မင်းအပြင်မှာ ဘာ၀တ်လဲ ကိုယ်စိတ်မ၀င်စားဘူး
Vol. 101 Ch. 1506
ကျီချင်းရန်သည် အရှက်သည်းစွာဖြင့် နေရာတွင် သစ်ငုတ်တွယ်သကဲ့သို့ ရပ်နေမိပြီး သူမ၏ အမူအရာမှာ နေရထိုင်ရ ခက်နေတော့၏။
သူမဘက်က ဒီလောက်ထိ ကောင်းကောင်းမွန်မွန်နဲ့ ဖုံးကွယ်ထားတာတောင် သူဘာလို့ ရှာတွေ့သွားခဲ့တာလဲ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ သူက စုံစမ်းတာတွေ သိပ်တော်တာပဲ။ အဲ့တာများ ဘာလို့ စုံထောက်မလုပ်လဲ မသိဘူး။ ဟွန့်။
သူမစိတ်ထဲ တခဏမျှ စောဒက တက်လိုက်ပြီးနောက် ဘာမျှ မဖြစ်ထားဟန်ဖြင့် မီးဖိုချောင်ထဲ ခပ်တည်တည် ဝင်သွားခဲ့သည်။
“ မင်းက အမျိုးသမီးတို့ ထုံးစံအတိုင်း လုပ်နေတာပဲ..”
“ ဘယ်လို ဘယ်လို … ငါက အမှိုက်လေး နည်းနည်းပစ်ပြီး ဘာမှ လုပ်စရာ မရှိတာနဲ့ နင့်ဆီ လာလည်လိုက်တာ ဘယ်လိုလုပ်ပြီး လမ်းခွဲတယ် ဖြစ်သွားရတာလဲ… ဟမ်…” ကျီချင်းရန် ပြောလိုက်ပြီး “ နင်ကိုက အလိုလိုက်မခံရတဲ့ ဇနီးဆိုးလေးလို လုပ်နေတော့တာပဲ… ငါက အဲ့လို လူစားမျိုးလား….”
“ ဪ………..”
လင်းရီသည် သံရှည်ပြု၍ ပြုံးလိုက်ပြီး ဘာမျှ ထပ်ပြောမလာတော့ချေ။
အခြားတစ်ဖက်တွင်တော့ လင်းရီ၏ အပြုံးမမည်သည့် အပြုံးက သူမကို အလွန်အမင်း သက်တောင့်သက်သာ မဖြစ်အောင် ပြုလုပ်နေလေသည်။
လင်းရီ တစ်ခုခု ပြန်ပြောလာပါစေဟုတောင် သူမ တိတ်တခိုး မျှော်လင့်နေခဲ့မိသည်။ သို့သော် ယခု ၊ ထိုအကာင်က ဘာမျှ ပြောမလာသဖြင့် သူမလေးမှာ ရှင်းပြရန် အခွင့်အရေးပင် မရှိတော့ချေ။
“ ငါ မနက်ဖြန်ကျရင် ဈေးဝယ်ထွက်မယ်…”
ရေတစ်ခွက် ယူလာခဲ့ပြိးနောက် ကျီချင်းရန်သည် နောက် အကြောင်းအရာ တစ်ခုကို ပြောင်းလဲလိုက်သည်။ ယမန်နေ့က ကိစ္စတို့အား ဆက်မပြောချင်တော့ပေ။
“ ထပ်ပြီး ဈေးဝယ်ထွက်ဦးမလို့လား..” လင်းရီ ရေခွက်ကို လှမ်းယူရင်း “ မင်း နှစ်ခါတောင် ထွက်ပြီးပြီး မဟုတ်လား…”
“ အရင်က ငါတို့နှစ်ယောက်အတွက်ပဲ ဝယ်ထားတာ … နင်ယွဲ့က မင်္ဂလာဆောင်တော့မယ်… အန်ကယ်နဲ့ အန်တီကလည်း မင်္ဂလာဆောင် လာမှာပဲလေ… ဒီတော့ ငါတို့တွေ လှလှပပလေး ဝတ်ဆင်သင့်တယ် မထင်ဘူးလား..” ကျီချင်းရန် ပြောလိုက်ပြီး “ ပြီးတော့ ဂေဟာက ကလေးတွေကိုလည်း ဆင်ပေးရဦးမယ်လေ…”
