← Chapters

စေတနာထားရင် စော်ကားခံရ

Vol. 101 Ch. 1503

စေတနာထားရင် စော်ကားခံရ

Vol. 101 Ch. 1503

ကောင်းတဲ့ရှီ၏ စကားလုံးတို့က လီကျန်းဖ ဘက်ခြမ်းရှိ လူတို့အား တစ်ဖန် စိုးစိုးရွံ့ရွံ့ ဖြစ်သွားစေခဲ့ပြန်သည်။

အကယ်၍ သူတို့သာ ဤလူနှစ်ယောက်ထံ သီးနှံများ မရောင်းချလိုက်ဘူးဆိုပါက အနာဂတ်တွင် ယခုကဲ့သို့ အခွင့်အရေးမျိုး မရှိနိုင်လောက်တော့ချေ။ ထို့ပြင် ယမန်နေ့က လူနှစ်ယောက်၏ လေသံကလည်း လူလိမ် ဖြစ်ဖို့ ရာခိုင်နှုန်း များနေ၏။

“ ငါ ရောင်းမယ်… ငါ့ဆီမှာ ဒီနေ့ ပြောင်းဖူး ၃.၄ တန် ရှိတယ်…. မြန်မြန် ဈေး တစ်ချက် တွက်ပေးဦး…”

“ ငါတို့ မိသားစုကလည်း ရောင်းမယ်… မင်း ပိုက်ဆံ ထုတ်လိုက်စမ်း…”

လူတစ်ချို့က ၎င်းတို့၏ သီးနှံများ ရောင်းချချင်လာသည်ကို မြင်တော့ လီကျန်းဖ ဆက်လက် တည်ငြိမ် မနေနိုင်တော့ချေ။

“ မင်းတို့ကောင်တွေ ငါ့သမီးရောက်လာတာကို စောင့်မယ် ပြောခဲ့တာ မဟုတ်ဘူးလား… မင်းတို့ကောင်တွေ ဈေးကောင်း မလိုချင်ကြတော့ဘူးလားကွ … ဟမ်…”

“ ငါ့အထင်တော့ မင့်သမီးပါ ဟိုကောင်လေးနဲ့ ကြံရာပါလို့ ထင်တယ်… အတွင်းလူကို အပိုင်ကိုင်ထားတော့ ငါတို့နား ပိုက်ဆံလိမ်လို့ ပိုလွယ်သွားတာပေါ့… ငါတို့ကို လာလိမ်လို့ ရမယ် ထင်မနေနဲ့…”

“ အစ်ကိုလျို… ငါတို့ချင်း သိခဲ့တာ ဘယ်နှနှစ် ရှိနေပြီလဲ… ငါ လူမဆန်တာတွေ လုပ်ခဲ့ဖူးတာ ရှိလား…”

“ ဘယ်သူက တပ်အပ်ကြီး ပြောနိုင်မှာမို့လို့…” ခေါင်းတုံးနှင့် လူက ပြန်ပြောလိုက်ပြီး “ မင်း သေချာ ပြန်စဉ်းစားကြည့် … အဲ့ဒီ ဟွာရှ သီးနှံသိုလှောင်သိမ်းဆည်းရေး ဌာနက ဒီလာပြီး ဘာကိစ္စ သီးနှံလာစုဆောင်းမှာတဲ့လား… ဟာသပဲ…”

သူတို့အားလုံးက တောင်သူ ဦးကြီးများ ဖြစ်ကြသည်။ သူတို့အားလုံးက စာတတ်ပေတတ်များ သိပ်မဟုတ်ကြသော်လည်းပဲ အစိုးရ၏ အစားအသောက် သိုလှောင်သိမ်းဆည်းရေး ဌာန၏ နာမည်ကိုတော့ ကောင်းကောင်းကြီး သိကြ၏။

