← Chapters

ငါလူသွားသတ်မလို့

Vol. 7 Ch. 97

ငါလူသွားသတ်မလို့

Vol. 7 Ch. 97

သွေးစွန်းသောလူသည် ထျန်းဟွာယိရဲ့ ဝိညာဉ် ဖြစ်ပြီး ရှန်ယွိရှန်းကို မကယ်တင်နိုင်ခဲ့ကြောင်း ပြောနေ၏။ ဆရာ့ရဲ့ နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့။ သူ အလွန်တွန့်ဆုတ်နေသော်လည်း သူ့ကိုယ်သူ မြေအောက်ကမ္ဘာထဲသို့ ဆွဲငင်ခံလိုက်သေးသည်။

"ဟွာယိ!"

ဖုလိန်ရှန်း အော်ဟစ်ပြီး ရုတ်တရက် ထရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အနီးနားတွင် မှောင်မဲနေကာ အေးစက်သော လေမရှိသလို သွေးစွန်းနေသော ထျန်းဟွာယိလည်း မရှိပေ။ သူ မသိလိုက်ဘဲ အိပ်ပျော်သွားပုံပါပဲ။

"ငါ နေ့တိုင်း တွေးပြီး ညတိုင်း အိပ်မက် မက်တယ်....ဟွာယိလို အထက်တန်း အရာရှိတစ်ယောက်အတွက် လစာကောင်းကောင်းနဲ့ ဆွဲဆောင်ရင် ရှန်ယွိရှန်းကို သစ္စာဖောက်သွားမှာ စိုးရိမ်နေရတာ..."

ထျန်းဟွာယိ သူ့လက်အောက်တွင် ရှိနေစဉ်ကလည်း သူသည် အမိုက်မဲဆုံးနှင့် အကြမ်းတမ်းဆုံး ကျောင်းသားဖြစ်ခဲ့သည်။ ကျောင်းမှာ အပြင်းအထန် မလေ့လာဘဲ သူ့ရှေ့က မိန်းကလေးရဲ့ ဆံပင်ကိုသာ အမြဲတမ်း ကစားလေ့ရှိတာကြာင့် ကျောင်းသူ​လေးတွေကို ငိုယိုသွားစေလေ၏။

သူက မိဘတွေကို ခေါ်ပြီး ထျန်းဟွာယိကို ရိုက်နှက်ပေးရသည်။ သိုင်းလေ့ကျင့်တဲ့အခါမှာလည်း ကောင်းကောင်း မလေ့ကျင့်တတ်။ ငါးသွားမျှားပြီး နှစ်ရက်လောက်အထိ ပေါ်မလာတော့ပေ။ ဒါပေမယ့် သူက အရမ်းကို ထက်မြက်ပြီး အရာအားလုံးကို မြန်မြန်ဆန်ဆန် သင်ယူနိုင်သည်။ အဲဒါကိုတော့ မေ့ပစ်ဖို့ ခက်ခဲပြီး ဥပမာတစ်ခုကနေ ကောက်ချက်ဆွဲနိုင်ပါ၏။

နောက်ပိုင်းတွင် ထျန်းဟွာယိဟာ ပညာရှင်စာမေးပွဲကို အောင်မြင်ပြီး နတ်ဘုရားထံမှ တတိယအဆင့် နတ်သန္ဓေသားကို ရခဲ့သောကြောင့် ခရိုင်အတွင်းရှိ နတ်သန္ဓေသားကြီးအဖြစ် သတ်မှတ်ခံခဲ့သည်။ တစ်စုံတစ်ယောက်က ၎င်းကို လုယူသွားမှာ စိုးရိမ်သောကြောင့် ထျန်းဟွာယိကို နေ့ရောညပါ စောင့်ရှောက်ခဲ့သည်။

ထိုအချိန်တွင် ချန်ရှီက နတ်သန္ဓေသားကို ခိုးယူလုယက်ခံရရာ သတင်းကြားကြားချင်း ဖုလိန်ရှန်းလည်း ထိတ်လန့်သွား၏။ မျှော်လင့်ထားသည့်အတိုင်း လူအုပ်စုများစွာက နတ်သန္ဓေသားကို လာလုယူကြသည်။

သူသည် ရန်သူကို တိုက်ထုတ်ရင်း ထျန်းဟွာယိကို ကယ်တင်ရန် ကြီးမားသော အခက်အခဲများကို ဖြတ်သန်းခဲ့ရသည်။ ဒီအဖြစ်အပျက်ကြောင့် ဆရာနဲ့ ကျောင်းသားကြားက ဆက်ဆံရေးက သားအဖလို ရင်းနှီးလာ၏။

နောက်ပိုင်းတွင် ထျန်းဟွာယိ စာမေးပွဲအောင်ပြီး အခြားနေရာသို့ ရောက်သွားသည်။ နယ်ခြားစောင့်တပ်၌ နှစ်ပေါင်းများစွာ စစ်မှုထမ်းပြီး ပြန်လာသောအခါတွင် မိုက်မဲပြီး ဒုက္ခရောက်နေသော ကောင်လေးမှ တည်ငြိမ်သော အရာရှိအဖြစ်သို့ ပြောင်းလဲသွားသည်။

အပြောင်းအလဲရဲ့ ပြင်းအားကို ဖုလိန်ရှန်းပင် အံ့ဩသွားခဲ့သည်။

သူအစိုးရိမ်ဆုံးမှာ ထျန်းဟွာယိဟာ တရားဝင်အာဏာစက်ထဲသို့ ဝင်လာပြီး သူ့ကို အသိအမှတ် မပြုနိုင်လောက်အောင် အရောင်ဆိုးသွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ် ရှန်ယွိရှန်း ဝမ်ချန်နတ်သန္ဓေသားကို ရရှိပြီးနောက် ထျန်းဟွာယိတစ်ယောက် ဖြောင့်မတ်သော လူငယ်မဟုတ်တော့မှာ စိုးရိမ်သဖြင့် သွားခါနီး ဆုံးမခဲ့သေးသည်။

