သုည တစ်လုံး ထပ်တိုး
Vol. 101 Ch. 1511
“ သူများ နောက်ကွယ်မှာ သူများ မကောင်းကြောင်း ပြောတာက မကောင်းဘူးနော် ဒေါ်လေးကျန်း …”
“ ဟဲ့ … ဒါ ဘယ်နားက မကောင်း ပြောရမှာတုန်း ..” ကျန်းဟုန်ရှား ပန်းကန်ကို ရေစစ်၍ ပြောလိုက်ပြီး “ သူက နင့်ကို ညာနေတယ်ဆိုတာ အသိသာကြီး … တကယ်လို့ သူ့ညီသာ တကယ်ချမ်းသာရင် သူ့ကို ဒီလို သစ်စက်ရုံမှာ အလုပ်လုပ်ခိုင်းမှာလား… ပြီးတဲ့ သူ့အဝတ်အစားတွေကလည်း ခပ်နွမ်းနွမ်း ခပ်စုတ်စုတ်နဲ့ … လူချမ်းသာရဲ့ အစ်ကိုဆိုတဲ့ မျက်နှာပေါက်မျိုး ရှိကို မရှိတာ…”
“ အစ်မကျန်း ပြောတာ ဟုတ်တယ်…” ဆိုင်အနီးနားရှိ အိမ်နီးချင်းတို့ကလည်း အသံထွက်လာကြသည်။
သူတို့အားလုံး ဝူဖေးယွဲ့က လျှာရိုး မရှိတိုင်း လျှောက်ပြောနေသည်ဟု ယုံကြည်နေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဤသို့သော အရာမျိုးက အင်မတန်မှ သာမန်ပင်။
ငါ့ညီက ဘယ်လို ၊ ငါညီက ဘာကောင်…. ငါ့ညီက....
ထိုသို့သော စကားလုံးတို့က အဆုံးသတ်ရှိလိမ့်မည် မဟုတ်ချေ။
သို့ပေမယ့် အနှစ်ချုပ်ကြည့်မည် ဆိုပါက သူကိုယ်၌က ဂျစ်ပစီ မကျတကျ ဖြစ်ပေမယ့် သူ့ဆွေမျိုးတို့ကတော့ အထင်ကြီးစရာ ကောင်းသည့်လူများ ဖြစ်သည်ဟူ၍ပင်။ ထိုသို့သော စကားလုံးလေးများထဲ နစ်မြောပြီး အချစ်ကြောင့် ယုံကြည်စိတ်တို့ပိုကာ ဘဝနွံနစ်ခဲ့ရသည့် ပန်းလေးတို့လည်း များချေပြီ။
အမှန်တွင်တော့ အနှီ ဆွေမျိုးတို့မှာ အတုအယောင် ဖန်တီးထားသည်များ ဖြစ်ပြီး သူတို့ကိုယ်သူ အထင်ကြီးဖို့ ကောင်းလာစေရန် ကြွားပြောနေခြင်းပင်။
အကယ်၍များ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးကြည့်ခဲ့မည်ဆိုပါက တစ်ဖက်သူသည် အချိန်မရွေး ထုတ်ဖော်ခံလိုက်ရနိုင်သည်။
“ ရှင်တို့ ဝူဖေးယွဲ့အကြောင်း ဂရုစိုက်နေစရာ မလိုပါဘူး … သူက အဲ့လို လူစားမျိုးမဟုတ်ဘူး … ဘယ်သူကရော ရှင်တို့ရဲ့ အမြင်တွေကို မေးနေလို့လဲ…” စွန်းလီလီ စိတ်တိုတိုနှင့် ကျိန်ဆဲလိုက်၏။
အိမ်နီးနားချင်းတွေ စွန်းလီလီကို ဝိုင်းဝန်း နားချနေစဉ်မှာပဲ မလှမ်းမကမ်းတွင် မီးအလင်းရောင်တို့ ထွက်ပေါ်လာသည်။ သူတို့တွေ မသိစိတ်အလျောက် တစ်ဖက်သို့ ခေါင်းလှည့်လိုက်ကြသည်။ သို့မှသာ ကားမီးကြောင့် မျက်စိ မစူးမှာ ဖြစ်သည်။