၎င်းက အစိုးရနောက်ခံ ပေးထားသည့် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး သီးနှံဝယ်ယူ စုဆောင်းမှုကိုလည်း ၎င်းတို့၏ လက်အောက်ခံ ကုမ္ပဏီတို့ကသာလျှင် စီစဉ် ဆောင်ရွက်ကြသည်။ အဘယ်ကြောင့် ဒုက္ခခံ၍ ယခုနေရာသို့ လာပြီး ကိုယ်တိုင်ကိုယ်ကျ သီးနှံလာစုဆောင်းလိမ့်မည်နည်း။ ပြန်တွေးကြည့်မည်ဆိုပါက လုံးဝကို ယုတ္တိမတန်ချေ။

လိမ်ညာနေသည်မှာ အသိသာကြီးပင်။

အဆိုပါ အငြင်းအခုန် စကားဝိုင်းလေး ဖြစ်ပွားပြီးနောက် လူတော်တော်များများမှာ ကျောင်းတဲ့ရှီ၏ အုပ်စုဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့ကြသည်။

ခေါင်း အလုံးရေကို ရေတွက်ကြည့်မည် ဆိုပါက ငါးပုံတစ်ပုံခန့်က ပူးပေါင်းလာခဲ့ခြင်းပင်။ သို့သော် ဤသည်က ကောင်းတဲ့ရှီ၏ ရည်မှန်းချက် ပန်းတိုင် မဟုတ်သေး။ သူ အလိုရှိသည်ကား သူ့ရှေ့ရှိ လူတိုင်း၏ သီးနှံများကို ရိတ်သိမ်းစုဆောင်းနိုင်ဖို့ပင်။

သို့မှသာလျှင် အမြတ်ကြီးစွာ ရနိုင်လိမ့်မည်။

ကောင်းတဲ့ရှီ နာရီကို တစ်ချက်ငုံ့ကြည့်ရင်း လည်ချောင်း ရှင်းလိုက်၏။

“ အားလုံးပဲ… ဒါ ခင်များတို့ရဲ့ နောက်ဆုံး အခွင့်အရေးနော်… ခု‌နေလို့မှ မရောင်းဘူးဆိုရင် ခဏနေလို့ ရောင်းချင်တဲ့အခါကျမှ ဒီခုဈေးနဲ့ ရမယ် မထင်လိုက်နဲ့… ရွေးချယ်ဖို့က ခင်များတို့ တာဝန်ပဲ..”

“ မင်း ဒါ ကျိုးကြောင်း မဆီလျော်တာပဲကွ… ဈေးနှုန်းက သတ်မှတ်ပြီးသားကို ဘာလို့ ထပ်လျော့မှာလဲ…” တစ်စုံတစ်ယောက်က မကျေမနပ် ပြောလာခဲ့သည်။

“ အဲ့အတွက် ကျုပ်ကို အပြစ်လာတင်လို့ ဘယ်ရမှာ…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ကျုပ်ဘက်က ပိုပြီး သင့်လျော်တဲ့ ဈေးနှုန်းရအောင်ဆိုပြီး ကုမ္ပဏီကို အားသွန်ခွန်စိုက် စည်းရုံးပေးလိုက်ရတာ ခင်များတို့က ကျုပ် စေတနာကို စေတနာမှန်း နားမလည်ကြဘူး… ဒီတော့ ကျုပ် စီးပွားရေး ဆန်ဆန်ပဲ သွားနိုင်တော့တယ်… နဂိုအရင်ဈေးပဲ…”

“ ဒါကကျ…”

ကျန်ရှိနေသည့် ငါးပုံ သုံးပုံသော လူများအားလုံး ဆုံးဖြတ်ရ ကြပ်ကုန်ကြသည်။

သူတို့ မည်သည်ကို ရွေးချယ်လို့ ရွေးချယ်ရမှန်း မသိ ဖြစ်နေတော့၏။

ချလပ် …

ထိုအခိုက်အတန့်တွင် ကားဘရိတ်အုပ်သည့် အသံထွက်ပေါ်လာပြီး အမိုးမဲ့ ကုန်ကားငယ်လေး တစ်စင်းမှာ အလှမ်းသိပ်မဝေးသည့် နေရာကနေ မောင်းနှင် ရောက်ချလာခဲ့သည်။