"ငါ အရမ်းတွေးနေမိတာ ဖြစ်မှာပါ"

သက်ပြင်းတစ်ချက် ချလိုက်ပါ၏။

ထိုအချိန်တွင် ချန်ရှီက မီးခွက်ကိုကာကွယ်ရန် သူ့လက်ကို မြှောက်ထားတာ တွေ့လိုက်ရပြီး တံခါးအပြင်ဘက်ရှိ ခွေးနက်ကြီးကလည်း ဟောင်နေသေးသဖြင့် သူ မထိတ်လန့်ဘဲ မနေ​နိုင်​တော့ပေ။

ချန်ရှီက မှိန်းနေပြီး သူက စာဖတ်နေခဲ့တာမဟုတ်ဘူး။ သူဘာကြောင့် အိပ်ပျော်သွားပြီး ချန်ရှီက နိုးနေတာလဲ။

"လူကြီးမင်းဖု...ခင်ဗျား အိပ်ပျော်သွားတာ"

ချန်ရှီရဲ့ အသံက အနည်းငယ် တုန်နေ၏။

"အကြီးတန်း အစ်ကိုထျန်းက ဒီကိုလာပြီး အိပ်မက်တစ်ခု ပေးသွားတယ်... သူ သွေးထွက်နေတာကို မြင်ပေမယ့် သူ့ကို မတားနိုင်ခဲ့ဘူး... လူကြီးမင်းဖု ခရိုင်အစိုးရရုံးမှာ... တစ်ခုခုတော့ ဖြစ်သွားပြီ ထင်တယ်"

ဖုလိန်ရှန်းမှာ စိတ်တွေ တဒိန်းဒိန်း အသံနဲ့အတူ လန့်သွား၏။ သူ့ခန္ဓာကိုယ်က အလိုလို တုန်ခါလာပြီး စားပွဲခုံကို လက်နှစ်ဖက်နဲ့ အမြန်ကိုင်ကာ တည်ငြိမ်နေစေဖို့ ထိန်းထားသည်။ စကားလုံးတွေက လည်ချောင်းထဲ ရောက်တာနဲ့ မျက်ရည်ပူနှစ်ကြောင်းက အရင် စီးကျလာခဲ့သည်။

သူ့လက်ကို မြှောက်ပြီး သုတ်လိုက်ပေမယ့် မျက်ရည်တွေက ပိုပိုလျှံကျလာ၏။

သူသည် ကွန်ဖြူးရှပ်ဘာသာကို နှစ်ပေါင်းများစွာ သင်ကြားပြီးနောက် သူ၏ တာအို နှလုံးသားသည် ကျောက်တုံးကဲ့သို့ ခိုင်ခံ့လာပြီမလို့ ဒီပြဿနာကိုလည်း ခံနိုင်ရည်ရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ဘဲ မျက်ရည်များက မထိန်းနိုင်စွာ စီးကျလာသည်။

"ငါ……"

သူ့ခန္ဓာကိုယ်ကို ထောက်ထားရတဲ့ လက်သီးတွေက တဆတ်ဆတ် တုန်နေကာ သူ့မျက်လုံးထဲမှာ မျက်ရည်တွေကို မတားနိုင်သေးချေ။

"ချန်ရှီ ငါ့ကို တစ်ယောက်တည်း နေခွင့်ပေးပါ..."

ဖုလိန်ရှန်း ခက်ထန်စွာ ပြောလိုက်သည်။

ချန်ရှီသည် ငြိမ်သက်စွာ မတ်တပ်ထရပ်ကာ ခန်းမထဲမှ ထွက်သွားခဲ့သည်။ နောက်ပြန်ကြည့်လိုက်ရာ စားပွဲပေါ်၌ လဲလျောင်းနေသော ဖုလိန်ရှန်းရဲ့ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တသိမ့်သိမ့် တုန်လှုပ်နေတာကို တွေ့လိုက်ရသည်။

"ဟွာယိ! မင်း မရိုက်နိုင်ရင် ထွက်ပြေးရမယ်လို့ ငါမင်းကိုမသင်ပေးထားဘူးလား"

သူသည် မျက်ရည်ကျကာ ထျန်းဟွာယိအား ဘယ်လို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမလဲမသိသော ကလေးလို ကြိမ်းမောင်း​နေ​တော့သည်။

"မင်း ရှန်ယွိရှန်းကို ထားခဲ့ပြီး ထွက်ပြေးလို့ရတယ်! သူတို့က မင်းရဲ့အသက်ကို မဟုတ်ဘဲ ရှန်ယွိရှန်းကို လိုချင်နေတာ! မင်းက ရှင်းရှန်ခရိုင်ရဲ့ တရားရုံးအရာရှိနဲ့ စစ်ဆေးသူပဲ... မလိုအပ်ရင် မင်းအသက်ကို ယူမှာ မဟုတ်ဘူး!"

"ထွက်ပြေးရမယ်! ရှန်ယွိရှန်းက ငါ့ကျောင်းသား... မင်းလည်း ငါ့တပည့်ပဲ မင်းဘာလို့ ထွက်မပြေးတာလဲ မင်း အရမ်းမိုက်မဲတာပဲ!"

……

ချန်ရှီသည် ဟေးကော်ဘေးတွင် ထိုင်ကာ ခွေးကြီးအား ပွေ့ဖက်လျက် ခရိုင်မြို့၏ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ တောက်ပသော လက ကောင်းကင်၌ ရှိနေသောကြောင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

"ခရိုင်မှာ နတ်ဆိုးမရှိဘူးလို့ ဘယ်သူပြောလဲ... နတ်ဆိုးတွေက လူတွေရဲ့ နှလုံးသားထဲမှာ ပုန်းနေကြတာ!"

