← Chapters

မူလစဦး တတိယအဆင့်

Vol. 24 Ch. 331

မူလစဦး တတိယအဆင့်

Vol. 24 Ch. 331

ပေတစ်ဝက်မျှ ကြီးမားသော မူလနဂါး အဆီအနှစ် သလင်းကျောက် ပေါ်လာစဉ်တွင် ထိုနေရာ တစ်ခုလုံးမှာ ကမ္ဘာပင် တုန်လှုပ်သွားသည့် အသံများ ပေါက်ကွဲ ထွက်သွားခဲ့ပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အမှန်တကယ် အံအားသင့်မှုများ ဖြစ်လျက်ရှိသည်။

ရွေးချယ်ခံများ ဖြစ်သည့် ခုန်းစိန်နှင့် ယဲ့ကယ်ပင်လျှင် ခြွင်းချက်မဟုတ်ပေ။

နဂါးခုနစ်ကောင် ကောင်းချီးမှာ သူတို့အား များစွာ စိန်ခေါ်မှု  မဖြစ်စေသော်လည်း ဇူယွမ် ထုတ်ယူလိုက်သော သလင်းကျောက်က ပေတစ်ထောင် သားရဲ၏ သလင်းကျောက် ဖြစ်သည်။

ရွေးချယ်ခံများလောက် ဘယ်သူမှ ထိုသတ္တဝါအား မည်မျှပင် ရှာဖွေရ ခက်ခဲသည်ကို သိကြမည် မဟုတ်ပေ။

ပေတစ်ထောင် သားရဲ၏ သလင်းကျောက်သာ သူတို့၏လက်ထဲသို့ ရောက်ပါက ထိုအရာကို အသုံးပြုပြီး သူတို့၏ နဂါးခုနစ်ကောင် ကောင်းချီးကို နဂါးရှစ်ကောင် အဆင့်သို့ ရောက်အောင် တိုးမြှင့်နိုင်မည် ဖြစ်သည်။

“ပေတစ်ထောင် ရေနေသားရဲရဲ့ မူလနဂါး အဆီအနှစ် သလင်းကျောက်ကို သူရခဲ့တာ ဘယ်လို ဖြစ်နိုင်မှာလဲ” ခုန်းစိန်မှာ ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်နေပြီး သူ၏ ချောမောခန့်ညားသော မျက်နှာမှာလည်း တည်ငြိမ်နိုင်စွမ်း မရှိတော့ချေ။

သူ၏နံဘေးရှိ ယဲ့ကယ်မှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီး သူ၏ မျက်နှာမှာလည်း ထူးဆန်းသော အမူအရာနှင့် ရှိနေခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်လောက် ကတည်းက အပင်ပန်းခံကာ ပေတစ်ထောင် သားရဲကို သူတို့ ထောင်ချောက် ဆင်နိုင်ခဲ့သော်လည်း ထိုအရာက အဆုံးတွင် လီချင်းချန်ထံ၌ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ပေတစ်ထောင် ရေနေသားရဲ၏ မူလနဂါး အဆီအနှစ် သလင်းကျောက်ကို ရွှေရောင်ခါးစည်း အဆင့် တပည့်၏ လက်ထဲ၌ မြင်လိုက်ရသော အခါတွင် ဖြစ်ပေါ်လာသော သူတို့၏ အံ့အားသင့်မှုကို မည်သူမှ ယှဉ်နိုင်မည် မဟုတ်တော့ပေ။

ဘယ်အချိန်တုန်းက ပေတစ်ထောင် သားရဲတစ်ကောင်ကို ရှာဖွေရန် လွယ်ကူသွားခဲ့သနည်း။

အရွေးချယ်ခံ နှစ်ယောက် တုန်လှုပ်နေခဲ့စဉ် အတွင်း အခြားသော တပည့်များ၏ စိတ်ထဲတွင်လည်း လှိုင်းထန်နေသော ပင်လယ်အလား ဖြစ်နေကြပြီဖြစ်သည်။

အံ့အားသင့်နေသော အကြည့်များ အောက်တွင် ဇူယွမ်မှာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကို စုစည်းလိုက်သည်နှင့် သူ့ခေါင်းအထက်တွင် ရှိသော ပေတစ်ဝက်ခန့်ရှိသည့် သလင်းကျောက်မှာ ဘန်းခနဲ ပေါက်ကွဲသွားတော့သည်။