ကားရပ်တန့်သွားပြီးသည့်နောက် ကျိုးဖုန်းသည် ကားပေါ်ကနေ ဆင်းလာပြီး ကောင်းတဲ့ရှီထံ လျှောက်လှမ်းလို့လာသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူ့ဦးလေးမှာ ကိုင်တွယ်စစ်ဆေးခြင်း ခံလိုက်ရသော်လည်း သူကိုယ်၌မှာတော့ ရှင်သန်နိုင်ခဲ့၏။

တုံးစန်းကောင်တီ၌ ဆက်လက် အလုပ်လုပ်ကိုင်နေလျက် ရှိသော်လည်းပဲ ယခင်လို မြောက်ကားကြီး သိပ်မလုပ်ဝံ့တော့ကာ သိုသိုသိပ်သိပ် နေလျက် ရှိတော့သည်။ လင်းရီကို မြင်တွေ့သည့် အချိန်၌ အသံပင် မထွက်ဝံ့လောက်သည်အထိကို အပိုးကျိုးသွားခဲ့တော့၏။

“ ဒါရိုက်တာကျိုး … မင်း ရောက်လာပြီလား…”

ယွီ့မင်မင် ရှေ့သို့ တက်လာပြီး နှုတ်ခွန်းဆက်သည်။

ကျိုးဖုန်း ခေါင်းညိမ့်ပြလိုက်၏။ “ ဘာတွေ ဖြစ်နေတာလဲ… ခင်များတို့ မပြီးကြသေးဘူးလား…”

“ ဒီလူတွေက အရင် တစ်ရက်က လူနှစ်ယောက် ကမ်းလှမ်းသွားတဲ့ဈေးကြောင့် မရောင်းချင်ကြဘူး ဖြစ်နေတယ်… သူတို့က ပြောင်းဖူး တစ်တန်ကို ယွမ် ၂,၆၀၀ နဲ့ ပဲပုပ် တစ်တန်ကို ယွမ် ၅,၈၉၀ ပေးမယ် ပြောသွားတယ်လေ… ဒါကြောင့်မို့ ဒီလူတွေက ကျုပ်တို့ဆီ မရောင်းချင်ကြဘူး ဖြစ်နေတာ…”

“ ခင်များ ဘာပြောလိုက်တယ်… ပြောင်းတစ်တန်ကို ယွမ် ၂,၆၀၀ ၊ ပဲပုပ် တစ်တန်ကို ယွမ် ၅,၀၀၀ ‌ကျော် ဟုတ်လား…”

ကျိုးဖုန်း အံ့အားသင့်သွားခဲ့၏။

“ သောက်အဓိပ္ပာယ် မရှိလိုက်တာ…”

“ သောက်အဓိပ္ပာယ်မရှိတာထက်ကို ပိုတာပေါ့…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ သူတို့ပြောသွားတာ သူတို့ အဲ့ဒီဈေး ပေးရတာက ဘာလို့လဲဆိုတော့ ဟွာရှ သီးနှံသိုလှောင် သိမ်းဆည်းရေး ဌာနက ကိုယ်တိုင်ကိုယ်ကျ လာဝယ်မှာမို့လို့တဲ့… သူတို့က လူတွေကို အရူးလာလုပ်နေတာပဲ…”

“ ပိုပြီးတောင် သောက်အဓိပ္ပာယ် မရှိလိုက်သေး … “

ကောင်းတဲ့ရှီ ပြုံးလိုက်ပြီး တုံးစန်းကောင်တီက ရွာသူရွာသားတို့အား ကြည့်လျက် “ ကျုပ် မိတ်ဆက်ပေးရဦးမယ်… ဒါ ခင်များတို့ တုံးစန်းကောင်တီရဲ့ ရင်းနှီးမြုပ်နှံမှု စုဆောင်း‌ရေး ဌာနက ဒါရိုက်တာ ၊ ကျိုးဖုန်း … သူက ခင်များတို့ရဲ့ ကောင်တီမှာ အရာရှိကြီး တစ်ယောက်လို့ ပြောလို့ရတယ်… ခင်များတို့ သူ့စကားကိုတော့ ယုံနိုင်မယ်မလား…”