ချန်ရှီ တိုးတိုး​လေး ပြောလိုက်သည်။

အချိန်ဘယ်လောက် ကြာသွားသလဲ မသိသော်လည်း ဖုလိန်ရှန်း ခန်းမထဲမှ ထွက်လာတဲ့အခါ သူ့မျက်လုံးများက နီရဲနေပြီ။ မျက်လုံးအောက်မှ မျက်အိတ်များက ရောင်ရမ်း​နေကာ လက်ထဲတွင် ဆီမီးခွက်တစ်လုံးကို ကိုင်ထားသည်။ အသံကလည်း အနည်းငယ် တုန်လျက်။

“ချန်ရှီ စောစောအိပ်ပါ... ငါတို့ မနက်ဖြန် ရလဒ်တွေကို ရမှာမလား"

ချန်ရှီ မော့ကြည့်လိုက်တော့ ဖုလိန်ရှန်းက သူ့ကို မကြည့်ချေ။ မီးပုံးကိုကိုင်ပြီး ဝါးတောအနားက ဖြတ်သွားသောအခါ ဝါးတိုင်တစ်တိုင်ကို ဖြတ်ယူပြီး လှံတံအဖြစ် အသုံးပြုသွားခဲ့သည်။ ချန်ရှီက သူ့နောက်ကို လိုက်သွားတာကြောင့် ဟေးကော်ကလည်း ချန်ရှီနောက်ကို လိုက်သွားရ၏။

ဖုလိန်ရှန်းက ရပ်တန့်လိုက်ပြီး "ချန်ရှီ... ပြန်သွားပါ မင်းဒီမှာ ဘာမှလုပ်စရာ မရှိဘူး"

ချန်ရှီ ခေါင်းယမ်းပြီး "ကျွန်တော် ကျောင်းမှာ တစ်ယောက်ထဲနေရမှာ... နတ်သန္ဓေသားကို မရအောင် တစ်ယောက်ယောက်က ကျွန်​တော့်ကို လာသတ်မှာ ကြောက်တယ်"

ဖုလိန်ရှန်း ဘာမှဆက်မပြောတော့ဘဲ ရှေ့ကိုဆက်သွားသည်။ ချန်ရှီနဲ့ ဟေးကော်တို့လည်း သူ့အနောက်က တိတ်တဆိတ် လိုက်သွားကြရာ မကြာခင်မှာပဲ ခရိုင်အစိုးရရုံးသို့ ရောက်လာခဲ့သည်။

ခရိုင်အစိုးရရုံးရဲ့ တံခါးက ပွင့်လာသည်။ အတွင်းဘက်တွင် မှောင်မဲနေသဖြင့် ဖုလိန်ရှန်းက ဝါးတိုင်ပေါ်တွင် မီးခွက်ကို ချိတ်လျက် ခရိုင်အစိုးရရုံးထဲသို့ လျှောက်ဝင်သွား၏။

အထဲမှာ တိတ်ဆိတ်နေလျက်သား။

ချန်ရှီ သူ့ခြေဖဝါးအောက်တွင် ကပ်ငြိနေသည့် အရာတစ်ခုကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်တော့ သွေးတွေ ဖြစ်နေသည်။ အရှေ့ကို လှမ်းကြည့်တော့ သွေးအိုင်ကို တွေ့ရသည်။ သွေးအိုင်ထဲတွင် လဲလျောင်းနေသော ထျန်းဟွာယိရဲ့ အလောင်းကို မြင်ပြီးတော့ သူ ဘာမှ ပြောမထွက်တော့ပေ။

ဖုလိန်ရှန်းက မီးခွက်ကို ဘေးဖယ်ထားလိုက်ပြီး သူ့တပည့်၏ မျက်နှာကို ထိလိုစိတ်ဖြင့် ထိန်းမနိုင်သိမ်းမရ လှုပ်ယမ်းကာ သူ့လက်ကို မြှောက်လိုက်သည်။ ထျန်းဟွာယိရဲ့ မျက်နှာသည် ဖြူဖျော့နေ၏။ မျက်လုံးများက တစ်ဖက်တည်းသို့ စောင်းလျက်ရှိသည်။

ဖုလိန်ရှန်း သူ့လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ ရှန်ယွိရှန်းဟာ မဝေးလှသော ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူတို့ဘက်သို့ ကြောက်ရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ဖုလိန်ရှန်း မတ်တပ်ထရပ်ပြီး ကလေးဆန်သော မျက်နှာနဲ့ ကောင်လေးဆီ ရောက်လာ၏။ သူ ကျောင်းသားအပေါ် ဒေါသအရိပ်အယောင် တစ်စုံတစ်ရာ မခံစားရပါ။

ရှန်ယွိရှန်းရဲ့ ဦးခေါင်းနောက်ကို ထိလိုက်သည်နှင့် သူ့ဦးခေါင်းခွံ ပွင့်ထားတာကို တွေ့လိုက်သည်။ သူ့လက်တွေက သွေးတွေနဲ့ နီရဲသွား၏။ ဖုလိန်ရှန်းရဲ့ ပါးစပ်ထောင့်က ငို​နေသလို တုန်သော်လည်း မျက်ရည်မကျလာတော့။ ရှန်ယွိရှန်းရဲ့ သူ့မျက်လုံးများကို မှိတ်ပေးရန် လက်ဖဝါးသန့်သန့်ကို သုံးလိုက်သည်။

တစ်ဖန် ထျန်းဟွာယိ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်လိုက်သည်။ အလောင်းက စကားမပြောနိုင်သော်လည်း အသုံးဝင်သော အချက်အလက်များစွာ ချန်ထားခဲ့နိုင်သည်။

ပြိုင်ဘက်က ဘယ်လို မှော်စွမ်းအင်ကို သုံးသွားသလဲ၊ ဘယ်နယ်ပယ်မှာရှိလဲ၊ ပြိုင်ဘက်က ဘယ်လို ရွှေအမြုတေလဲ၊ နတ်ဝိညာဥ်နဲ့ အခြေတည်ဝိညာဥ်လား ဆိုတာကို အလောင်းပေါ်မှာ သဲလွန်စတွေ ချန်ထားခဲ့လိမ့်မည်။

