အခန်း (၁၅၀၂)
Vol. 101 Ch. 1502
နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီအချိန်တွင် နှစ်ယောက်သည် အိပ်ရာက နိုးလာခဲ့ကြ၏။ မျက်နှာသစ် ဆေးကြောပြီးနောက် မနက်စာကို အတူ သုံးဆောင်ကြသည်။
“ နင် ဒီနေ့ ဘာလုပ်မယ် စိတ်ကူးထားလဲ..” ကျီချင်းရန် မေးလိုက်၏။
“ ရိတ်သိမ်းပြီးတဲ့ သီးနှံတွေက အခု ကျီထဲမှာ… ငါ အခု သီးနှံ သိုလှောင်တဲ့လူဆီ ဆက်သွယ်ပြီး ခဏနေကျရင် သူတို့ ကျီထဲက သီးနှံတွေ သွားယူတော့မလို့… ပြီးရင် ဒီက ကိစ္စတွေ ပြီးပြီ..”
ကျီချင်းရန် ရွှင်မြူးသွားခဲ့ပြီး လင်းရီကို မျှော်လင့်စောင့်စားသည့် မျက်ဝန်းတို့ဖြင့် ကြည့်လာခဲ့သည်။
“ တကယ်... နင် အိမ်ပြန်လာတော့မှာလား… ဒီကို နောက်တစ်ခေါက် ထပ်လာစရာ မလိုတော့ဘူးပေါ့.. အဲ့လိုလား…”
“ အင်း အဲ့လိုမျိုးပဲ.. တကယ်လို့ လာရဦးမယ်ဆိုရင်တောင် ထွေထူးမဟုတ်တော့ပါဘူး… “
“ အဲ့တာ ကောင်းတယ်..”
“ ငါနင့်ကို ဟိုတယ်မှာ စောင့်နေမယ်… နင် အလုပ်ပြီးသွားရင် ငါ့ကို လာရှာလှည့်… ငါတို့နှစ်ယောက် ကျိုးဟိုင်ကို အတူတူ ပြန်ကြမယ်…”
“ ဘာလို့ ဟိုတယ် ပြန်လာရမှာ… ငါ ဒီမနက်တင်ပဲ check out လုပ်ထားတာကို…” လင်းရီ ပြောလိုက်ပြီး “ ငါနဲ့ ရုံးကိုလိုက်ခဲ့…” လင်းရီ နာရီကို ကြည့်၍ ပြောလိုက်သည်။
“ အစားအသောက် သိုလှောင်သိမ်းဆည်းရေး ဌာနက ဆယ်နာရီထိုးလောက်တော့မှ ရောက်မှာ… ငါ ပစ္စည်းတွေ သိမ်းပြီး တစ်ယောက်ယောက်ကို သွားကြိုလိုက်ဦးမယ်.. အဲ့တာပြီးရင် ငါတို့ စထွက်ကြမယ်..”
“ အဲ့လို အစိုးရရုံးခန်း နေရာကြီးကို ငါလိုက်လို့ ရမှာ သေချာလို့လားဟယ်…”
“ ဘာလို့ မရရမှာ…” လင်းရီ ပြောလိုက်ပြီး “ တုံးစန်းကောင်တီမှာ အတွင်းရေးမှူးဝမ်က ဘော့စ်ပဲ.. ပြီးတော့ ငါက ဒုတာဝန်ခံ…. ဘယ်သူ ငါ့ကို ထိန်းချုပ်ဝံ့လဲ…”
“ အင်းပါ…”
ကျီချင်းရန် ပျော်ပျော်ရွှင်ရွှင်ပဲ ခေါင်းညိမ့် လက်ခံလိုက်၏။ လင်းရီ သူမကို လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆက်ပေးတော့မယ်ဆိုသောကြောင့် သူမ၏ ခံစားချက်တို့ ကောင်းမွန်နေသည်။
အသိအမှတ် ပြုခံရသည်ဟူသော ခံစားချက်က ဖော်ပြ၍ မရနိုင်လောက်အောင်ကို ဖြစ်နေတော့သည်။
ထမင်းစားပြီးနောက် လင်းရီသည် ကျီချင်းရန်ကို ကောင်တီ ရုံးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
“ ရီလေး… မင်း ဘယ်တော့လောက် . . . . . . . “
