စီနီယာအစ်မရန် နောက်ဘဝမှာ ကျနော့်လိုလူမျိုးကို သတိထားပါ
Vol. 5 Ch. 61
ကျန်းဟောင်သာ မိုင်းတွင်းအနက်ပိုင်းထဲမပြေးသွားလျှင် သိပ်မကြာခင် ရှာတွေ့နိုင်မည်ဖြစ်သည်။
ရန်ဟွားက မိုင်းတွင်းထဲ လျှောက်လာခဲ့သည်။ သူမက စိုးရိမ်ဟန်မရပဲ နှေးနှေးသာလျှောက်နေသည်။
မိုင်းတွင်းအနက်ပိုင်းတွင် ချော်ရည်များရှိသောကြောင့် ပူလာသည်။ အပြင်ဖက်တုန်းကလို နေထိုင်ရမသက်သာလှပေ။
"ဒီကနေ လွတ်မြောက်ချင်နေတာလား ဒါမှမဟုတ် တကယ်ပဲ စစ်ဆေးကြည့်နေတာလား " ရန်ဟွားက ခြောက်ကပ်နေသည့် နှုတ်ခမ်းကိုသပ်သည်။ သူမ အလျင်မလိုပေ။ သားကောင်နှင့် မုဆိုးတို့၏ ကစားပွဲကို သဘောကျ၏။ သားကောင်က လွတ်မြောက်ရန် ကြိုးပမ်းလေ အမဲလိုက်ရတာ ပျော်စရာကောင်းလေဖြစ်သည်။
ဒါက သူမကို စိတ်လှုပ်ရှားစေ၏။ အဝတ်များကြားမှ သေးငယ်သည့် ဓားမြှောင်လေးကိုထုတ်လိုက်သည်။ ၎င်းက တိရစ္ဆာန် သို့မဟုတ် လူများကို အရေခွံခွာရန် အသုံးပြုသည်။
"သူ့ရင်ဘတ်ကိုခွဲပြီး နှလုံးသားကိုထုတ်ယူတဲ့အခါ ဘယ်လိုခံစားရမလဲ" သူမက အသာရယ်သည်။ "သူ ဘယ်လိုမျက်နှာမျိုးဖြစ်နေမလဲဆိုတာ သိချင်သား"
သူမက အလွန်ပူသည့် ဂူတခုစီရောက်လာသည်။ အလယ်တွင် ချော်ရည်များထွက်နေသည့်နေရာရှိသည်။ ၎င်းထဲ ပြုတ်ကျသွားပါက သေအောင် လောင်ကျွမ်းခံရပေမည်။
ရန်ဟွား အနည်းငယ် အံ့အားသင့်သွား၏။ သူပြေးတာ အတော်မြန်သားပဲ။
သူမ ကြည့်လိုက်ရာ လမ်းတခုကိုမြင်၏။ သို့သော် ကျန်းဟောင်၏ အရိပ်အယောင်ကို မမြင်ရပါချေ။ သူ ဒီကနေ ထွက်မသွားရသေးတာဖြစ်နိုင်သည်။
ရုတ်တရက် ရန်ဟွားက အနောက်ကနေ တိုက်ခိုက်လာသည့် ဆေဘာကို ဓားမြှောင်ဖြင့် ကာလိုက်သည်။ တဆက်တည်းတွင် လည်ပင်းကို ဦးတည်လာသည့် ဓားကိုလည်းခံစားမိ၏။
၎င်းကို ရှောင်တိမ်းလိုက်သောအခါ ဆေဘာက လျင်မြန်စွာ နှလုံးသားကို ထိုးဖောက်သွားတော့သည်။ ဓားတလက်ကလည်း ဓားမြှောင်ကိုင်ထားသည့် သူမလက်အား ဖြတ်တောက်သွားခဲ့သည်။
ဖြစ်စဥ်တခုလုံးတွင် ကျန်းဟောင်ကို မမြင်လိုက်ရပေ။ နောက်ထပ်ဓားတချောင်းက သူမဘေးကနေ ဖောက်ဝင်လာ၏။ များပြားသည့် ဓားများပျံသန်းလာ၍ နေရာအစုံမှ သူမကို ထွင်းဖောက်သွားကြသည်။