လူတိုင်း၏ အကြည့်က ကျိုးဖုန်းထံ ကျရောက်သွားခဲ့ပြီး အဖြေတစ်ခု ပေးလာမှာကို ကမ်းလင့်နေကြသည်။

“ ကျုပ်ခင်များတို့ကို ရှင်းအောင် ပြောလိုက်မယ်… တုံးစန်းကောင်တီကို မပြောသေးနဲ့… ဒါ သပ်သပ်မှ အဝေးကြီး… တကယ်လို့ မြောက်ပိုင်းက ဆိုရင်တောင်မှ ခင်များတို့ရဲ့ ဟွာရှ သီးနှံသိုလှောင် သိမ်းဆည်းရေး ဌာနကြီးက ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး … သူတို့က အဲ့လောက် ဧရာမ ကုမ္ပဏီကြီးကို ဒီလို အသေးအဖွဲ့လေးတွေ လိုက်လုပ်ဖို့ အားနေ ယားနေမယ်များ ထင်လား…. လုပ်မယ့်လုပ် သူတို့ လက်အောက်က ကုမ္ပဏီလေးတွေပဲ လုပ်မှာပေါ့..” ကျိုးဖုန်း ပြောလိုက်ပြီး “ ယွီဟန်ရဲ့ စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောင်းတစ်တန်အတွက် ယွမ် ၂,၀၁၀ ၊ ပဲပုပ် အတွက်ကို ၅,၀၉၀ သတ်မှတ်ထားတာ ပြောပြဖို့ ဝန်မလေးဘူး … ဒါပေမယ့် ပြောင်းဖူး တစ်တန်ကို ယွမ် ၂,၆၀၀ ၊ ပဲပုပ် တစ်တန်ကို ယွမ် ၅,၈၉၀ ကြီးကတော့ မဖြစ်နိုင်ဘူး … ဘယ်သူကဝယ်မှာ…”

“ အဲ့တာ မြို့ပေါ်က ဈေးနှုန်းပေါ့…”

လူတိုင်း အနည်းငယ် ပျာယာခတ်ကုန်ကြသည်။ ဤ ကျိုးဖုန်းကား တရားဝင် အစိုးရ အရှိ တစ်ယောက် ဖြစ်ရာ သူတို့ကိုတော့ မလိမ်တန်ရာ။

ကောင်းတဲ့ရှီ သူတို့အား ပေးလာသည့်ဈေးနှုန်းက ပြောင်းတစ်တန်အတွက် ၁,၉၄၀ ဖြစ်ပြီး ပဲပုပ်အတွက် မူကား ၄,၇၉၀ ယွမ်ပင်။ မြို့ပေါ်က ပေါက်ဈေးနှင့် အနည်းငယ် ကွာဟမှု ရှိနေသော်လည်းပဲ ဤလူများလည်း ကိုယ့်အတွက် အမြတ်ကျန်အောင် ချန်ရဦးမည် ဖြစ်သဖြင့် ထိုမျှ ကွာသည်က သဘာဝပင်။ အလုပ် သမားစရိတ် ၊ သယ်ယူပို့ဆောင်ခ စရိတ်တို့ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သဖြင့် ထိုမျှ ကွာဟသည်က လက်ခံပေး၍ ရလေသည်။

အရေးကြီးဆုံးကတော့ သူတို့တွေသည် မြို့နှင့် တိုက်ရိုက် အပေးအယူ လုပ်ဖို့ မဖြစ်နိုင်ခြင်းပင်။

ထို့ပြင် တစ်ဖက်သူက ယွမ် ၂,၆၀၀ နှင့် ၅,၈၉၀ ဈေးသည် ဟွာရှ တစ်ပြည်လုံးတွင် ကမ်းလှမ်း ကြေညာထားခြင်း မရှိဟူ၍ အာမခံခဲ့သေးသည်။ ထို လူငယ်လေးက လိမ်ညာနေခဲ့သည်မှာ တပ်အပ် သေချာလေပြီ။

