ကသိကအောက် ဖြစ်မှုနှင့် ချိုမြိန်မှု
Vol. 101 Ch. 1501
ဟော်ယွမ်ယွမ်ကို လိုက်ပို့ပေးပြီးနောက် ကျီချင်းရန်သည် အခန်းထဲသို့ ပြန်လာခဲ့သည်။
သို့သော် ယခင်ကဲ့သို့တော့ တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။ သူမရင်ဘက်ထဲရှိ ကသိကအောက် ဖြစ်မှုက လူကို မလုံမလဲ ဖြစ်နေစေသည်။ အထူးသဖြင့် လင်းရီ သူမကို စိုက်ကြည့်သည့် အချိန်၌ မသိစိတ်က ရင်ဘက်ကို လက်ဖြင့် အလိုလို ဖုံးအုပ်ထားမိသွားခဲ့သည်။
“ ငါ .. ငါ နင့်ကို အမှိုက်တွေ ကူရှင်းပေးမယ်… “
ပြောပြီးနောက် ကျီချင်းရန်သည် ကိုယ်ကို ကိုင်းညွှတ်၍ ကြမ်းပြင်တွင် ကျနေသည့် ပိတ်ကျဲ ဟောင်းနှင့် ဆေးပုလင်းကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
ကသိကအောက် ဖြစ်မှုနှင့် ရင်ဘက်ထဲရှိ မလွယ်ကူမှုကို ချေဖျက်ရန်အတွက် အခြား မလိုအပ်သည်များလည်း ဆက်လက် သန့်ရှင်းပေးနေပြီး နာရီဝက်ကြာတော့မှ ပြီးဆုံးသွားခဲ့သည်။
ထိုအတောအတွင်း လင်းရီမှာတော့ တင်ပျဉ်ခွေထိုင်ရင်း မေးကို လက်တစ်ဖက် ထောက်ထားကာ ကျီချင်းရန် ပြုလုပ်နေသည်များအား ဇိမ်ပြေနပြေ ထိုင်ကြည့်နေသည်။
လင်းရီ သူမကို စိုက်ကြည့်နေမှန်းလည်း ကျီချင်းရန်သိသည်။ သို့သော် မသိချင်ယောင်ဆောင်ရင်း လုပ်စရာရှိသည်ကို တိတ်တဆိတ် ဆက်လုပ်နေသည်။
သို့သော် အချိန်တန်သည်နှင့် သူမ၏ အလုပ်ကလည်း ပြီးဆုံးသွားလိမ့်မည်။ လင်းရီ၏ အကြည့်က သူမကို ပို၍ စိတ်တုန်လှုပ်စေလေသည်။
“ ငါ့ကို ဘာလို့ အဲ့လိုမျိုး လာကြည့်နေတာလဲ…”
“ မင်းတို့နှစ်ယောက် တကယ်ကြီး ပျင်းပျင်းရှိလို့ ငါ့ဆီ လာခဲ့လားဆိုတာ သိချင်လို့ပါ…”
“ ညစာ စားပြီးတော့ အားလပ်သွားပြီလေ.. ဒီတော့ ဒီလာပြီး လမ်းခဏလျှောက်ဖို့ ဆုံးဖြတ်လိုက်တာ..” ကျီချင်းရန် အသံကို နုနုလှလှလေး လုပ်၍ ပြောလိုက်သည်။
“ နင်က အိမ်ပြန်ရောက်ပြီး ဘယ်လောက်မှတောင် မကြာသေးတာကို ခရီးထပ်ထွက်သွားတော့ နင်ပင်ပန်းမှာကို စိုးရိမ်တာပေါ့လို့…”
လင်းရီသည် နဂို ကိုယ်နေဟန်ထားကို ဆက်လက်ထိန်းထားရင်း ကျီချင်းရန်ကို မမှိတ်မသုတ် စိုက်ကြည့်နေကာ တစ်ဖက်သူအား ရှက်ကိုးရှက်ကန်း ဖြစ်လာအောင် ပြုလုပ်နေသည်။
“ ငါ အရင်ကလည်း ဒီလိုပဲကို ဘာလို့ အဲ့တုန်းက လာပြီး မကြည့်လဲ…”
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် သူမ ပြောလာခဲ့သည်။
“ ငါ .. ငါ အလုပ်အရမ်းများလို့ လာချင်တောင် မလာနိုင်ဘူးလေ….”
