မထင်ထားသည့် ကပ်ဘေး
Vol. 5 Ch. 63
ကျန်းဟောင်က သူတို့ကို လျင်မြန်စွာ သတ်ဖြတ်ခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။ စစ်ထူကျန်းတို့ ထွက်လာပြီး တိုက်ခိုက်မည်အား စိုးရိမ်နေသည်။
ကောင်းကင်ဆေဘာ ပထမအကွက်နှင့် ဒုတိယအကွက်ကို ဆက်တိုက်အသုံးပြုရသောကြောင့် သူ့စွမ်းအားများ လျော့နေလေပြီ။
တိုက်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားပေမဲ့ စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်။ ကျင်းရုတို့ သေကြောင်း အတည်ပြုပြီးမှ ချော်ရည်ထဲ အလောင်းများကို ပစ်ချလိုက်သည်။
ကျန်းဟောင်က လမ်းကျဥ်းလေးအတိုင်း လိုက်လာခဲ့သည်။၎င်းတို့ကို လွှတ်ပေးခဲ့ပေမဲ့ သူ့ကို လာသတ်သည့်အတွက် နောင်အန္တရာယ်ကင်းစေရန် ကျန်သည့်လူများကိုပါ ရှင်းပစ်ရပေမည်။
အမည်မဲ့ကျင့်စဥ်ကြောင့်သာမဟုတ်ပါက ရှန့်ကွမ်းဝမ်အား အာရုံခံမိမည်မဟုတ်ပါချေ။ ထင်သည့်အတိုင်း သူက အတော်လေးအန္တရာယ်များသည်။
ကျန်းဟောင် လခြမ်းဆေဘာအား စစ်ဆေးကြည့်လိုက်သည်။ အက်ရာများပြည့်နှက်နေပြီး မကြာခင် အသစ်တစ်ချောင်းဝယ်ရပေမည်။ လောလောဆယ် သူ့တွင် လုံလောက်သည့် ဝိညာဥ်ကျောက်တုံးများ မရှိပါချေ။
အခြားသူများကိုရှာရန် လမ်းအတိုင်း လိုက်ခဲ့သည်။ သို့သော် စစ်ထူကျန်းတို့၏ အရိပ်အယောင်အား မတွေ့ပါချေ။
"သူတို့ ထွက်သွားကြပြီလား" ကျန်းဟောင် အံ့အားသင့်သွား၏။ "ရှန့်ကွမ်းဝမ်နဲ့ ကျင်းရုကို မစောင့်ကြဘူးပဲ"
စစ်ထူကျန်းက သူတို့ကို လွှတ်လိုက်ခြင်းမဟုတ်မှန်း နားလည်သွားရသည်။ စစ်ထူကျန်းက သူနဲ့ တကယ် ရန်သူမဖြစ်ချင်ပုံရသည်။
အပြင်တွင် ပေါက်ကွဲမှုဖြစ်ပြီး သဲနှင့် ဖုန့်များက အလိပ်လိုက်ဝင်လာသည်။ ကျန်းဟောင်လည်း ထွက်ပေါက်ကို ဦးတည်သွားခဲ့သည်။
မိုင်းတွင်းထဲတွင် မလုံခြုံတော့ပေ။ သူသာ မထွက်နိုင်ပါက သေသွားရပေမည်။
သူ ထွက်ပေါက်ဆီကို ပြေးလိုက်သည်။ မိုင်းတွင်းအပြင်ကို ရောက်သောအခါ ပြန့်ကြဲနေသည့် ကျောက်တုံးအပိုင်းအစများအား တွေ့မြင်ရသည်။
ပေါက်ကွဲမှုဖြစ်နေသည့် နေရာကိုကြည့်လိုက်ရာ ဆက်ဖြစ်နေသေးကြောင်း တွေ့ရသည်။ မန္တန်များက အဆက်မပြတ် ကျဆင်းနေကြသည်။
တောင်၏ အစိတ်အပိုင်းများက အက်ကွဲပြီး မြေပြင်မှာ တုန်ခါနေ၏။ ကျန်းဟောင် ရှော့ရနေမိ၏။ သူခံစားမိသည့် မန္တန်မှော်အစွမ်းများက အားကောင်းလွန်းလှသည်။ ၎င်းကို အသုံးပြုနေသူက မည်သို့သောအဆင့်ဖြစ်သနည်း။
သူ တောအုပ်ထဲကို အမြန်ပြေးလိုက်သည်။ ဤနေရာက ဂိုဏ်း၏ အစွန်အဖျားဖြစ်သည်။ ပတ်ဝန်းကျင်ကို စစ်ဆေး၍ လုံခြုံကြောင်း အတည်ပြုသည်။
သူ ထွက်လာကတည်းက မည်သူ့ကိုမှ မတွေ့ရပါသေးချေ။ စစ်ထူကျန်းတို့ ဘယ်ပျောက်သွားသည်ကို မမှန်းဆနိုင်ဖြစ်နေ၏။
"ဘယ်သူနိုင်မလဲ စောင့်ကြည့်ရမယ် ကောင်းကင်ရှင်းလင်းဂိုဏ်းနိုင်ရင် မိုင်းတွင်းဆီ ပြန်သွားမယ် မဟုတ်ရင်တော့ ငါ ထွက်သွားရမှာပဲ ဒီမှာတော့ အသေမခံနိုင်ဘူး ထွက်ပြေးလို့ အပြစ်ပေးခံရရင်တောင် အနည်းဆုံးတော့ အသက်ရှင်သေးတာပဲ"