သိပ်သည်းပြီး သန့်စင်သော မူလနဂါး အဆီအနှစ်များမှာ အောက်သို့ ကျဆင်းလာခဲ့ပြီးနောက် ရှေးဟောင်း ကျောက်တိုင်ပေါ်သို့ စီးဆင်းသွားကာ ထိုအရာက အလျင်အမြန် စုပ်ယူသွားတော့သည်။

တိုင်လုံးဆီမှ ထောင်ချီသော အလင်းတန်းများ ဖြာထွက်လာခဲ့ပြီးနောက် ထိုအခိုက်တွင် အနီးအနား ဝန်းကျင်ရှိ မူလချီအားလုံးမှာ စုပ်ယူခြင်း ခံလိုက်ရပြီး ဇူယွမ်၏ ဘေးတွင် အဆုံးမဲ့သော တိမ်တိုက်ကြီးတစ်ခုက လွင့်မျောနေခဲ့သည်။

ဝေါင်း...

တစ်ချိန်တည်းမှာပဲ မိုးချုန်းသံကဲ့သို့သော နဂါးဟိန်းသံကို လူတိုင်းကြားလိုက်ရကာ ကျောက်တုံးတိုင်လုံးမှ နောက်ထပ် နဂါးတစ်ကောင်၏ ပုံရိပ်ထွက်ပေါ်လာပြီး ဇူယွမ်အား ရစ်ဝဲနေသည်ကို လူတိုင်း မြင်လိုက်ကြရသည်။

ထိုအရာကား ရှစ်ကောင်မြောက် နဂါး၏ ပုံရိပ်ဖြစ်သည်။

နဂါးရှစ်ကောင် ကောင်းချီး။

ဇူယွမ်အား ရစ်ဝဲနေသည့် ရှစ်ကောင်မြောက် နဂါး၏ပုံရိပ်ကို ကြည့်ရင်းမှ တပည့်များမှာ မနေနိုင်တော့ပဲ တံတွေးမျိုချ လိုက်ကြသည်။ သူတို့အား အစောပိုင်း မြင်တွေ့ခဲ့ရသော နဂါးရှစ်ကောင် ကောင်းချီးထက် အခုတစ်ခေါက် ထပ်မြင်ရသော နဂါးရှစ်ကောင် ကောင်းချီးက ပိုမို တုန်လှုပ်စေပေသည်။

လီချင်းချန်မှာ ရွေးချယ်ခံတစ်ယောက် ဖြစ်သည့်အတွက် သူမအနေဖြင့် နဂါးရှစ်ကောင် ကောင်းချီးကို နိုးထစေနိုင်ဖို့မှာ များစွာသော တပည့်များ မျှော်လင့်နေကြသည့် အရာဖြစ်သည်။ သို့သော်လည်း ဇူယွမ်... သူလုပ်ပြသွားသည် ကိုတော့ မည်သူမှ အိပ်မက်ပင် မက်ဖူးမည် မဟုတ်ပေ။

အစောပိုင်းက သူတို့အားလုံးမှာ သမိုင်းတစ်လျှောက် အဆင့်အနိမ့်ဆုံး မူလကောင်းချီးကို ကြည့်ရှုရန် ပြင်ဆင်ခဲ့ရသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာ ဇူယွမ်က သူတို့ကို သတိလစ်သွားမတတ် ဖြစ်အောင် ပါးရိုက်သွားပြီ ဖြစ်သည်။

သည်အရာက နဂါးရှစ်ကောင် ကောင်းချီးဖြစ်သည်။

သည်နေ့မတိုင်မီက ထိုကောင်းချီးသည် အစ်ကိုတော် ချူးချင်း တစ်ယောက်တည်းသာ ခံယူခဲ့ဖူးသော အရာဖြစ်သည်။ သို့သော်လည်း ယခုတွင် ဇူယွမ်မှာ ထိုကောင်းချီးကို ခံယူရသော တတိယမြောက်တပည့် ဖြစ်လာခဲ့ပေသည်။

ထိုအရာက အခြားသော အရွေးချယ်ခံ ရှစ်ယောက်အတွက် အမြည်းပင် မရဖူးသည့် အရာဖြစ်သည်။

ထို့ပြင် ထိုအရာကို ဇူယွမ်က ရွှေရောင်ခါးစည်း တပည့်အဆင့်ဖြင့်ပင် အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး ကန်ရွှမ်းကလန်၏ သမိုင်းတွင် မည်သူမှ မလုပ်နိုင်ခဲ့သော အရာဖြစ်သည်။ တကယ်တော့ ကြီးမားသော စွမ်းအားရှင် ချူးချင်းပင်သည်လျှင် ထိုကောင်းချီးကို အရွေးချယ်ခံ တစ်ယောက်ဖြစ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက်၏ အဓိပ္ပာယ်က ခမ်းနားကြီးကျယ်သော အရာများကို စောစီးစွာ ရရှိခြင်းနှင့် နောက်ကျကာ ရရှိခြင်းမျှသာ  ဖြစ်သော်လည်း ထိုအရာက လူတိုင်းကို အလွန် တုန်လှုပ်စေခဲ့ပေသည်။

