← Chapters

ကျားက နတ်သန္ဓေသား ဖြစ်လာကာ တော၌ ဟိန်းဟောက်နေပြီ

Vol. 7 Ch. 95

ကျားက နတ်သန္ဓေသား ဖြစ်လာကာ တော၌ ဟိန်းဟောက်နေပြီ

Vol. 7 Ch. 95

ချန်ရှီ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူဟာ သေခြင်းတရားကနေ နိုးထလာပြီးနောက် ပြန်လည် လေ့ကျင့်နိုင်သည်။ အသုံးမကျသော လူဆိုသော အမှတ်သညာကို ဖယ်ရှားကာ နတ်သန္ဓေသားအသစ်ကို ပိုင်ဆိုင်နိုင်မည်ဟု အမြဲတမ်း အိပ်မက်မက်ခဲ့သည်။

ထို့နောက် စာပေ ပညာရှင်ဖြစ်လာကာ စာမေးပွဲအောင်ပြီး အရာရှိအမှုထမ်း ဖြစ်လာကာ သာမန်လူများကို ကျွေးမွေးရင်း အဘိုးကိုလည်း စောင့်ရှောက်မည်ဟု တွေးထားခဲ့သည်။

ယခုမူ အဘိုးက မြေအောက်ကမ္ဘာသို့ ရောက်သွားပြီ။ သူ့ရဲ့ နတ်သန္ဓေသားကလည်း ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေသလို ခံစားနေရသည်။ သူ့နတ်သန္ဒေသားက နတ်ဘုရားက ကောင်းချီးဆင်းပေးလို့ နတ်သန္ဓေသားတစ်ဦး မွေးဖွားလာခဲ့တာမျိုး ဖြစ်သင့်သည်။

ယခုမူကား သူသည် အထီးကျန်သော ဝိညာဉ် သို့မဟုတ် နတ်တစ်ပါးနှင့် တွေ့ကာ ၎င်းကို နတ်သန္ဓေသားဖြစ်လာရန် သူ့ဘုံကျောင်းထဲသို့ ခေါ်ဆောင်မိသွားတဲ့ ကိစ္စ ဖြစ်လာသည်။

သူ့နတ်ကွန်းထဲတွင် ဒီနတ်သန္ဓေသား ရှိနေရင် နတ်ဘုရားက ပညာရှင်များ ပူဇော်ပွဲရောက်လျှင် သူ့ကို ကောင်းချီးပေးပါ့ဦးမလား။

"ငါ ကန့်ညောင်ကို ကိုးကွယ်နေတာ နှစ်နှစ်ကျော်ရှိပြီ... နောက်ဆုံးတော့ သူမက ငါ့ကို ကောင်းချီးပေးပြီး အကာအကွယ်တွေ ပေးလာပြီ...ဒါပေမယ့် ဒီကောင်းချီးက ကောင်းလား ဆိုးလား မသိဘူး။"

ဒါကို သူတွေးကြည့်လိုက်တော့ ဘုံကျောင်းငယ်လေးထဲက အဝါရောင်ကျားက ဘုံကျောင်း တံခါးဝမှာ ခေါင်းထွက်ရင်း အပြင်လောကကို စူးစမ်းနေပုံပေါ်တာကို တွေ့လိုက်ရသည်။ ဘုံကျောင်းရဲ့ နတ်ရုပ်တုသည် အံ့သြဖွယ်ကောင်းသော အကျိုးသက်ရောက်မှု ရှိပုံရ၏။ ၎င်းသည် အမွှေးနံ့သာကို အချိန်အတော်ကြာအောင် စုပ်ယူထားတာတောင် နတ်ဝိညာဥ်ပုံစံကို အပြည့်အဝ ပြန်မရသေးချေ။

မူလက ၎င်း၏ရုပ်သွင်ပြင်ကို အမှန်တကယ် တည်ငြိမ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ ပုံစံက ချန်ရှီရဲ့ သေးငယ်သော ဘုံကျောင်းထဲတွင်တော့ ၎င်းရဲ့အသွင်အပြင်က တည်ငြိမ်လာသည်။

နတ်ကွန်းပေါ်ရှိ နွားခေါင်းလူသားရုပ်က လုံးလုံးလျားလျား မဖွဲ့စည်းရသေးသော်လည်း ပြိုပျက်သွားမယ့် လမ်းကြောင်းပေါ်မှာ ရပ်တန့်သွားလေပြီ။ ချန်ရှီ မှန်မှတစ်ဆင့် ဘုံကျောင်းငယ်ထဲရှိ မြင်ကွင်းကို ကြည့်လိုက်ရာ အမွှေးတိုင် သုံးချောင်းကို နံ့သာအိုးထဲတွင် စိုက်ထားကာ အမွှေးနံ့သာများက နတ်ရုပ်တုဆီသို့ လျင်မြန်စွာ စီးဆင်းသွားသည်။

ကျားဝါက ချန်ရှီ လက်ထဲက မှန်ကို ကြည့်နေသည်။ မှန်ထဲတွင် သူ့ကိုယ်သူ ပြန်မြင်နေရတာကြောင့် အလွန်သိချင်နေပုံရ၏။ ၎င်းသည် အရွယ်ရောက်ပြီးသော ကျားတစ်ကောင် ဖြစ်သည်။ ခန္ဓာကိုယ်က အတော်လေး ပျော့ပျောင်းပုံရပြီး ၎င်းသည် တဖြည်းဖြည်း မှန်နဲ့ နီးကပ်လာသည်။

