← Chapters

ငါတရားမျှတမှုကို လိုချင်တယ်

Vol. 7 Ch. 101

ငါတရားမျှတမှုကို လိုချင်တယ်

Vol. 7 Ch. 101

ဖုလိန်ရှန်းမှာ ဒီလူငယ်က အကောင်းနဲ့အဆိုးကို ဘယ်လိုခွဲခြားရမလဲ မသိဘူးလားဟု ဆိုကာ ဆုံးမလိုက်ချင်သည်။

လက်စားချေဖို့ သူတို့ဒီနေရာကို လာခဲ့ကြတာ မှန်သည်။ ယခု သူတို့ရဲ့လက်စားချေမှုက ပြီးသွားပြီ။ နှစ်ယောက်ထဲက တစ်ယောက် အသက်ရှင်ကျန်ရစ်ပါက ကရုဏာပြနေသူက လီမိသားစုရဲ့ သခင်မကြီး ဖြစ်နေပြီဖြစ်သည်။

"ဘာလို့ မှားတာလဲ... ဒီဆုံးဖြတ်ချက်က အရမ်းကောင်းနေပြီလေ.."

ဖုလိန်ရှန်း ချန်ရှီရဲ့လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ရှေးခေတ်ကတည်းက ဒီလို သတ်ပစ်တာကို အပြစ်ပေးရတယ်...ဟွာယိနဲ့ ရှန်ယွိရှန်းကို သတ်ပစ်တဲ့လူက ပေးဆပ်ဖို့ ထိုက်တန်တယ်... ငါက လီမိသားစုရဲ့ အစောင့်တွေ အများကြီးကို သတ်ပစ်လိုက်တဲ့အတွက် အသက်နဲ့ ပြန်ပေးတာလည်း တန်တယ်...မင်းဘာမှ နားမလည်သေးပါဘူး...ပြန်ပြီး နှစ်နည်းနည်းလောက် သင်ယူလိုက်ဦး!"

သခင်မ ရှဝေးရင်းက ပြုံးပြီး "လူကြီးမင်းဖု မလောပါနဲ့... အမှန်ကို မရှင်းပြရင် ရှင်းရှင်းလင်းလင်း လုပ်နိုင်မှာ မဟုတ်ဘူး... ဒီ​မောင်ငယ်လေးက သူ့နှလုံးသားထဲမှာ အချက်တစ်ချက်ရှိလို့ ရှင်းပြချင်တာ... ရပါတယ် မောင်လေးက ဘယ်လိုထင်လို့လဲ"

ဖုလိန်ရှန်းမှာ ချန်ရှီအသက်ကို ကယ်တင်ရန် သူ့ကိုယ်ပိုင် အသက်ကို အသုံးချချင်ခဲ့သော်လည်း ယခုအခါ အားလုံးပြီးဆုံးသွားခဲ့ပြီ။

ချန်ရှီ: "လူကြီးမင်းဖု... စိတ်မပူပါနဲ့ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ကျူးရှို့ချိုင်ရဲ့ ဆိုးရိုးစကား တစ်ဝက်လောက်က ကမ္ဘာကြီးကို အုပ်စိုးနိုင်တယ်လို့ ပြောခဲ့ဖူးတယ်...အဲဒါတွေ အားလုံးကို ကျွန်တော် သင်ယူပြီးပြီ ကျွန်တော် ဘာအမှားမှ မလုပ်ပါဘူး"

ဖုလိန်ရှန်းမှာ ထိုစာမေးပွဲစာရွက်ကို တွေးကြည့်သောအခါ ပို၍ပို၍ စိတ်ပျက်လာ​တော့သည်။

"ကုတစောင်က စာမေးပွဲ စစ်ဆေးသူ ထျန်းဟွာယိကိုသတ်ပြီး ရှန်ယွိရှန်းကို သတ်တယ်... သူ့ခေါင်းနောက်ကို ခွဲပြီး ပထမတန်းအဆင့် နတ်သန္ဓေသားကို ယူသွားတယ်... သူမက သေထိုက်ပါတယ်...အဲဒီတော့ နတ်သန္ဓေသားကို ဘယ်သူက တူးခဲ့တာလဲ ဘယ်သူ့ကို ပေးလိုက်တာလဲ... ဘယ်သူက အမိန့်ပေးတာလဲ"

ဖုလိန်ရှန်း စိတ်ပျက်သွားသည်။ ဒီလိုပြောပြီးရင် အသက်ရှင်ဖို့ နည်းလမ်းရှိသေးပါ့မလား။

