သယ်ပြုဖို့ လူလိုရင် ပြောနော်
Vol. 101 Ch. 1505
မကြာမီ ကျောက်နာမှနေ၍ လူတို့ အလုပ်လုပ်နိုင်ရန်အတွက် ယာယီ လုပ်ငန်းခွင် နေရာလေး ပြင်ဆင်ပြီး စတင် အလုပ်လုပ်တော့သည်။
တစ်ချိန်တည်းတွင် ဘဏ်၏ သံချပ်ကာ ထရပ်ကားကလည်း ရောက်ရှိလာပြီး ပိုက်ဆံ သေတ္တာများကို ကျောက်နာဘက်ခြမ်းသို့ ပို့ဆောင်၍ ကုန်ပစ္စည်းစုဆောင်းမှုအတွက် စတင်ငွေချေသည်။
လီကျန်းဖနှင့် ကျန်သူများမှာ တစ်ယောက်ပြီး တစ်ယောက် တန်းစီ၍ ၎င်းတို့၏ သီးနှံ တန်ချိန် ပမာဏကို အသီးသီးကို ပြောဆိုလိုက်သည်။ သို့တိုင် အတည်ပြုရန်အတွက် များများစားစား အလုပ်ရှုပ်ခံမနေချေ။ ဂဏန်း ပမာဏကို တွက်ချက်ပြီး တစ်ခါတည်း ငွေရှင်းလိုက်၏။ လုပ်ငန်းစဉ်တစ်ခုလုံးက သုံးမိနစ်မျှပင် မကြာလိုက်ကာ အလွန်အမင်း လျင်မြန်နေသည်။
လီကျန်းဖက ပိုက်ဆံယူပြီး ထွက်ခွာသွားသည်ကို မြင်တော့ ကောင်းတဲ့ရှီ ဘေးတွင် မတ်တပ်ရပ်၍ သီးနှံများ ရောင်းချရန် ပြင်ဆင်နေကြသူတို့မှာ အံ့အားသင့်ကုန်ကြသည်။ သူတို့အားလုံး ပျားများကဲ့သို့ အုံလိုက်ကျင်းလိုက် ရှေ့သို့ တိုးလာကြသော်လည်း ဘဏ်အစောင့်များ၏ ပိတ်ပင်တားဆီးခြင်းကို ခံလိုက်ရလေသည်။
“ မင်းတို့က တကယ်ကြီး သီးနှံစုဆောင်းတဲ့သူတွေလား… မင်းတို့က လူလိမ်တွေ မဟုတ်ဘူးလား…”
ကျန်းဘင် သူ၏ အလုပ်ကတ်ပြားကို ထုတ်လိုက်ပြီး “ ဒါက ဟာသလို့ ခင်များထင်လား…”
“ ပြီးတော့ ကျုပ်တို့ ဘယ်သူဆိုတာကရော အရေးကြီးလို့လား… သက်ဆိုင်ရာ ပမာဏအလိုက် ငွေပေးချေရင် ပြီးရောပဲ မဟုတ်လား…”
လူတိုင်း ကြက်သေသေသွားကြပြီး ဘာတစ်ခွန်းမျှ ပြန်မပြောနိုင် ဖြစ်သွားကြလေသည်။
သူ ပြောသည်က မှန်သည်။
သူတို့ ပိုက်ဆံ ပေးချေနေသရွေ့ မည်သည့်ပြဿနာ ရှိနိုင်ဦးမည်နည်း။
ငွေက အခြားအရာတို့ထက် ပိုပြီး ဆွဲဆောင်မှုရှိပေသည်။
“ ဒါပေမယ့် မြို့ပေါ်က ပေးနေတဲ့ ဈေးတောင် မင်းကမ်းလှမ်းသလောက် မမြင့်တာ မင်းတို့တွေ ပိုက်ဆံရှုံးမှာ မကြောက်ဘူးလား…”
“ ငါတို့ စုဆောင်းတယ်ဆိုတာ သိုလှောင်ဖို့ … ဈေးကောင်းကောင်းနဲ့ ပြန်ချရောင်းဖို့ မဟုတ်ဘူး … ဒီတော့ ငွေရေးကြေးရေးက ပြဿနာ မဟုတ်ဘူး…”
“ ဒါဆိုလည်း ဘာလို့ အဲ့လောက် ဈေးနှုန်း အမြင့်ကြီးပေးတာ .. ဟွာရှတစ်ခုလုံးမှာတောင် သည့်ထက်မြင့်တဲ့ ဈေးရှိမယ်တောင် မထင်ဘူး …”