ကျီချင်းရန်၏ စကားလုံးများက လင်းရီကို သတိပေးသလို ဖြစ်သွားစေခဲ့၏။
“ တို့တွေ သေချာပေါက် တစ်ခုခုတော့ ဝယ်ပေးမှ ဖြစ်မှာ… ဘာပဲဆိုဆို သူတို့လေးတွေလည်း မင်္ဂလာဆောင် တက်လာကြမှာပဲလေ… အကုန်လုံး လှလှပပလေး ဖြစ်နေအောင် ဆင်ပေးရမယ်…”
“ ဒီအကြောင်း ငါတို့ ရန်ချိန်ရောက်မှပဲ ပြောကြတာပေါ့… ခုချိန် ဝယ်ထားရင် တစ်ဆင့် ပြန်ပို့နေရမှာ အလုပ်ရှုပ်တယ်… “
“ ပြီးရောလေ… နင့် သဘောပဲ..”
“ နောက် ရက်နည်းနည်းလောက်အထိ ကုမ္ပဏီကိစ္စတွေ သေချာစီစဉ်ထားလိုက်.. ပြီးရင် ငါတို့ ရန်ချိန်သွားပြီး အိမ်နဲ့ အဝတ်အစားတွေ ဝယ်ကြမယ်… ငါတို့ လုပ်ရမယ့် ကိစ္စတွေက အများကြီး ရှိနေတုန်းပဲ…”
“ အွန် ….. နားလည်ပြီ..” ကျီချင်းရန်သည် လက်ထဲ ရှိသည့် အလုပ်များအား တစ်ချက် စီစဉ်ကြည့်လိုက်ပြီး “ မြန်မြန်လုပ်ရင် မနက်ဖြန်ဆို ပြီးတယ်… ပြီးရင် ငါတို့ သန်ဘက်ခါဆို သွားလို့ရပြီ..”
“ မင်း နှစ်သက်သလို လုပ်ပါ… တစ်ရက်နှစ်ရက် အချိန်ယူလည်း ဘာမှ မဖြစ်ဘူး..”
သူမ ခေါင်းညိမ့်လိုက်၏။ “ စကားမစပ် ငါခုမှ မှတ်မိလို့… ယွမ်ယွမ် ပြောသံကြားတာ မနက်ဖြန် လင်းယွင်အုပ်စုက စီးပွားရေး ပါတနာ တစ်ယောက်ကို ဧည့်ခံဖို့ ကော့တေးပါတီ တစ်ခု လုပ်မယ်တဲ့…. နင် သွားမှာလား…”
“ စီးပွားရေး ပါတနာအတွက် ကော့တေးပါတီ ဟုတ်လား…”
“ နင် ငါ့ကုမ္ပဏီငှားပြီး နိုင်ငံတကာ သစ်တင်သွင်းမယ့် ကိစ္စ ဆွေးနွေးသေးတယ်မလား… အဲ့ဒီ အတွက်ပဲ ဖြစ်မှာနေမှာပေါ့…”
“ အိုး ဟုတ်သား… ချီကြီး ငါ့ကို အဲ့အကြောင်း ပြောဖူးသေးတယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတော့ စိတ်ဝင်စားဖို့ ကောင်းမယ် မထင်ပါဘူး … သောက်လုပ်ရှုပ်တယ်.. မသွားဘူး … မင်း သွားချင်လို့လား…”
သူမလည်း ခေါင်းခါရမ်းလိုက်သည်။ “ နင်သွားရင် သွားမလို့ပါပဲ… နင် မသွားမှတော့ ငါလည်း မသွားတော့ဘူး …”
“ ဟုတ်တယ်… သျှောင်နောက် ဆံထုံးပါတဲ့ … ကိုယ့်ချင်းရန်က သိပ်တော်တာပဲ… လာပါဦး မွှေးမွှေးပေးချင်လို့…”