တောင်တစ်ခုပေါ်တွင် ရှိနေသော လုယန်မှာ ဇူယွမ်အား ရစ်ဝဲနေသော နဂါးရှစ်ကောင်၏ ပုံရိပ်အား အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့ပြီး သူမ၏ လှပသော မျက်နှာလေးမှာ တည်ငြိမ်ခြင်း မရှိတော့ပေ။ ထိုမြင်ကွင်းက သူမ၏စိတ်အား ပြင်းထန်စွာ တုန်လှုပ်စေပေသည်။

သူမ၏ နံဘေးတွင် ရှိနေသော တပည့်အချို့က မနေနိုင်ပဲ မှတ်ချက် ချလိုက်ကြသည် “ဇူယွမ်က တော်တော်လေးကို အစွမ်းအစရှိတာပဲ။ ကန်ရွှန်းကလန်ရဲ့ သမိုင်းတစ်လျှောက်လုံး မှာတောင် သူ့လို ရွှေရောင်ခါးစည်း အဆင့်နဲ့ နဂါးရှစ်ကောင် ကောင်းချီးကို ခံယူရခဲ့တဲ့သူ မရှိခဲ့ဘူး”

“ဟုတ်တယ် အစ်ကိုတော် ချူးချင်းတောင်မှပဲ ရွေးချယ်ခံတစ်ယောက် ဖြစ်လာပြီးမှ အဲဒီကောင်းချီးကို ရခဲ့တာ...”

ထိုစကားကို ကြားရတဲ့ အချိန်မှာတော့ လုယန်က ပြန်ချေပကာ ပြောလိုက်သည် “အဲဒါက နဂါးရှစ်ကောင် ကောင်းချီး တစ်ခုပဲမလား။ ပြီးတော့ သေချာပေါက်ကို ပေတစ်ထောင်သားရဲကို သူ့ရဲ့ ကိုယ်ပိုင်အားနဲ့ သတ်နိုင်ခဲ့တာ မဟုတ်လောက်ဘူး။ သူဒါကိုရအောင် တခြားနည်းလမ်းတွေ အသုံးပြုခဲ့တာ ဖြစ်မယ်”

ပေတစ်ထောင် ရေနေသားရဲ တစ်ကောင်မှာ မူလစဦး နဝမအဆင့် တစ်ယောက်နှင့် သေချာပေါက်ကို နှိုင်းယှဉ်နိုင်သည့် အတွက် ခရမ်းရောင် ခါးစည်းတပည့်များပင်လျှင် ထိုအကောင်နှင့် ရင်ဆိုင်နိုင်စွမ်း မရှိပေ။ ဇူယွမ်ကဲ့သို့ မူလစဦး ဒုတိယအဆင့်လေး တစ်ယောက်က ထိုအကောင်ကို ဘယ်လိုလုပ် သတ်နိုင်မည်နည်း...

အခြားသော တပည့်များမှာ သူမက အစ်ကိုတော် ချူးချင်း၏ အသေခံအားပေမည့် ပရိသတ် တစ်ယောက်မှန်း သိသဖြင့် ရယ်မောရုံသာ ရယ်မောလိုက်ကြပြီး မည်သည့် ငြင်းခုံမှုမှ မပြုလုပ်ခဲ့ကြပေ။ သို့သော်လည်း သူတို့၏ နှလုံးသားထဲတွင်တော့ နဂါးရှစ်ကောင် ကောင်းချီးကို ရရှိရန် လူတစ်ယောက်၏ အစွမ်းအစနှင့် ကံတရားပေါ် မူတည်ကြောင်း နားလည်ပေသည်။

တကယ်တော့ ချူးချင်းမှာလည်း ကံပေါ်မူတည်ပြီး သူတို့၏ မျိုးဆက်တွင် ပထမဦးဆုံး ပေတစ်ထောင် သားရဲကို ရှာတွေ့ခဲ့သူ ဖြစ်လာခဲ့သည် မဟုတ်ပါလော...