ရုတ်တရက် ချန်ရှီခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲမှ ကြီးမားသော ဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းရဲ့ အရိပ်က တောင်ထိပ်ကို ဖုံးလွှမ်းသွားပြီး ချန်ယန်တောင်ကုန်းများ တစ်လျှောက် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုစွမ်းအားတစ်ခု ချက်ချင်းပင် ပျံ့နှံ့သွား​တော့သည်။

ဘုံကျောင်း တံခါးရှေ့ဝမှ ဟေးကော်မှာ နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားပေ၏။ သူ့ခေါင်းကို တုန်လှုပ်ခြောက်ခြားကာ မျှော်ကြည့်လိုက်တော့ ကျားခေါင်းကြီးကို မြင်လိုက်ရရာ ချက်ချင်းပင် မြေပြင်ပေါ် လှဲချလိုက်ကာ သတိလစ်သွားလေသည်။

ဟေးကော် နောက်ဆုံး တွေးနိုင်တာက ကမ္ဘာကြီးက အန္တရာယ်များလွန်းတယ် ဆိုတာပါပဲ။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရွာများက ကန့်ညောင်များ အပါအဝင် ချန်ယန်တောင်တန်းကြီး တစ်ခုလုံးသည် အဝါရောင်ကျား၏ ရှေးခေတ်အငွေ့အသက် ပါဝင်သည့် အစွမ်းထက်သော ကျားဝါရောင်ကို ခံစားခဲ့ရ​လေသည်။

ကျားဝါနောက်တွင် နောက်ထပ် အငွေ့အသက် တစ်ခုသည် ခမ်းနားထည်ဝါသော ချန်ယန်တောင်ကြီးလို လေးနက်ပြီး သနားကြင်နာမှု အရိပ်အယောင်များဖြင့် တည်ရှိနေသည်။

ယိုချိုက်ရွာ၊ ဟူမိသားစု ရင်ပြင်၌။

အဘွားရှားနဲ့ ဟူရှောင်လျောင်သည် ချန်ရှီကိုယ်ထဲရှိ နတ်ဆိုးများကို ဘယ်လို ဆွဲထုတ်ကြမလဲ ဆွေးနွေးနေစဉ် ရုတ်တရက် မုတ်ဆိတ်မွေး ဟူရှောင်လျောင်က မတ်တတ်ထရပ်ကာ တောင်များဆီသို့ မျှော်ကြည့်လိုက်သည်။

"အဘွား ခံစားမိလား"

အဘွားရှားက: "ဘာကြီးလဲ?"

တောင်တွေဆီက ထွက်လာတဲ့ အားကောင်းတဲ့ ရောင်ဝါကို သူမ အမှတ်တမဲ့ ခံစားလိုက်ရသည်။ ၎င်းက ဆန်းကြယ်မြွေတောင်ကြီးထက်တော့ မနိမ့်ချေ။ ဆန်းကြယ်မြွေတောင်ကြီးဟာ ကာလကြာမြင့်စွာ ဖြတ်သန်းခဲ့ပြီး အလွန်အေးချမ်းသော အငွေ့အသက် ရှိသည်။ ဒီအငွေ့အသက်ကတော့ အလွန်ပြင်းထန်သော စွမ်းအားများပါရှိသည်။

"ဆန်းကြယ်မြွေတောင်ကြီးနဲ့ ယှဉ်နိုင်တဲ့ အရာတစ်ခု တောင်ပေါ်မှာ ရှိနေပြီ!"

အဘွားရှားလည်း အရမ်းအံ့သြသွားသည်။

ဆန်းကြယ်မြွေတောင်ကြီးက ချန်ယန်တောင်ရဲ့ စိတ်ဝိညာဥ်ပဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် ချန်ယန်တောင်ပေါ်ရှိ ဖြာထွက်သော ရောင်ဝါသည် ချန်ယန်တောင်နဲ့ တန်းတူဖြစ်နေတာ တွေ့ရတော့ သူမ မအံ့ဩဘဲ မနေနိုင်ပေ။

"ဒါက ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်မျိုးတော့ မဟုတ်ဘူး!"

မုတ်ဆိတ်မွေးနဲ့ လူကြီးက ထိတ်လန့်တကြားနဲ့ ဆက်ပြောသည်။

“အဘွား... ဒီ​ရောင်ဝါရဲ့ နောက်ကွယ်က အရိပ်အယောင်ကို ခံစားမိလား”

အဘွားရှား: "ဒီရောင်ဝါနောက်ကွယ်မှာ ဘာရှိလို့​လဲ...လူအိုကြီးဟူ... ပဟေဠိတွေ မကစားစမ်းနဲ့!"

မုတ်ဆိတ်မွေးနဲ့ လူကြီးက "ချန်ယန်တောင်ရဲ့ဘုရင် နိုးလာပုံရတယ်နော်!"

"ဘာ!"

အဘွားကြီးရဲ့ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ချန်ယန်တောင်ရဲ့ ကျား နိုးထလာပြီ။

မုတ်ဆိတ်မွေးနဲ့ လူကြီးက ချက်ချင်း ထရပ်လိုက်ပြီး ပြေးတော့၏။

"ချန်ယန်တောင်ရဲ့ ဒေသခံ တစ်ယောက်အနေနဲ့ ကျားကို ကိုးကွယ်ရမယ် !"