လင်းရီ ဝင်လာသည်ကို မြင်တော့ လီချင်းခိုင် ပြောရင်းတန်းလန်း ရပ်တန့်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် လင်းရီဘေးတွင် လိုက်ပါလာသည့် ကျီချင်းရန်ကို သတိထားမိလိုက်သောကြောင့် ဖြစ်သည်။
ကွန်ပျူတာရှေ့တွင် အလုပ်များနေသည့် လီစီကျင်းသည်လည်းပဲ တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။
“ ရီလေး … ဒါက . . . . . . “
“ ဒါ ကျွန်တော့် ချစ်သူ … ကျီချင်းရန်ပါ…”
“ ဟယ်လို အစ်ကိုလီ…” ကျီချင်းရန် ပြုံး၍ ခေါင်းညိမ့်ပြလိုက်၏။
ရုံးသို့ လာသည့်လမ်းတွင် လင်းရီသည် ရုံးခန်း၏ ဖွဲ့စည်းတည်ဆောက်ပုံကို ကျီချင်းရန်ထံ ရှင်းပြထားပြီး ဖြစ်သဖြင့် သူမရှေ့ရှိ အနှီလူသည် လီချင်းခိုင် ဖြစ်ရမည်ဟု သူမ အလိုအလျောက် ခန့်မှန်းကြည့်လိုက်သည်။
အဆိုပါ ကွန်ပျူတာရှေ့တွင် ထိုင်နေရင်း သူမအား ငေးမောနေသူမှာတော့ လီစီကျင်း ဖြစ်လောက်၏။
“ ဟယ်လို ဟယ်လို… ဝင်ထိုင်လေ… သူစိမ်းတွေလို လုပ်မနေပါနဲ့…”
လီစီကျင်း ခေတ္တမျှ ကြက်သေသေသွားပြီးနောက် သူမ၏ စိတ်တို့ ပြန်လည်တည်ငြိမ်သွားခဲ့ရသည်။
ဤသည်က …. သာမန်ပင် မဟုတ်လော။
အစ်ကိုရီက ထူးချွန်ပြောင်မြောက်သည့် အမျိုးသားတစ်ဦး ဖြစ်သဖြင့် သူ၏ ချစ်သူ ကောင်မလေးသည်လည်း မည်ကဲ့သို့ သာမန်ဆန်သည့် ရွက်ကြမ်းရေကျို ဖြစ်နိုင်မည်နည်း.
သူမပင် မြင်မြင်ချင်း အထင်ကြီးမိသွားကာ မိန်းမချင်းပင် မနာလို ဖြစ်မိသွားသေးသည်။
ကျစ်… ကံကောင်းလိုက်တဲ့ အစ်ကိုရီပါလား။
“ အစ်ကိုရီ… ကျွန်မ ကောင်တီအတွက် စာရွက်စာတမ်းတွေ ပြင်ဆင်ထားပြီးပြီ… ဘယ်တော့ စထွက်ကြမလဲ…”
“ ဒါဆို အခုပဲ သွားကြတာပေါ့…”
“ အိုကေ…”
ထို့နောက် လင်းရီသည် သူ၏ တစ်ကိုယ်ရေ ပိုင်ဆိုင်သည့် ပစ္စည်းများအား ကားထံ သယ်သွားရင်း လီချင်းခိုင်အား တာ့တာလုပ်ပြလိုက်၏။
တစ်ချိန်တည်းတွင် နယူးရီးယား မတိုင်ခင်အထိ ပြန်လာဦးမည် မဟုတ်ဘဲ တစ်ခုခု လိုအပ်ပါက ဖုန်းဖြင့် ဆက်သွယ်ဖို့ရာ ပြောထားခဲ့လေသည်။
နောက်ဆက်တွဲ ကိစ္စတို့အား စီစဉ်ဆောင်ရွက်ပြီးနောက် ကျီချင်းရန်နှင့် လီစီကျင်းတို့ မိန်းကလေး နှစ်ယောက်ကို ကားပေါ်တင်၍ တုံးစန်းကောင်တီ၏ ‘ကျီ’ ရှိရာသို့ မောင်းနှင်လာခဲ့လိုက်သည်။
တုံးစန်းကောင်တီ၏ သီးနှံသိုလှောင်သည့် နေရာတွင်။
ရာနှင့်ချီ၊ မဟုတ်သေး။ ထောင်နှင့်ချီသည့် ရွာသူရွာသားတို့က သူတို့၏ သီးနှံများကို ရောင်းချရန်အလို့ငှာ ဤနေရာသို့ ရောက်လာခဲ့ကြသည်။