ချန်ရှီသည် ခရိုင်အစိုးရရုံးတွင် ကိန်းဝပ်နေသော ဝိညာဉ်တစ်သောင်းအလံကို စိုက်ကြည့်နေသည်။ ၎င်းက မှော်လက်နက် တစ်ခုဖြစ်ပြီး ၎င်းထဲတွင် ပိတ်လှောင်ခံထားရတဲ့ ဝိညာဉ်များက ရာဇ၀တ်မှု ကျူးလွန်သူတို့၏ ဝိညာဉ်များသာ ဖြစ်လေ့ရှိသည်။

ဒီရတနာက တန်ခိုးကြီးလွန်းလှသဖြင့် အပြင်က ရှဲ့အဆင့် ဆွေ့အဆင့် နတ်ဆိုးများမှာ ခြေတစ်လှမ်းပင် မချဥ်းကပ်ရဲကြပေ။ တန်ခိုးကြီးသော ရန်သူများနဲ့ နတ်ပြောင်းလဲခြင်း နယ်ပယ်က သခင်များကိုပင် တိုက်ထုတ်နိုင်စေသည်။

ဝိညာဉ်အလံဟာ တန်ခိုးစွမ်းအင် အတက်အကျမရှိဘဲ ယခုအချိန်တွင် ယဇ်ပလ္လင်ပေါ်၌ ရှိနေဆဲဖြစ်သည်။ ထျန်းဟွာယိဟာ ဝိညာဥ်တစ်သောင်းအလံကို မသုံးရသေးခင် ရန်သူ့လက်ထဲ၌ သေဆုံးသွားရတာ ဖြစ်လိမ့်မည်။

ထျန်းဟွာယိသည် တစ်နှစ်ပတ်လုံး စစ်မှုထမ်းခဲ့ရပြီး ၎င်း၏ တိုက်ပွဲအတွေ့အကြုံက အလွန်အံ့သြဖွယ် ကောင်းသောကြောင့် ဝိညာဉ်တစ်သောင်းအလံကို မသုံးရသေးဘဲ သေဆုံးသွားစရာ အကြောင်း မရှိပေ။

ပြိုင်ဘက်သည် နတ်ဝိညာဥ်ကို မွေးမြူထားရင်တောင် သူသည် ၎င်းကို တိုက်ခိုက်ရန်အတွက် အလံကို အသက်သွင်းနိုင်သေးသည်။

"ဝိညာဉ်တစ်သောင်းအလံက တစ်ခါ သုံးထားတယ်..."

ဖုလိန်ရှန်းက ဆိုသည်။

"ဒါပေမယ့် သုံးလိုက်တဲ့လူက ဟွာယိ မဟုတ်ဘူး"

ချန်ရှီ အနည်းငယ် ထိတ်လန့်သွားသည်။ ထျန်းဟွာယိ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သာမန်ဒဏ်ရာများ မဟုတ်ပေ။ ဒဏ်ရာများမှ သွေးများ တစွတ်စွတ်ကျလာပြီး ထိတွေ့လိုက်တိုင်း အေးစက်နေလေသည်။ ချန်ရှီမှာ သူ့ရင်ဘတ်ပေါ်ရှိ စိမ်းပြာရောင် တစ္ဆေလက်သည်းကို တွေးမိလိုက်တဲ့အခိုက် သူ့နှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။

"ဒါက နာကြည်းတဲ့ သရဲတစ္ဆေကြောင့် ဖြစ်ရတဲ့ ဒဏ်ရာပဲ!"

"ဒါကကျတော့ ဝိညာဉ်တစ်သောင်းအလံကြောင့် ဖြစ်ရတဲ့ ဒဏ်ရာပဲ"

ဖုလိန်ရှန်းရဲ့ မျက်လုံးများက ဝိညာဥ်တစ်သောင်းအလံကို စိုက်ကြည့်ကာ။

"ဝိညာဉ်တစ်သောင်း အလံထဲက နာကျည်းနေတဲ့ ဝိညာဉ်တစ္ဆေတွေက အစကတည်းက အရမ်းသန်မာတယ်... နှစ်ပေါင်းများစွာ အမွှေးတိုင်နဲ့ ပူဇော်ခံထားရတော့ ပိုတောင် အားကောင်းလာကြသေးတယ်...ဒါပေမဲ့ ဟွာယိက ဒီရတနာကို သုံးဖို့ အချိန်မရသေးခင် ရန်သူက အသက်သွင်းသွားခဲ့တာ..."

ချန်ရှီ အံ့အားသင့်သွားသည်။ ထျန်းဟွာယိက ဘာကြောင့် ဝိညာဥ်တစ်သောင်းအလံကို မကိုင်ထားခဲ့တာလဲ။

ဖုလိန်ရှန်း အပြင်ဘက် အမှောင်ထုကို လှမ်းကြည့်ရင်း သူ့အသံက တဖြည်းဖြည်း ခက်ထန်လာ၏။

"ခရိုင်အစိုးရရုံးကို အစိုးရအရာရှိတွေက အမြဲစောင့်ကြပ်ထား​သင့်တယ် ဒါပေမယ့် ဒီမှာ တာဝန်ကျတဲ့ အစိုးရအရာရှိတွေ မရှိဘူး... အစိုးရရုံးမှာ တိုက်ပွဲဖြစ်သွားပေမဲ့ အစိုးရအရာရှိတွေက လာစစ်ဆေးတာ မရှိဘူး"

ဝိညာဥ်တစ်သောင်းအလံကို စောင့်ကြပ်နေတဲ့ တစ်ခုတည်းသော လူများက ခရိုင်အစိုးရအရာရှိများကို သတ်လိုက်ကြသလား။