ချန်ရှီ: "ခရိုင်တရားသူကြီး ကျန်းရှစ်ယွင်ကို လာဘ်ထိုးဖို့ ပေးရတဲ့ ပိုက်ဆံက ဘယ်ကလာတာလဲ... ဘယ်သူက ပိုက်ဆံပေးတာလဲ သူမက လီမိသားစုရဲ့ ကျွန်တစ်ယောက်သာသာပဲ ရှိတာကို ရှင်းရှန်ခရိုင်မှာ လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးအုပ်တယ်.... ခရိုင်တရားသူကြီးနဲ့ အစိုးရအမှုထမ်းတွေကို ချုပ်ကိုင်တယ်.... ခရိုင်အစိုးရရုံးကို ဖောက်ထွင်းပြီး စာမေးပွဲ စစ်ဆေးသူကို သတ်ဖို့ ရှင်းရှန်မြို့ရဲ့ ရတနာကို သုံးသွားတယ်.... ရှင်းရှန်ခရိုင်ရဲ့ ရတနာက အစေခံတစ်​ယောက် လက်ထဲ ရောက်သွားတယ်....ရှန်ယွိရှန်း အမည်ကို တရားဝင်စာရင်းကနေ ဖယ်ရှားပစ်ဖို့ ဘယ်သူက အမိန့်ပေးတာလဲ?!!"

သူသည် သူ့မျက်လုံးများကို စူးရှသော အကြည့်ဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်သည်။

"သခင်မကြီးက ကောင်းကင်သခင်လို ဆုံးဖြတ်ပေးနေတယ်...ကောင်းကင်သခင်လို့ ခေါ်ရအောင် အဲ့လို အရည်အချင်းရှိမရှိ ရှင်းရှင်းလင်းလင်း သိထားချင်သေးတယ် "

ရှဝေးရင်းက ပြုံးပြီး "မင်းက ဒီမှာ ကောင်းကင်သခင် လုပ်ချင်တာလား... ချန်ရှီ မင်း မလုပ်နိုင်ဘူး မင်းအဘိုးတောင် မလုပ်နိုင်ဘူးနော်.... ဒီကမ္ဘာကြီးက အမြဲတမ်း ဒီလိုပါပဲ ငါလည်း ဒုက္ခမပေးချင်ဘူး မင်း ငါ့လီမိသားစုကို ဘယ်လို အကြောင်းပြချက်တွေ ပေးချင်​​​နေတာလဲ"

ချန်ရှီ အံ့အားသင့်သွားပြီး 'ငါ့အဘိုးအကြောင်း သူသိ​နေတာလား' ဟု တစ်ချက် တွေးလိုက်သည်။

သခင်မကြီး ရှဝေးရင်းက သူမလက်များကို ညင်သာစွာ လက်ခုပ်တီးကာ။

"လာစမ်း... ငါတို့လီမိသားစုရဲ့ အခြေခံမူတွေကို ပြောပြလိုက်"

"ဟုတ်ကဲ့ပါ သခင်မကြီး!"

အိမ်အကူတော်တော်များများက စာအုပ်သေတ္တာကို သယ်လာကြလေသည်။ အလေးချိန်က တစ်ကီလိုဂရမ် ဒါမှမဟုတ် နှစ်ရာလောက်လေးပုံပင်။ သို့သော် စာအုပ်ပုံးကို ဖွင့်လိုက်သောအခါ စာအုပ်တစ်အုပ်သာ ရှိသည်။

စာမျက်နှာများကို ရွှေအနားကွပ်ထားပြီး အလျားတစ်ပေနှင့် အနံတစ်ပေခန့်ရှိသော ရွှေစာအုပ်တစ်အုပ်ပဲ ဖြစ်သည်။ စာအုပ်ရဲ့ စာမျက်နှာတိုင်းကို ရွှေရောင်စက္ကူဖြင့် ပြုလုပ်ထားကာ ၎င်းပေါ်တွင် ရေးထိုးထားသော စာလုံးပုံစံများက ခပ်ဖျော့ဖျော့သာ ရှိသည်။

အိမ်ဖော်တစ်ယောက်က စာအုပ်ကိုဖွင့်ပြီး ဒုတိယစာမျက်နှာကို လှည့်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ ရှင်းရှန်မြို့ရဲ့ ပထဝီဝင်မြေပုံတစ်ခုလုံးဟာ စာမျက်နှာပေါ်ကနေ ခုန်တက်လာကာ ချန်ရှီရဲ့ နေကိုးစင်းကောင်းကင်မိုးကြိုး အစီအရင်ကို ဖြိုခွဲလိုက်ပါ၏။