“ အဲ့တာကြောင့်မို့ ဟော်ယွမ်ယွမ်က အလုပ်ပါ ထွက်ပြီး ငါ့ကို ကြည့်ဖို့ လာခဲ့တယ်ပေါ့…”
“ ဟင် … ယွမ်ယွမ်က အလုပ်ထွက်တယ် ဟုတ်လား…. ဒီကိစ္စ ငါလည်း မသိရပါလား….”
“ ဒီနေ့ သူ ချီကြီးဆီ နှုတ်ထွက်စာ ပေးတယ်လေ… ချီကြီးက မင်းတို့ မလာခင် လေးမှာပဲ ငါ့ဆီ ပို့လာခဲ့တာ…”
ကျီချင်းရန် ကြက်သေသေသွားခဲ့သည်။ သို့သော် အလျှင်အမြန်ပဲ ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။
ဟော်ယွမ်ယွမ်က သူမအတွက် အလုပ်ထွက်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
သို့သော် အဆုံးတွင်တော့ သူမကသာ ပြဿနာ၏ အရင်းခံ ဖြစ်နေခဲ့၏။
“ အဲ့ဒီတော့.........” သူမ စကားအစ်ကြည့်လိုက်သည်။
“ ငါ ခွင့်ပြုပေးလိုက်တယ်…. ပြီးရင် ဈေးပိုသက်သာတဲ့ တစ်ယောက်ကို ငှားရတာပေါ့….”
“ နင် ဘာလို့ ခွင့်ပြုလိုက်ရတာလဲ…”
“ နင် ယွမ်ယွမ်အကြောင်း မသိတာလည်း မဟုတ်ဘဲနဲ့… သူက လုပ်စရာမရှိတိုင်း နင်နဲ့ ကစားနေကြပဲလေ…. ဘာလို့ အတည်ကြီးတွေ လိုက်ယူနေတာ…”
“ အင်း … ဘာလို့ဆို သူ့ နှုတ်ထွက်စာထဲမှာ ငါ့ကို မကောင်းတဲ့ကောင်လို့လည်း ခေါ်ထားသေးတယ်… တခြား မကောင်းတဲ့ စကားတွေရောပဲ.. တကယ်လို့များ နှုတ်ထွက်စာလို့သာ ခေါင်းစဉ်မတပ်ထားရင် ငါဖြင့် ခြိမ်းခြောက်စာလား ဆိုပြီးတောင် အမှတ်မှားမိတော့မလို့… ငါ ဘယ်သူ့ကို အပြစ်ပြုမိလို့ ဒီလိုတွေ လာပြောနေတာလဲတဲ့…”
“ သူနင့်ကို ပြောချင်နေတာတွေ တအားများလာတော့ စာရွက်ထဲ ချရေးပြီး ပြောချပစ်တာ နေမှာပေါ့…”
ရှက်ရွံ့မှုကို ဖုံးကွယ်ရန် အလို့ငှာ ကျီချင်းရန်သည် ဆံပင်ကို နားအနောက်သို့ သပ်လိုက်ပြီး “ ငါတို့ ခု ညနေခင်း ထမင်းအတူ စားတုန်းကတောင် နောင်နှစ်အတွက် အလုပ် အစီအစဉ်တွေ ပြောနေသေးတာကို နှုတ်ထွက်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ….”
“ ဒါကြောင့်မို့ မင်းတို့နှစ်ယောက် အတူ ဒီရောက်လာရတဲ့ အကြောင်းအရင်းက မရိုးရှင်းလောက်ဘူးလို့…”
“ ဘာလို့ မရိုးရှင်းရမှာ…”
သူမ၏ ရိုးသားမှုကို ပြသရန်အတွက် ကျီချင်းရန်သည် ရုတ်ချည်းဆိုသလို စိတ်ဆိုးမာန်ဆိုး ပြုလိုက်ပြီး “ နင် ဒီလို ဆက်ပြောနေရင် ငါနင့်ကို ဂရုမစိုက်တော့ဘူးဟာ… နင့်ဘာနင်ပဲ နေလိုက်တော့…”
“ အေးပါ အေးပါ … ငါကိုက အတွေးလွန်နေတာပါ…” လင်းရီ အညောင်းဆန့်လိုက်ရင်း “ သွားပြီး ရေချိုးတော့… ပြီးရင် အိပ်ကြစို့….”
