ချမ်းသာဖို့လိုသည်
Vol. 5 Ch. 69
ကျန်းဟောင်၏ နာမည်ကိုကြားပြီး ဟန်မင်မှာ ချာချာလည်သွား၏။ အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာရှိသေးသည့် ကျန်းဟောင်က အဘယ်ကြောင့် ထိပ်ဆုံးစာရင်းတွင်ပါလာမှန်း နားမလည်နိုင်ပါချေ။
လုံးဝ အဓိပ္ပာယ်မရှိပေ။ လွန်ခဲ့သည့်နာရီအနည်းငယ်ကပင် ဆေးဥယျာဥ်တွင် သူ၏ အောင်မြင်မှုများအတွက် ကျန်းဟောင်ကို သွားကြွားသေးခဲ့သည်မဟုတ်ပါလော။
ဟန်မင်တယောက် အရှက်ရပြီး ရှုံးနိမ့်သည့်ခံစားချက်များဖြစ်နေသည်။ ကျန်းဟောင်ကို ကျော်နိုင်ပြီဟု ခံစားနေရပြီးမှ...
ဘယ်အချိန်မှ ကျန်းဟောင်ကို အနိုင်ယူနိုင်မှာလဲ။
သူ၏ တည်ငြိမ်သည့် မျက်နှာထားကို အမှတ်ရလေ ပိုအရှက်ရလေပင်။
"ကျန်းဟောင် အဲ့ဒါဘယ်သူလဲ" ကျစ်ဝူက မေးသည်။
"သူ့နာမည်ကိုကြားဖူးသလိုပဲ" ဖေ့ကျူးက စဥ်းစားသည်။ "သူက ဆေးဥယျာဥ်မှာ အလုပ်လုပ်တဲ့တယောက်မဟုတ်လား အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပဲ"
"ဟုတ်တယ် သူပဲ" မုချီက အတည်ပြုသည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်" ကျစ်ဝူမယုံနိုင်ဖြစ်သွားခဲ့သည်။ "ဘယ်လိုကြောင့် ဒီလောက်လေးနဲ့ တဂိုဏ်းလုံးရဲ့ ထိပ်ဆုံးဆယ်ယောက်အတွင်းကို ဝင်သွားတာလဲ"
ဟန်မင်လည်း ထိုအကြောင်းကိုပင် တွေးနေသည်။
"လွန်ခဲ့တဲ့ရက်ပိုင်းက မိုင်းတွင်းမှာ တိုက်ခိုက်မှုဖြစ်ခဲ့တယ် ကောင်းကင်နက်ဂိုဏ်းနဲ့ လေမိုးကြိုးဂိုဏ်းက ဦးဆောင်လာတာပဲ ရေစီးတံခွန်တပည့် မန်လုံက ကောင်းကင်နက်ဂိုဏ်းရဲ့ ကျွမ်းကျင်သူ ရွှမ်ယွမ်ထိုက်နဲ့ တိုက်ခိုက်ခဲ့တယ် ရွှမ်ယွမ်ထိုက်က မန်လုံကို ရုန်းနဲ့ချုပ်ထားပြီး တည်နေရာကူးပြောင်းအစီအရင်နဲ့ ပြေးဖို့လုပ်တာကို ကျန်းဟောင်က တားဆီးပြီး မန်လုံအတွက် အခွင့်အရေးဖန်တီးပေးနိုင်ခဲ့တယ် ကျန်းဟောင်ကြောင့် မန်လုံက ရွှမ်ယွမ်ထိုက်ကို လက်ရဖမ်းနိုင်ခဲ့တယ်လို့ပြောရင် မမှားဘူး" မုချီက ရှင်းပြသည်။ "ရွှမ်ယွင်ထိုက်က မူလဝိညာဥ်အဆင့် နှောင်းပိုင်းမှာရှိတယ်"
လူတိုင်းရှော့ရသွားသည်။ ဤနေရာတွင် ရှိနေသည့် မည်သူကမှ မူလဝိညာဥ်အဆင့်များ၏ တိုက်ပွဲကြားထဲ ဝင်ပါဝံ့မည်မဟုတ်ပါချေ။
သူတို့ ခေါင်းငုံ့လိုက်ကြသည်။ အထူးသဖြင့် ဟန်မင်ပင်။ သူပင် ကျန်းဟောင်လို သတ္တိရှိလိမ့်မည်ဟု တထစ်ချမပြောနိုင်ပါချေ။
"သူ့နာမည်က ဥပဒေခန်းမရဲ့ သံသယစာရင်းမှာပါတာကို မှတ်မိတယ် အခုရော ရှင်းလင်းသွားပြီလား" ဖေ့ကျူးက မေးသည်။