ဤစာအုပ်၏ စာမျက်နှာသည် ရှင်းရှန်ခရိုင်ကို ကာကွယ်ပေးသော ဝိညာဉ်တစ်သောင်းအလံနဲ့ ဆက်စပ်နေရုံသာမက ရှင်းရှန်မြို့ တစ်ခုလုံးနှင့် ၎င်း၏တရားစီရင်ပိုင်ခွင့် အောက်တွင်ရှိသော ကျေးရွာများနှင့် မြို့များနဲ့ပါ ချိတ်ဆက်နေသည်။ အလွန်ထူထပ်သော အငွေ့အသက်တစ်ခုက ကောင်းကင်က​​နေ ပြိုလဲကျလာ၏။

ရှင်းရှန်ခရိုင်ရဲ့ မြေပြင်စာအုပ်ပင်။

ချန်ရှီနဲ့ ဖုလိန်ရှန်းတို့ အသီးသီး ညည်းတွားလိုက်ကြသည်။ ဒီကြောက်မက်ဖွယ် ဖိအားကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစားနေတာတောင် မလှုပ်ရှားနိုင်ပေ။

ထိုအိမ်အကူက နတ်သန္ဓေသားနယ်ပယ်ကို ကျင့်ကြံထားတာကြောင့် စစ်မှန်သော ချီစွမ်းအင်ဖြင့်သာ စွမ်းဆောင်နိုင်သည်။ ဒါကြောင့် သူမက မြေပြင်စာအုပ်ရဲ့ စွမ်းအားကို အနည်းငယ်မျှသာ ထုတ်လွှတ်နိုင်၏။ စာအုပ်ကို အပြည့်အဝ အသက်သွင်းလိုပါက ၎င်းသည် နတ်အသွင်ပြောင်းနယ်ပယ်က ဆရာများသာ ရနိုင်လိမ့်မည်။

ရှဝေးရင်း: "ငါတို့လီမိသားစုနဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ အမှန်တရားကို သူ့ကို ထပ်ပြောပြလိုက်ကြ!"

သူမ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အစောင့်အရှောက် အားလုံးသည် ၎င်းတို့၏ နတ်ကွန်းများနှင့် နတ်သန္ဓေသားလေးများကို တစ်ခုပြီးတစ်ခု ထုတ်လိုက်ကြသည်။ ဒါ့အပြင် နန်းတော်ကိုးခုလုံးကို သန့်စင်ပြီးသော ရွှေအမြုတေ သခင်များစွာလည်း ပါရှိသည်။

ထို့နောက်တွင် အားလုံးက တင်ပျဉ်ခွေထိုင်လျက် ထက်မြက်သော နတ်အလင်းများဖြင့် ဝန်းရံထားကြသည်။ ၎င်းတို့သည် နားမလည်နိုင်သော၊ မတိုင်းတာနိုင်သော စွမ်းအင်များဖြင့် ဘယ်သူမှ မချဉ်းကပ်လာနိုင်အောင် လုပ်ထား၏။ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်တွေရဲ့ အလင်းရောင်ဟာ မူလက မှောင်မိုက်နေသော ကောင်းကင်ကို နေဝင်ချိန်ကဲ့သို့ တောက်ပသွားစေသည်။

ထိုအခိုက်တွင် ထက်မြက်သော အလင်းတန်းတစ်ခု ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားပြီး ပေ၄၀ ရှည်သော နတ်ဝိညာဥ်အဖြစ် ပေါ်လာ၏။ လက်တစ်ဖက်တွင် ပန်းတစ်ပွင့်နှင့် တခြားလက်တစ်ဖက်တွင် ပန်းအိုးတစ်လုံးကို ကိုင်ဆောင်ကာ မြင့်မားသော အနေအထားမှနေ၍ ဖုလိန်ရှန်းကို ငုံ့ကြည့်နေသည်။

ဒီနတ်ဝိညာဉ်ရဲ့ အငွေ့အသက်သည် အလွန်ပြင်းထန်သောကြောင့် ကောင်းကင်ရှိ မှောင်မိုက်သောတိမ်များကိုပင် အနည်းငယ် မတည်မငြိမ်ဖြစ်စေကာ တဖြည်းဖြည်း ကွဲကွာသွားတတ်သည်။

ဒီလိုစွမ်းအားမျိုးက ကြောက်စရာ ကောင်းလှသည်။

ရှဝေးရင်းရဲ့ မျက်လုံးများက ချန်ရှီရဲ့မျက်နှာပေါ် ကျရောက်လာပြီးနောက် သူမက ပြုံးလိုက်သည်။