"ငါလည်း လိုက်ခဲ့မယ်!"

တောင်ပေါ်ရှိ ရွာတစ်ရွာတွင်။ ချင်းယန်သည် တောင်ဆိတ်ခြေထောက်များဖြင့် မတ်တပ်ရပ်​နေကာ သစ်ပင်တစ်ပင်ကို ကျောမှီထားလေသည်။ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည်များက ရုတ်တရက် တုန်သွားသော လက်ကြောင့် မှောက်ကုန်၏။ သူ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

သာမန်လူများသည် ကျားခေါင်းကြီးကြီးကို မမြင်နိုင်သော်လည်း ရွာကို ဖုံးကွယ်လုနီးပါး အရိပ်ကျနေသည့် တောင်ခေါင်းနှင့်တူသော ကျားခေါင်းကို သူကတော့ မြင်နိုင်သည်။

“ကျား…”

သစ်ပင်ပေါ်က ချက်ချင်း ခုန်ဆင်းကာ ချန်ယန်တောင်သို့ ဦးတည် ပြေးထွက်သွားခဲ့သည်။

ချင်းယန်မှာ ဤလမ်းအတိုင်း ရွေ့လျားနေသော တောင်တန်းများပေါ်ရှိ သစ်တောများ ရွေ့လျားနေတာ ရုတ်တရက် မြင်လိုက်ရသည်။ ဒါတင်မကသေး လိပ်ကြီးက ဘယ်နေရာမှ ထွက်လာတယ်မသိ သူ့ခန္ဓာကိုယ်ပေါ်ရှိ လေးလံသော ကျောက်တုံးများကို လှုပ်ခါကာ နှာခေါင်းထဲမှ မီးခိုးထူထူများ မှုတ်ထုတ်ရင်း တောင်တန်းအရှင်ဘုံကျောင်း တည်ရှိရာ တောင်ထွတ်ဆီသို့ လျှောက်သွားခဲ့သည်။

"ဗွမ်း!"

တောင်ပေါ်ရှိ ရေများက အရှိန်အဟုန်ဖြင့် တဟုန်ထိုး တက်လာသည်။ ရေ​တွေက လျှံထွက်သော်လည်း မြေပြန့်က ရွာတွေဆီ မရောက်ခင် ရေအစုအဝေးအဖြစ် ရုတ်တရက် ကျသွားကာ မြစ်ထဲသို့ စီးဝင်သွားလေ၏။

မြစ်ထဲတွင် ငွေရောင် အလင်းတန်းတစ်ခု ပြေးလွှားလျက်ရှိသည်။ ရေထဲမှ ခုန်ဆင်းကာ တောင်တန်းများပေါ်က ဟောက်သံသလိုမျိုး နဂါးဟောက်သံကို ထုတ်လွှတ်လိုက်ပေသည်။

ငွေနဂါးသည် ငယ်ရွယ်သေးသော်လည်း ရေကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

​တောင်ဆိတ်ချင်းယန် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က သူမကို တစ်ကြိမ်တွေ့ဖူးသော်လည်း ထိုအချိန်မှစ၍ သူမနှင့်ပတ်သက်သည့် သတင်းအစအန မရှိသဖြင့် သူမ မရှိတော့ဘူးဟု ထင်ခဲ့သည်။ သူမ အသက်ရှင်နေလိမ့်ဦးမည်ဟု မမျှော်လင့်ခဲ့။

ချင်းယန်ဟာ လမ်းခရီးတွင် ကြီးမားသော ဝိညာဉ်သားရဲများကို ခေါ်ဆောင်လာသလိုပဲ ၎င်းတို့အားလုံး တဖြည်းဖြည်း အရေအတွက် တိုးများလာသော ဘုံကျောင်းဆီသို့ ပြေးတက်သွားကြလေ၏။

ရှင်းရှန်ခရိုင်ရဲ့ ခရိုင်မှူး လီရှောက်ကျန့်သည် ရထားလုံးပေါ်တွင် ထိုင်​နေပြီး ပြည်နယ်မြို့တော်သို့ ဖြည်းညှင်းစွာ မောင်းနှင်နေသည်။ လီမိသားစု၏ သခင်များစွာကလည်း ရထားလုံးပေါ်မှာ ရှိနေကြသည်။

"ရပ်လိုက်!"

ရထားထိန်းလည်း အလျင်စလို ရပ်ပစ်ရသည်။

လီရှောက်ကျန့် ကန့်လန့်ကာကို ဖွင့်ပြီး ရထားလုံးပေါ်မှ ဆင်းကာ ချန်ယန်တောင်များဆီကို မျှော်ကြည့်လိုက်သည်။

"ဒီအသက်ရှုသံ..."