“ ခင်များ ဘာတွေ လာပြောနေတာ… ဒါက ဒီတိုင်း တောင်ပိုင်းက သီးနှံတွေရဲ့ အရည်အသွေးက မမြင့်လို့ … မြောက်ပိုင်းမှာ ကျုပ်တို့ သွားစုဆောင်းရင် ဒီဈေးနှုန်းပဲ … “ ကျန်းဘင် ပြောလိုက်ပြီး “ နောက်တစ်ခုက ကျုပ်တို့နဲ့ ဒါရိုက်တာလင်းကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိတယ်… ဒါကြောင့်မို့ စံရည်စံသွေးမြင့်တဲ့ သီးနှံတွေရဲ့ ပေါက်ဈေးအတိုင်း ပေးထားတာ … ဒီတော့ ဈေးကွက်ပေါက်ဈေးထက် မြင့်တာ ဆန်းသလား…”
ကျန်းဘင်၏ ရှင်းပြချက်ကို ကြားတော့မှ လူတိုင်းလည်း ဘာဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်သွားကြတော့သည်။
ကြည့်ရသည်မှာ သူတို့ ဤနေရာသို့ ရောက်လာခဲ့သည်ကလည်း ဒါရိုက်တာလင်းကြောင့် ဖြစ်ဟန်ပင်။
ထို့ပြင် စံရည်စံသွေးမြင့်သည့် သီးနှံပေါက်ဈေးအတိုင်း ကမ်းလှမ်းထားပေးသည်ဆိုပင်။ သူတို့တွေ ဤမျှကောင်းသည့် အခွင့်အရေးကြီးကို မည်သည့်နေရာတွင် သွားရှာနိုင်ဦးမည်နည်း။
“ သူဌေး … ငါတို့လည်း ရောင်းမယ်… ငါတို့လည်း ရောင်းမယ်…”
စောနလေးတင် လီကျန်းဖအား လူလိမ်၊လူညာ ၊ ဘာညာသာရကာတို့ ပြောဆိုနေကြသည့် လူအုပ်ကြီးသည် ယခုတော့ သူတို့၏ သီးနှံများကို ကျန်းဘင်ထံ ရောင်းချချင်လွန်း၍ လိပ်ခေါင်းထွက်မတတ် အော်ဟစ်နေကြ၏။
တစ်ဖက်သူက ဤမျှ မြင့်မားသည့် ဈေးနှုန်းကို ကမ်းလှမ်းလာသည် ဖြစ်ရာ သူတို့သည်လည်း သဘာဝအလျောက် ရောင်းလိုသည့် ဆန္ဒရှိပေသည်။
“ စိတ်တော့ မရှိကြပါနဲ့… ခင်များတို့ရဲ့ နာမည်တွေက ကျုပ် ရထားတဲ့ စာရင်းထဲမှာ မပါဘူး … ဒီတော့ ကျုပ် ခင်များတို့ရဲ့ သီးနှံတွေကို မယူပေးနိုင်ဘူး …”
မသိလိုက်စွာဖြင့် လူတိုင်းသည် လင်းရီထံသို့ လိုရမ္မက်တို့ ပြည့်နှက်နေသည့် အကြည့်တို့ဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
“ ခုမှ ကျုပ်ကို အဲ့လို လာကြည့်နေလည်း အလကားပဲ … မရောင်းချင်ဘူးလို့ ပြောတာလည်း ခင်များတို့ ကိုယ်တိုင်ပဲလေ… သွားပြီး တခြား ဝယ်လက်သာ သွားရှာစမ်းပါ…”
လူတိုင်း၏ မျက်နှာအမူအရာသည် သွေးဆုတ်ဖြူလျော်သွားခဲ့တော့သည်။
သူတို့တွေ သေချင်စိတ်ပင် ပေါက်လာခဲ့ကြ၏။
နောက် တဒင်္ဂ၌ အနှီလူအုပ်ကြီး၏ နောင်တသည် အခြားသူ အပေါ် ဒေါသအသွင်သို့ ပြောင်းလဲသွားခဲ့တော့လေသည်။
သူတို့အားလုံး ကောင်းတဲ့ရှီနှင့် ကျိုးဖုန်းဘက်သို့ လှည့်၍ “ မင်း သူများကို လူလိမ်လို့ ပြောတယ်နော်.. ငါတော့ မင်းတို့နှစ်ယောက်ကမှ လူလိမ်တွေလို့ ထင်တယ်…”
“ ချီး….”