သို့သော် မကြာမီတွင် မျက်စိစူးဖွယ် မီးအလင်းက အောက်မီး ပြန်ဖြစ်သွားပြီး သူတို့ရှေ့တွင် ထင်မှတ်မထားစွာ ရပ်တန့်လာသည်။
ထို့ပြင် ယင်းက စူပါကားပင်။
ဤလူများက သာမန်လူများ ဖြစ်ကြသော်လည်းပဲ ကား၏ သွင်ပြင်ကို ကြည့်၍ ဈေးပေါမည် မဟုတ်ကြောင်းကို တပ်အပ်ပြောနိုင်သည်။
တစ်ဖက်ရှိ စွန်းလီလီ၏ မိသားစုက ကားရေဆေးသည့် လုပ်ငန်း လုပ်ကိုင်ကြသဖြင့် ကားအကြောင်း ပိုသိနားလည်ကြသည်။
ကားဘရန်း ကြည့်ရသည်မှာ ဘူဂတီက ဖြစ်ပုံပင်။
ထိုအခိုက်အတန့်တွင် ကားတံခါး ပွင့်ဟလာပြီး လင်းရီနှင့် ဝူဖေးယွဲ့တို့ ကားပေါ်က ဆင်းလာကြ၏။
“ နင် ဒီဘာလာလုပ်တာလဲ…”
ပုံမှန်ဆို သူမတို့နှစ်ယောက်မှာ တိုးတိုးတိတ်တိတ် ကြိတ်ချိန်းတွေ့ရ၏။ ယခုတော့ သူက ခမ်းခမ်းနားနားနှင့် အလံကို လွင့်ပြလာခဲ့ကာ စွန်းလီလီမှာ ရှော့ခ်ရမိသည် အထိပင်။
အရေးကြီးဆုံးကတော့ သူက စူပါကားနှင့် ရောက်ချလာခဲ့ခြင်းပင်။
“ ငါ့ညီ အိမ်ပြန်လာလို့လေ… အဲ့တာ မင်းနဲ့ တွေ့ချင်တယ်လုပ်နေတာ တားမရတဲ့အဆုံး နှစ်ယောက်လုံး လာခဲ့လိုက်တာပဲ …” ဝူဖေးယွဲ့ ရိုးသားစွာ အမှန်အတိုင်း ပြောလိုက်သည်။
လူတိုင်း၏ အကြည့်က လင်းရီထံ ကျရောက်သွားခဲ့သည်။
ထို့နောက် သူတို့တွေ မောင်းလာသည့် ကားကို ကြည့်လိုက်ကြ၏။ အင်းနော်။ သူ့ကြည့်ရတာ အတော်လေး ချမ်းသာသလိုပဲ။
“ ဟယ်လို မရီး…” လင်းရီ ပြုံးပြီး သူမကို နှုတ်ဆက်လိုက်သည်။
လင်းရီက ‘မရီး’ ဟု ခေါ်လိုက်သည့်အတွက် စွန်းလီလီမှာ မနေတတ် မထိုင်တတ် ၊ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသည်။
“ အဲ့… အဲ့လို မခေါ်ပါနဲ့…”
လင်းရီ ရယ်မောလိုက်ပြီး ဤအမျိုးသမီးက မဆိုးဟု စိတ်ထဲ ခံစားလိုက်ရသည်။ သူ ကြိုတင် ဝယ်ယူလာသည့် စီးကရက်ဘူးနှင့် အရက်ပုလင်းများကို ထုတ်၍ “ ကျွန်တော်တို့ ပထမဆုံး အကြိမ် တွေ့တာဆိုတော့ ဒါလေးတွေ နည်းနည်း ဝယ်ခဲ့လိုက်တယ်… လက်ခံပေးပါဦး မရီး …”
လင်းရီ ထုတ်လာသည့် အရက်နှင့် စီးကရက်တို့ကို မြင်တော့ ပတ်ဝန်းကျင်ရှိ စပ်စုနေကြသူတိုင်း ကြက်သေသေကုန်ကြသည်။