ဦးခေါင်းနောက်ကွယ်မှ နတ်အလင်းရောင်များ တောက်ပလာသည်။ တခဏချင်းတွင် သူ၏ဝိညာဉ်သည် ကောင်းကင်သို့ ပျံသန်းသွားကာ တိမ်များပေါ်တွင် ရပ်လျက် ချန်ယန်တောင်ဆီသို့ မျှော်ကြည့်နေလိုက်သည်။

တိမ်များနှင့် မြူခိုးများကြားတွင် ကြီးမားသော ကျားခေါင်းကို မြင်ရ၏။ ကျားကြီးက ဟိန်းဟောက်ပြီး တောင်ပေါ်ရှိ မရေမတွက်နိုင်သော ဝိညာဉ်များကို နိုးထလာစေသည်။ လီရှောက်ကျန့်ပါ ထိတ်လန့်သွားစွာဖြင့် သူ့ဝိညာဉ်ကို ပြန်သိမ်းလိုက်သည်။

လီကျွမ့်: "ဖေဖေ ဘာဖြစ်တာလဲ"

လီရှောက်ကျန့်က ခပ်တည်တည်နဲ့ ပြောပြသည်။

"ချန်ယန်တောင်မှာ ကျွမ်းကျင်တဲ့ အပိုသခင်တစ်ယောက် ရှိနေတယ်.. ဒါက ငါတို့ လီမိသားစုအတွက် ကောင်းတဲ့အရာ မဟုတ်မှာ ကြောက်ရတယ်..."

သူအရမ်း စိုးရိမ်သွားသည်။ ဒီတစ်ကြိမ်မှာတော့ လီမိသားစုက ချန်ယန်တောင်မှာ ချမ်းသာဖို့အတွက် ရှင်းရှန်ခရိုင်ရဲ့ လစ်လပ်​နေတဲ့ ခရိုင်မှူးနေရာကို ဝင်ယူခဲ့သည်။ သို့သော် လီမိသားစုသည် တခြားလူများ အ​မြင်၌ ဘုရင်ကျန်းရဲ့ ဂူသင်္ချိုင်းကို ဦးတည်နေသော်လည်း အဓိက ရည်ရွယ်ချက်မှာ မင်မင်းဆက် ရတနာသင်္ဘောပဲ ဖြစ်သည်။

အခြားမင်းမျိုးမင်းနွယ်နဲ့ အထက်တန်းစား မိသားစုများ ဘုရင်ကျန်း၏ သင်္ချိုင်းကို စောင့်ကြည့်နေချိန်တွင် သူတို့က မင်ရတနာသင်္ဘောကို စောင့်ကြည့်နေခဲ့၏။ မင်မင်းဆက် ရတနာသင်္ဘော ရှိကြောင်း အထက်တန်း မိသားစုများ တုံ့ပြန်သောအခါတွင် ရတနာသင်္ဘောက လီမိသားစု လက်ထဲသို့ ကျရောက်သွားခဲ့ပြီ။

ချန်ယန်တောင်ပေါ်ရှိ အပြောင်းအလဲများက သူ့ကို အနည်းငယ် စိုးရိမ်သွားစေသည်။

ဆန်းကြယ်မြွေတောင်ကြီးက ကျားဝါကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကြည့်နေသည်။

ကျားခေါင်း ဘုံကျောင်းထဲက ထွက်သွားတဲ့အခါ သူ့ကိုတင်မကဘဲ ချန်ယန်တောင်ထဲက နတ်တွေ အားလုံးဆီကနေ ရှေးဘုရင်စစ်တွေခေတ်က ခေါ်သံကို ခံစားလိုက်ရသည်။ ဒီခေါ်သံက သွေးများကို ဆူပွက်လာစေရုံသာမက ပြည်သူများ၏ ကြည်ညိုလေးစားမှုကိုလည်း ရရှိစေ၏။

သူတို့သည် ကမ္ဘာသစ်တွင် ခြေကုပ်ရယူပြီး ရောဂါများ၊ ဘေးဥပဒ်များနှင့် နတ်ဆိုးများကို တိုက်ဖျက်နိုင်သည့် နတ်ဘုရားတစ်ဆူ လိုအပ်ခဲ့သည်။ ပင်လယ်ကိုဖြတ်၍ သူတို့ကို ကာကွယ်စေခဲ့သော သင်္ဘောပေါ်မှ နတ်ဘုရားရုပ်တုကို ရွှေ့ကာ ဘုရားကျောင်းတစ်ခု ဆောက်ခဲ့သည်။

ချန်ယန်တောင်တွင် နတ်ကွန်းတစ်ခု တည်ထောင်ကာ နတ်ဘုရားရုပ်တုကို နတ်ကွန်းထဲသို့ ဖိတ်ခေါ်စေခဲ့သည်။ ထိုအချိန်မှစ၍ မင်မင်းဆက်၏ မြို့သစ်တွင် ပင်လယ်ကို ကြည့်ရှုကာ တောင်များကို စောင့်ကြပ်ပေးသော နတ်ဘုရားတစ်ပါး ပေါ်ထွက်ခဲ့သည်။

သူသည် ဤတောင်ကို စောင့်ရှောက်ပေးသော နတ်ဘုရားသာမက ကပ်ရောဂါဆိုးများကိုပါ ကင်းဝေးစေသော နတ်ဘုရားလည်း ဖြစ်သေး၏။ သူ ဆင်းသက်လာသော မင်မင်းဆက်မှ ပြည်သူများအတွက် ခရီးဝေးရွှေ့ပြောင်းမှုကြောင့် ဖြစ်ပွားဖူးသော ရောဂါများကို ကုသပေးတဲ့ သမားတော်လည်း ဟုတ်ခဲ့သည်။

