နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်း
Vol. 5 Ch. 72
ကျန်းဟောင်တွင် ဝိညာဥ်ကျောက်တုံး ၁၉၀၀ ကျန်သည်။ ၎င်းက ဆေဘာဝယ်ရန် လုံလောက်သင့်သည်။ သူ သက်ပြင်းချလိုက်၏။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်နှစ်ခုလုံးအတွက် သုံးနိုင်မည့်အရာကို ရှာတွေ့လျှင်ကောင်းပေမည်။
ဆိုင်အချို့တွင် ဓမ္မရတနာများကို တွေ့ခဲ့သည်။ ၎င်းတို့ထဲ ဆေဘာလည်း ပါ၏။ ဒါပေမဲ့ အများစုက သာမန်ဆန်သည်။ ကောင်းသည့် ဆေဘာကျပြန်တော့လည်း အလွန်ဈေးကြီးလေသည်။
ဝိညာဥ်ကျောက်တုံး ၁၉၀၀ နဲ့ မလောက်ပေ။ နောက်ပြီး တချို့သော ကုန်သည်များက မရိုးသားကြပေ။ ပစ္စည်းကို ဈေးတင်ထားပေမဲ့ အရည်အသွေးက မကောင်းပေ။
ဆိုင်တခုတွင် မိုးနီလက်ဖက်အား တင်ထားသည်။ ၅ ဂရမ်ကို ဝိညာဥ်ကျောက်တုံး ၁၀၀ နှင့်အတူတူဖြစ်သော်လည်း သူ ဝယ်လာသည့် လက်ဖက်ရွက်လောက် အရည်အသွေးမကောင်းပေ။
ကျန်းဟောင်က မိစ္ဆာမကိုလန့်သောကြောင့် အရည်အသွေးမကောင်းသည့် လက်ဖက်ရည်နဲ့တော့ မတည်ခင်းနိုင်ပါချေ။
"သူမနာမည်ကိုတောင် မသိသေးဘူး"
ပထမဆုံးအကြိမ် စတွေ့တုန်းက သူက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းသာရှိသေးသည်။ အခု ရွှေအမြုတေအဆင့် အလယ်အလတ်ကို ရောက်နေပြီဖြစ်၍ တစုံတခုတော့ သိရနိုင်သည်မဟုတ်ပါလား။
ကျန်းဟောင်တယောက် ပထမဆုံးအကြိမ် သူမ လာလည်ရန် မျှော်လင့်မိခြင်းပင်။ သူမနဲ့ပတ်သတ်ပြီး တစုံတခုကို ရှာတွေ့ခဲ့ပါက သူ ပိုပြီးသန်မာလာသည်ဟု ဆိုလိုခြင်းပင်။
ဈေးထဲတွင် ပစ္စည်းရောင်းနေသည့် ကုန်သည်များစွာရှိသည်။ အများစုက မိုးပြာတောင်တန်းမှ ရလာသည့်အရာများဖြစ်သည်။
အခြားဂိုဏ်းက လူများပင်ရှိနေ၏။ ၎င်းတို့က ကျင့်ကြံဆင့်အမျိုးမျိုးဖြစ်သည်။ တချို့က ရွှေအမြုတေအဆင့်၊ တချို့က အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အချို့မှာ အသက်သွေးသန့်စင်ခြင်းအဆင့်ဖြစ်ကြသည်။ ရွှေအမြုတေအဆင့်ထက် ကျော်လွန်သူများကိုတော့ မတွေ့ချေ။
ကျန်းဟောင် လျှောက်လာရင်း ဆိုင်တခုကို ဝင်ကြည့်သည်။ ဆိုင်ထဲတွင် အသက် ၂၀ အတော်လေးကျော်သည့် လူနှစ်ဦးရှိနေသည်။
ကျန်းဟောင် ရောက်လာသောအခါ သူတို့ တောက်ပစွာ ပြုံးလိုက်ကြသည်။ "ရောင်းရင်း ကြွပါ လိုချင်တာများ ရှိပါသလား"
ဆိုင်ထဲတွင် ပစ္စည်းအများကြီးမရှိပါချေ။ ဓားတစ်ချောင်း၊ ဒိုင်းနှင့် ဆေဘာတစ်လက်သာရှိသည်။ အနက်ရောင်ဆေဘာက ကျန်းဟောင်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သုံးထားသည့် ပစ္စည်းနှင့် လက်ရာအရ လခြမ်းဆေဘာထက် ပိုကောင်းပုံရသည်။
"ဒီဆေဘာက ဘယ်လောက်လဲ" ကျန်းဟောင် မေးသည်။