"ချန်ရှီ... အခု ငါတို့လီမိသားစုရဲ့ အခြေခံသဘောတရားတွေကို သိ​ပြီလား... ငါတို့ မိန်းမတွေနဲ့ ကလေးတွေက လီမိသားစုရဲ့ မိသားစုဝင်တွေ....လီမိသားစုမှာ သခင်လုပ်ဖို့ အရည်အချင်း မရှိကြဘူး.. ဒါပေမဲ့ ရှင်းရှန်ခရိုင်မှာ ကောင်းကင်သခင်ဖြစ်ဖို့ ငါ့အတွက်က ဘာအခက်အခဲမှ မရှိဘူး"

သူမက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ရထားလုံးကန့်လန့်ကာကို လျှော့လိုက်သည်။

"လူကြီးမင်းဖု လီမိသားစုကို အရှက်ရစေခဲ့ပြီးပြီ... ကျွန်မ ရှင့်ကို တရားမျှတမှု ပေးထားပြီးသား အခု လီမိသားစုအတွက် တရားမျှတမှုကို လိုချင်နေပြီ... ရှင် ပေးနိုင်မလား"

ဖုလိန်ရှန်း တိတ်တဆိတ် ခေါင်းညိတ်ပြတော့ ရှဝေးရင်းက ပြုံးလေ၏။

"ကျွန်မက အားနည်းတဲ့ အမျိုးသမီးတစ်ယောက်မလို့ သွေးတွေကို သည်းမခံနိုင်ဘူး.... လူကြီးမင်းကျန်း ရှင်ကပဲ ဆက်နေပြီးတော့ လူကြီးမင်းဖုကို အရှင်လတ်လတ် သင်္ဂြိုဟ်ပြီး သူ့ခေါင်းကို ပြည်နယ်မြို့တော်ကို ပို့လိုက်ပါ"

လူကြီးမင်းကျန်းက ဦးညွှတ်လိုက်သည်။

"စိတ်မပူပါနဲ့ သခင်မ...."

ရှဝေးရင်း: "စလိုက်တော့"

အိမ်ဖော်တစ်ဖွဲ့သည် ရှင်းရှန် မြေ​ပြင်စာအုပ်ကိုပိတ်ကာ စာအုပ်သေတ္တာကို ဖုံး၍ တွန်းလှည်းထဲသို့ ပြန်ရွှေ့လိုက်သည်။ လီမိသားစုက အိမ်တော်အစောင့်များနဲ့ တော်ဝင် ငွေဝတ်အစောင့်တွေဟာ ချက်ချင်းပင် ၎င်းတို့ရဲ့ မြင်းများစီးကာ မြို့ပြင်သို့ လိုက်ပါသွားကြသည်။

ချန်ရှီနဲ့ ဖုလိန်ရှန်းဟာ အခုနလေးတင်ကမှ လူတွေအများကြီးကို သတ်ဖြတ်ခဲ့ကြသော်လည်း ၎င်းတို့ကတော့ ခရိုင်မြို့တော်သို့ ပြန်သယ်သွားရမယ့် လူနည်းနည်း လျှော့သွားပြီး အစားထိုးမည့် အသုံးအဆောင် ပစ္စည်းတချို့သာ ပျက်စီးသွားခဲ့ရုံသာ ရှိလေ၏။

ဗုန်း!

ကောင်းကင်မှာ မိုးခြိမ်းသံတွေ ဆူညံနေကာ လျှပ်စီးကြောင်းတွေကလည်း တဖျတ်ဖျတ် ဖြာထွက်နေသည်။ ချင်းချွီမြစ်ရေ မျက်နှာပြင်ပေါ် မိုး​ရွာချနေတဲ့ အသံတွေကို ရှင်းရှင်းလင်းလင်း ကြားရ၏။ မိုးခြိမ်းသံက ကျယ်ပေမယ့် မိုးရေစက်တွေကတော့ သေးသေးလေးတွေပါပဲ။

မိုးကြိုးမုန်တိုင်းဟာ မူလက ပြင်းထန်သင့်သော်လည်း အသွင်ပြောင်းသူရဲ့ ရောင်ဝါကြောင့် ကွဲကွာသွားနိုင်သည်။ အမျိုးသမီးနှစ်ဦး၏ ယာဉ်တန်းများ ထွက်ခွာသွားပြီးနောက် ချမ်းသာကြွယ်ဝသော လင်းနမ် လုပ်ငန်းရှင်၏ အိမ်ကြီးမှ ကျေးကျွန်အုပ်စုများက ခေါင်းတလားများကို ဆွဲထုတ်လာကြသည်။ လူတစ်ဦးက ခေါင်းတလားကို ဆွဲလာစဥ် လူနှစ်ဦးက အလောင်းကို အခေါင်းထဲသို့ သယ်ဆောင်ရန် အတူတကွ လုပ်ဆောင်​​နေခဲ့ကြသည်။