သူသည် နတ်နုံရှစ် မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး အဝါရောင်ကျားများကို ကုသပေးကာ၊ စိမ်းပြာနဂါးများကို ကယ်တင်ပေးသည်။ တစ်ချိန်တည်းမှာပင် သူသည် နေကိုးစင်းမိုးကြိုးမီးကို ထိန်းချုပ်သူလည်း ဖြစ်သည်။

ကောင်းကင်ကိုးဘုံရှိ ဘုံသုံးပါးမှ ဆေးဘုရင်၊ ခိုင်းယွမ်၏ ကောင်းကင်ဘုံသခင်နှင့် သုံးလောကရဲ့ ကောင်းကင်ဆေးသူတော်စင် အဖြစ် လူသိများသည်။

သူဟာ စေ့ဆော်မှုနဲ့ ယမ်းမှုန့်များရဲ့ နတ်ဘုရား၊ စွင်းတကျန်းလည်း ဟုတ်သေးသည်။

သူတီထွင်ခဲ့တဲ့ သေနတ်မှုန့်က ကျင့်ကြံသူတွေရဲ့ ရွှေအမြုတေကို ပေါက်ကွဲစေပြီး အခြေတည်ဝိညာဥ်ဆို အခြေတည်ဝိညာဥ်ကို အပိုင်းပိုင်း ခွဲထုတ်ပစ်စေသည်။

ဘုရင်ကျန်းခေတ်တွင် သူသည် လူ့ဇာတိခံယူကာ အနောက်နွားရှင်းကျိုးသို့ ကြွလာခဲ့သည်။ တောင်များကြားတွင် လမ်းလျှောက်ကာ ရောဂါများ ကုသသည်။ လူများကို ကယ်တင်သည်။ သူ့နောက်လိုက်နေသော ကျားဝါသည် တောင်များကို စောင့်ကြပ်ကာ နတ်ဆိုးများကို မောင်းထုတ်ကာ စည်းစနစ်တကျ ထိန်းသိမ်းခဲ့သည်။

ချန်ယန်တောင်ပေါ်ရှိ နတ်အများအပြားသည် ဤကျား၏ ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ကြသည်။ ယခုအခါ ၎င်းတို့သည် တောင်များနှင့် မြစ်များကို ကာကွယ်ကာ လူအများကို ကာကွယ်ပေးသော နတ်များ ဖြစ်လာကြသည်။

ဆန်းကြယ်မြွေတောင်ကြီးက တောင်တန်းအရှင်ဘုံကျောင်းကို လှမ်းကြည့်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"တောင်တန်းအရှင်က အိပ်ပျော်နေတာ မဟုတ်ဘူးလား ဘာလို့ နိုးလာတာလဲ"

သူ့ဝိညာဉ်သည် ဦးခေါင်းထိပ်မှ ဆင်းသက်ကာ အနက်ရောင် ၀တ်စုံဖြင့် လူငယ်အသွင် ပြောင်းလဲသွားကာ အမွှေးတိုင် တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။

"မင်းက တောင်ရဲ့ အရှင်ဖြစ်ပြီး ငါက တောင်ရဲ့သားပဲ... ငါ့ကိုဖွားမြင်တဲ့ သူနဲ့ ငါ့ကို ကြီးပြင်းလာ​စေခဲ့တဲ့ သူအတွက် အမွှေးတိုင် ပူဇော်ရမယ်"

ချန်ရှီသည်လည်း ချန်ယန်တောင်က ထူးဆန်းသော အပြောင်းအလဲများကို သတိပြုမိလေသည်။ ထူးကဲသော စွမ်းအားများက တောင်ပေါ်မှ လွင့်ပျံကာ သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးဆီသို့ ပျံသန်းသွားခဲ့သည်။

ဒါဟာ တောင်ပေါ်ရှိ နတ်များက ပူဇော်ထားသော နံ့သာပေါင်းများ ဖြစ်၍ ထူးခြားသော စွမ်းအင်က ဘုံကျောင်းရဲ့ နတ်ရုပ်တု အသွင်အပြင်ကို ဖန်ဆင်းနိုင်သည်။ ဒါကြောင့် သူ၏ သေးငယ်သော ဘုံကျောင်းငယ်လေးထဲ ဝင်လာကြတာ ဖြစ်လိမ့်မည်။

၎င်းတို့ထဲတွင် စမ်းချောင်းမိန်းကလေးနဲ့ ဂျင်ဆင်းကလေးလေးလို ဝိညာဉ်ငယ်များအပြင် တောင်များပေါ်က ဧရာမသစ်ပင်များ၊ စပျစ်နွယ်ပင်များနှင့် ထူးဆန်းသော သားရဲများ၊ ရွာအသီးသီးရှိ လူများကို အကာအကွယ်ပေးသော ကန့်ညောင်များအပြင် ဆန်းကြယ်မြွေတောင်ကြီးနဲ့ အဘွားကျွမ်းတို့ တန်ခိုးကြီးသော နတ်များလည်း ပါသည်။

၎င်းတို့သည် ချန်ယန်တောင်ကို စောင့်ထိန်းရသော ဝိညာဉ်များဖြစ်သည်။ ၎င်းတို့သည် ဤတောင်၏ ကောင်းချီးများကို ခံယူကာ တောင်ရဲဲ့ မျိုးဆက်တွေ ဖြစ်လာ၏။ တောင်ပေါ်ကနေ ကျေးဇူးကို ခံယူ​ပြီးရင် တောင်ကြီးကို ပြန်ဆပ်ရမည်။