ဒါတွေ အကုန်လုံးဆို အနည်းဆုံးတော့ ယွမ် ၅,၀၀၀ ပဲ။
သူ့ညီက အဲ့သလောက်တောင် ချမ်းသာတယ်ပေါ့။
“ ဒါ … အိုက်ရား ဒါတွေက တန်ဖိုးကြီးလွန်းပါတယ်… ပြန်ယူသွား ပြန်ယူသွား … ငါတို့ လက်မခံနိုင်ဘူး …” စွန်းလီလီ၏ ဖခင် ၊ စွန်းလျန်ကျုံးက ပြောလိုက်သည်။
“ မများပါဘူးဗျာ… ဒီတိုင်း လက်ခံလိုက်ပါ…” လင်းရီ အတင်း ထိုးထည့်ပေးလိုက်၏။
သူတို့ချင်း ယခုမှ ထိတွေ့ဆက်ဆံမှု ပြုသည်ဆိုသော်လည်းပဲ ကိုယ်နှုတ်အမူအရာကတဆင့် ဤမိသားစုသည် ရိုးစင်းသည့် မိသားစု ဖြစ်ကြောင်းကို လင်းရီ ပြောနိုင်သည်။
“ ဒါက ကျွန်တော့်ညီ… လင်းရီတဲ့… ကျွန်တော် မကြာခဏလည်း ပြောဖူးပါတယ်.. သူက ကျိုးဟိုင်မှာ ကုမ္ပဏီထောင်ထားတာလေ… ကျုပ်တို့ ညီကိုတွေကြားမှာ သူက အအောင်မြင်နေဆုံးပေါ့…”
“ ဟယ်လို ဟယ်လို…”
စွန်းလီလီသည် ထပ်ခါတလဲလဲ ခေါင်းညိမ့်နေပြီး နေရထိုင်ရ ခက်နေခဲ့၏။
ဤသည်က ကိုယ့်ထက် အဆင့်အတန်းချင်း အများကြီး မြင့်မားနေသူကို ရုတ်တရက်တွေ့လိုက်ရသည့်အတွက် ဖြစ်လာခဲ့သည့် လက္ခဏာပင်။ လင်းရီကဲ့သို့သော တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရသည်ကို သူတို့ နေသားကျဦးမည် မဟုတ်ချေ။
“ နင် ဒီလာမှာဆိုလည်း ဘာလို့ ငါ့ကို ကြိုမပြောတာ… ခုတော့ နင်ဘာတွေ လုပ်လိုက်လဲ ကြည့်စမ်း…” စွန်းလီလီက စောဒကတက်လိုက်သ်ည။
“ ကိုယ်လည်း ဘယ်တတ်နိုင်ပါ့မလဲကွာ… ဒီကောင်က ပြောလို့မှမရတာ…”
စွန်းလီလီသည် ဝူဖေးယွဲ့အား မျက်လုံလှန်ကြည့်လိုက်ပြီး လင်းရီထံ ပြုံးပြလိုက်၏။
“ မောင်လေး … ကားကို အထဲထိ မောင်းလာလိုက်လေ… အစ်မ နင့်ကားကို သေချာဆေးပေးမယ်…”
“ အာ မလုပ်နဲ့ မလုပ်နဲ့…”
လင်းရီ အလျင်စလို ငြင်းဆန်လိုက်သည်။ “ မရီးကို ရေဆေးခိုင်းလို့ ဘယ်ဖြစ်မှာ…”
အစ်ကိုကြီးက အဖရာ ဆိုလျှင် ၊ အစ်ကိုကြီး၏ မိန်းမ ၊ မရီးက အမိနှင့် ခြားလိမ့်မည် မဟုတ်ချေ။ လင်းရီ ထိုသဘောတရားကို နားလည်သည်။
သူက ကားရေဆေးခြင်းကို ခုတုံးလုပ်၍ အနာဂတ် မရီးအား အကဲခတ်လိုခဲ့ခြင်းပင်။
“ အဲ့တာ ဘာဖြစ်လို့… ဇီဇာကြောင်မနေပါနဲ့ဟယ်…”
“ အဲ့လိုလည်း မရဘူး .. ဒါစည်းမျဉ်းပဲ..”