“ အင်း…”
ယခု အရာအားလုံးက ရှင်းလင်းသွားပြီ ဖြစ်သဖြင့် သူမ ရင်ထဲရှိ စိတ်ပျက် နွမ်းနယ်မှုတို့လည်း နေလာနှင်းကဲ့သို့ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူမလည်း လင်းရီနှင့် အတူ နီးနီးကပ်ကပ် အတူနေချင်စိတ်လေး ဖြစ်ပေါ်မိ၏။
သို့သော် သူမ ရေချိုးခန်းထဲသို့ ဝင်မိသည့် အခိုက်အတန့်၌ ချက်ချင်း ပြန်ပြေးထွက်လာပြီး စိတ်ပျာနေသည့် အသံဖြင့် “ ငါ ဒီနေ့ ဘာမှလည်း ယူမလာခဲ့မိဘူး..”
“ ရတယ်…. ဟိုတယ်မှာ ပစ္စည်းတွေ ရှိပါတယ်… ငါတို့ အဲ့တာတွေ သုံးလို့ရတယ်…”
လင်းရီက တစ်ကိုယ်ရေသုံး ပစ္စည်းများ ပြောနေခြင်း ဖြစ်မည်ဟု ကျီချင်းရန် တွေးလိုက်သော်လည်းပဲ သူ၏ မျက်လုံးတို့နောက် လိုက်ကြည့်လိုက်တော့ စားပွဲဘေးရှိ ရှက်စရာ ပစ္စည်းများအကြောင်း ပြောနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ ဘာတွေ လာပြီး ပြောနေတာလဲ…” ကျီချင်းရန် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ပြီး “ ငါ တစ်ကိုယ်ရေသုံး ပစ္စည်း နည်းနည်းလောက် သွားဝယ်ဦးမယ်…”
“ ကိုယ့်ကိုယ်ကို ကျိုးဟိုင်ရောက်နေတယ်များ ထင်နေလား… ငါ့ဟာပဲ ယူသုံးလိုက်… ဒီလောက် ညဉ့်နက်နေပြီကို ဘယ်ဆိုင်မှ မဖွင့်တော့ဘူး….”
ကျီချင်းရန် နှုတ်ခမ်းကိုက်ထားမိသည်။ သူမ တတ်နိုင်သည့်အရာ ဘာမျှ မရှိကြောင်းကိုလည်း နားလည်သည်။ ယနေ့တွင်တော့ သူမ မျက်နှာမာ့စ်ကပ်လို့ မဖြစ်နိုင်တော့ချေ။
“ ဒါပေမယ့် ငါ ညအိပ်ဝတ်စုံလည်း မသယ်လာရဘူး..”
“ ငါတို့ တွဲလာတာ ဘယ်လောက်ကြာနေပြီတုန်း.. အိပ်မှာကို ညအိပ်ဝတ်စုံ ဝတ်ဦးမယ်ပေါ့… မင်း အတည်ကြီးလား…”
ကျီချင်းရန် ပါးကို ဖောင်း၍ ရေချိုးခန်းထဲ ပြန်ဝင်သွားခဲ့သည်။
ဤသည်က အခွင့်ကောင်း ယူခံရသည့် နောက်ထပ် ညတစ်ည ဖြစ်ပြီး ထိုအခွင့်အရေးကိုလည်း သူမ ကိုယ်တိုင် လင်းရီတံခါးဝရှေ့ ဆောင်ကြဥ်းလာခဲ့ခြင်းပင်။
မိနစ် နှစ်ဆယ်ကြာပြီးနောက် ကျီချင်းရန်သည် ကိုယ်လက် သန့်စင်၍ ပြီးဆုံးသွားခဲ့ပြီး အတွင်းခံချည်းသပ်သပ်ဖြင့် လင်းရီ၏ အိပ်ရာပေါ်သို့ တက်လာခဲ့၏။
“ မဆိုးရဘူးနော်… အိပ်စရာရှိသာအိပ်…”
“ ဟေး…. ဒီလိုညလေးရဲ့ အခိုက်အတန့်တိုင်းက ရွှေဒင်္ဂါး တစ်ထောင်ထက် အဖိုးထိုက်တယ်လေ..”