ကောင်းတဲ့ရှီနှင့် ကျိုးဖုန်းတို့ ဆွံ့အသွားခဲ့ကြ၏။
“ သေစမ်း … ဒီကောင်တွေက လူလိမ်တွေ … ဒီကောင်တွေကို ဆော်ပလော်တီးကြဟေ့…”
သီးနှံရောင်းချရခြင်း မရှိသေးသည့် ရွာသူရွာသားတို့မှာ ၎င်းတို့ သုံးယောက် ရှိရာဘက်သို့ ဒေါနှင့် မောနှင့် ပြေးလာခဲ့ကြလေသည်။ သုံးယောက်လုံးလည်း ဆံပင်များ ထောင်ထသည်အထိ ကြောက်ရွံ့သွားခဲ့ကြကာ ကားရှိသည့်နေရာသို့ ဖနှောင့်နှင့်တင်ပါး တသားတည်း ကျသည်အထိ ပြေးလေတော့သည်။ ဤအချိန်တွင်တော့ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဖြစ်၏။
“ ဥက္ကဌကျန်း … ခင်များတို့လူတွေ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းတွေအတွက် ကျုပ်လုပ်ဖော်ကိုင်ဖက်ဆီ ဆက်သွယ်လို့ရတယ်… ကျုပ် တခြား ကိစ္စလေးတွေ ရှိလို့ ဒီမှာ နေပြီး ခင်များကို အဖော်လုပ်မပေးနိုင်တော့ဘူး…”
“ ဒါပေါ့ ဒါပေါ့ ဒါပေါ့… ဒါရိုက်တာလင်း ကိစ္စရှိတယ်ဆိုလည်း သွားလေ… ကျုပ်တို့ကို ကူပေးဖို့ တစ်ယောက်ယောက် ရှိတယ်ဆိုရင် ရပါပြီ…”
လင်းရီ၏ အထောက်အထားက တမူထူးခြားကြောင်းကို ကျန်းဘင်သည် သူ၏ အထက်လူကြီးထံမှ ကြားသိပြီးဖြစ်သည်။ ထို့ကြောင့် အင်မတန် ယဉ်ကျေးနေရခြင်း ဖြစ်၏။
“ ပင်ပန်းစေမိပြီ…”
“ လုပ်သင့်လုပ်ထိုက်တာတွေပါ…”
မထွက်ခွာမီ လင်းရီသည် လီစီကျင်းအား ညွှန်ကြားချက်တစ်ချို့ ပေးခဲ့လိုက်သေးသည်။
သူ၏ အဓိက ရည်ရွယ်ချက်က ဤလူများအား ကောင်းမွန်စွာ ဧည့်ခံပေးရန်ပင်။ သူမက စေးနည်းပြီး ဧည့်ဝတ်မကျေပွန်မီကို လင်းရီ အလိုမရှိပေ။
တုံးစန်းကောင်တီရှိ ကိစ္စများအား စီစဉ်ဆောင်ရွက်ပြီးနောက် ကျီချင်းရန်နှင့်အတူ ကျိုးဟိုင်သို့ ပြန်လာခဲ့လိုက်သည်။
“ နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီ….” ကျီချင်းရန် ပုံမှန်လေသံဖြင့် ပြောလိုက်၏။
သို့သော် သူမ အထဲသို့ ဝင်မည် လုပ်တော့ လင်းရီ သူမကို တံခါးဝတွင် ဆီးကြို တားမြစ်လိုက်၏။
“ အပေါက်ဝကြီးမှာ ဘာရပ်လုပ်နေတာ…. ဝင်မှာဖြင့် ဝင်လေ…” ကျီချင်းရန် တိုက်တွန်းလိုက်၏။
“ ငါဘာလို့ မတူတော့သလို ခံစားနေရတာပါလိမ့်…”
“ အန်… ဘာကို မတူတာတုန်း … ဒါ မကောင်းဘူးလား…”
လင်းရီကို မဆိုထားနှင့်။ ကျီချင်းရန်ပင် ကွဲပြားမှုကို ခံစားနေရလေသည်။
သူမ စိတ်ထဲတွင် ဟော်ယွမ်ယွမ်ကို ပယ်ပယ်နယ်နယ်ကြီး ကျိန်ဆဲနေမိတော့၏။ နင် လူကို ကူညီပေးမယ်ဆိုလည်း ပစ္စည်းတွေကို အရင်နေရာအတိုင်း သေချာလေး ပြန်လုပ်သွားပေးလေ။
“ အိမ်က ပစ္စည်းတွေ နေရာရွေ့ခံထားရသလိုပဲ… ဧကန္တ သူခိုး ဝင်သွားတာများလား…”
“ မဖြစ်နိုင်တာ… ဒီနေရာက ကျိုကျုံးဗီလာလေ… တစ်နေ့လုံး လုံခြုံရေး အစောင့်တွေ အပြည့် ကင်းလှည့်နေတာကို ဘယ်သူခိုးက ဝင်နိုင်မှာမို့လို့…”