ခေါင်းတလားထဲ ထည့်ထားပြီးနောက် သံတူနှင့် သစ်သားသံချောင်းများကို ချက်ချင်း ထုတ်ကာ ခေါင်းတလား ပျဉ်ပြားများကို ညှပ်၍ တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်သည်။

မြစ်ကမ်းဘေးက လမ်းမပေါ်မှာတော့ လီမိသားစုရဲ့ အစောင့်တွေနဲ့ ငွေဝတ် အစောင့်တွေအပါအဝင် အလောင်းလေးဆယ်ငါးဆယ်လောက် ရှိခဲ့ပေမယ့် အားလုံးကို နံ့သာတချောင်းတည်းနဲ့ ရှင်းပစ်ခဲ့ပါ၏။

နောက်ထပ် ယောက်ျားလေးတစ်ဖွဲ့ ထွက်လာပြီး မြေပြင်ပေါ်ရှိ သွေးစွန်း​နေမှုများကို ဆေးကြောသန့်စင်ကြသည်။ သုတ်ဆေးများ သယ်၍ နံရံပေါ်က သွေးစွန်းထင်းမှုများကို ဖယ်ထုတ် ခြယ်သနေသော အထူးပြု ပန်းရံဆရာများလည်း ရှိ​နေသည်။

ကျွန်တွေက စိမ်းပြာကျောက်ပြားများကို သယ်ဆောင်လာပြီး မြေပြင်ပေါ်ရှိ ပဲ့ကြေကုန်တဲ့ ကြမ်းခင်းလမ်းကို သန့်ရှင်းရေးလုပ်၊ အသစ်များဖြင့် အစားထိုးခဲ့ကြသည်။ သူတို့ဟာ ရေညှိတွေကိုယူ၍ ကွက်လပ်တွေကို သေချာဖြည့်ပေးလိုက်တဲ့အတွက် အဲဒါက အသစ်ပါလို့ ဘယ်သူမှ မပြောနိုင်​တော့ပါဘူး။

တချို့မိန်းကလေးတွေက မြစ်​ဘေး ရောက်လာပြီး ပျက်စီးသွားတဲ့ ပန်းတွေကို တူးထုတ်ကာ အသစ်ပြန်စိုက်ကြသည်။ ပန်းများက မွှေးကြိုင်ပြီး ပွင့်လန်းနေကြ၏။ ချန်ရှီနဲ့ ဖုလိန်ရှန်းက ထို​မြင်ကွင်းကို လွတ်လွတ်လပ်လပ် ကြည့်နေခဲ့ကြသည်။ အခုနတုန်းက ဖြစ်ပျက်သွားတဲ့ ရန်ပွဲက စိတ်ကူးယဉ်အိပ်မက် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လူကြီးမင်းကျန်းက အရေပြားပါးလွှာသော ခေါင်းတလားကို နောက်ထပ် ကောင်လေးနှစ်ယောက်အား ယူလာခိုင်းကာ ဖုလိန်ရှန်းရှေ့မှာ ချထားလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ ကောင်လေးနှစ်ယောက်ကို ထွက်သွားခိုင်းသည်။

"လူကြီးမင်းဖုက ဆရာကောင်းတစ်ယောက်ပါ... အရမ်းလေးစားပါတယ်"

လူကြီးမင်းကျန်းသည် မထဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဖုလိန်ရှန်းကို ကြည့်နေသည်။

"ထျန်းဟွာယိက ဖြောင့်မှန်တယ် ရှန်ယွိရှန်းကလည်း စာပေစမ်းသပ် စာမေးပွဲမှာ သူ့​စာပေစွမ်းရည်က ကောင်းကင်ကို ထိသွားခဲ့တယ်... နတ်ဘုရားရဲ့ ကောင်းချီးမင်္ဂလာနဲ့ ပထမတန်းစား နတ်သန္ဓေသားကို ရသွားတယ်... ညီလေး ချန်ရှီ... ဓားစွမ်းအင်က ပေရှစ်ဆယ်ကျော်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လူငယ်ပညာရှင်လေး ချန်ထားခဲ့တဲ့ သုံးဆယ်ခြောက်ပေ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ဒီဘဝမှာ ဂုဏ်ယူစရာကောင်းတဲ့ တပည့်သုံးယောက်ကို ပြုစုပျိုးထောင်ပေးနိုင်တာမျိုးက ရှားပါတယ်...."