“ နင့်အစ်မကို နင်က ဘာတွေ အားနာနေ . . . . . . . “
“ သမီး … အဖေတို့ တကယ်ကြီး ဒီကားကို ဆေးပေးလို့ မဖြစ်တာ…” စွန်းလျန်ကျုံး ပြောလိုက်ပြီး “ မင်း ဒီကားကို တခြား ပရော်ဖက်ရှင်နယ် နေရာတွေမှာပဲ ဆေးသင့်တယ်… အဲ့ဆေးသားကို ကြည့်လိုက်… တစ်ချက်ကြည့်တာနဲ့ ပစ္စည်းကောင်းဆိုတာ တန်းပြောလို့ရတယ်…”
စွန်းလျန်ကျုံး၏ မျက်ဝန်းထဲတွင် နှစ်ခြိုက်သည့် အရိပ်အယောင်တို့ ဖြစ်ပေါ်နေသည်။
စူပါကား၏ ဆွဲဆောင်မှုကို သည်းခံနိုင်သည့် အမျိုးသားတို့က ခပ်ရှားရှားပင်။ ဤသည်က ယောက်ကျားသားတို့ ဖွဲတစ်ဆုပ်စာ အခြေအနေထိ စိတ်ခွန်အား ကောင်းသည်နှင့် ဆင်သည်။
“ လူလေး … မင်းရဲ့ကားက ကြည့်ရတာ ဈေးတော့ မပေါလောက်ဘူးပဲ… ၁၀ သန်းတော့ ကျော်မယ်ထင်တယ်…”
“ အင်း ……….. “ လင်းရီ ခေတ္တ ရပ်တန့်၍ “ နောက်ကနေ သုညတစ်လုံး ထပ်တိုးလိုက်…”
“ သုညတစ်လုံး ထပ်တိုး ….” စွန်းလျန်ကျုံး ကြက်သေသေသွားခဲ့ပြီး “ ဒါဆို သန်း ၁၀၀ ပေါ့ …”
“ အတိအကျဆို သန်း ၁၂၀ ကျော်တယ်…”
ဟစ်…….