“ နင့် ပခုံး ဒဏ်ရာကြီးနဲ့ကို အဲ့လောက် ပိုက်ဆံအများကြီး တန်တော့ရော ဘာအသုံးဝင်လို့ ..” ကျီချင်းရန် ပြောလိုက်ပြီး “ အနာ နောက်တစ်ကြိမ် ထပ်ပွင့်သွားရင် ဘယ်လိုလုပ်မှာလဲ…”
ပြောကြသည်မှာတော့ အနေဝေးခြင်းက နှလုံးသားခြင်း ပို၍ နီးစပ်လာစေသည်ဆိုပင်။ ကျီချင်းရန်လည်း လင်းရီနှင့် နီးနီးကပ်ကပ် အတူနေချင်ပါသည်။
သို့သော် လက်ရှိ အခြေအနေက အမှန်တကယ် အနည်းငယ် ထူးခြားလှပြီး သူတို့တွေ စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်၍ မဖြစ်ချေ။
“ ဒါဆိုလည်း အိပ်တော့….”
လင်းရီ ကျီချင်းရန်ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။
ကျီချင်းရန်မှာ လင်းရီ၏ ရင်ဘက်ကို မျက်နှာအပ်ထားရင်း “ အင်း “ ဟု တိုးညှင်းစွာ ပြန်ဖြေလိုက်၏။
“ နေဦး…” ထိုအချိန် လင်းရီသည် ကျီချင်းရန်ကို တစ်ဖန် ကြည့်လိုက်ပြီး “ တစ်ခုခု မေ့နေတယ် မထင်ဘူးလား…”
“ ဟင် …. ဘာကိုလဲ…”
“ ဒါလေ…” လင်းရီ နှုတ်ခမ်းကို လက်ညိုးထိုးပြလိုက်၏။ “ ညအိပ်ရာဝင်အနမ်း… ဘယ်မှာလဲ….”
“ ဘာကို အိပ်ရာဝင်အနမ်းတုန်း… နင်က ကလေးလား…”
“ မရဘူး… မပေးရင် မအိပ်ဘူး…. အိပ်လို့လည်း ပျော်မှာ မဟုတ်ဘူး..” လင်းရီ ကလေးဆိုးကြီး တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။
လင်းရီ မည်မျှ အရှက်မဲ့သည်ကို ကြည့်ရင်း ကျီချင်းရန် အတော်လေး ကူကယ်ရာမဲ့သွားရသည်။
မသက်သာစွာဖြင့် ပါးကို တစ်ချက် နမ်းရှုံ့လိုက်၏။ ပြီးနောက် ရင်ခွင်ထဲ ခေါင်းပြန်အပ်ပြီး အိပ်စက်ရန် ဟန်ပြင်လိုက်သည်။
သို့သော် လင်းရီမှာ အလျှော့မပေးသေးချေ။
“ ဟေ့ နှုတ်ခမ်းရော ကျန်သေးတယ်လေ… နှုတ်ခမ်း… “
“ ဘာလဲဟာ .. အရင်ကလည်း ပါးပဲ ပေးတာကို… ပင်ပန်းပြီ အိပ်ချင်တယ်လို့…. ”
“ နော် ... ဒီတစ်ကြိမ်တည်းပါနော်…. ကိုယ့် ပခုံးဒဏ်ရာက နှုတ်ခမ်းကို အနမ်းပေးရင် ပိုပြီး သက်သာသွားမှာ… ကိုယ့်ကို မြန်မြန် မသက်သာစေချင်ဘူးလား…”
ကျီချင်းရန် မျက်စောင်းခဲလိုက်သည်။ မည်သူ့ကို လာပြီး လိမ်ညာနေသနည်း။ သူမကို ထိုစကားများ ယုံကြည်ရအောင် သူငယ်နှပ်စားလေးများ မှတ်နေပါသည်လော။
သို့သော် လင်းရီထိုသို့ ဆိုးနွှဲ့လာတော့ သူမ မတတ်နိုင်ချေ။ စိတ်ထဲ အပြစ်ရှိသလို ခံစားချက်ကလည်း အနည်းငယ် ကျန်ရစ်နေသဖြင့် ဤအစုတ်ပလုတ်ကောင်ကြီး အခွင့်ကောင်းယူသည်ကို ကြိတ်မှိတ် အလိုလိုက်ပေးရုံသာ ရှိတော့သည်။
“ အိုကေ .. ဒီတစ်ခါတည်းနော်…”
ပြောပြီးနောက် သူမ လင်းရီနှုတ်ခမ်းကို ခပ်မြန်မြန် တစ်ချက် နမ်းပြီး ရှက်ကိုးရှက်ကန်း ရင်ခွင်ထဲ ခေါင်းပြန်အပ်လိုက်၏။
“ ဟေ့ မင်း ဒါကို နမ်းတယ်ခေါ်တယ်ပေါ့… ငါ သိတောင် မသိလိုက်ရပါလား…”
“ တော်ပြီ လင်းရီ နင် တအားမဆိုး . . . . . . . .”