ကျီချင်းရန်သည် တိမ်းရှောင်ခြင်း မပြုပါဘဲ သူမ၏ မျက်နှာကို လင်းရီအနား ကပ်ပေးလိုက်၏။
အဆိုပါ ချိုမြိန်သည့် ခံစားချက်က ချက်ချင်း တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့လာသည်။
ထိုညတွင် သူတို့နှစ်ဦး အနောက်တိုင်း အစားအသောက်ကို ညနေစာအဖြစ် သုံးဆောင်ရင်း ရုပ်ရှင်သွားကြည့်ကြ၏။ အများသူငှာ စုံတွဲများကဲ့သို့ ဒိတ်လုပ်ရင်း ပျော်ရွှင်နေကြလေသည်။ ထို့နောက် ညဆယ်နာရီထိတိုင် ရှော့ပင် ထွက်နေခဲ့ကြသည်။
ပြန်ရောက်လာပြီးနောက် ကျီချင်းရန်သည် တက်တက်ကြွကြွနှင့် လင်းရီ ပတ်တီးလဲမည်ကို ကူညီပေးမည်ဟု အာရုံစူးစိုက်မှု ခံချင်နေသည့် ကြောင်လေးနှယ် တညောင်ညောင် လုပ်နေလျက် ရှိသည်။
သို့သော် သတ္တိခဲလေးက လက်ကတုန်ကယင်ဖြစ်နေပြီး မျက်နှာတစ်ခုလုံးလည်း ဖြူလျော်နေသည်။ လင်းရီ သူမကို မလုပ်ဖို့ ဟန့်တားလိုက်၏။ သို့သော် သူမက ခေါင်းမာစွာဖြင့် အပြီးတိုင် ဆက်လက် လုပ်ဆောင်သွားသည်။
သူမက အနာဂတ်တွင် ဇနီးတစ်ယောက်၊ မိခင်တစ်ယောက် ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ အကယ်၍ ယခုကဲ့သို့ အသေးအမွှားလေးပင် ဖြစ်ဖြစ်မြောက်မြောက် ရှိအောင် မလုပ်နိုင်ဘူးဆိုပါက သူမ၏ ကလေးတွေအတွက် မည်ကဲ့သို့ စံပြမိခင် တစ်ဦး ဖြစ်လာနိုင်လိမ့်မည်နည်း။
“ ငါ့ကို မပူနဲ့… ငါ အရင်က ဒါမျိုး မကြုံဖူးလို့ … နောင်ကျ အသားကျသွားမှာပါ…” ကျီချင်းရန် ပြောလာခဲ့သည်။
လင်းရီ ခြောက်ကပ်ကပ် ရယ်မောရင်း မျက်ရည် တစ်စက်နှစ်စက် စီးကျလာသည်။ ကျီချင်းရန် အထင်ကတော့ ဝမ်းသာမျက်ရည်ပင်တည်း။
‘ ဒီကောင်မလေးနှယ် မင်းကို စိတ်ပူနေတာ မဟုတ်ဘူး .. ငါ့ကိုယ်ငါ စိတ်ပူနေတာ… ‘
‘ အခန့်မသင့်ရင် နောက် ဒဏ်ရာတစ်ခု ထပ်တိုးသွားမှာကို ကြောက်လို့…’
တစ်နာရီကျော်ကြာအောင် စမ်းတဝါးဝါး ပြုပြီး နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့၏။
“ မြင်လား… ငါ လုပ်နိုင်ပါတယ်လို့ ပြောသားနဲ့… ငါ့ကိုများ လေ့လာတာကလွဲပြီး တခြား ဘာမှမသိတဲ့လူလို့ ထင်နေတာလား ဟမ်…” ကျီချင်းရန် ဘဝင်ခိုက်စွာ ကြွားဝါလိုက်သည်။