သို့သော် ရှင်းရှန်ခရိုင်ရဲ့ ခရိုင်မှူးက သေဆုံးသွားပြီ။ ကျန်းစစ်ယွင်က ထျန်းဟွာယိထက် အဆပေါင်းများစွာ အင်အားနည်းသောကြောင့် ထျန်းဟွာယိကို ဒီလောက် ရိုးရှင်းစွာ သတ်သွားနိုင်ဖို့က မဖြစ်နိုင်ချေ။ ရှင်းရှန်ခရိုင်မှာ သခင်များစွာရှိသော်လည်း ထျန်းဟွာယိက ရှင်းရှန်မြို့ရဲ့ ခရိုင်စစ်ဆေးရေးမှူးဖြစ်ပြီး သူ့​ရာထူးမှာ ကြီးကြီးမားမား မဟုတ်သော်လည်း နယ်ချဲ့တရားရုံးမှ အရာရှိတစ်ဦး ဖြစ်သည်။

ချန်ရှီ: "ဒါဆို အပြင်ကလူပဲ ဖြစ်နိုင်တယ်.... အခုအချိန်မှာ ပြင်ပလူတွေထဲမှာ သြဇာအရှိဆုံးသူတွေက ချွမ်ကျိုးကလာတဲ့ လီမိသားစုပဲ... ဘုရင်ခံ လီရှောက်ကျန့်က ရှင်းရှန်ခရိုင်က ဖြတ်သွားတယ်မလား?"

ဖုလိန်ရှန်းရဲ့ မျက်လုံးများ မှိတ်သွားကာ မီးခွက်ကို ကောက်ကိုင်၍ လှည့်ထွက်ခဲ့သည်။

"ဘုရင်ခံလီက မနေ့က ပြည်နယ်မြို့တော်ကို အပြေးအလွှား သွားပြီး ရာထူးတိုးယူရတော့မှာ သူက ရှင်းရှန်ခရိုင်မှာ မဟုတ်​တော့ဘူး ချန်ရှီ ဒီကိစ္စကို မေးစရာ မလိုပါဘူး..."

ချန်ရှီ ဘာမှပြန်မပြောဘဲ သူ့နောက်ကိုသာ ဆက်လိုက်သွားခဲ့သည်။ ဖုလိန်ရှန်းက ခေါင်းတလားလုပ်တဲ့ ဆိုင်တံခါးကို ခေါက်လိုက်ပြီး ဆိုင်ရှင်ကို စကားပြောနေသံ ကြားလိုက်ရသည်။

“ခေါင်းတလား နှစ်ခု... အရည်အသွေး ကောင်းတာ လုပ်ပေးပါ”

ခေါင်းတလားဆိုင်ရဲ့ ဆိုင်ရှင်လည်း အံ့သြသွားပြီး အမြန်မေးလိုက်သည်။

“လူကြီးမင်းဖု... ဘာဖြစ်တာလဲ”

"ဘာမှမဟုတ်ဘူး"

ဖုလိန်ရှန်းက စကားသိပ်မပြောဘဲ နောက်ထပ်တစ်ခေါင်းကို ထပ်မှာကာ ခေါင်းတလား ၃ ခုဆို ဘယ်လောက်ကျသင့်လဲလို့ မေးလိုက်သည်။

"ထင်းရူးသစ်သားနဲ့ လုပ်ထားတာ... ငွေ၆တုံး ကျမယ်"

ဖုလိန်ရှန်းက စျေးမလျှော့ခိုင်းတော့ဘဲ ပိုက်ဆံပေးချေလိုက်သည်။

"လူတချို့ကို သစ်သားခေါင်းတလား နှစ်ခုထမ်းပြီး ခရိုင်အစိုးရရုံးကို ပို့ပေးပါ... အစိုးရရုံးမှာ အလောင်းနှစ်လောင်း ရှိတယ် သူတို့တွေကို သေချာလေး မြှုပ်ထားပေး... အခုလောလောဆယ်တော့ ဆိုင်မှာ နောက်ထပ်တစ်လုံးကို သိမ်းထားလိုက်ဦး...."

ခေါင်းတလား ဆိုင်ရှင်ကလည်း အံ့သြနေ၏။ သာမာန်အားဖြင့် ဖုလိန်ရှန်းဟာ ငွေစတစ်စကိုတောင် အချိန်အတော်ကြာအောင် ညှိနှိုင်းရတဲ့ ဈေးဆစ်သူကြီးဖြစ်ကာ စျေးနှုန်းများနဲ့ ပတ်သက်ရင် အတော်အကြာ ငြင်းခုံနေရတတ်သည်။

"သေပြီးရင် အားလုံး ပြီးသွားပြီ... လူကြီးမင်းဖုက နောက်ဆုံးအခေါင်းကို သူ့အတွက်သူ ပြင်ထားတာလား"

ဆိုင်ရှင်က ခဏလောက်စဉ်းစားပြီး အလုပ်သမားတွေကို လှည့်ပြောလိုက်သည်။

"ခရိုင်အစိုးရရုံးကို သွားပြီး အလောင်းကောက်ခဲ့... ကောက်ယူပြီး ဘာမှ မမေးနဲ့... ဒီရက်ပိုင်း အတွင်း သတိထားနေကြ... လူကြီးမင်းဖုနဲ့ ပတ်သက်တဲ့ ကံဆိုးတဲ့ သတင်းတစ်ခုခု ကြားရင် ငါ့ကိုလာပြောပြပေး... ဒီလို စီးပွားရေးမှာ စိတ်ချယုံကြည်မှုက အရေးကြီးတယ်"

ဆိုင်အလုပ်သမားက ခေါင်းတဆက်ဆက် ညိတ်၏။

ချန်ရှီသည် ဖုလိန်ရှန်းနောက်သို့ လိုက်လာနေဆဲ။ အလုပ်သမားများက ထျန်းဟွာယိနဲ့ ရှန်ယွိရှန်းတို့အား ခေါင်းတလားထဲသို့ အမြန်ထည့်နေတာကို တွေ့လိုက်ရသည်။

မသိလိုက်ခင်မှာပဲ မိုးလင်းနေပြီ။

သူတို့နှစ်ဦးသည် တစ်ညလုံး အိပ်မပျော်ခဲ့ကြ။ ခေါင်းတလား နှစ်ခုအား ဝမ်ချိုင်ကျောင်းတော်၌ ယာယီသိမ်းဆည်းထားရန် ဆုံးဖြတ်ပြီး ခေါင်းတလားသယ်သွားသော သစ်သားလှည်းနောက်သို့ လိုက်ခဲ့ကြသည်။