"အရင် သံသယတွေတော့ ပျောက်သွားပြီ ဒါပေမဲ့ သစ္စာဖောက်ရန်ဟွားနဲ့ပတ်သတ်ပြီး သံသယဝင်စရာလေးတွေရှိတာကြောင့် ဥပဒေခန်းမက လုံးဝလွှတ်ပေးလိုက်မှာတော့ မဟုတ်ဘူး"
မုချီကိုယ်တိုင်လည်း ပဟေဠိဖြစ်နေရသည်။ ဥပဒေခန်းမက ကျန်းဟောင်ကို အစစ်အမှန်တပည့်မဖြစ်စေရန် တမင်သက်သက် ပြုနေသလားဟုပင် ထင်မိသည်။
သူ့အမြင်အရ ကျန်းဟောင်မှာ အစစ်အမှန်တပည့်ဖြစ်ရန် ထိုက်တန်ပြီးသားဖြစ်သည်။ တခုတည်းသောပြဿနာက သူ၏ ပါရမီမှာ အရမ်းမထူးချွန်ခြင်းပင်။ သို့သော် သူ၏ လုပ်ဆောင်မှုနှင့် အကျိုးပြုမှုများက ကမ်းပါးသခင်အတွက် ကျန်းဟောင်ကို လက်ခံစေရန် ပြဿနာရှိမည်မဟုတ်ပါချေ။
သို့သော် သူ အခုလို သံသယဝင်ခံရနေလျှင် အစစ်အမှန်တပည့်ဖြစ်ရန်မှာ အကောင်အထည်ပေါ်လာဦးမည်မဟုတ်ချေ။
ခူဝူကန်းက သူတို့စကားဝိုင်းကို ကြားဖြတ်လိုက်သည်။ "ကောင်းပြီ မင်းတို့အားလုံးကြိုးစားခဲ့ကြတယ် ဒီတိုင်း ဆက်လုပ်ပါ လအနည်းငယ်အတွင်း တပည့်ကြားက ပြိုင်ပွဲရှိမယ် ကျင့်ကြံအဆင့်ကြီးတစ်ခုအတွက် အနိုင်ရသူ ၅ ယောက်၊ အခွဲ ၁၂ ခုအတွက် အများကြီးရှိမှာ မဟုတ်ဘူး မင်းတို့ အကောင်းဆုံးလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
သူတို့ ခေါင်းညိတ်သည်။
ဟန်မင်လည်း ဝင်ပြိုင်ချင်သည်။ ၎င်းက သူ၏ အရည်အချင်းကို ထုတ်ပြနိုင်မည့် အခွင့်အရေးဖြစ်နိုင်သည်။
...
တစ်ညတာလေ့လာပြီးနောက် ကုသရေးအဆောင်များအား မည်သို့လုပ်ရမည်ကို ကျန်းဟောင် နားလည်သွားလေပြီ။
ရွှေအမြုတေအဆင့်အတွက် အဆောင်အောင်မြင်နှုန်းက ၅၀% ရှိသည်။ လေ့ကျင့်သားဝသွားပါက အနည်းဆုံး ၈၀% အထိဖြစ်နိုင်၏။ သူ ကောင်းကောင်း လုပ်နိုင်မည်ဟု ယုံကြည်လေသည်။
ကျင့်ကြံဆင့်မြင့်ခြင်းတွင် ထိုသို့ အပိုအကျိုးသက်ရောက်မှုများရှိလေသည်။ သို့သော် သူ အဆောင်အများကြီးမရောင်းနိုင်ပေ။ မဟုတ်ပါက သံသယဝင်စရာကောင်းနေပေမည်။
ရွှေအမြုတေအဆင့်တွင်ရှိသူများသာ ဖန်တီးနိုင်သည့် အဆောင်အချို့လည်း ရှိနေပါသေး၏။ လောလောဆယ် ၎င်းတို့ကို သူ မရောင်းနိုင်သေးပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက်ကိုသာ အဓိက အားထားနေရသည်။
ဓားတစ်သောင်းအဆောင်များကို ပိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့က လျင်မြန်စွာ ရောင်းကုန်သည်။ နောက်ပြီး သူ့အတွက် ပြုလုပ်ရတာလည်း အရမ်းမခက်တော့ပေ။