သို့သော် ရန်ဟွားက နာကျင်ဟန်မရပေ။ သွေးလည်း မထွက်ပေ။
"ဂျူနီယာမောင်လေးကျန်းက သိပ်ဆိုးတာပဲ" ရန်ဟွားက အနောက်ကို လှည့်ကြည့်လာသည်။ သို့သော် သူမ၏ ဦးခေါင်းသာလှည့်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်က ဒီတိုင်းကျန်ခဲ့သည်။
ခပ်ဝါးဝါးပုံရိပ်တခုအား မြင်လိုက်ရသည်။ ၎င်းက ကျန်းဟောင်ပင်။
ကျန်းဟောင်မှာ စိတ်လေးသွားခဲ့သည်။ ရန်ဟွားက ထင်ထားသည်ထက် သတ်ရခက်နေသည်။ သူမကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်သည့်ဟန်မရပေ။
"သူမကိုယ်သူမ ရုပ်သေးအဖြစ် ပြောင်းလဲခဲ့တာလား". သူတွေးလိုက်၏။
သို့သော် အကဲဖြတ်စွမ်းရည်က ယင်းက သူမ၏ ခန္ဓာအစစ်ဖြစ်ကြောင်း အတည်ပြုပေးထားသည်။ ကျန်းဟောင် ထပ်မံ၍ အကဲဖြတ်လိုက်သည်။ သူမတွင် အားနည်းချက်များရှိကြောင်းပြောပေမဲ့လည်း ရှာဖွေရန် ခက်လှသည်။
"စီနီယာအစ်မရန် ကျနော့်ကိုရှာနေတာလား"
ရန်ဟွားက ရယ်၍ "ဘယ်တုန်းက သိသွားတာလဲ ဂျူနီယာမောင်လေးကျန်းက ထင်ထားတာထက် ဉာဏ်ပိုကောင်းတာပဲ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ဂရုစိုက်ဖို့ ရွေးချယ်ခံထားရတာ မဆန်းပါဘူးလေ"
"မင်းလို သစ္စာဖောက်တွေ ဂိုဏ်းမှာ ဘယ်လောက်ရှိလဲ" ကျန်းဟောင် မေးသည်။
ရန်ဟွားက ထပ်ရယ်သည်။" နောက်ဆုံးစကားရှိသေးလား"
သူမက ဓားဆွဲထုတ်လိုက်သည်။ ကျန်းဟောင်ကိုတွေ့နေပြီဖြစ်၍ စိတ်အေးနေလေသည်။
ရှီယုကို ဆွဲထုတ်ပြီး ဆေဘာလက်ကိုင်တွင် ခရမ်းရောင်စွမ်းအင်များရစ်သိုင်းနေစေ၏။
"စီနီယာအစ်မရန် နောက်ဘဝမှာ ကျနော့်လိုလူမျိုးကို ပိုပြီး သတိထားသင့်တယ်" ကျန်းဟောင်က ဆေဘာဖြင့် ဝင်ရောက်လာခဲ့သည်။
ကောင်းကင်ဆေဘာခုနစ်ကွက်၏ ဒုတိယအကွက် တောင်တန်းဖိနှိပ်ခြင်းအား အသုံးပြုလိုက်သည်။
ဘုန်း
ခမ်းနားသည့် အော်ရာက ဆေဘာမှထွက်လာသည်။
ရန်ဟွား၏ တည်ငြိမ်သည့်မျက်လုံးများတွင် ကြောက်ရွံ့မှုတစွန်းတစပေါ်လာသည်။
ရှီယုက အနှောင်အဖွဲ့အားလုံးကို ချိုးဖျက်ပြီး သူမ၏ ဦးခေါင်းကို ဖြတ်တောက်သွားခဲ့သည်။
ဘန်း