ထူးဆန်းတာက ခရိုင်အစိုးရမှာ သူတို့တစ်ညလုံး အလုပ် လုပ်ခဲ့ပေမယ့် အဲဒီအကြောင်းကို အမှုထမ်းတွေ တစ်ယောက်မှ လာမမေးကြချေ။

ဖုလိန်ရှန်း: "ချန်ရှီ ဒီနေ့ အောင်စာရင်းတွေ ထွက်လာတဲ့နေ့ပဲ... မင်းနဲ့ မင်းရဲ့ အတန်းဖော်တွေ အောင်စာရင်းကြည့်ဖို့ သွားကြ... ငါ တစ်ညလုံး မအိပ်ရ​သေးဘူး အနားယူဖို့ အိမ်ပြန်လိုက်ဦးမယ်... ငါ့ကိစ္စ မင်းစိတ်ပူစရာ မလိုပါဘူး.... ရှောက်ကျင် မင်းကို ကူညီ​ပေးဖို့ တောင်းဆိုတုန်းက သူငါ့ကို ပိုက်ဆံပေးခဲ့တယ် ဒါပေမဲ့ မင်းဆီကလည်း ယူခဲ့တယ်... မင်း ကျောင်းအတွက် ဘာမှလုပ်ပေးစရာ မလိုတော့ပါဘူး!"

ချန်ရှီ: "လူကြီးမင်းဖု... အကြောင်း တစ်ခုခုရှိလာရင် ကျောင်းကို လာပြီး ကျွန်တော့်ကို အသိပေးပါ"

ဖုလိန်ရှန်း အနည်းငယ် ခေါင်းညိတ်ပြပြီး အိမ်ပြန်သွားခဲ့သည်။

ဟူဖေးဖေး ပြောသည့်အတိုင်း သူ့အိမ်သည် အလွန်ဇိမ်ကျ၏။ တစ်ဧကကျော်ရှိပြီး အရှေ့ဘက်နှင့် အနောက်တောင်ပံ၌ ပင်မအဆောက်အဦများ တည်ဆောက်ထားသည်။ ရေကန်ငယ်တစ်ခုနဲ့ ဇီးပင်များ၊ သစ်ခွပင်များလည်း ရှိသည်။

နေရာကျဉ်းပေမယ့် အရာအားလုံးကို သပ်သပ်ရပ်ရပ် နေရာချထားလေသည်။ သူ့ဇနီးသည်က ပြုစုစောင့်ရှောက်တတ်သူဖြစ်ပြီး အိမ်ကိုလည်း သပ်ရပ်အောင် ထိန်းတတ်သူပင်။ ကလေးနှစ်ယောက်ကလည်း အိမ်ထောင်ကျပြီး​ပြီဖြစ်လို့ စိတ်ပူစရာ မလိုတော့ချေ။

သူ့မိန်းမက မနက်စာပြင်ပြီးပြီ။ သူ ပြန်လာတာကိုတွေ့တော့ ချက်ချင်း ပြေးလာ၏။

"မနေ့ညက တစ်ခုခုဖြစ်သွားပြီလား"

"ဘာမှမဖြစ်ဘူး"

ဖုလိန်ရှန်းက ယာဂုသောက်ရင်း။

"ရှို့ရုန်... ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ့်နောက်ကို လိုက်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်"

သူ့မိန်းမက သူ့ဘေးမှာထိုင်ပြီး ထမင်းစားနေတာကို ကြည့်နေ၏။

"ဘာတွေပြောနေတာလဲ... ကျွန်မက အိမ်ထဲမှာပဲ အလုပ်ကြိုးစားနေတာ... ရှင်ကသာအပြင်မှာ အလုပ်လုပ်နေရတာလေ...."

ဖုလိန်ရှန်း: "မင်ကျစ်နဲ့ ကျစ်ယွမ်တို့ နှစ်ယောက်စလုံး အိမ်ထောင်ကျသွားပြီ သူတို့မှာ အနာဂတ်မရှိပေမယ့် အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်ပါတယ်... မင်းမွေးရပ်မြေကို မပြန်တာကြာပြီ... မိဘနဲ့ ယောက္ခမအတွက် ငွေစက္ကူတွေ ဘာလို့ သွားမပေးတာလဲ မနေ့ညက အိပ်မက်မက်တယ် ပိုက်ဆံမရှိဘူးလို့ ပြောကြတယ်"

ဇနီးသည်က တုံ့ဆိုင်းနေပြီး "တစ်ခုခုဖြစ်သွားတာလား?"

"မဟုတ်ဘူး... ကျေးလက်က မငြိမ်းချမ်းဘူး... မင်းနဲ့အတူ သားနှစ်ယောက်နဲ့ သူတို့ရဲ့ ဇနီးမယား သားသမီးတွေကို အဲဒီကို ခေါ်သွားလိုက်... မင်းရဲ့ မွေးရပ်မြေမှာ ရက်နည်းနည်းလောက် အပန်းဖြေပြီးမှ ပြန်လာကြပေါ့"

"ရှင်ကရော?"

