရှေးဟောင်း လျှို့ဝှက်ချက်တွေကို ဘယ်လောက်တောင် မြှုပ်နှံထားတာလဲ။
"ငါ့ရဲ့ ကန့်ညောင်က ငါ့ကို ဘုံကျောင်းငယ်လေး ပေးခဲ့တယ်ဆိုတော့ အရမ်း အသုံးဝင်မှာ သေချာတယ်!"
ရွာကို ပြန်တဲ့လမ်းမှာ ချန်ရှီဟာ အဘွားကြီးယွိရဲ့ လယ်ထဲက ခိုးယူလာတဲ့ ဖရဲသီးကို စားရင်း စကားပြောနေ၏။
"ငါ့နတ်ကွန်းကို ဘုံကျောင်းထဲမှာ ဝှက်ထားလိုက်တာပဲ... နတ်ဘုရားပူဇော်တဲ့ ပွဲရောက်ရင် စစ်မှန်တဲ့နတ်ဘုရားက ငါ့ကို နတ်သန္ဓေသားလေး ပေးပါ့မလား... ငါသိပ်မသိဘူး အဘွားရှားကို သွားမေးလိုက်တာ ကောင်းမယ်...."
သူ့အဖိုးချန်ထားခဲ့သော သစ်သားလှည်းတွင် ထိုင်ကာ ဟေးကော်ကို လှမ်းခေါ်လိုက်သည်။ ကန်းကျစ်ရွာသို့ လူတစ်ဦးနှင့် ခွေးတစ်ကောင် အတူထွက်လာခဲ့သော်လည်း အဘွားရှားက အိမ်မှာမရှိပေ။ သူမ ဘယ်ရောက်နေလဲလည်း မသိ။
သို့နှင့် တောင်ပေါ်သို့တက်ကာ အဘွားကျွမ်းအား မေးမြန်းခဲ့ရာ သူမလည်း ခေါင်းခါပြနေလေသည်။
"ငါ မြင့်မြတ်ပြီး ထူးကဲတဲ့ အသွင်အပြင်ကို ခံစားဖူးပေမယ့် ဒီလိုဘုံကျောင်းကို တစ်ခါမှ မတွေ့ဖူးဘူး..."
ချန်ရှီသည် ဆန်းကြယ်မြွေတောင်ကြီးဆီ ဆက်တက်သွားခဲ့သည်။ ဆန်းကြယ်ဝိညာဥ်ရဲ့ မျက်လုံးများက သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူကလည်း ခေါင်းခါကာ။
"ဇာစ်မြစ်က ကျယ်ပြောတယ်... ရိုးရိုးရှင်းရှင်း ဖော်ပြလို့ မရဘူး..."
ချန်ရှီ သိသင့်သည်များကို ထပ်မေးသော်လည်း သူက စကားတစ်လုံးမှ ထပ်မပြောပေ။
လမ်းတစ်လျှောက်တွင် ဟေးကော်ဟာ သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ကို အနည်းငယ် ကြောက်နေသကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။ ဟေးကော် အနည်းငယ် ထူးဆန်းနေတယ်လို့သာ ခံစားခဲ့ရပေမယ့် ၎င်းအကြောင်းကိုတော့ သိပ်မစဉ်းစားခဲ့ပေ။
ဒီနေရာက တောင်တန်းအရှင်ဘုံကျောင်းနဲ့ မဝေးလှပါ။
သူချန်ထားခဲ့သော အဆောင်လက်ဖွဲ့က ဘုံကျောင်း၏ ပင်မခန်းမအပြင်ဘက်တွင် ချိတ်ဆွဲထားဆဲ ဖြစ်ပေသည်။ အဆောင်လက်ဖွဲ့ကို ဖယ်ရှားကာ ပင်မခန်းမထဲသို့ ဝင်သွားသော်လည်း အတွင်း၌ ထူးကဲသော စွမ်းအားများက အလွန်အားနည်းသွားတာ တွေ့လိုက်ရပြီး နတ်ကွန်းထဲတွင်တော့ နတ်သဏ္ဌာန်က တစ်ဝက်လောက် ပေါ်လာနေပြီ။
၎င်းက နတ်နွားဦးခေါင်းနှင့် လူ့ခန္ဓာကိုယ် ပါရှိသည်။ ထိုင်ခုံအောက်တွင် အဝါရောင် ကျားတစ်ကောင်လည်း ရှိ၏။ သို့သော် နတ်နွားဦးခေါင်းလူကိုယ်က ပြိုလဲသွားတော့မလို မရေမရာ ဖြစ်နေသည်။
"ဒီဘုံကျောင်းထဲက ထူးကဲတဲ့ တန်ခိုးက နတ်ဘုရားရုပ်တုကို ပုံဖော်ပေးဖို့ မလောက်ဘူး!"
ဒါကို တွေးပြီးတာနဲ့ သူ့ရှေ့မှ နတ်ဘုရားတွေနဲ့ ကျားဝါကြီးက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။
ချန်ရှီ အံ့အားသင့်သွားပြီးနောက် ချက်ချင်း သတိဝင်သွားသည်။ သစ်သားတွန်းလှည်းဆီသို့ အမြန်သွားကာ စာအုပ်သေတ္တာထဲက မှန်တစ်ချပ်ကို ထုတ်ကြည့်လိုက်တော့ သူ့ခေါင်းနောကိက ဘုံကျောင်းငယ်လေးထဲ၌ ထိုင်နေတဲ့ နတ်နွားဦးခေါင်းလူကိုယ်ကို ယောင်ဝါးဝါး မြင်လိုက်ရတော့သည်။ သူ့ခြေရင်းမှ ကျားတစ်ကောင်က ရုတ်တရက် ခုန်တက်လာပြီး မိုးခြိမ်းသံနဲ့အတူ ကျားဟိန်းသံကြီးဟာ ထုတ်လွှတ်လိုက်ပေ၏။
ချန်ရှီ ငြိမ်သက်သွားသည်။
"အိုး ငါ့မှာ နတ်သန္ဓေသား ရှိပြီ!!"