ဒါက ဝိညာဉ်ရေးရာနှင့် ရိုးရှင်းသောတန်ဖိုးဖြစ်သည်။

ချန်ရှီ မှန်ထဲကို ကြည့်လိုက်တော့ ဘုံကျောင်းငယ်၏ နတ်ကွန်းထဲက ကျား၏အသွင်အပြင်သည် တင်းရင်းကာ တည်ငြိမ်နေတာ တွေ့လိုက်ရသည်။ ကျားနတ်သဏ္ဌာန်က လုံးဝ တည်ငြိမ်သွားအောင် နှစ်ရက် သို့မဟုတ် သုံးရက် ကြာပုံရသည်။ ဒါကြောင့် အခု ပျက်စီးသွားမှာကို စိုးရိမ်စရာ မလိုပါ။

"ဒါပေမယ့် မနက်ဖြန်က ရလဒ်တွေထွက်မယ့်နေ့ပဲ...မနက်ဖြန်က နတ်ဘုရား ဆင်းသက်လာမယ့် ပွဲရှိတယ်....ငါ ပွဲတော်မှာ ပါဝင်ဖို့ ကျားကို ခေါ်သွားရင် ရပါ့မလား"

ချန်ရှီ စိတ်ပူပြီး ခန်းမတံခါးကို ပိတ်လိုက်သည်။ ထို့နောက် တောင်တန်းအရှင်ဘုံကျောင်းထဲက ထွက်ကာ ဟေးကော်ကို ခေါ်၍ လှည်းလေးဖြင့် တောင်ပေါ်က ဆင်းလာခဲ့သည်။

တောင်အောက်ခြေသို့ ရောက်သောအခါ ဟေးကော်က သစ်သားတွန်းလှည်း ရှေ့ကို ပိတ်ဆို့ကာ တောင်များဘက်ကို ဟောင်ရင်း ကြောက်ရွံ့နေပုံ ပြလာသည်။ ချန်ရှီလည်း သစ်သားလှည်းက ညင်သာစွာ တုန်ခါနေတာကို ခံစားမိလိုက်သည်။

သူ၏ အံ့အားသင့်မှု အလယ်တွင် တောင်တန်းများနှင့် လွင်ပြင်များပေါ်ရှိ ဝိညာဉ်သားရဲများက သူ့ဆီသို့ အပြေးအလွှား ​ပြေးလာနေတာတွေ၊ တောင်ကုန်းများကို ဖြတ်ကျော်ကာ ရေလွှမ်းမိုးနေသော တောနတ်တွေကို မြင်လိုက်ရသည်။

"ဝိညာဉ် သားရဲတွေ အများကြီးပဲ သူတို့ထဲက တစ်ကောင်သာ ငါ့ကို တက်နင်းသွားလို့ကတော့ ငါရွှံ့ထဲ နစ်သွားမှာ သေချာတယ်..."

ချန်ရှီ သစ်သားတွန်းလှည်းကို ခပ်သုတ်သုတ် စတင် မောင်းနှင်တော့သည်။ ရုတ်တရက် ကောင်းကင်က အလွန်တောက်ပသွား၏။ မော့ကြည့်လိုက်တော့ ကောင်းကင်မှ တောက်လောင်နေသော မီးတောက်တစ်ခုနဲ့ မီး၏ အနောက်ဘက်တွင် မီးခိုးမည်းများက မိုင်ပေါင်းများစွာကို ဖြတ်သွားတာ တွေ့လိုက်ရသည်။

"တစ်ဆယ်လေး မင်းဘာလို့ဒီကို ရောက်နေတာလဲ"

ချန်ရှီလည်း အသံလာရာကို လျင်မြန်စွာ လိုက်ကြည့်ရာ အဘွားရှားက ခြင်းတောင်းငယ်ကို ကိုင်ဆောင်ကာ ပြေးလာနေ၏။ မြေခွေးဖြူကြီး တစ်ကောင်လည်း ပါသေးသည်။ လည်ပင်းအောက်တွင် အနက်ရောင်လည်ကွင်းနှင့် အမြီးကိုးခုရှိကာ ဘုံကျောင်းဆီသို့ ပြေးတက်သွားသည်။

"မလုပ်နဲ့--"

မြေခွေးဖြူ၏ ပါးစပ်မှ လူအသံ ထွက်လာသည်။ မုတ်ဆိတ်မွေးနဲ့ ယောက်ျားတစ်ယောက်ရဲ့ အသံကို ယောင်ဝါးဝါး ကြားလိုက်ရသလိုပဲ။

ချန်သည် သားရဲများကြားတွင် တောရိုင်း သိုးတစ်ကောင် ပြေးလွှားနေတာ တွေ့ရပြန်သည်။ သိုးစိမ်းတစ်ကောင်ရဲ့ ရှေ့ကိုယ်ထည်မှာ အလွန်သန်မာပြီး ကြွက်သားများက တောင့်တင်း၏။ သန်မာသော ဦးချိုများက အလွန်ထက်မြက်သော ဓားသလို၊ ငါးပေ သို့မဟုတ် ခြောက်ပေရှည်သော ၎င်း၏လက်သည်းများကြောင့် အခြားဝိညာဉ် သားရဲများပင် ချဉ်းကပ်ဝံ့မည် မဟုတ်ပေ။

"ဦးလေးချင်းယန်!"