"မသွားပါဘူး... မြို့ထဲမှာ လုပ်စရာတွေ ရှိသေးတယ်"

ဇနီးသည်က ငိုပြီး :"တစ်ခုခုဖြစ်ခဲ့တာမလား... ရှင် နေခဲ့ဖို့ လို​​သေးလို့လား"

ဖုလိန်ရှန်းက ခဏလောက် နှုတ်ဆိတ်သွားသည်။

"နေရမယ်... မင်းသွား ထုပ်ပိုးလိုက်တော့ ဒီနေ့ထွက်သွား.... မြန်မြန်လေးလုပ် ကိုယ်အိပ်တော့မယ်... မနှောက်ယှက်တော့နဲ့ မင်ကျစ်နဲ့ ကျစ်ယွမ်ကိုလည်း မလာစေနဲ့... နက်ဖြန် ကိုယ်အသက်ရှင်ရင် မင်းတို့ကို လာရှာမယ်"

ဇနီးသည်မှာ ပစ္စည်းတွေ ထုပ်ပိုးရင်း မျက်ရည်တွေကို သုတ်လိုက်သည်။ ဖုလိန်ရှန်းက လုံလောက်စွာ စားသောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

ကျောင်းသားတွေ အများကြီး ဝမ်ချိုင်ကျောင်းတော်သို့ ရောက်ရှိလာကြသည်။ ကျောင်းဝန်းထဲမှာ ချထားသည့် ခေါင်းတလားနှစ်ခုကို မြင်တဲ့အခါ အဖြစ်အပျက်ကို ခန့်မှန်းကြသည်။ ဟူဖေးဖေး မေးပေမယ့် ချန်ရှီက ဘာမှ မပြောချေ။

မွန်းတည့်အချိန်၌ ရလဒ်များကို ထုတ်ပြန်သည်။ ကျောင်းသားများက စာရင်းကြည့်ရန် ခရိုင်အစိုးရရုံးသို့ ရောက်ရှိလာသည်။

"အစ်ကိုချန်....နင် အောင်သွားပြီ... ရှင်းရှန်မြို့မှာ နံပါတ်တစ်တဲ့နော်..."

ဟူဖေးဖေး အလွန်စိတ်လှုပ်ရှားသွားပြီး ပါးစပ်မပိတ်တော့ချေ။

"နင်က စာပေမှာ အရမ်းထူးချွန်တယ်... အထက်တန်းကျောင်းကိုလည်း တကယ် တက်နိုင်မယ်ဆိုတာ ငါ​တောင် မယုံနိုင်ဘူး! ဟေး ထူးဆန်းလိုက်တာ... ဘာလို့ ရှန်ယွိရှန်းရဲ့ နာမည်က မရှိတာလဲ"

သူမသည် စာရင်းကို အပေါ်အောက် ငုံ့ကြည့်သော်လည်း ရှန်ယွိရှန်း အမည်ကို မတွေ့ချေ။ ယုတ္တိနည်းအရ ပြောရလျှင် ရှန်ယွိရှန်းဟာ နတ်သန္ဓေသားကို ရရှိထားသောကြောင့် စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသင့်သော်လည်း ဘာကြောင့်မသိ သူမသည် အကြိမ်ပေါင်းများစွာ ဖတ်နေတာတောင် ရှန်ယွိရှန်းကို ရှာမတွေ့ခဲ့ပေ။

ရှန်ယွိရှန်းရဲ့ နာမည် ပျောက်ဆုံးနေရုံသာမက စစ်ဆေးသူ ထျန်းဟွာယိ သေဆုံးသွားတဲ့ သတင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ စာမေးပွဲ စစ်ဆေးသူ သေဆုံးသွားတာက တိတ်တိတ်ဆိတ်ဆိတ်ပင်။

ချန်ရှီ သူ့စိတ်ထဲမှာ တိတ်တဆိတ်ပြောခဲ့တယ် "အဲဒီမိန်းမကြီးက သဘာဝလွန် စွမ်းအားတွေ ရှိနေတာလား...ရှင်းရှန်မြို့ရဲ့ ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ဖုံးပစ်နိုင်တယ် ဆိုတော့..."

အောင်စာရင်းကြေငြာပြီး နောက်တစ်နေ့တွင် နတ်ဘုရားရဲ့ ကြီးကျယ်သော ယဇ်ပူဇော်ပွဲဖြစ်သည်။

နတ်ဘုရား ယဇ်ပူဇော်ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပပြီး ခရိုင်အတွင်းရှိ လူများက ဤပွဲတော်ကို ပွဲတော်​ကြီး တစ်ခုအဖြစ် သတ်မှတ်ကြ၏။ နေရာတိုင်းတွင် မီးပုံများကို ရောင်စုံအလှဆင်မှုများဖြင့် ချိတ်ထားကြကာ ဆိုင်ရှင်များက စျေးလျှော့နေတဲ့ သူတို့ပစ္စည်းတွေကို ကြွေးကြော်ပြနေကြသည်။

ချန်ရှီ၊ ဟူးဖေးဖေးနဲ့ ကျောင်းသား အများအပြားသည် ခေါင်းပေါ်တွင် အနီရောင် ပဝါနှင့် ဖဲကြိုးများ ဝတ်ဆင်ကြပြီး ခါးပတ်ပတ်လည်တွင် အစိမ်းရောင် ခါးပတ်များ ၀တ်ဆင်ထားရသည်။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဖုလိန်ရှန်းက ၎င်းတို့၏ အဝတ်အစားများကို ကိုယ်တိုင်ကိုယ်ကျ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပေးနေသည်။ ချန်ရှီ ရင်ဘတ်ပေါ်တွင် ဖဲကြိုးဖြင့် ချည်ထားသော အနီရောင်ပန်းပွင့်ကြီး တစ်ပွင့်ကလည်း ပါလာ၏။ ထို့နောက် အားလုံးကို ကွန်ဖြူးရှပ်ဘုံကျောင်းသို့ ပို့လိုက်သည်။

ကွန်ဖြူးရှပ် ဘုံကျောင်းကိုလည်း အလှဆင်ထားသေးသည်။ ကွန်ဖြူးရှပ်နှင့် ဝမ်ချန်းရုပ်တုများမှာလည်း အနီရောင် အဝတ်များဖြင့် ဖုံးအုပ်ထားပြီး ပညာရှင်တို့ မရောက်ရှိသေးသဖြင့် နံ့သာနံ့က အပြာရောင် မီးခိုးငွေ့များကဲ့သို့ လွင့်ထွက်နေသည်။