"ကျုပ်က ခင်ဗျားနဲ့ အသက်အရွယ်တူပေမယ့် အခြေအနေတွေက မတူဘူး... ပညာရှင်အဖြစ် ဝင်ခွင့်ရပေမယ့် အကြိမ်ကြိမ် စာမေးပွဲကျတယ်... အသက်၁၇ နှစ်မှာ စာမေးပွဲစဖြေပေမယ့် ၃၅အထိ ကျောင်းဆရာ မလုပ်နိုင်သေးဘူး... မိသားစုတစ်စုရဲ့ သားသမီးက ကျောင်းဆရာဖြစ်လာတဲ့အခါ အဲ့မိသားစုရဲ့တန်ဖိုးက တက်လာလိမ့်မယ်လို့ သခင်ကြီးလီက ပြောခဲ့တယ်..."

သူက ခေါင်းယမ်းပြီး :"ကျုပ် အရမ်းပျော်ပြီး ခုန်ပေါက်ရယ်မောရင်း ပြေးလွှားတယ်... ကျွိရန် စာမေးပွဲကို ဝင်ခွင့်ရသွားတာ လူတိုင်းကို ပြောပြချင်ခဲ့တယ်... ကျုပ်ကို အထင်​သေးပြီး စော်ကားသူတွေကို ကျုပ်ရှေ့မှာ ဒူးထောက်ပြီး သခင်လို့ ခေါ်စေချင်တယ်....ကျုပ်ကို ငြင်းပယ်တဲ့ မိန်းကလေးတွေကို ဖမ်းပြီး ချမ်းသာတဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရတာလို့ ပြောချင်တယ်... နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကျုပ် စိတ်တည်ငြိမ်သွားတော့ တော်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ရလို့ ပျော်ရွှင်မိသေးပေမယ့် ကျုပ်အရည်အချင်းကြောင့် မဟုတ်ဘဲ လီမိသားစုရဲ့ အားပေးစကားကြောင့် ရသွားခဲ့တာတဲ့... ရာထူးတိုးတာ ကြီးပွားတိုးတက်တာက ကိုယ့်အရည်အချင်းကြောင့် မဟုတ်မှန်း အခုမှသိလာတာ!"

ဖုလိန်ရှန်းက သူ့ကို မော့ကြည့်လိုက်ပြီး "ဆယ်နှစ်ကျော်အတွင်းမှာ ခင်ဗျား အရည်အချင်း ဘယ်လောက် တိုးတက်လာလဲ"

လူကြီးမင်းကျန်းက ရယ်ပြီး "အရည်အချင်းတွေ ရှိပါသေးတယ်။ သဘာဝ ပါရမီတွေ အများကြီးနဲ့ ကမ္ဘာမြေကြီး ရတနာတွေ အများကြီးရှိတယ်လေ... အရည်အချင်းတွေကြောင့် မဟုတ်ရင်တောင်မှ သခင်တွေရဲ့ လေ့ကျင့်မှုတွေ၊ ပထမတန်းနဲ့ ဒုတိယတန်း နတ်သန္ဓေသားလေးတွေကို သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို အစားထိုး သွင်းလိုက်တဲ့ အရည်အချင်းတွေပေါ့... ဒါပေမဲ့ ကျုပ်က သူတို့ကို သင်ပေးတဲ့သူ မဟုတ်ရင်တောင် ကျုပ်ကြောင့်နဲ့တော့ သူတို့ရဲ့ အောင်မြင်မှုတွေက ပိုဆိုးလာမှာ မဟုတ်ဘူး"

"ကျုပ်က လီမိသားစုရဲ့ သားလို့ အမည်ခံထားပေမယ့် တကယ်တမ်းကျတော့ ဂရုစိုက်မှု မခံရဆုံးသူပဲ... လီမိသားစုထဲကို မဝင်ခဲ့ရင် မင်းလိုပဲ တစ်သက်တာလုံး ရွှေအမြုတေနယ်ပယ်မှာ ပိတ်မိနေလိမ့်မယ်... လီမိသားစုကို ကျုပ်ရောက်တုန်းက ကိုးခုမြောက် နန်း​တော်အဆင့်ကို လေ့ကျင့်ပြီးပြီ...လီမိသားစုက လူတစ်ယောက်က ကျုပ် ဖြတ်ကျော်နိုင်အောင် အံ့ဖွယ် အဂ္ဂိရတ်ဆေး မျိုးစုံကို ပို့ပေးခဲ့တယ်"