ထိုအချိန်တွင် ကျီထဲရှိ သီးနှံများအားလုံးကို ထရပ်ကားကြီးများထဲသို့ စက်ခါးပတ်ဖြင့် ပို့ဆောင်နေပြီး ထရပ်ကားကြီး နှစ်ခုလုံး ပြည့်တင်းလု ဖြစ်နေကာ ထွက်ခွာရန် သိပ်မလိုတော့ချေ။
လွတ်လပ်သည့် မြေပြန့်တစ်နေရာတွင်တော့ လူအုပ်ကြီးမှာ အညီအမျှနီးပါး နှစ်အုပ်စု ကွဲနေသည်။
တစ်အုပ်စုက သူတို့၏ သီးနှံများကို ရောင်းချရန် ပြင်ဆင်နေကြသူများ ဖြစ်ကြ၏။ သူတို့က တစ်အုပ်စု စုဝေးနေကြသည်။
ယွီ့မင်မင်သည် အိမ်ထောင်စုအလိုက် ရောင်းချသည့် သီးနှံတန်ချိန် ပမာဏကို တွက်ချက်၍ လူတိုင်းအား ပိုက်ဆံရှင်းပေးနေသည်။ လုပ်ငန်းစဉ် တစ်စုလုံးက လွယ်ကူ ရိုးရှင်းကာ လူတိုင်း၏ အချိန်ကို အများအပြား သက်သာ သွားစေခဲ့သည်။
သို့သော် အခြားတစ်ဖက်တွင် စုဝေးနေသည့် လူအုပ်စုက ပိုများပြီး ၎င်းတို့က ထိုသို့ ပိုက်ဆံရှင်းပေးနေသည့် မြင်ကွင်းကို ကြည့်ရှုနေကြခြင်းပင်။
ကောင်းတဲ့ရှီ ကမ်းလှမ်းလာသည့် ဈေးနှုန်းက နည်းပါးခြင်း မရှိသော်လည်း တနေ့က ကမ်းလှမ်းလာသည့် လူ၏ဈေးက ပိုများနေသဖြင့် ၎င်းတို့က ထိုလူကို စောင့်မျှော်နေကြခြင်းပင်။
သူတို့က သူတို့ပိုင်ဆိုင်သည့် သီးနှံများအား ကောင်းတဲ့ရှီနှင့် ယွီ့မင်မင်တို့ထံ ကြိုတင်ရောင်းချခြင်းမျိုး မပြုကြချေ။
သီးနှံ စုဆောင်းသည့် လုပ်ငန်းစဉ်က စီစဉ်တကျနှင့် သွားနေပြီး ကောင်းတဲ့ရှီနှင့် ယွီ့မင်မင်သည် အခြား တစ်အုပ်စုကို အလိုမကျ၊ အေးတိအေးစက် မျက်ဝန်းတို့ဖြင့် ကြည့်နေကြ၏။
“ အစ်ကိုကောင်း …. ဒီအတိုင်းဆိုလို့ကတော့ မဖြစ်သေးဘူးနော်…” ယွီ့မင်မင် ပြောလိုက်ပြီး “ ငါတို့ လူကို ရေတွက်ကြည့်လိုက်ရင် သီးနှံက ငါးပုံတစ်ပုံလောက်ပဲ စုဆောင်းလိုက်နိုင်တာ … အဲ့ဒီ ကျိုးဖုန်းဆိုတဲ့ကောင် ဘယ်တော့ ဒီရောက်မှာလဲ…”
“ သူငါ့ကို ခုတင် ဝီချက်မက်ဆေ့ချ်ပို့လာတာတော့ လာနေပြီလို့ ပြောတာပဲ… ခဏဆို ရောက်တော့မှာပါ..” ကောင်းတဲ့ရှီသည် အလျင်လိုဟန် မပြဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ ထို့နောက် စီးကရက် ဖင်ကို တက်နင်း၍ မီးငြိမ်းသက်လိုက်ပြီး “ သွားစို့… ဈေးနှိမ်ဖို့ ငါ့နောက်လိုက်ခဲ့…”
“ ဈေးနှိမ်မယ် ဟုတ်လား…”
“ မင်း လိုက်လာခဲ့ရင် သိလိမ့်မယ်…”
တစ်ချိန်တည်းတွင် ဒုတိယ လူအုပ်စုကြီးကလည်း မရပ်တမ်း တရစပ် စကား ပြောနေခဲ့ကြ၏။
“ အဘိုးကြီးလီ… ဘာတွေ ဖြစ်နေတာ… မင့်သမီးပြောတော့ သီးနှံ လာစုဆောင်းမယ့်လူနဲ့ သိပါတယ်ဆို… အဲ့လူက ဘာလို့ ခုထိ မရောက်လာသေးတာလဲ..”