“ ငါတို့လို အိုင်ကျူမြင့်တဲ့လူတွေက ဘာမဆို သင်လိုက်ရင် ခဏလေးနဲ့ တတ်တယ်… ငါ လုပ်သွားတာ တော်တယ်မလား ဟမ်… နင်ငါ့ကို ချီးမွမ်းနေတာမလား … နင့်မျက်ဝန်းတွေ ရွှန်းလဲ့နေတာကို ငါမြင်နေရတယ်…”
“ အင်း အင်း အင်း … မင်း လုပ်သွားတာ တအား တော်တယ်..” လင်းရီ ခြောက်ကပ်စွာ ရယ်မောလိုက်သည်။
အကယ်၍ သူ၏ ခံနိုင်ရည်သည် မြင့်မားသောကြောင့်သာ မဟုတ်ပါက နာကျင်မှုကြောင့် ကိစ္စချောသွားမှာကိုပင် စိုးရွံ့နေရသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် သူတို့နှစ်ဦး မနက်စာ အတူ သုံးဆောင်၍ အလုပ်သို့ အတူ ထွက်လာခဲ့ကြသည်။
လင်းရီမှာ လင်းယွင်အုပ်စုသို့ မသွားဘဲ ထိုအစား ကျီချင်းရန်၏ နေရာသို့ သွား၍ အဖော်ပြုပေးသည်။ တစ်ချိန်တည်းတွင် သူမ၏ အလုပ်ဝန်ကို ကူထမ်းပေးလိုက်သဖြင့် သူမလည်း အလုပ် မရှုပ်ရတော့ပေ။
မွန်းလွဲပိုင်းရောက်တော့ လင်းရီသည် မယောင်မလည်နှင့် ဝမ်ရင်း၏ ရုံးခန်းထဲ ရောက်လာပြီး နေရာတွင် ချက်ချင်း အချစ်ဇာတ်ခင်းလေတော့သည်။
........
“ မောင်လေးရီက ဘယ်အချိန်လောက် သွားမှာလဲဟင်…
ဝမ်ရင်း သူမ၏ စကတ်ကို သေချာဆွဲတင်ရင်း မေးလိုက်သည်။
“ တကယ်လို့ လွဲမှားချော်မှား မရှိရင်တော့ မနက်ဖြန်လောက်ပေါ့… ကျွန်တော် လုပ်စရာ ရှိတာတွေကလည်း ဒီမှာ ဘာမှ မရှိတော့ဘူး ..”
“ ကောင်းပြီ… ခဏစောင့်ဦးနော်… အစ်မ ခဏဆို ပြန်လာမယ်…”
ပြောပြီးနောက် ဝမ်ရင်းသည် ရုံးခန်းထဲကနေ ထွက်ခွာသွားခဲ့ပြီး လင်းရီကို အခန်းထဲ ချန်ထားရစ်ခဲ့၏။
မိနစ် နှစ်ဆယ် ကြာပြီးနောက် ဝမ်ရင်း ပြန်လာပြီး သူမ လက်ထဲတွင် အနီရောင် စာအိတ်တစ်ခုလည်း ကိုင်ထားသေး၏။
“ ဒါက ဘာအတွက်လဲ…”
“ အစ်မတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက လူသိရှင်ကြား ဖြစ်လို့ မရဘူးဆိုပေမယ့် မောင်လေးရဲ့ ညီမက အစ်မရဲ့ ယောင်းမ တစ်ဝက်လို့ ပြောလို့ရတာပဲ… ဒီတော့ အစ်မလည်း ဟုန်ပေါင်း ပေးရမှာပေါ့…”
လင်းရီ ထူထဲလှသည့် ဟုန်ပေါင်းကို သေချာ ကိုင်ကြည့်လိုက်၏။
“ တစ်သောင်းလား…”
“ တော်တယ်….”