(ဘာသာပြန် - ဘာသာပြန်ဝင်ကြည့်တဲ့ website မှာ အစပိုင်းက တောင်ဆိတ်လို့ ရေးထားပါတယ်။ ဒီအပိုင်းမှာ သိုး လို့ ပြောင်းရေးထားပါတယ်။ ဘာသာပြန်လည်း သူ့အတိုင်းပဲ လိုက်ရေးပါ့မယ်)

ချန်ရှီ စိတ်ရှုပ်သွားသည်။

ဦးလေးသိုးစိမ်းကပါ ​​ဘာလို့ ဒီကို ရောက်နေတာလဲ။

ချင်းယန် အားအင်အပြည့်ဖြင့် ခုန်တက်ကာ တိမ်တိုက်များပေါ် တက်သွားသော်လည်း ခေါင်းကိုငုံ့လျက် အပြင်မှ ထွက်လာသော မီးကို ရှောင်နေပုံရသည်။ သို့သော် မီးက အလွန်ပြင်းထန်သောကြောင့် ချင်းယန်သည် မီးတွေကြားကနေသာ အရှိန်ပြင်းပြင်းဖြင့် ဖြတ်ပြေးသွားခဲ့ရသည်။

မြေခွေးဖြူရဲ့ အမြီးက ယိမ်းနွဲ့နေသည်။ ၎င်းအမြီးကြောင့် ကောင်းကင်ကြီးပေါ်က မရေမတွက်နိုင်သော မီးတောက် အပိုင်းအစများကို ပိတ်ဆို့ရန် ကြိုးစားရင်း အလွန်ထက်မြက်လွန်းစွာ ပြေးလွှားနေသည်။

ဒါပေမဲ့ မရေမတွက်နိုင်တဲ့ တောရဲ့ နေရာ အပိုင်းအစတွေကနေ မီးတောက်လောင်နေဆဲ။ မြေခွေးဖြူကြီး တောင်တန်းအရှင် ဘုံကျောင်းနားကို ရောက်အောင် ပြေးနေ၏။

နတ်သားရဲများစွာတို့သည် အချင်းချင်း ဟိန်းဟောက်ကြကုန်သည်။ တချို့က သူတို့၏ အတွင်းစိတ် အညစ်အကြေးများကို ယဇ်ပူဇော်ကြကာ တချို့ကလည်း သူတို့၏မွေးရာပါ မှော်အစွမ်းကို လှုံ့ဆော်ပေးကြပြီး တချို့မှာ လေထဲသို့ပျံသွားကာ မီးတောက်ထဲ ကျကုန်သည်။

တောင်ပေါ်က ဘုံကျောင်းအနားရှိ ရှေး​ဟောင်းသစ်ပင်ကြီးသည် ရုတ်တရက် အလွန်စိမ်းလန်းလာပြီး မီးကိုတားဆီးရန် ကြိုးပမ်းနေသည့် ဧရာမထီးကြီးအသွင် ဆောင်လာသည်။

၎င်းက ဝိညာဉ်အသိရှိသော သစ်ပင်တစ်ပင် ဖြစ်၏။ ယခုအချိန်တွင် တောင်တန်းအရှင်ဘုံကျောင်းကို ကာကွယ်ရန် ကြိုးစားနေသော်လည်း နောက်အခိုက်အတန့်တွင် မီးတောက်က သစ်ပင်ထိပ်ဖူးကို ထိုးဖောက်ဝင်ရောက်ကာ တောင်တန်းအရှင် ဘုံကျောင်းကို ထိမှန်သွားခဲ့သည်။

အလွန်တောက်ပသော အလင်းတန်းတစ်ခုသည် ရိုက်ခတ်သည့်နေရာမှ ထွက်ပေါ်လာ၏။ တစ်ဆက်တည်း အလွန်တောက်ပသော မီးလုံးကြီးတစ်ခုကို ကောင်းကင်မှ ပစ်လွှတ်လိုက်ရာ တောင်တန်းများ ကွဲအက်သွားကာ မရေမတွက်နိုင်သော ကျောက်တုံး အပိုင်းအစများ လေထဲသို့ ပျံတက်သွား​လေသည်။

ပူလောင်လွန်းသော လေပြင်းက ကျယ်ပြန့်လာသည်။ ၎င်းက မထင်မှတ်နိုင်သော စွမ်းအားများကို သယ်ဆောင်လာပြီး အရပ်ရပ်သို့ တိုက်ခတ်သွားသည်။

ဝိညာဉ်သားရဲများ မီးကြောင့် တိုက်ရိုက်လောင်ကျွမ်းသွားကာ တခဏချင်းတွင် ၎င်းတို့၏ အသားနှင့်အသွေးများ အားလုံး ပြာကျသွား၏။ ၎င်းတို့ရဲ့ အရိုးစုများကလည်း နောက်အခိုက်အတန့်တွင် နီရဲလာကာ ပူပြင်းသောလေကြောင့် လောင်ကျွမ်းသွားခဲ့သည်။