လုယန်မှာလည်း သူတို့၏ အမူအရာများမှ သူတို့ တွေးတောနေသည် များကို အရိပ်အမြွတ်မျှ သိသဖြင့် သူမ၏ စိတ်ထဲ၌ မချင့်မရဲ ဖြစ်လာခဲ့ပေသည်။ သို့သော်လည်း အစကတည်းက သူမ၏ စကားများသည် လူတိုင်းကို စည်းရုံးရန် မဖြစ်နိုင်မှန်း သိသဖြင့် သူအနေနှင့် ဇူယွမ်၏ ပုံရိပ်ကိုသာ ဆက်လက်ပြီး စိုက်ကြည့်နေခဲ့သည်။

“ဒီကောင်…”

သူမက အောက်နှုတ်ခမ်းကို အသာအယာ ဖိကိုက်လိုက်သည်။ သူမအနေဖြင့်လည်း နဂါးရှစ်ကောင် ကောင်းချီးမှာ အံ့မခန်း ဖြစ်သောကြောင့် ဇူယွမ်တွင် စွမ်းရည်အချို့ ရှိကြောင်း ဝန်ခံရပေလိမ့်မည်။

“ဆရာ စိန်းက သူ့ကို မြင့်မားစွာ မျှော်မှန်းထားတာ အံ့အောစရာ မဟုတ်ဘူးပဲ...” ဇူထိုက်မှာ နဂါးရှစ်ကောင်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူ၏ နံဘေးတွင် ကျန့်ယန်တို့ အုပ်စုမှာ ပါးစပ် အဟောင်းသားဖြင့် ထိုင်းမှိုင်းသော မျက်နှာများဖြင့် ရှိနေကြသည်။ ဇူထိုက်၏ နဂါးခြောက်ကောင် ကောင်းချီးမှာ သူတို့ မျှော်မှန်းထားသည့်ထက် ကျော်လွန်ခဲ့ပြီးနောက် သူတို့လုံး၀ မမျှော်လင့်ထားသည့် ဇူယွမ်၏ လုပ်ဆောင်မှုက သူတို့အား ပိုပြီး တုန်လှုပ်စေခဲ့ပေသည်။

နဂါးရှစ်ကောင်၏ ပုံရိပ်ကြောင့် ကျန့်ယန်မှာ မည်သည့်စကားမှ ဆိုနိုင်ခြင်း မရှိတော့ပေ။ ထိုအချိန်တွင် သူလုပ်နိုင်သော အရာတစ်ခုမှ စိတ်ပျက်စွာဖြင့် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ခြင်းသာ ဖြစ်သည်။

ဇူယွမ်မှာ လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များကို အာရုံမစိုက်နိုင်ပဲ သူ၏ မျက်လုံးများမှာ တောက်လောင်လျက်ပင် နဂါးရှစ်ကောင်၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့ပေသည်။

“နဂါးရှစ်ကောင် ကောင်းချီး၊ မင်းက ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းလဲဆိုတာ ငါကိုပြစမ်း...”

အတွေးတစ်ချက်နှင့် အတူ သူ့အား ရစ်ဝဲနေသော နဂါးရှစ်ကောင်မှာ ဟိန်းသံ တစ်ချက် ပြုလိုက်ကြပြီးနောက် အောက်သို့ ထိုးဆင်းလာခဲ့ကြကာ အဆုံးမဲ့ပြီး သန့်စင်သော မူလချီများကို သယ်ဆောင်၍ သူ၏ ဦးခေါင်းအတွင်းသို့ ငုပ်လျှိုးသွားကြသည်။

ဝရုန်း...

ပထမ နဂါးတစ်ကောင် ရောက်ရှိလာသော အခိုက်တွင် ဇူယွမ်၏ ခေါင်းထဲ၌ ကျယ်လောက်သော တုန်ဟည်းသံကို ကြားလိုက် ရပြီးနောက် အဆုံးမဲ့သော မူလချီများက သူ့အား ကြည်လင် သန့်စင်သော ရေများနှင့် လောင်းလိုက်သည်ဟု ခံစားလိုက်ရပြီး သူ၏ အသွေးအသားများ အားလုံးထဲသို့ စိမ့်ဝင်သွားတော့သည်။

မူလချီများမှာ အလွန်အမင်း သန့်စင်လှသည့် အတွက်ကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ မည်သည့် အတားအဆီးမှ မရှိဘဲ ဝင်ရောက်သွားခဲ့သည်။ အတွေးတစ်ချက်နှင့် အတူ ဇူယွမ်မှာ မူလချီများကို လည်ပတ်စေကာ သူ၏သွေးကြောများ အတွင်းသို့ စီးဝင်စေလိုက်သည်။