“ ပြန်ယူလိုက်… အစ်မရင်းရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်တယ်… အစ်မရင်း တစ်ခုခုလိုရင် သုံးဖို့ပဲ သိမ်းထားလိုက်ပါ..”
“ ဟင်… အစ်မပေးတာ နည်းလို့လား..”
“ မဟုတ်ပါဘူး … ဒါပေမယ့် အစ်မရဲ့ လစာက နည်းနည်းလေးလေ.. အစ်မရင်း သုံးဖို့လည်း ချန်ဦးမှပေါ့…”
“ အစ်မရဲ့ လစာက နည်းနည်းလေးဆိုရင်တောင် မောင်လေးရီ ပေးတာကို ထည့်မတွက်တောင်မှ ဒီလောက်လေးကတော့ အစ်မဖို့ မပြောပလောက်ပါဘူးဟယ်…”
“ ဟင်… ကျွန်တော် အစ်မရင်းကို ပိုက်ဆံ အများကြီး ပေးမိတယ် မထင်ဘူးနော်…”
လင်းရီ တွေးကြည့်လိုက်၏။သူ ဝမ်ရင်းကို လိုအပ်သည့် ပစ္စည်းတို့ ဝယ်ပေးလေ့ ရှိသော်လည်းပဲ ပိုက်ဆံတော့ သိပ်အများကြီး ပေးမိသည် မထင်။
“ ဒီ လူဆိုးလေးကတော့ … နင် အစ်မကို တလောတုန်းက မုန့်ဖိုးဆိုပြီး ကတ်တစ်ခု ပေးခဲ့တာ မေ့သွားပြီလား … နင်လည်းလေ .. မေ့ပစ်တာ မြန်လွန်းပါရော…”
“ အိုး ဟုတ်သား .. အစ်မရင်းက ခုဆို သူဌေးမကြီး ဖြစ်နေပြီပဲ… ဘယ်လိုလဲ … ကျွန်တော့်လို သကြားပေပီလေး တစ်ယောက်လောက် မလိုချင်ဘူးလား…”
“ နင့်လို ပေပီလေးကို မွေးစားထားလို့ကတော့ အစ်မတော့ ပိန်ရှုံ့ရချည်ရဲ့ .. တော်ပါ… နင့်ဒဏ်ကို အစ်မတော့ မခံနိုင်ဘူး … ဥက္ကဌကျီပဲ ခံပါလေ့စေ …”
ဝမ်ရင်း ပါးစပ်ကို လက်ဝါးဖြင့် ကွယ်၍ တသိမ့်သိမ့်တုန်အောင် ရယ်မောရင်း ပြောလိုက်သည်။ သူမ၏ ယုန်ကြီး နှစ်ကောင်မှာလည်း ခုန်ဆွ ခုန်ဆွနှင့် ရယ်မောနေဟန်ပင်။
“ ကဲပါ… ယူထားလိုက်… အစ်မဆီက ကျေးဇူးတင်တဲ့ တိုကင်လိုမျိုးပဲ သဘောထားလိုက်ပေါ့..” ဝမ်ရင်း ပြောလိုက်ပြီး “ နင့်ကြောင့်သာ မဟုတ်ရင် အစ်မတစ်ယောက်တည်း ကျိုးဟိုင်မှာ နေဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူး … အစ်မ ပြန်ပေးဆပ်တယ်ပဲ သဘောထားလိုက်…”
“ ခုနက ပေးဆပ်ပြီးပြီ မဟုတ်ဘူးလား..”