သူက ဖုလိန်ရှန်းကို ကြည့်ပြီး ဆက်ပြောသည်။

"ဒါကို ခင်ဗျား မထင်မှတ်ထားဘူး မဟုတ်လား...လူကြီးမင်းဖုက ရွှေအမြုတေနယ်ပယ် အဆင့်၉မှာပဲ အကြာကြီး ပိတ်မိနေခဲ့တာ မဟုတ်လား.... စွမ်းအင်နဲ့ သွေးတွေက ဖောက်ထွက်ဖို့ မလုံလောက်ဘူးလို့ ခံစားရတယ်မလား အဲဒါက ကျင့်စဥ်မှာ ပြဿနာရှိ​နေမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူးမလား... စွမ်းအင်နဲ့ ချီသွေးတွေ မရှိလို့ ဘဝကို ဖြတ်ကျော်ဖို့ ပိုက်ဆံပဲ ရှာနေတာ... အခြေတည်ဝိညာဥ် နယ်ပယ်ကို ဖြတ်ကျော်ချင်ရင်တော့ အိပ်မက်ပဲ မက်နေလိုက်တော့!"

ဖုလိန်ရှန်း လှောင်ရယ်လိုက်သည်။

"ဒါပေမဲ့ ခင်ဗျားကို အားလည်းကျမိတယ်"

လူကြီးမင်းကျန်းက သက်ပြင်းချလေ၏။

"ကျုပ်က ဘဝတစ်လျှောက်လုံး လူတွေကို သွန်သင်ဆုံးမ၊ ပညာပေးတတ်သူ မဟုတ်ဘူး... ထျန်းဟွာယိလို လူကိုလည်း ပြုစုပျိုးထောင်နိုင်စွမ်း မရှိဘူး... ကမ္ဘာကြီးကို မပြောင်းလဲနိုင်ဘူး... မကောင်းမှုတွေထဲ ပါဝင်နိုင်စွမ်းပဲ ရှိတယ်"

သူက တိတ်တိတ်ဆိတ်ဆိတ် မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက် ပြုံး​ပြလိုက်သည်။

"သူငယ်ချင်းလို တစ်ယောက်ယောက်နဲ့ စကားမပြောဖြစ်တာ ကြာပြီ.... လူကြီးမင်းဖု ကိုယ့်ကိုကိုယ် သတ်သေလို့ရပါပြီ"

ဖုလိန်ရှန်းရဲ့ ခန္ဓာကိုယ်က တစ်ချက် တုန်လှုပ်သွားပြီး နတ်ကွန်းထဲက နတ်သန္ဓေသားအား ထုတ်လိုက်သည်။ ထို့နောက် နတ်သန္ဓေသား၏ ပါးစပ်ထဲမှ ကိုးကြိမ် လှည့်ယူထားသော ရွှေအမြုတေကို ထွေးထုတ်လိုက်သည်။

သူ အသက်ရှုမဝသလို ရွှေအမြုတေကို အသက်သွင်းကာ သူ့ကိုယ်သူ သတ်သေခါနီးတွင် ရုတ်တရက် သူ့နားထဲမှ ဆူညံသော ဟောက်သံတစ်ခု ထွက်ပေါ်လာလေသည်။ အသံကြီးက ရှင်းရှန်ခရိုင် တစ်ခုလုံးအား တုန်သွားစေနိုင်တဲ့အထိ ကျယ်လောင်ရာ ဖုလိန်ရှန်းပင် မူးဝေပြီး မေ့လဲလုမတတ် ဖြစ်သွားသည်။

သူ့မျက်လုံးများ ပြူးကျယ်သွားစဥ် ချန်ရှီက သူ့ဘေးနားမှ ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။ ဖုလိန်ရှန်းခမျာ သူ့လက်ကို မြှောက်ရင်း ထိတ်လန့်သွားသည်။

ထိုအခိုက် ချန်ရှီဦးခေါင်း နောက်ကွယ်တွင် နတ်အလင်းတစ်ခု ပေါ်လာ၏။ အနှီ တောက်ပသောအလင်းရောင်ထဲတွင် ဘုံကျောင်းငယ်တစ်ခု လွင့်ပျံ​နေကာ အတွင်းထဲက ကျားငယ်လေးသည် ချန်ရှီအတိုင်း ခြေတစ်လှမ်းတိုးကာ ၎င်း၏အမွေးအတောင်များကို မြှောက်ကာ ရှေ့သို့ ပျံသန်းလာတော့မလိုပင်။

မိုးခြိမ်းသံလို ကျားကြီးရဲ့ ဟိန်းဟောက်သံသည် ဘုံကျောင်းငယ်ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ရွှေရောင် ကျားကြီးက ကောင်းကင်မှ ခုန်ဆင်းလာ၏။

ဝေါင်း!