အမှန်တော့ ဟွာရှ သီးနှံ သိုလှောင် သိမ်းဆည်းရေး ဌာနက ထိုမျှ မြင့်မားသည့် ဈေးနှုန်းကို ကမ်းလှမ်းခဲ့ရခြင်း အကြောင်းပြချက်က နှစ်ချက် ရှိသည်။

ပထမတစ်ချက် အနေဖြင့် လျန်မိသားစု၏ နာမည် ဂုဏ်သတင်းကြောင့် ဖြစ်ပြီး ဒုတိယကတော့ တုံးစန်းကောင်တီရှိ ပြောင်းနှင့် ပဲပုပ်တို့က အစိုဓာတ်တစ်ချို့ ပါဝင်သောကြောင့် ဖြစ်သည်။

အစိုဓာတ် ပျောက်ကွယ်သွားသည်နှင့် အလေးချိန်သည် ကျိန်းသေပေါက် လျော့ပါးသွားမည်။ သို့တိုင် သူတို့ဘက်က အရည်အသွေး အင်မတန်ကောင်းသည့် သီးနှံဈေးအပေါ် အခြေခံလျက် ကမ်းလှမ်းလာခဲ့ဆဲပင်။

ဤသည်က သဘာဝအလျောက် ဈေးနှုန်း ကွာဟမှုဘက်သို့ ဦးတည်သွားခဲ့စေသည်။

“ ကျုပ် ရောင်းမယ် … ကျုပ် ခုချက်ချင်း ရောင်းချင်တယ်…”

“ ကျုပ်ရောပဲ…”

ကျိုးဖုန်း၏ စကားကြောင့် တုံးစန်းကောင်တီရှိ သာမန်လူများအားလုံး စိတ်လိုလက်ရဖြင့် ကောင်းတဲ့ရှီ ဘက်ခြမ်းသို့ ကူးပြောင်းကုန်ကြသည်။ သူတို့၏ သီးနှံများကို သူ့ထံ ဆက်သချင်နေကြတော့၏။

“ မင်းတို့ကောင်တွေ ဘာလို့ ထွက်သွားကုန်ကြတာ … မင်းတို့ကောင်တွေ ဈေးကောင်း မလိုချင်ကြတော့ဘူးလားကွ…” လီကျန်းဖ ပြောလိုက်လေသည်။

“ ဘိုးကြီးလီ… မင်း ဒီလို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ တကယ် ထင်မထားမိခဲ့ဘူး … “ ပိန်လီသည့် သတ်လတ်ပိုင်း လူတစ်ဦးက ပြောလိုက်ပြီး “ မင်းက မင့်သမီးနဲ့ လက်ဝါးချင်း ရိုက်ပြီး ငါတို့အပေါ် အမြတ်ထုတ်ချင်နေတယ်ပေါ့ ဟုတ်စ… မင်းမို့လို့ကွာ…”

“ ငါ ဘာလို့ မင်းတို့ကို ညာရမှာလဲ… ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ ရှိတဲ့ သီးနှံတွေကိုတော့ မရောင်းနိုင်ဘူး…”

“ အဲ့တာ မင်းလည်း အကျိုးအမြတ်ရမှာမို့လေ… မင်းတို့ အားလုံးက ကြံရာပါတွေ.. ဒီတော့ ပိုက်ဆံ ဘယ်ရှုံးမှာ… မင်း ဒီလို မသမာ ရေစာတွေ စားဖို့ ဆန္ဒရှိတယ်ဆိုတာ ငါယုံတောင် မယုံနိုင်ဘူး … မင်း ဝဋ်လည်မှာ မကြောက်ဘူးလား…”