လူတိုင်း ပင့်သက် ရှိုက်မိသွားခဲ့ကြသည်။
“ အဲ့ … အဲ့သလောက်တောင် ဈေးကြီးတယ်…”
“ ကားက အဲ့လောက် ဈေးမရှိဘူး … ဒီတိုင်း အကန့်အသတ်နဲ့ ထုတ်တဲ့ ကားဖြစ်သွားလို့တာ … သူက ကမ္ဘာပေါ်မှာ တစ်စင်းတည်းပဲ ရှိတော့ ဒီလောက်ထိ ဈေးမြင့်သွားတာပဲ…”
“ ကမ္ဘာပေါ်မှာ တစ်စင်းတည်းရှိတဲ့ကား ……………. “
ပတ်ဝန်းကျင်တွင် စပ်စပ်စုစု လုပ်နေကြသည့် လူတိုင်း လင်းရီကို မတူကွဲပြားစွာ ကြည့်လာခဲ့ကြသည်။
ထိုအခါမှပဲ ဝူဖေးယွဲ့၏ ညီငယ်က အမှန်ပင် သာမန်လူ မဟုတ်ကြောင်းကို သတိထားမိသွားကြတော့သည်။
မဟုတ်ပါက ထိုကဲ့သို့ ကားကောင်းတစ်စီးကို ဝယ်နိုင်လိမ့်မည် မဟုတ်ချေ။
“ အဲ နော်… အဲ့တာဆိုရင်တော့ အစ်မတို့ နေရာက တကယ်ကြီး ဒီကားကို ရေဆေးပေးနိုင်မှာ မဟုတ်ဘူး … ရှင်းရှင်းပြောမယ် နင့်ဆီကနေကို မယူရဲတော့ဘူး …”
“ ထွေထူးမဟုတ်ပါဘူးဗျာ…”
ထို့နောက် အုပ်စုမှာ ထိုင်၍ စကားတွေ တောင်ပြောမြောက်ပြော ပြောကြတော့သည်။ လင်းရီနှင့် ဝူဖေးယွဲ့တို့ ရုတ်တရက် ရောက်ချလာသည့်အတွက် စွန်းလီလီသည် သူတို့ နှစ်ယောက်ကို သီးသန့်နေရာတစ်ခုသို့ ခေါ်သွားပေးချင်သည်။
သို့သော် ကံမကောင်းစွာနှင့် ဤနေရာကား ဆင်ခြေဖုံး ရပ်ကွက်လေး ဖြစ်သဖြင့် ကော်ဖီဆိုင်ကဲ့သို့ တိတ်ဆိတ်သည့် နေရာက မရှိပေ။
သို့သော် စွန်းလီလီမှာ အမှန်ပင် ဧည့်ဝန်ကျေပွန်လှသည်။ သူမက လင်းရီကို ချိုချဉ်၊ coke ကဲ့သို့ သောက်စရာများဖြင့် လက်ခံပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောနေကာ ညဆယ်နာရီ ကျော်သည်အထိ စကားကောင်းနေခဲ့ကြ၏။ ထို့နောက်တွင်မှ နှုတ်ဆက်ပြီး လင်းရီတို့ ညီအစ်ကိုနှစ်ယောက်လည်း ပြန်ထွက်လာခဲ့ကြသည်။
အဆိုပါ အခြေအနေကို လင်းရီ သူ့အမေထံ တင်ပြရန် ပြင်ဆင်ထားလိုက်၏။
နောက်တစ်နေ့ နံနက်ခင်းသည် အိပ်လို့ကောင်းနေသည့် လင်းရီသည် ကျီချင်းရန်ကြောင့် နိုးလာခဲ့၏။
“ ခု ဘယ်အချိန်လဲ…”
“ ရှစ်နာရီ ကျော်နေပြီ… မနက်စာတောင် အသင့်ဖြစ်နေပြီလား မသိဘူး …” ကျီချင်းရန်သည် အိပ်ရာကနေ အလျင်အမြန်ထ၍ အဝတ်အစား ဝတ်လိုက်သည်။
“ အဆင့်သင့်ဖြစ်ရင်လည်း သွားစားလိုက်ပေါ့ကွာ… ငါတော့ နောက်မှပဲ စားလိုက်တော့မယ်…”
လင်းရီ ပြန်ပစ်လဲသွားပြီး တစ်ဖက်သို့လှည့်ကာ ထပ်အိပ်ရန် ဟန်ပြင်သည်။