အဘိုးကြီးလီဟု အခေါ်ခံလိုက်ရသူ၏ နာမည်မှာ လီကျန်းဖ ဖြစ်ပြီး သူသည်ကား လီစီကျင်း၏ ဖခင်ပင်။
သူ့အနား ဝန်းရံနေသည့် လူတို့ကလည်း သူ့ရွာက ရွာသူရွာသားများ ဖြစ်ကြ၏။
သူတို့အားလုံး သီးနှံများကို ဈေးကောင်းကောင်းနှင့် ဝယ်ယူပေးမည့် ဝယ်လက်တွေ့ထားသည် ဆိုသဖြင့် ဤနေရာသို့ ရောက်လာပြီး သီးနှံရောင်းချရန် စီစဉ်နေကြခြင်းပင်။
သို့သော် မနက် စောစော ခြောက်နာရီဝန်းကျင်တွင် သူတို့ ဤနေရာသို့ အားလုံးနီးပါး ရောက်လာကြသော်လည်း သီးနှံ စုဆောင်းသည့်လူက ရောက်မလာသေးချေ။ ထို့ပြင် အခြား လာစုဆောင်းသူ တစ်ယောက်၏ ကုန်ကားကလည်း ပြည့်လျှံလု နီးနီး ဖြစ်နေပြီဖြစ်၏။ ထို့ကြောင့် ကြည့်နေရင်းနှင့် ဂနာမငြိမ် ဖြစ်လာရတော့သည်။
ယင်းက ဘာကြောင့်လဲဆိုတော့ တစ်ဖက်သူ ကမ်းလှမ်းသည့် ဈေးကလည်း အတော်လေး မြင့်မားနေပြီး အခြားတစ်ဖက်ရှိ သူတို့ကတော့ ရယ်စရာကောင်းလောက်အောင် ပုံပြင်မှတ်ယူရမည့် ဈေးကောင်းပေးသည့် ဝယ်လက်အား စောင့်ဆိုင်းနေကြလေသည်။ ယင်းက ယုံနိုင်စရာပင် မရှိချေ။
၎င်းကြောင့်ပဲ သူတို့နှင့် အခြားအသိတွေ လက်ထဲ ပိုက်ဆံကိုင်သွားသည်ကို ကြည့်ရင်း ၊ ပြည့်တင်းလု ဖြစ်နေသည့် ကုန်ကားကြီးဘက် အကြည့်ပြန်ရောက်သွားတော့ အိုးကင်းပူ တိုက်ခံနေရသည့် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်လာခဲ့ရတော့သည်။
“ ငါ့သမီးကို ခုလေးတင် မေးကြည့်ပြီးပြီ.. သူတို့ ခဏဆို ရောက်မယ်တဲ့… ငါတို့ကို မလောကြဖို့တောင် မှာသွားသေးတယ်… သီးနှံတွေ လာစုဆောင်းဖို့ သေချာပေါက် တစ်ယောက်ယောက် ရောက်လာလိမ့်မယ်… သမီးကတော့ ငါ့ကို ညာမှာ မဟုတ်ဘူး…” လီကျန်းဖ ပြောလိုက်သည်။
“ ပြီးရောကွာ… ဒါဆိုလည်း ဆက်စောင့်ကြတာပေါ့..”
ရွေးချယ်စရာမရှိ။ လူတိုင်း ဆက်လက် စောင့်ဆိုင်းကြရတော့သည်။
သို့သော် ဆန့်ကျင်ဘက်နေရာတွင်ရှိ သီးနှံတင်နေသည့် ကုန်ကားကြီးကို မြင်ပြန်တော့ ရင်ဘက်ထဲရှိ မလွယ်ကူမှုတို့က ပိုပိုပြီး လေးလံလာနေသည်။
သူတို့အားလုံး ရူးချင်မတတ် ခံစားနေရ၏။
“ စောင့်နေကြတုန်းပဲလား..”