တခြားသူများမှာ ကြက်၊ ဘဲ၊ နွား၊ သိုး၊ ဝက်နှင့် အခြားတိရစ္ဆာန်များကို ခင်းကျင်းထားသည်။ ယင်းတို့က သက်ရှိယဇ် ဖြစ်သည်။ ထို့နောက် နတ်ဘုရားအား လက်ဆောင်အဖြစ် ဖရဲသီး၊ သစ်တော်သီးများလည်း ပြင်ထားကြ၏။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင် အမွှေးတိုင်များ ထွန်းထားသည်။ ကလေးငယ်အချို့သည် ၎င်းတို့၏ ပါးပြင်များ တို့ကာဆိတ်ကာ ကစားရင်း မီးရှူးမီးပန်းများဖြင့် ပြေးလွှားနေကြသည်။

နေရာတိုင်းတွင် ဗုံသံများနှင့် ဒရမ်များ တီးခတ်နေပြီး လူအချို့က ဖုလိန်ရှန်းအား ချီးကျူးဂုဏ်ပြုရင်း ချန်ရှီရင်ဘတ်ပေါ်ရှိ အနီရောင်ပန်းပွင့်ကြီးကို လှမ်းလှမ်းထိရင်း ပျော်ရွှင်လျက်ရှိသည်။ ချန်ရှီဟာ ရှင်းရှန်ခရိုင်တွင် ပထမအဆင့်မလို့ သဘာဝအတိုင်း အလွန်ခမ်းနားပြီး သူသည် လူငယ်စာပေ ပညာရှင်တို့၏ ရှေ့တန်းမှ လျှောက်ရသည်။

ဟူဖေးဖေးက သူ့နောက်က လိုက်ရင်း အလွန်မာနကြီးကာ တိုးတိုးလေး ရယ်နေသည်။

"ဒီတစ်ခါ ငါတော့ စာသင်သား ဖြစ်လာပြီ... နတ်သန္ဒေသား တစ်ယောက်ရလို့ စာမေးပွဲပြီးရင် ရင့်ကျက်တဲ့ ပညာရှင်တစ်ယောက်နဲ့ တွေ့ပါစေလို့ ဆိုတောင်းရမယ်... ငါတို့ရဲ့ မြေခွေးမလေးတွေရဲ့ နှစ်ရှည်လတွေ အကြာကြီး မြတ်နိုးခဲ့ရတဲ့ ဆန္ဒတွေ ပြည့်စုံလာ​တော့မယ် ဟီးဟီး..."

ချန်ရှီ လှည့်ကြည့်လိုက်တော့ ဖုလိန်ရှန်း ရုတ်တရက် လူအုပ်ထဲက လှည့်ထွက်သွားတာကို တွေ့လိုက်ရသည်။

သူ့စိတ်ထဲမှာလည်း ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၏။ ယဇ်ပလ္လင်ပေါ်မှာ အလုပ်ရှုပ်နေတဲ့ လူတွေကို ကြည့်လိုက်ရင်း ကောင်းကင်မှ နေကြီးနှစ်စင်းကို မျှော်ကြည့်လိုက်သည်။ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နတ်ဘုရားက သူ့ကို ပြန်လည် အသိအမှတ်ပြုပြီး နတ်သန္ဓေသားလေး ပေးအပ်ပါစေလို့ ဆုတောင်းခဲ့ဖူးသည်။

သူခဏတာ တုံ့ဆိုင်းသွားသည်။ ယခု ရှင်းရှန်မြို့က စာမေးပွဲတွင် ပထမအဆင့်ရနေပြီ ဖြစ်သောကြောင့် ဤစွဲလမ်းမှုကို ဖြည့်ဆည်းရန် အချိန်တန်ပြီ ဖြစ်သည်။ လွတ်သွားရင်တော့ ဒီလိုအခွင့်အရေးမျိုး ဘယ်အချိန်ရလာမလဲဆိုတာ မသိနိုင်ပါဘူး။

သူသည် ပညာရှင်တစ်ယောက် ဖြစ်လာပြီး နတ်​သ​န္ဓေသားတစ်ဦးကို ခံယူကာ သူ့ဘိုးဘေးများကို ဂုဏ်ပြုရန် အိမ်ပြန်သွားမည်။ အဘွားအိုနဲ့ ယွိကျူတို့ကလည်း သူ့ကိုကြည့်နေလိမ့်မည်။ အကယ်၍ သူပြစ်မှုတစ်ခု ကျူးလွန်ခဲ့လျှင် သူ အဘွားယွိတို့ ခြံရှေ့ကဖြတ်သွားရင် ဘဲတစ်ကောင်သည် သူ့အား ဖြတ်မသွားခိုင်းခင် နှစ်ကြိမ်တိုင်တိုင် တံတွေးနဲ့ ထွေးသွားမှာ သေချာသည်။

ချန်ရှီ အံကြိတ်ကာ ရုတ်တရက် သူ့ရင်ဘတ်ပေါ်ရှိ အနီရောင်ပန်းပွင့်ကြီးကို ချွတ်ကာ ဟူဖေးဖေးရဲ့ လက်နှစ်ဖက်ထဲသို့ ပစ်ထည့်ပေးပြီး လူအုပ်ထဲ ဝင်သွားလေသည်။

ဟူဖေးဖေး အံ့အားသင့်သွားသည်။

"ချန်ရှီ၊ ချန်ရှီ... နင် ဘာလုပ်နေတာလဲ နင်က ရှင်းရှန်မှာ နံပါတ်တစ်နော်... စင်ပေါ် တက်ရတော့မယ်... နတ်သန္ဓေသားကို လိုရောလိုချင်သေးလား"

ချန်ရှီ လူအုပ်ထဲ၌ ပျောက်သွား၏။

"မင်းဒီမှာနေခဲ့... ငါလူသွားသတ်မလို့!"

သူ့မျက်လုံးတွေက ကျားတစ်ကောင်ရဲ့ မျက်လုံးတွေလိုပါပဲ။ ခန္ဓာကိုယ်သည် ဖြောင့်မှန်ပြီး အရိပ်သည် ဖြောင့်စင်းနေသော်လည်း စိတ်နှလုံးကတော့ လူသတ်ချင်နေတဲ့ လောင်စာတွေပြည့်နေသည်။

All Chapters