အသွေးအသားများပေါက်ကွဲပြီး နေရာအနှံ့လွင့်စင်သွားခဲ့သည်။
ကျန်းဟောင်က သူမ သေဆုံးတာ သေချာစေရန် ဆေဘာအား နှစ်ကြိမ်ထပ်သုံးခဲ့သည်။ ရန်ဟွားက တကယ်မသေပဲ ပြန်တိုက်ခိုက်လာမည်အား စိုးနေသည်။ ထို့ကြောင့် ကျန်ရစ်သည့် အသွေးအသားများကို ချော်ရည်ထဲပစ်ထည့်လိုက်သည်။ သူမ၏ သွေးစွန်းထင်းနေသည့် ကျောက်တုံးများပါ မချန်ပေ။
ကျန်းဟောင်လည်း ခဏစောင့်ကြည့်နေလိုက်ပြီး သူမ ပေါ်မလာတော့ကြောင်း သေချာမှ နောက်ထပ် သူ၏ ခြေလှမ်းများအတွက် စဥ်းစားသည်။
"သူမ တကယ်သေသွားပြီ အပြင်မှာ ဘာတွေဖြစ်နေလဲသိဖို့လိုတယ် ကောင်းကင်ရှင်းလင်းဂိုဏ်းက တိုက်ခိုက်လာသူတွေကို မရင်ဆိုင်နိုင်ဘူးဆိုရင် မိုင်းတွင်းက မကြာခင် ပေါက်ကွဲသွားလိမ့်မယ် ငါ ထွက်သွားရမယ်"
အပြင်ကို ဦးတည်နေသည့် လမ်းကိုကြည့်လိုက်သည်။ သူ ထွက်သွားချင်ပေမဲ့လည်း စစ်ထူကျန်းတို့နှင့် သွားဆုံမည်အား စိုးနေသည်။
ကျန်းဟောင်လည်း ချော်ရည်တွင်းအနားတွင် စောင့်ဆိုင်းနေသည်။ အပြင်ကို အလျင်စလိုထွက်ပြီး စစ်ထူကျန်းတို့နှင့် မရင်ဆိုင်ချင်ပေ။ လေးယောက်တစ်ယောက်တိုက်၍ အကျိုးမရှိမှာ သေချာနေသည်မဟုတ်ပါလား။
ချော်ရည်များကိုကြည့်ပြီး အနာဂတ်တွင် ကောင်းကင်သူတော်စင်ဂိုဏ်းအား သတိထားရမည်ဟု တွေးနေမိသည်။
ရန်ဟွားက သတ်ရခက်ရာ သူတော်စင်မဖြစ်သည့် မင်ယီက မည်မျှခက်ခဲလိုက်ပါမည်နည်း။
စီနီယာအစ်ကိုမုချီက သူတော်စင်မနှင့် ပတ်သတ်မှုရှိခဲ့သည့်အတွက် သူ့ကိုလည်း သတိထားသင့်သည်။ သူတော်စင်မက မုချီကို အသုံးချလာနိုင်သည်မဟုတ်ပါလား။
ဘုန်း
မိုင်းတွင်းက တုန်ခါပြီး ချော်ရည်များမြင့်တက်လာသည်။
"ငါ ဆက်စောင့်လို့မရတော့ဘူး"
ကျန်းဟောင်လည်း ရှီယုကိုသိမ်း၍ ထွက်သွားရန်လုပ်သည်။ ခြေတစ်လှမ်းသာလှမ်းရသေးသည်တွင် တစုံတယောက်က ဂူထဲဝင်လာကြောင်း သတိထားမိလိုက်သည်။
"လမ်းပိတ်နေပြီ ဒီလမ်းကိုပဲ စမ်းကြည့်ရမှာပဲ" ပေ့ရွှယ်၏ အသံထွက်လာသည်။
မကြာခင် စစ်ထူကျန်းနှင့် အခြားသူများပါ ဝင်ရောက်လာကြသည်။ ကျန်းဟောင်ကိုတွေ့ရသည့်အတွက် သူတို့အားလုံး အံ့အားသင့်သွားကြသည်။