သူမ စကားမဆုံးခင် လင်းရီ၏ နှုတ်ပိတ်မှုကြောင့် မည်သည့် စကားမျှ ထပ်မဆိုနိုင်တော့ချေ။ နူးညံ့သည့် နှုတ်ခမ်းသားနှစ်ခုက အချင်းချင်း ထိကပ်နေပြီး လင်းရီ သူ့အကြိုက် သရက်သီးအရသာကို ခံစားမိနေသည်။ ထို့ကြောင့် ပို၍ပင် စွဲစွဲလမ်းလမ်း နမ်းရှိုက်နေမိတော့၏။
နာရီလက်တံသည် စက္ကန့်ကနေ မိနစ်ဘက်သို့ ကူးပြောင်းလာသော်လည်း ကမ္ဘာကြီးလုံး တစ်ခုအား မေ့လျော့နေသူ နှစ်ဦး၏ အနမ်းခြင်း ဖလှယ်မှုက မပြီးဆုံးသေးချေ။
ကျီချင်းရန်၏ ခန္ဓာကိုယ်တစ်လုံးလည်း ပူလောင်လာနေသည်။
ထိုအချိန် လင်းရီ၏ လက်က သိမ်မွေ့သည့် ရွှေကြုတ်ကလေးဘက်သို့ နယ်ကျူးလာပြီး ကျီချင်းရန်မှာ ဓာတ်လိုက်သကဲ့သို့ တုန်ကနဲ ဖြစ်သွားခဲ့၏။
ထို့နောက် အသိဉာဏ်ကို လေထိုးထားသည့် အသံဖြင့် အတင်းဖျစ်ညစ်ပြီး လင်းရီကို မြည်တမ်းရှာလေသည်။
“ လင်း … လင်းရီ…..“
လင်းရီ၏ လက်တို့ရပ်တန့်သွားခဲ့ရ၏။ ကျီချင်းရန်၏ စိတ်ထဲ လက်မခံနိုင်သေးကြောင်းကို သူသိလိုက်ရသည်။ အတင်းအကျပ်လည်း အခွင့်အရေး မယူချင်ပေ။ ယခုလိုလေးလည်း သူ ကျေနပ် ပျော်ရွှင်မိသည်။ ထို့ကြောင့် သူ၏ လက်ကို ပြန်ရုတ်ရင်း ချပ်ရပ်လှသည့် ဝမ်းဗိုက်ကို ဖက်လိုက်ကာ တစ်ဖန် နှုတ်ခမ်းအား အကြင်နာ အနမ်း ထပ်ပေးလိုက်သည်။
“ မင်းလက်ခံလာတဲ့ အချိန်ထိ ကိုယ်စောင့်မယ် ချင်းရန်…. ကိုယ်ပိုင်ဆိုင်ချင်တာ မင်းရဲ့ ခန္ဓာကိုယ်တစ်ခုတည်း မဟုတ်ဘူး... မင်းရဲ့ အရာအားလုံးပဲ... ”
“ အင်း…”
ကျီချင်းရန် ကျေနပ်ပီတိ ဖြစ်သော အပြုံးနှင့် လင်းရီ၏ ရင်ဘက်ထဲ ခေါင်းအပ်ကာ ကိုယ်သင်းရနံ့ကို တ၀ကြီး ရှူရှိုက်ရင်း နွေးထွေးမှုကို ခံစားနေရတော့၏။
သူမ၏ ရွေးချယ်မှု မမှားယွင်းခဲ့ချေ။ လိုရမ္မက်ကို ချွန်းအုပ်၍ သူမ၏ ဆန္ဒကို တန်ဖိုးထားသော ယောက်ျားကောင်းတစ်ယောက်နှင့် အတူရှိရသည်ကို သူမ အင်မတန် ပျော်ရွှင်မိသည်။
ပြီးနောက် လုံခြုံသည့် ရင်ခွင်လေးထဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။
…………….