"ဒါကို မြေခွေးနက်လို့ခေါ်တယ် နာမည်ကြီး ဆရာသခင်တဦးရဲ့ လက်ရာပေါ့ ဈေးတော့မပေါဘူး ဒါပေမဲ့ ရောင်းရင်းကို ဝိညာဥ်ကျောက်တုံး ၃၀၀၀ နဲ့ ပေးနိုင်တယ်" လီဖေးဟုခေါ်သည့် တယောက်သောလူက ပြောသည်။
ကျန်းဟောင် မျက်မှောင်ကြုတ်၏။ သူ့တွင် ဝိညာဥ်ကျောက်တုံး အများကြီးမရှိပေ။ ဈေးကတော့ တကယ် သက်သာသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ယင်းက သူရနိုင်သည့် အကောင်းဆုံးဆေဘာဖြစ်နိုင်သည်။
ဝိညာဥ်ကျောက်တုံးအစား အဆောင်များနှင့် အလဲအလှယ်လုပ်ရန် တွေးမိသည်။ သူ့တွင် ကုသရေးအဆောင်၊ ဓားတစ်သိန်းအဆောင်နှင့် ဆေးလုံးအချို့ရှိသည်။
"ရောင်းရင်းမှာ အခက်အခဲများရှိသလား ကျုပ်တို့လည်း အလျင်လိုနေတော့ နောက်ထပ် ၅၀၀ လျှော့ပေးမယ်လေ" ဟုန်လိုင်က ပြောသည်။။
ထပ်မံဈေးချလိုက်ခြင်းက လီဖေးကို မကျေမနပ်ဖြစ်သွားစေပေမဲ့လည်း လွှတ်ထားပေးလိုက်သည်။
ကျန်းဟောင် သံသယဝင်သွား၏။ ဘာလို့ အလောတကြီးရောင်းချဖို့ ကြိုးစားနေတာလဲ။
"ရောင်းရင်းက ကံကောင်းတာပဲ ဒီဆေဘာက အကြာကြီးရှိနေတာ ပစ္စည်းအသစ်အတွက် မြန်မြန်ရောင်းထုတ်ချင်လို့သာ ပေးလိုက်တာ"
ကျန်းဟောင် ခေါင်းညိတ်သည်။ ဝိညာဥ်ကျောက်တုံးများ မလုံလောက်မှုကို အဆောင်များနှင့် အစားထိုးပေးရန် ပြောသည်။
သူတို့ တွန့်ဆုတ်နေကြပေမဲ့လည်း သဘောတူကြသည်။
အဆုံးတွင် ကုသရေးအဆောင် ၅ ခု၊ ဓားတစ်သိန်းအဆောင် ၁၂ ခုနှင့် ဝိညာဥ်ကျောက်တုံး ၁၉၀၀ နှင့် ဈေးတည့်သွားခဲ့သည်။
လီဖေးက နွေးထွေးစွာပြုံးသည်။" ကျေးဇူးတင်ပါတယ် ရောင်းရင်း ထုပ်ပိုးပေးပါရစေ.
သူက ဆေဘာကိုယူပြီး အောက်တွင်ချထားသည့် ဘူးထဲထည့်ကာ ကျန်းဟောင်ကိုပေးသည်။
"အတူတူအလုပ်လုပ်ရတာ ကောင်းပါတယ်"
ကျန်းဟောင် မျက်မှောင်ကြုတ်၏။ အလေးချိန်က မမှန်ပေ။ ဆေဘာကို စစ်ဆေးကြည့်ရန် ဘူးကို ဖွင့်မည့်အပြု လီဖေးက ဘူးပေါ် လက်တင်ပြီး တားလိုက်သည်။ "ရောင်းရင်း အရောင်းအဝယ်က ပြီးပြီလေ အခုထွက်သွားသင့်ပြီ"
သူ့ကို လိမ်သွားပြီဖြစ်ကြောင်း ကျန်းဟောင်သိလိုက်သည်။ ဘူးထဲတွင် ဆေဘာမရှိပဲ အခု သူ့ကို ခြိမ်းခြောက်နေ၏။
တဖက်က နှစ်ဦးလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းဖြစ်ကြသည်။
ကောင်းပြီ" ကျန်းဟောင် ခေါင်းညိတ်ပြီး ဘူးကိုယူကာ "ထွက်လာခဲ့သည်။
"အစ်ကိုလီ သူက အရမ်းတည်ငြိမ်လွန်းတယ် အန္တရာယ်ရှိနိုင်မလား" ဟုန်လိုင်က မေးသည်။
"သူတယောက်တည်း အကြာကြီးလျှောက်နေတာ အကူအညီသွားတောင်းစရာတော့ ရှိမှာမဟုတ်ဘူး" လီဖေးပြောသည်။ "ဒါပေမဲ့ စိတ်ချရအောင် ရုပ်ဖျက်ပြီး ထွက်သွားကြတာပေါ့"
ထို့နောက် နှစ်ယောက်သား လူပြတ်သည့်နေရာသို့ ရောက်သွားကြသည်။ သူတို့ ဈေးထဲပြန်ပေါ်လာသောအခါ အမျိုးသမီးများအသွင်ဖြစ်နေကြလေပြီ။ မည်သူကမှ သူတို့ကို မမှတ်မိပါချေ။