နဂါးပုံရိပ်များမှာလည်း တစ်ခုပြီးတစ်ခု သူ့ခန္ဓာကိုယ် အတွင်းသို့ ဆက်ဝင်လျက်ရှိသည်။

ခံညားထည်ဝါသော မူလချီများမှာ သူ၏ခန္ဓာကိုယ် အတွင်းတွင် ပေါက်ကွဲလျက်ရှိပြီး သူ၏ အရေပြားကိုပင် တောက်ပနေစေခဲ့သည်။ မူလချီများမှာ သူ၏ အသွေးအသားနှင့် အရိုးများအတွင်းသို့ ဝင်ရောက်လျက်ရှိပြီး အညစ်အကြေးများကို ဖယ်ရှား သန့်စင်လျက်ရှိသည်။

ထို့နောက် မူလချီများမှာ သူ၏ ချီသိုလှောင်ခန်း အတွင်းသို့ စီးဝင်သွားခဲ့ပြီး အလုံးစုံသော စပါးအုံး သားရဲချီထဲတွင် ပျော်ဝင်သွားခဲ့သည်။ ပုံမှန် လေ့ကျင့်မှုနှုန်းထက် ပိုသော နှုန်းဖြင့် မူလချီကြယ်ပွင့်များ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့ပေသည်။

ထိုမူလချီများမှ သူ၏ မူလချီသိုလှောင်ခန်း အတွင်းတွင် လှိုင်းထ နေခဲ့ပြီးနောက် ဇူယွမ်၏ ခန္ဓာကိုယ်မှ မူလချီဖိအားမှာ စတင်ပြီး မြင့်မားလာခဲ့ပေသည်။

ထို့အပြင် ရွှေရောင် အံ့ဖွယ်စပါးအုံး ကြေးခွံများမှာလည်း သူ၏ အရေပြားပေါ်တွင် ပေါ်လာခဲ့ပြီးနောက် မူလနဂါး အဆီအနှစ်ထဲတွင် ပါဝင်သော နဂါးချီများကို စတင်ပြီး စုပ်ယူလိုက်သည် …

အံ့ဖွယ် စပါးအုံးကြေးခွံမှာ အလုံးစုံသော စပါးအုံးသားရဲချီမှ ဖြစ်ပေါ်လာခဲ့သည့် အတွက်ကြောင့် မူလနဂါး သွေးကြောမှ နဂါးချီများနှင့် ဆက်နွှယ်မှုရှိပေသည်...

နဂါးချီများကို စုပ်ယူပြီးသည်နှင့် ရွှေရောင်ကြေးခွံများမှာ ဖြည်းဖြည်းခြင်း ပြောင်းလဲလာခဲ့သည်။ ထိုကြေးခွံများမှာ စတင်ပြီး မိုးပြာရောင်ဖျော့ဖျော့ တောက်ပလာခဲ့ကာ စပါးအုံးတစ်ကောင်၏ ကြေးခွံနှင့်မတူတော့ပဲ နဂါးတစ်ကောင်၏ ကြေးခွံနှင့် ပိုမိုတူလာခဲ့ပေသည်။

ထိုကြေးခွံများ ပြောင်းလဲမှု ဖြစ်နေစဉ်အတွင်း ဇူယွမ်၏ ပိတ်ထားသော မျက်လုံအစုံမှာ ရုတ်တရက် ပွင့်လာခဲ့သည်။

ဝရုန်း ...

သူ၏ ချီသိုလှောင်ခန်း အတွင်းမှ မိုးချုန်းသံကဲ့သို့ အသံတစ်ခု ပျံ့နှံ့လာသည်ကို သူခံစားမိပေသည်။

သူ့ခန္ဓာကိုယ်ထဲမှ မူလချီဖိအားများမှာ ပိတ်ဆို့နေသည့် အရာတစ်ခုကို ချိုးဖောက်သွားခဲ့ပြီ။

နောက်ဆုံးတွင် ဇူယွမ်၏ မျက်မှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ မူလကောင်းချီးခြင်ဆီမှ ယူဆောင်ခဲ့လိုက်ရသော စွမ်းအားများကြောင့် သူ့ဆန္ဒမှာ နောက်ဆုံးတွင် ပြည့်သွားခဲ့ပြီ ဖြစ်သည်။

“နောက်ဆုံးတော့ မူလစဦး တတိယအဆင့်ကို ရောက်ခဲ့ပြီပဲ...”

All Chapters