“ အဲ့တာကို ပေးဆပ်တယ်လို့ ဘယ်လိုလုပ် သဘောထားလို့ ရမှာတုန်း … “ ဝမ်ရင်း သူမ၏ ဆံပင်ကို သပ်လိုက်ပြီး “ နင် အစ်မလို အသက်ကြီးတဲ့လူကို စိတ်မရှိတာကိုပဲ ကျေနပ်လှပြီ… အစ်မကို ကျေးဇူးတင်ဖို့ အခွင့်အရေးလည်း ပေးဦးမှပေါ့… မြန်မြန် အဲ့တာကို သိမ်းထားလိုက်တော့…”
“ ကောင်းပြီလေ…”
လင်းရီ ဟုန်ပေါင်းကို လက်ခံထားလိုက်သည်။
“ ဒီတစ်ခုကို လက်ခံထားလိုက်မယ်… နည်းသည်များသည် နောက်ထား ၊ အဓိကက စိတ်ရင်းပဲလေ…”
ပြောပြီးနောက် လင်းရီသည် ဝမ်ရင်း၏ နားထဲသို့ တီးတိုး ပြောလိုက်၏။
“ အစ်မရင်း … ကျွန်တော် နောက်လည်း အစ်မရင်း စိတ်ရင်းအတိုင်း ပြောတာကိုပဲ လိုချင်တယ်နော်..”
ဝမ်ရင်း လင်းရီကို ဒေါသတကြီးဖြင့် ကြည့်လိုက်၏။ “ နင် လူဆိုးလေးကတော့ …”
လင်းရီသည် ရယ်မောရင်း ရုံးခန်းထဲက ထွက်ခွာသွားခဲ့ပြီး ကျီချင်းရန်၏ ရုံးခန်းထဲသို့ ပြန်ရောက်လာသည်။ အလုပ်ဆင်းရန် အချိန်အခါ နီးပြီဖြစ်၏။
ထိုညတွင် သူတို့နှစ်ဦးသည် ညစာကို အပြင်၌ ထွက်စားကြပြီး အစောကြေ မြစ်ဘက်သို့ လမ်းလျှောက်ထွက်လေသည်။ ည ကိုးနာရီကျော်တော့မှသာ နှစ်ယောက်သား အိမ်ပြန်လာခဲ့ကြသည်။
ထို့နောက် အထုပ်အပိုး ထည့်ရင်း မနက်ဖြန် ရန်ချိန်သို့ ထွက်ရန်အတွက် အဆင်သင့် ဖြစ်နေခဲ့ကြ၏။
“ လင်းရီ … ဒီ တစ်ချက် လာကြည့်ပါဦး … ငါတို့ မင်္ဂလာနေ့ကျရင် ဒီနှစ်စုံဝတ်ကြမယ် ဘယ်လိုလဲ…”
ကျီချင်းရန်သည် ဒုတိယထပ်တွင် ရပ်ရင်း လင်းရီကို သူမ ဝတ်မည့် ဝတ်စုံများအား ပြသနေသည်။
“ မင်း အပြင်မှာ ဘာဝတ်လဲ ကိုယ်စိတ်မဝင်စားဘူး … ကိုယ်စိတ်ဝင်စားတာက မင်း အတွင်းမှာ ဘာဝတ်ထားလဲပဲ…”
“ နှာဘူးကြီး …” ကျီချင်းရန် ဂုဏ်ဆာစွာ ပြောလိုက်၏။
ကလင် ကလင် ကလင် …
ထိုအချိန် လင်းရီ၏ ဖုန်းက အသံ မြည်လာသည်။ ချီရှန်းကျောက်က ခေါ်ဆိုလာခဲ့ခြင်းပင်။
သို့သော် သူ ဖုန်းဖြေဆိုသည့် အခိုက်အတန့်တွင်ပဲ လင်းရီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့တော့၏။
“ မင်းတို့ ဘယ်မှာလဲ… ငါ အခု လာပြီ…”