ချန်ရှီ လှည်းပေါ်မှ ခုန်ဆင်းကာ ဟေးကော်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ရင်း အပူလှိုင်းတိုက်စားမှုကို အပြင်းအထန် တွန်းလှန်တော့မည့်အခိုက် ရုတ်တရက် ပတ်ဝန်းကျင် ငြိမ်သက်သွား​လေသည်။ သူ့ပတ်ဝန်းကျင်ကို အလျင်စလို ကြည့်လိုက်တော့ ကြီးမားသော စွမ်းအင်များက သူ့ပတ်ဝန်းကျင်တွင် ပတ်ချာလည်နေပြီး ပူပြင်းသော လေကို ပိတ်ဆို့ထားတာ တွေ့လိုက်ရသည်။

ချန်ရှီ ဟေးကော်ကို လွှတ်ကာ တအံ့တသြနဲ့ မော့ကြည့်လိုက်သည်။

ဒါပေမဲ့ ကျောက်တုံးကြီးတွေက တဝွီးဝွီး ဟောက်ပြီး ကောင်းကင်ကနေ ပြုတ်ကျလာ​နေတာကိုသာ မြင်လိုက်ရ၏။ ချန်ရှီသည် တောင်ထိပ်ကို လှမ်းကြည့်လိုက်ရာ ကျိုးပဲ့နေသော တောင်ထိပ်မှ ထွက်လာသော မီးခိုးမည်းများအား တွေ့သွားသည်။

ဒီမြင်ကွင်းက သူ့အတွက် အရမ်းရင်းနှီးနေခဲ့သည်။

သူနှင့် သူ့အဖိုးတို့သည် လပွဲတော်သို့ အပြေးအလွှား သွားသောအခါတွင် မြေပြင်မှ တောင်ကုန်းငယ်တစ်ခု ထွက်ပေါ်လာပြီး တောင်ပေါ်တွင် ပျက်စီးနေသော ဘုံကျောင်းတစ်ခု ရှိနေတာကို တွေ့ခဲ့ရသည်။ သူအဲဒီမှာ ကျင့်ကြံခဲ့ပြီး နံနက်စောစော တောင်ပေါ်မှ ဆင်းသောအခါ ကောင်းကင်မှ ဥက္ကာခဲများ ကျလာပြီး ပျက်စီးနေသော ဘုံကျောင်းကို ရိုက်ခတ်ကာ တောင်ကုန်းကို ဖြိုခွင်းပစ်လိုက်သည်။

အခု ဒီမြင်ကွင်းက ထပ်ဖြစ်ပြန်ပြီ။

အိမ်ပြန်ရောက်ပြီးချင်း သူ့အဖိုးပြောခဲ့တဲ့စကားကို ချန်ရှီ သတိရသွားသည်။

"အနောက်နွားရှင်းကျိုးမှာ ဒီလိုမျိုးတွေ အများကြီး ဖြစ်ဖူးတယ်"

အဘိုးအိုက အလားတူ ​ဖြစ်ရပ်များစွာကို မြင်ဖူးသားလို့ ပြောခဲ့ဖူးသည်။

အခုလည်း ထပ်ပြီး ဖြစ်နေတာကို သက်သေပြလိုက်ပြီ။

ပေါက်ကွဲသံကြောင့် ချန်ရှီရဲ့ နားရွက်များ တုန်လှုပ်သွားသည်။ အဘွားရှားရဲ့ အသံကိုတောင် မကြားနိုင်ခဲ့။ မော့ကြည့်လိုက်မှ ဒဏ်ရာရှိမရှိ မေးသလို တစ်စုံတစ်ခု ပြောနေသည့် သူမ၏ စိုးရိမ်သောက မျက်နှာကိုသာ မြင်လိုက်ရသည်။

ဦးလေးသိုးစိမ်းသည် လေထဲတွင်ရပ်ကာ ကောင်းကင်နှင့်မြေကြီးကို ညွှန်ပြရင်း ကျိန်ဆဲသော စကားလုံးများကို တံတွေးထွေးထုတ်ကာ ဆိုနေသော်လည်း ချန်ရှီ မကြားနိုင်ပေ။

မြေခွေးဖြူသည် တုံ့ဆိုင်းသွားကာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ သူက အဝေးက တောင်တန်းများကို ရုတ်တရက် စိုက်ကြည့်ရင်း ပါးစပ်ကိုဖွင့်ကာ မီးကို တားဆီးရန် လုပ်ဆောင်နေသည့် ဆန်းကြယ်မြွေတောင်ကြီးကို အပြစ်တင်​နေပုံရသည်။

ချန်ရှီရဲ့ နားများက တုန်ခါနေသေးသည်။

အဘိုးပြောတဲ့ အတိုင်းဆို အနောက်နွားရှင်းကျိုးမှာ အလားတူ အရာများစွာ ရှိသော်လည်း အဘိုးနှင့် အခြားသူများသည် ထိုအချိန်က တန်ခိုးမရှိသဖြင့် ထိုဘုံကျောင်းများထဲက နတ်ဝိညာဥ်ပုံစံများကို မကယ်တင်နိုင်ခဲ့ပေ။

ဒါပေမယ့်……။

"ငါ ကယ်လိုက်ပြီ"

ချန်ရှီ နားမလည်နိုင်စွာ ပျော်ရွှင်နေမိ၏။ ထိုစကားကိုတော့ သူ့နှလုံးသားထဲတွင်သာ တိတ်တဆိတ် ပြောလိုက်သည်။

All Chapters