ကောင်းတဲ့ရှီ လျှောက်လှမ်းလာပြီး “ ခင်များတို့တွေ တကယ်ကြီး လူလိမ်ခံရမှာကို မကြောက်ကြဘူးပေါ့…”
“ ငါ့သမီး ကိုယ်တိုင် ငါ့ကို ပြောတာ ဘယ်လိုလုပ် အလိမ်အညာ ဖြစ်နိုင်မှာလဲ..” လီကျန်းဖ ပြောလိုက်သည်။
“ အဲ့တာ ခင်များ သမီးလည်း အလှည့်စားခံလိုက်ရပြီလို့ ဆိုနေတာပဲ…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ကျုပ် ခင်များတို့ကို တစ်ခါတည်း ပြောထားမယ်… ကျုပ်မှာ လုပ်စရာတွေက အများကြီး … ဒီ တုံးစန်းကောင်တီမှာပဲ တစ်သက်လုံး မနေပေးနိုင်ဘူး… ကျုပ်တို့ ဒီနေ့ ဘယ်လောက်ပဲ စုမိမိ ဆောင်းမိမိ …. ညနေကျရင် ပြန်တော့မှာ… နောင်လည်း ထပ်ရောက်လာလိမ့်ဦးမယ်လို့ စိတ်မကူးလိုက်နဲ့… ခင်များတို့ သေချာလေး စဉ်းစားကြပေါ့..”
ကောင်းတဲ့ရှီ၏ လှုံ့ထနှိုးဆော်သည့် စကားလုံးတို့က လီကျန်းဖ ဘက်ခြမ်းကို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားစေခဲ့သည်။
အကယ်၍ ထိုနှစ်ယောက်သာ ရောက်မလာဘဲ သူတို့ပိုင်ဆိုင်သည့် သီးနှံများအား မရောင်းချနိုင်လိုက်ဘူးဆိုပါက နစ်နာ ဆုံးရှုံးမည့်လူမှာ သူတို့ကိုယ်၌ပင် မဟုတ်ပါလော။
သူတို့တွေသည် ယခု ဘာလုပ်သင့်လဲ။
“ လူကို လာလှည့်စားမနေနဲ့.. ငါ့သမီးပြောတာ ကျိန်းသေပေါက် သီးနှံလာစုဆောင်းမှာပါဆိုနေ…” လီကျန်းဖ မြဲမြံသည့် လေသံကို လက်ကိုင်စွဲထားဆဲပင်။
“ ဒါပေါ့ … သေချာပေါက် လာမှာပေါ့ .. ကျုပ် သိပါတယ်..” ကောင်းတဲ့ရှီ ပခုံးတွန့်လိုက်ပြီးနောက် ဆက်ပြောသည်။ “ ဒီလောက်ထိ ဈေးအမြင့်စားကြီးပေးတာ ခင်များတို့ရဲ့ သီးနှံတွေအားလုံးကို သိမ်းပိုက်ပြီး ထွက်သွားချင်လို့ပဲလေ.. မဟုတ်ရင် လူကို ဘာလုပ်ဖို့ လိမ်မှာလဲ ဟုတ်တယ်မလား…”
“ သူများက ဟွာရှ သီးနှံသိုလှောင်သိမ်းဆည်းရေး ဌာနကနော်… အစိုးရ အင်အားစု… အဲ့လို လူစားမျိုးက ငါတို့ကို လိမ်မယ်လို့ မင်းထင်လား…”
“ ဟွာရှ သီးနှံသိုလှောင်သိမ်းဆည်းရေး ဌာန… ဟုတ်လား… ဖီး… ခင်များတို့လူတွေ အဲ့လောက် လေလုံး အကြီးစားကြီးကိုတောင် ယုံနိုင်ကြတယ်ပေါ့…”
ကောင်းတဲ့ရှီနှင့် ယွီ့မင်မင်တို့ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်ကြပြီး “ ခင်များတို့ထင်တာ အဲ့ဒီက လူတွေကို တအား အားယားနေကြလို့ ဒီလို တုံးစန်းကောင်တီအထိ လာပြီး ခင်များတို့ သီးနှံတွေကို လာစုဆောင်းကြမယ်ပေါ့ … မှတ်ထား .. ခင်များတို့က တုံးစန်းကောင်တီ… မြောက်ပိုင်းသားတွေ မဟုတ်ဘူး… သူတို့က ဘာကိစ္စ ဒီလာကြမှာ…”