စွမ်းအားကြီးသော လက်ဖဝါးက ရိုက်ချလိုက်စဥ် လူကြီးမင်းကျန်းမှာ အခြေတည်ဝိညာဉ်ကို မစုဆောင်းရသေးသဖြင့် အခြေတည်ဝိညာဥ်ကို အလျင်အမြန် မြှောက်လိုက်ရင်း ဓားသိုင်းမျိုးစုံဖြင့် ခုခံလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးစွမ်းအား အောက်တွင် သူ၏ အခြေတည်ဝိညာဉ်သည် ခုခံနိုင်စွမ်း သို့မဟုတ် ခုခံရန်အခွင့်အရေးပင် မရှိဘဲ လုံးဝ ပျက်စီးသွားခဲ့သည်။

ဝုန်း!

အလွန်ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ကြားလိုက်ရချိန်၌ လူကြီးမင်းကျန်းရဲ့ ခန္ဓာကိုယ်ကို ကြီးမားသော ကျားလက်သည်းကြီးက ဖုံးအုပ်ထား​လေပြီ။ ကျားသည်းက သူ့ကို ပျော့အိအိလေး ဖြစ်သွားစေပြီးနောက် စိမ်းပြာကျောက် ကြမ်းပြင်ပေါ်တွင် ထုရိုက်ပစ်လိုက်သည်။

ချန်ရှီ သူ့လက်ကို ရပ်တန့်လိုက်စဥ် ကြီးမားသော ကျားလက်ဖဝါးကြီးက ဘုံကျောင်းငယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ ဘုံကျောင်းငယ်ထဲက ကျားငယ်လေးသည် သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာဖြစ်သွားမှန်း မသိချေ။ သူ နားမလည်နိုင်စွာ ဟောက်လိုက်ရင်း ဘာကြောင့် သူ့ရှေ့ခြေသည်းကို မြှောက်ကာ သူ့ရှေ့က လူကို ပါးရိုက်လိုက်မိမှန်းလည်း မသိ။

ချန်ရှီက လှောင်ပြောင်ရင်း ငါးဖမ်းခြင်းတောင်းထဲက ထီးကို ထုတ်ယူကာ တောင်းကိုတော့ ဘေးချထားလိုက်သည်။

"ဒီလိုမျိုးချည်း အမြဲဖြစ်ခဲ့တာ မှန်ပေါ့? အလားအလာရှိတဲ့လူ အနာဂတ်ရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ နတ်သန္ဓေသားကို ဖြတ်ပြီး ခင်ဗျားတို့က သတ်လိုက်တာ..ဒါကို တရားမျှတတယ်လို့ ပြောတာလား"

ဖုလိန်ရှန်း အလွန်ထိတ်လန့်သွားသည်။ ချန်ရှီ သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးက အမွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။

ချန်ရှီ လီမိသားစု ယာဉ်တန်းနောက်သို့ လိုက်သွားပါက နတ်ပြောင်းလဲခြင်း နယ်ပယ်က သခင်များနှင့် တွေ့သွားမည်ကို စိုးရိမ်သွားတာကြောင့် အမြန်ထရပ်ကာ ချန်ရှီလက်ကို လှမ်းဆွဲလိုက်သည်။

"ဒါက ဒီလောကလမ်းစဥ်ပဲ!"

ချန်ရှီကလည်း ဒေါသတကြီးနဲ့ "ဒီလောကကိုက မှားနေတာ!"

ဖုလိန်ရှန်းက ဒေါသတကြီးဖြင့်။

"မင်း ပြောင်းလဲလို့ရမှာလား"

ချန်ရှီ အကြာကြီး အံ့အားသင့်သွားပြီးမှ ရုတ်တရက် ပြန်လှည့်ပြောလိုက်သည်။

"ချမ်းသာတဲ့ စီးပွားရေးသမားတွေ... ကြမ်းပြင်ရေဆေးဖို့ ထွက်လာကြတော့! မင်းတို့တွေက ဒီကိုလာကြ.... လူကြီးမင်းကျန်းကို ဒီအခေါင်းထဲမှာ ထည့်ထားလိုက်... ပြီးရင် ငါ့အတွက် ပြည်နယ်မြို့တော် လီမိသားစုဆီကို ပို့ပေး.... အဘွားကြီးတွေက တရားမျှတမှုကို လိုချင်တယ်ဆိုလို့ ဒီသခင်လေး ချန်ရှီက ပို့လိုက်တာပါလို့ ပြောလိုက်!"

All Chapters