ကျန်းဟောင် သက်ပြင်းချ၍ ခြံထဲထွက်လာခဲ့သည်။
မြေကြီးထဲစိုက်ထားသည့် လခြမ်းဆေဘာကိုကြည့်၍ သူ့တွင် အသုံးပြုရန် ဆေဘာမရှိသေးကြောင်း သတိရမိ၏။
စနစ်မျက်နှာပြင်အား ဖွင့်ကြည့်လိုက်သည်။
အမည် ကျန်းဟောင်
အသက် ၂၁
ကျင့်ကြံခြင်းအဆင့် အလယ်အလတ်ရွှေအမြုတေအဆင့်
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား
အသက်သွေး ၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၁၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၂/၃ (မရနိုင်)
အရေအတွက်က သနားစရာကောင်းအောင်နည်းသည်။ နှစ်ရက်အတွင်း သူ၏ တိုးတက်မှုက နည်းပါးလွန်းသည်။
"အရင်ဆုံး လုပ်စရာရှိတာလုပ်ရမယ်" သူတွေးလိုက်၏။ "ဝိညာဥ်ကျောက်တုံးတွေရှာရမယ် ပြီးရင် ဆေဘာနဲ့ လက်ဖက်ရွက်ကောင်းကောင်းဝယ်ရမယ် အို့ ဟုတ်သားပဲ သားရဲအတွက်လည်း ဝိညာဥ်ကျောက်တုံးအချို့ ချန်ထားရဦးမယ်"
သားရဲအတွက်လည်း ဝိညာဥ်ကျောက်တုံးများလိုသည်။
"စီနီယာအစ်ကိုမုချီက ငါ့ကို ဝိညာဥ်ကျောက်တုံးပေးရင် ကောင်းမယ် သူ ငါ့ကို အရင်းအမြစ်တွေ ခွဲပေးမယ်ပြောထားတာပဲ"
ကျန်းဟောင် ဆေးဥယျာဥ်ကို ထွက်သွားလိုက်သည်။ သားရဲက ခုန်ပြီး သူ့နောက်လိုက်လာသည်။ လည်ပတ်နဲ့ အဆင်ပြေစေရန် လည်ပင်းအား လှည့်ပြုနေသည်။ သားရဲက အသိဉာဏ်ရှိနေသောကြောင့် လည်ပတ်က မည်သည့်အတွက်ဖြစ်ကြောင်း သိလေသည်။
သို့သော် ဖျက်ဆီးပြီး ထွက်ပြေးရန် စိတ်ကူးမရှိပါချေ။ လည်ပတ်အတွက်ပင် ဂုဏ်ယူနေပါသေး၏။ သူ့တွင် ဂရုစိုက်ပေးမည့် သခင်ရှိနေသည်မဟုတ်ပါလား။
"သခင် လူတွေကိုစားလို့ရလား" သားရဲက မေးသည်။
"လူသားက အရသာရှိလို့လား"
သားရဲ ခေါင်းညိတ်သည်။
"အရင်က လူဘယ်နှစ်ယောက်စားဖူးလဲ" ကျန်းဟောင် မေးသည်။
"တယောက်တောင် မစားဖူးသေးဘူး ဒါပေမဲ့ ကြီးမြတ်တဲ့ မိစ္ဆာတိုင်းက လူသားစားကြတယ်လေ ကျနော်ကလည်း ကြီးမြတ်တဲ့ မိစ္ဆာပဲမဟုတ်လား"
ကျန်းဟောင်က လမ်းလျှောက်နေရင်းဖြင့် ပြောလိုက်သည်။ "ဒါဖြင့် မင်းကို သတ်ရတော့မယ်ထင်တယ် မိစ္ဆာကိုတော့ ငါလည်း မမွေးချင်ဘူး"
"သခင် ကျနော်က နောက်နေတာပါ" သားရဲက ပျာပျာသလဲ ပြောသည်။ "ကျနော်က မိစ္ဆာမဟုတ်ပါဘူး ယုန်ပါ မုန်လာဥပဲ ကြိုက်ပါတယ်"
သူ ခေါင်းယမ်းလိုက်၏။ ဒီသားရဲက လုံးဝအရှက်မရှိဘူးပဲ။
ဆေးဥယျာဥ်ရှေ့ရောက်သောအခါ မုချီနှင့် တွေ့သည်။ ဝိညာဥ်ကျောက်တုံးများရနိုင်မည့်အရေးကြောင့် ကျန်းဟောင်မှာ စိတ်လှုပ်ရှားသွားခဲ့၏။