မိုင်းတွင်းပျက်စီးတာလောက်နှင့် ကောင်းကင်ရှင်းလင်းဂိုဏ်းက အလုံးစုံရှုံးနိမ့်သွားမည်မဟုတ်ပါချေ။ ရန်သူက ရတနာလာရှာခြင်းဖြစ်သည်။ ရှာပြီးတာနဲ့ ထွက်သွားမည်ဖြစ်ပြီး ရေကုန်ရေခန်း တိုက်ခိုက်မည်မဟုတ်ပါချေ။
ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ကျွမ်းကျင်သူအများစုက မိုးပြာတောင်တန်းနှင့် ရင်ဆိုင်နေကြသည်။ ဒါကြောင့်လည်း အခြားဂိုဏ်းများက အခွင့်အရေးယူပြီး မိုင်းတွင်းကို ကျူးကျော်လာခြင်းဖြစ်သည်။ မဟုတ်ပါက ထိုသို့သောအဖြစ်မျိုးရှိမည်မဟုတ်ပါချေ။
နောက်ထပ် ပေါက်ကွဲမှုတခုက အနီးအနားတွင် ဖြစ်လာသည်။ သက်ရောက်မှုက သစ်ပင်အချို့ကိုပင် လဲကျသွားစေ၏။ ကျန်းဟောင်ကတော့ ချပ်ဝတ်ကိုဝတ်ဆင်ထား၍ အဆင်ပြေလေသည်။
ကျန်းဟောင်လည်း ဆေဘာကို ထုတ်လိုက်သည်။ သူ ကြာကြာမပုန်းနိုင်တော့သည့်ပုံပင်။
"ဟားဟား ဒါက ကောင်းကင်ရှင်းလင်းဂိုဏ်းရဲ့ ထိပ်တန်းတပည့်ဆယ်ဦးတဲ့လား သနားစရာကောင်းလိုက်တာကွာ"
"ဒါက မင်းတို့လုပ်နိုင်တာ အကုန်ပဲလား ငါကတော့ ဒီလို အရေးမပါတဲ့ကစားပွဲမှာ မပါချင်တော့ဘူး ငါသွားတော့မယ်"
မည်သည့်အခြင်းအရာများဖြစ်နေပါစေ ကျန်းဟောင် ဝင်မပါလိုပေ။ သူ ထွက်သွားရန်ပြင်လိုက်၏။
သူပြေးရန်ပြင်နေချိန်မှာပဲ တစုံတယောက်ခေါ်သည်အား ကြားလိုက်ရသည်။
"ဂျူနီယာညီလေး နေပါဦး"
ခပ်ကြမ်းကြမ်းအသံတွင် မနာခံပဲမနေနိုင်စေသည့် သြဇာမျိုးပါသည်။ လူနှစ်ယောက်က သူ့ကိုကြည့်နေကြ၏။
တကယ့်ကပ်ဘေးပဲ။
ကျန်းဟောင် ကျောထဲစိမ့်သွားခဲ့သည်။ သူတို့က သူ့ထက် များစွာ သန်မာကြသည်။ ၎င်းတို့က ရွှေအမြုတေအဆင့်ကို ကျော်လွန်ထားသူဖြစ်နိုင်သည်။
၎င်းတို့နှင့် ရင်ဆိုင်ခြင်းက သတ်သေခြင်းသာဖြစ်ပေမည်။ သူ့ကို တားသူအား လှည့်ကြည့်လိုက်သည်။
မှော်အစီအရင်တခုအလယ်တွင် အဖြူရောင်ဝတ်လူတစ်ဦးရှိနေသည်။ ဝတ်ရုံပေါ်တွင် သွေးများစွန်းထင်းနေ၏။
အခြားတယောက်မှာ ဗလတောင့်တောင့် ခပ်ထွားထွားဖြစ်သည်။ သန်မာပုံရပေမဲ့ ထူးဆန်းသည့်ရုန်းများဖြင့် ချုပ်နှောင်ခံထားရသည်။ ၎င်းက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဝတ်စုံအား ဝတ်ဆင်ထားလေသည်။
အဖြူရောင်ဝတ်လူက ကောင်းကင်နက်ဂိုဏ်းမှဖြစ်ပုံရသည်။
"ဂျူနီယာညီလေး ငါ့ကိုကူညီပြီး သူ့ကို မြန်မြန်တားလိုက်" မန်လုံက အော်သည်။
ကျန်းဟောင် သက်ပြင်းချသည်။ မည်သည့် တိုက်ပွဲတွင်မှ ဝင်မပါချင်သော်လည်း တဂိုဏ်းတည်းသားဖြစ်သည့် စီနီယာအစ်ကိုက အကူအညီတောင်းလာချိန် သူ မငြင်းဆန်နိုင်ပါချေ။ မဟုတ်ပါက သစ္စာဖောက်ဟု ထင်သွားပေမည်။
"ကောင်လေး ကိုယ်နဲ့မဆိုင်တဲ့ကိစ္စ ဝင်မပါဖို့ သတိပေးလိုက်မယ်" ရွှမ်ယွမ်ထိုက်က သူ့ကို အေးစက်စက် ကြည့်သည်။
ကျန်းဟောင် လှုပ်ရှားရန်ဆုံးဖြတ်ပြီး ဓားတစ်သောင်းအဆောင်ဖြင့် ကျူးကျော်သူထံ ပစ်လွှတ်လိုက်သည်။ သူ၏ လုပ်ဆောင်မှုက တဖက်လူအား တည်နေရာကူးပြောင်းအစီအရင်ဖြင့် ထွက်ပြေးနေခြင်းကို တားဆီးရန် မလုံလောက်ပါချေ။