(⁠ノ⁠ಠ⁠益⁠ಠ⁠)⁠ノ

လူအများ၏ ယိုးစွပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့ရတော့ လီကျန်းဖသည် သူတစ်ဦးတည်းနှင့် မည်သို့မျှ ခုခံ၍ မနိုင်တော့ချေ။ အဆုံး၌ သူ ရှင်းပြဖို့ကို လက်လျော့လိုက်တော့၏။

သူ့ဘက်က စကားအများအပြား ပြောထားပြီးသည့်တိုင် တစ်ဖက်လူက နားမဝင်မှတော့ သူတတ်နိုင်သည့်အရာ မရှိတော့ချေ။

တစ်ဖက် အုပ်စုကလည်း သီးနှံများ ရောင်းချရန် ရှိသေးသဖြင့် လီကျန်းဖကို လျစ်လျူရှုထားလိုက်ပြီး နောင်တွင်မှ စာရင်းရှင်းရန် တေးထားလိုက်ကြသည်။

ထိုအချိန်တွင် လီကျန်းဖ၏ ဆွေမျိုး မိသားစုတို့မှလွဲ၍ မည်သူမျှ သူ့အား မယုံကြည်ကြတော့ချေ။ သူတို့အားလုံး ကောင်းတဲ့ရှီဘက်ခြမ်းသို့ ကူးပြောင်းကုန်ကြသည်။

“ ခင်များတို့ရဲ့ သီးနှံတွေ ကျုပ်ဆီ ရောင်းလို့ ရတယ်.. ဒါပေမယ့် တစ်ခုတော့ ရှင်းအောင် လုပ်ထားပါရစေဦး…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ကျုပ် ပြောခဲ့ပြီးပြီ … ခင်များတို့ ကျုပ်ဆီ ရောင်းမယ်ဆိုရင် ကျုပ် ခင်များတို့ဆီကနေ ဈေးကောင်းပေးပြီး ဝယ်ပေးနိုင်တယ်… ဒါပေမယ့် ခင်များတို့က အဲ့ဒီ အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပြီ… ဒီတော့ တခြားနည်းလမ်း မရှိတော့ဘူး … ကျုပ်ရဲ့ ကနေဦးဈေး ၊ ပြောင်းဖူး တစ်တန်ကို ၁,၉၀၀ နဲ့ ပဲပုပ်ကို ၄,၇၀၀ ပဲ ပေးနိုင်တော့မယ်… အိုကေ ရောင်းချင်သပဆို လာခဲ့ကြ…”

“ ဟေ့ ဟေ့ ဟေ့.. မင်း စကားကို ဘယ်လိုတွေ ပြောနေတာတုန်း … ဘယ်နှမိနစ်မှတောင် ရှိသေးတာ မဟုတ်ဘူး မင်းက ဈေးနှုန်းကို နှိမ်နေပြီလားကွ … မင်း စီးပွားရေးကို ဒီလိုလုပ်လို့ ဘယ်ရမှာ..”

“ ကျုပ်ရှင်းအောင် ပြောခဲ့ပြီးသားပဲလေ… ရောင်းဖို့ ငြင်းဆန်ခဲ့တာက ခင်များတို့ … ဒါတော့ ကျုပ်လည်း မတတ်နိုင်ဘူး …”

ယခုတော့ အသာစီး ဖြစ်နေသည့် ကောင်းတဲ့ရှီသည် မိမိကိုယ်ကို အားရကျေနပ်နေလျက် ရှိတော့သည်။

“ တကယ်လို့ ဈေးနှုန်းက နည်းတယ်ထင်ရင်လည်း မရောင်းကြနဲ့ပေါ့ … ကျုပ်လည်း အတင်းအကြပ်ကြီး မတိုက်တွန်းလိုပါဘူး … ခင်များတို့ရဲ့ နောက်ဝယ်လက်ကို ဖြည်းဖြည်းချင်း ရှာကြပေါ့ …”

လူတိုင်း လီကျန်းဖကို ဒေါသတကြီးနှင့် ကြည့်လိုက်ကြတော့သည်။

“ အဲ့တာ မင်းကြောင့်.. မင်းသာ ငါတို့ကို မလိမ်ညာခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး …”

All Chapters