လင်းရီလည်း မဖြစ်နိုင်ဟု ခံစားနေရသည်။ သို့သော် အိမ်ထဲ ပစ္စည်းတစ်ချို့ ကြည့်ရသည်မှာ နေရာ အရွေ့ခံထားရသည့် ပုံစံပင်။
“ အိုး … လူကြီးမင်းလင်းတို့တောင် ပြန်လာကြပြီပဲ…”
နှစ်ယောက်သား အိမ်ရှိ အခြေအနေများအား ပြောဆိုနေစဉ် ကင်းလှည့်နေသည့် လုံခြုံရေး အစောင့်တစ်ယောက်က အလှမ်းသိပ်မဝေးသည့် နေရာကနေ လက်ပြနှုတ်ဆက်သည်။
“ ဟုတ်တယ်.. ကျုပ်တို့လည်း ခုလေးတင် ပြန်ရောက်တာပဲ…”
လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ သူတို့ကြားတွင် အဆင့်အတန်းချင်း တိုင်းတာ၍မရနိုင်အောင် ကွာဟနေသော်လည်းပဲ သူတို့၏ ရင်းနှီးပတ်သက်မှုကတော့ ကောင်းမွန်ပါသည်။
တစ်ခါတစ်ရံ သူတို့ ဓာတ်ပုံရိုက်ချင်သည်ဆိုပါက လင်းရီ သူမောင်းလာသည့် စူပါကားများကို ရက်ရက်ရောရော ငှားပေးလိုက်တတ်သေးသည်။ သူမှတ်မိသလောက် တစ်ခါက လုံခြုံရေး အစောင့်၏ မင်္ဂလာဆောင်တွင် ကားပင် စီစဉ်ပေးခဲ့ဖူးလေသည်။ ထို့ကြောင့် လုံခြုံရေး အစောင့်တိုင်းက သူတို့နှစ်ယောက်အပေါ် နွေးနွေးထွေးထွေး ရှိလှပြီး လမ်းတွေ့တိုင်းလည်း ပြုံးပြ နှုတ်ဆက်တတ်သည်။
“ လင်းကတော်က အိမ်ပြောင်းနေတာမလား… ကျုပ်တို့ ပစ္စည်းတွေ ဘာတွေ သယ်ကူပေးဖို့ လိုရင် ပြောနော်…”
လုံခြုံရေး အစောင့်၏ နှုတ်ကနေ မထင်မှတ်ဘဲ ထွက်လာသည့် ကူညီ စကားလေးတစ်ခွန်းက တစ်စုံတစ်ယောက်ကို နေရာတွင် လဲသေချင်စိတ် ပေါက်သွားစေခဲ့သည်။
ကျီချင်းရန်မှာ မျက်နှာပင် မဖော်ဝံ့သည် အထိ အရှက်ရနေမိလေသည်။ အချိန်အတော်ကြာသည်ထိတိုင်အောင် သူမ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းမှာ ကွက်လပ်ဖြစ်သွားခဲ့၏။
“ အိမ် ပြောင်း မလို့……..” လင်းရီ ကျီချင်းရန်ကို လှမ်းကြည့်လိုက်၏။ “ ဘာလုပ်မလို့ အိမ်ပြောင်းမှာ…”
“ သူများပြောတာ လျှောက်ပြီး နားယောင်မနေနဲ့.. ဒီတိုင်း အိမ်မှာ ပစ္စည်းတွေ တအားရှုပ်လို့ ငါ မဝတ်တော့တဲ့ အဝတ်အစားတွေနဲ့ အိမ်မှာ အသုံးမဝင်တဲ့ ပစ္စည်းတွေ လွင့်ပစ်နေတာ … ဘယ်သူမှ အိမ်မပြောင်းဘူး …”
လင်းရီ စဉ်းစဉ်းစားစားနဲ့ ခေါင်းညိမ့်လိုက်ပြီး “ ဒါကြောင့်မို့ ပစ္စည်းတွေ အထိခံထားရတဲ့ ပုံစံ ပေါက်နေတာကိုး …. လက်စသတ်တော့ မင်းက အိမ်သန့်ရှင်းရေး လုပ်နေတာပဲ…”
“ ဟုတ်တယ် ဟုတ်တယ်…”
သူမ၏ ကသိကအောက် ဖြစ်မှုကို ဖုံးကွယ်ရန် အလို့ငှာ ကျီချင်းရန်သည် ဆံစကို နားအနောက်သို့ သိမ်းလိုက်၏။
“ မနေ့က အားနေတာနဲ့ အိမ်သန့်ရှင်းရေးလုပ်လိုက်တာ … အမယ်လေး အိမ်မှာ ဒီလောက်ထိ အမှိုက်တွေ ပုံနေမယ်လို့ ထင်ကို မထင်ထားဘူး … ဒါကြောင့်မို့ ကားတစ်စင်းခေါ်ပြီး အားလုံး လွင့်ပစ်လိုက်တယ်လေ..”