“ နင် ခုချက်ချင်း မထဘူးဆိုရင် မေမေဝမ် စိတ်ဆိုးပြီး နင့်ကို စောင်လာလှန်ပစ်လိမ့်မယ်နော်…”
“ မပူနဲ့… မေမေဝမ် ငါ့ကို ဘာမှ ပြောမှာ မဟုတ်ဘူး … ငါအိပ်ရာထ နောက်ကျတော့ လူတိုင်း ငါ့အစွမ်းအစတွေ သိကုန်သွားတာပေါ့…”
ကျီချင်းရန် ပါးစပ်ကို ကွယ်လျက် တခစ်ခစ် ရယ်မောလိုက်မိသည်။ “ ဒါပေမယ့် နင် ထရမှာက ထရမှာပဲလေ… ဒီနေ့ ငါတို့ လုပ်စရာ ကိစ္စတွေက အများကြီးပဲ…”
“ မင်း ဒီနေ့ ယွဲ့ယွဲ့နဲ့ အတူ ရှင်းဟော် ဝတ်စုံနဲ့ မင်္ဂလာဝတ်စုံ သွားရွေးမှာ မဟုတ်ဘူးလား…”
“ သူ ဒီနေ့ တခြား ကိစ္စ တစ်ခုရှိလို့ အဲ့တာ ငါတို့ မနက်ဖြန်မှ သွားဖြစ်တော့မှဦ…”
ကျီချင်းရန် လက်ချောင်းများဖြင့် ဆံပင်ကို အနောက်သို့ သပ်လိုက်ပြီး “ ဒီနေ့ အိမ်သွားကြည့်ကြတာပေါ့ … အချိန်ရလို့ရှိရင် နေ့လည်တစ်ခါတည်း အင်္ကျီတွေ ဝယ်ကြမယ်လေ… မြန်မြန်ထလို့ … အချိန်ဖြုန်းမနေနဲ့…”
“ ငါ မနက်စာ မစားတော့ဘူး … မင်းစားပြီးရင် ငါ ထလာခဲ့မယ်….”
“ နင် မထဘူးလား… နင် မထရင် ငါ မေမေဝမ်ကို ခေါ်လာပြီး နင့်စောင်ကို လာလှန်ပစ်ခိုင်းမှာနော်…”
“ ဟေ့ ဟေ့ … မင်း ဘယ်တုန်းက အဲ့လို လူစားမျိုး ဖြစ်သွားခဲ့တာ… ငါ့အရင် ချင်းရန်ကို ပြန်ခေါ်ပေးစမ်း…”
လင်းရီ မြည်တွန်တောက်တီးရင်း မထချင် ထချင်နှင့် အိပ်ရာက ထလိုက်ရသည်။ ထို့နောက် မျက်နှာသစ် သွားတိုက်ပြီး မနက်စာ စားလေသည်။ ပြီးသည်နှင့် ကျီချင်းရန်ကိုခေါ်၍ ရန်ချိန်ရှိ ယွင်ရှန်း နိုင်ငံတကာ တိုက်ခန်း အရောင်းပြခန်းသို့ ထွက်လာခဲ့လိုက်သည်။
“ ငါ အွန်လိုင်းမှာ စစ်ဆေးကြည့်ပြီးပြီ … ဒီနေရာက တော်တော်လေး ကောင်းပြီး ရှုခင်းတွေက မဆိုးဘူး ခံစားရတယ် …” ကျီချင်းရန်သည် လင်းရီ၏ လက်မောင်းကို တွယ်မှီရင်း ပြောလိုက်ပြီး “ နင် တခြား ပြခန်း တစ်ခုခု ကြည့်ချင်ရင်လည်း ကြည့်လေ… နင် မကြည့်ချင်ဘူးဆိုလည်း ဒီမှာပဲ ရွေးလိုက်ကြတာပေါ့…”
“ အင်း ... သွားစို့…”
အရောင်းပြခန်း ဝင်ပေါက်ဝသို့ ရောက်သည်နှင့် နှစ်ယောက်သည် တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်လာခဲ့ကြသည်။
ပြခန်းထဲရှိ လူတိုင်း မသိစိတ်အလျောက် လှည့်ကြည့်လာကြလေသည်။ သို့သော် ထိုအချိန်တွင် မရေမရာ လေသံ တစ်ခုက ပျံ့လွင့်လာခဲ့၏။
“ လင်းရီလား …”