တုံးစန်းကောင်တီ၊ စတားမွန်းဟိုတယ်။
၎င်းက ဟိုတယ် တစ်ခု ဖြစ်သော်ငြားလည်း လင်းရီ တည်းခိုနေသည့် ဟိုတယ်နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက အရွယ်အစားပိုင်းအရပါ ကွာဟမှု တော်တော်လေး ရှိနေသည်။
သို့တိုင် တုံးစန်းကောင်တီထဲတွင်တော့ အတော်လေး ကောင်းမွန်သည့် ဟိုတယ်တစ်ခု ဖြစ်နေပြီး ဖြစ်၏။
တတိလွှာရှိ အခန်း ၃၀၇ထဲတွင် ။
စားပွဲပေါ်၌ ဟင်းတို့ အမယ်စုံအောင် ခင်းကျင်းထား၏။ ကြမ်းပြင်တွင် ဘီယာ နှစ်ဖာနှင့် ပုလင်းလွတ်တို့က စားပွဲပေါ် တန်းစီနေလျက် ရှိသည်။ “ အစ်ကိုကောင်း… မင်း သူတို့ကို ပိုက်ဆံ အဲ့လောက်ထိ ပေးချင်တာ သေချာလား…”
ယွီ့မင်မင် ဆိုသူက စီးကရက်ကို ပါးစပ်ထဲက ထုတ်ရင်း ဘီယာ တစ်ကျိုက်မော့ကာ ပြန်ဖွာရင်း ပြောလိုက်သည်။
“ ငါတို့သာ ဈေးနှုန်း မြင့်မပေးဘူးဆိုရင် ဒီကောင်တွေက ငါတို့ကို မရောင်းပေးမှာ စိုးရိမ်ရတယ်… ငါတို့ အသင်းရဲ့ လုပ်ရည်ကိုင်ရည်တွေလည်း ကျသွားလိမ့်မယ်..”
ကောင်းတဲ့ရှီ ပြောလိုက်သည်။
“ ဒါပေမယ့် ဈေးနှုန်းကို တကယ်ကြီး အဲ့လောက် မြင့်လိုက်မယ်ဆိုရင် ငါတို့အတွက်က အမြတ် ဘယ်လောက်မှ ကျန်တော့မှာ မဟုတ်ဘူးနော်…”
သူတို့ကဲ့သို့သော သီးနှံဝယ်စုဆောင်းသူမျာသည် အမြတ် သိပ်မကျန်သော်လည်းပဲ သူတို့ လုပ်ရည်ကိုင်ရည်ကြောင့် ရရှိလာသည့် ဘောနပ်စ်လေးကတော့ မြိုးမြိုးမြတ်မြတ်လေး ရှိလှ၏။ နှစ်စဉ်နှစ် သူတို့ စုဆောင်းရရှိသည့် ပမာဏအပေါ်တွင် မူတည်၍ ဘောနပ်စ်ကလည်း မြင့်မားလေသည်။
ထို့ပြင် နောက်ထပ် စည်းမျဉ်းတစ်ခုက ဈေးနှုန်းသည်လည်း ချိုသာနေရမည်။ သို့မှသာ ပိုပြီး မြင့်မားသည့် ဘောနပ်စ် ပမာဏကို ရရှိနိုင်ပေမည်။ အကယ်၍ သူတို့သာ ယခုကဲ့သို့ ဈေးနှုန်းကို တိုးပေးလိုက်မည် ဆိုပါက သီးနှံများကို ပို၍ စုဆောင်းရမိစေကာမူ ဘောနပ်စ်က များပြားလိမ့်မည် မဟုတ်ချေ။
“ ငါ နားလည်တယ်..” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ ပြောပြီးမှတော့ ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလို့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား…”