“ ဒါဆိုလည်း ခုနက မေးတော့ ဘာလို့ မပြောတာ..”
“ အမ်…” ကျီချင်းရန် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ပြု၍ စိတ်တစ်ခုလုံးက အဆက်မပြတ် တွက်ချက်နေသည်။ “ ခုတလော ငါ့မှတ်ဉာဏ်တွေက သိပ်မကောင်းချင်တော့ဘူးဟာ… တစ်ခုခုဆို ခဏနဲ့ မေ့တတ်တယ်…”
ပြောပြီးနောက် ကျီချင်းရန်သည် အာရုံပြောင်းရန် အလို့ငှာ လင်းရီကို အိမ်ထဲသို့ အတင်း သွပ်ထည့်လိုက်တော့၏။
“ နင်ရေဆာလား … ငါ ရေခပ်ပေးမယ်လေ…”
“ မဆာဘူး …”
“ ဗိုက်ရော မဆာဘူးလား… ငါ ဟင်းချက်ပေးမယ်…”
“ မဆာဘူး ..”
“ အချိန်အကြာကြီး ကားမောင်းထားရတာဆိုတော့ ပင်ပန်းနေမှာပဲ … နင် တရေးတမော အရင် အိပ်လိုက်ပါလားဟင်…”
“ မပင်ပန်းပါဘူး …”
လင်းရီတွင် လက်လျော့လိုက်မည့် ရည်ရွယ်ချက် လုံးဝ မရှိချေ။ သူ ကျီချင်းရန်ကို တောက်လောင်ညှို့ငင်နေသည့် အကြည့်တို့ဖြင့် ကြည့်ရင်း “ ငါ ညှီ့နံ့ တစ်ခုခုတော့ ရနေတယ်နော် ချင်းရန်…”
“ အယ်……….. ဒီက အိမ်သန့်ရှင်းရေး လုပ်တာကို ဘာတွေများ ထူးဆန်းနေလို့…”
“ မင်းသာ ဒီတိုင်း အမှိုက်တွေ ပစ်ရုံလောက်ပဲဆိုရင် လုံခြုံရေး အစောင့်က မင်း အိမ်ပြောင်းတယ်လို့ ပြောမှာ မဟုတ်ဘူး … ငါပြောတာ မှန်တယ်မလား ….. “ လင်းရီ ပြောလိုက်ပြီး “ ဘာလဲ… အရင်ရက်တွေက မင်းနဲ့ ခပ်ဝေးဝေးမှာနေတော့ မင်းအပေါ် ဖောက်ပြန်နေတယ်ထင်ပြီး အိမ်ပြောင်းဖို့ ကြံနေတာလား ဟုတ်လား … ဒါကြောင့်လည်း အဲ့ ယွမ်ယွမ် ငါ့ဆီကနေ ဒေါသတကြီးနဲ့ နှုတ်ထွက်သွားတာပဲ ဖြစ်ရမယ်… ဒါပေမယ့် နောက်ဆုံးကျတော့ ဒေါသထွက်လွန်းပြီး တုံးစန်းကောင်တီထိအောင် လိုက်လာပြီး အခြေအနေကို အတည်လာပြုတာ ဖြစ်ရမယ်.. “
“ ငါပြောတာ မှန်တယ်မလား …”