“ ဒါပေမယ့် ဒီမှာ နောက်ထပ် ပြဿနာ တစ်ခု ရှိသေးတယ်..” ယွီ့မင်မင် ပြောလိုက်ပြီး “ တကယ်လို့ ငါတို့သာ ဈေးနှုန်းအသစ်အတိုင်း သီးနှံစုဆောင်းမယ်ဆိုရင် တုံးစန်းကောင်တီက သီးနှံတွေ အားလုံး ဝယ်မှပဲ ရမှာ… တကယ်လို့ တစ်စိတ်တစ်ပိုင်းလေးပဲ ဆိုရင် ဘောနပ်စ်လေးပါ ဖြတ်ခံရနိုင်တယ်…”
“ အဲ့တာ ငါအခု စိုးရိမ်နေတဲ့ဟာပဲ…” ကောင်းတဲ့ရှီ ဘီယာခွက်ကို ကစားရင်း ပြောလိုက်ပြီး “ ငါတို့ ဒီကိစ္စ ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုတော့ စဉ်းစားမှရမယ်… မဟုတ်ရင် ဟိုကောင်လာမှာကို စောင့်နေမယ့် လောဘကြီးတဲ့ လူတွေ မရှိဘူး မပြောနိုင်ဘူး…”
“ အဲ့ကောင်က လိမ်ရိုက်နေတယ်ဆိုတာ အသိသာကြီးကိုဗျာ… ဒီနှစ် သီးနှံဈေးတွေက ဈေးကွက်ထဲ အဲ့လောက်ထိ ရောက်သံ မကြားမိပါဘူး…”
“ အဲ့တာကြောင့်မို့လည်း ငါတို့တွေ အလေးမသာ ဖြစ်နေတာပဲလေ…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ အဲ့ကောင်က လူလိမ်ဆိုတာ မှန်တယ်… သူသာ သီးနှံတွေကို လိမ်ယူသွားခဲ့ရင် ငါတို့ လုံလုံလောက်လောက် ရနိုင်မှာ မဟုတ်တော့ဘူး… အဲ့တာ ပြဿနာ…”
“ တောက်ခ်… ချီးတဲ့မှကွာ… ဘယ်ဂျောင်ကမှန်း မသိတဲ့ကောင်က လာပြီး ပြဿနာ လာရှာနေရတယ်လို့…”
ယွီ့မင်မင် ဆဲရေးတိုင်းထွာလိုက်ပြီး “ ငါ ထင်ထားတာ ငါတို့ ဒီတစ်ခေါက် သီးနှံတွေအားလုံး ဈေးပေါပေါပဲပဲနဲ့ ဝယ်လို့ ရပြီပေါ့… တကယ့်ကောင်နဲ့ လာတိုးနေမယ်လို့ ဘယ်သူက ထင်ထားမှာ.. ခုတော့ စီစဉ်ထားသမျှ ပျက်စီးပါလေရော…”
“ စိတ်အေးအေးထားစမ်းပါကွာ… ခုက ဆိုးရွားသေးတာမဟုတ်ဘူး… ငါတစ်ခုခု ကြံစည်စမ်းပါဦးမယ်…”
“ အစ်ကိုကောင်း… ငါတွေ့တွေ ကောင်တီက တစ်ယောက်ယောက်ကို ငါတို့ကိုယ်စား ပြောခိုင်းပြီး ဈေးကွက်လှုံ့ဆော်ပြီးမှ သီးနှံတွေ အားလုံး ငါတို့ဆီ ရောင်းလာအောင် လုပ်ပေးနိုင်မယ့်လူ ရှာတွေ့နိုင်မယ် ထင်လား..”
“ ဟုတ်သားပဲကွ…” ကောင်းတဲ့ရှီ တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် “ အမှန်အတိုင်း ပြောရရင် ငါတို့ မန်နေဂျာက တုံးစန်းကောင်တီက တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိတယ်… သူ့နာမည် ကျိုးဖုန်း ဆိုလားပဲ.. ငါကြားတာတော့ သူက ဒီမှာ တော်တော်လေး ပြောရေးဆိုခွင့် ရှိတယ်ဆိုလားပဲ မသိဘူး.. ငါ ဂျာကြီးဆီ ဆက်သွယ်ပြီးမှ ဒီအကြောင်း တစ်ချက် စုံစမ်းကြည့်ဦးမယ်…”