← Chapters

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့သွားရောက်ခြင်း

Vol. 95 Ch. 1332

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့သွားရောက်ခြင်း

Vol. 95 Ch. 1332

အခန်း (၁၃၃၂) အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့သွားရောက်ခြင်း

နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က အနည်းငယ် မျက်မှောင်ကျုံ့ရင်း...

“တခြားသူတွေက ပြဿနာမရှိပေမယ့် အကြီးအကဲ’ကျိထန်’ ကတော့...”

အကြီးအကဲ’ကျိထန်’ ဆိုသည်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ တည်ထောင်သူ ဆရာဘွားဘွား ‘နွယ်ပင်ဧကရီ’ ကို ပြောခြင်း ဖြစ်သည်။

ဝါစဉ်အရဆိုလျှင် သူမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အမြင့်ဆုံးအဆင့် ရှိသူဖြစ်သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုတည်ထောင်ခဲ့ကြသော အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးမှာ မဟာကပ်ဘေးကြီးနောက်ပိုင်း မွေးဖွားလာသူများဖြစ်ကြပြီး တာအိုဝါဒ၏ ထွန်းတောက်သော တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

နွယ်ပင်ဧကရီတစ်ယောက်တည်းသာလျှင်  တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ ၊ နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ တို့ကဲ့သို့ မဟာကပ်ဘေးကြီးမတိုင်ခင်က မွေးဖွားခဲ့သော တန်ခိုးစွမ်းအားရှင် ဖြစ်၏။

သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတည်ထောင်စဉ်က သူမ ဒဏ်ရာရနေသဖြင့် ကမ္ဘာတည်ထောင်ရာတွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

ကျန်းရှန်က စောမင်ကျန့်နှင့် အခြားသူများကို ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး လမ်းညွှန်ပေးခဲ့သဖြင့် ကျန်းရှန်က သူတို့၏ ဆရာတစ်ဝက်ဖြစ်လာပြီး သူတို့ကလည်း ကျန်းရှန်၏ တပည့်တစ်ဝက်များ ဖြစ်လာကြသည်။

သို့သော် အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးကတော့ နွယ်ပင်ဧကရီ၏ တပည့်ရင်းများ ဖြစ်ကြ၏။

သို့ဖြစ်ရာ နွယ်ပင်ဧကရီက ဒဏ်ရာကုသရန်အတွက် မကြာခဏ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည့်တိုင် အပြာရောင်ခရီးရှည် အရှင်သခင်(၇)ပါးအပေါ် သြဇာလွှမ်းမိုးမှု ကြီးမားနေဆဲ ဖြစ်သည်။

အထက်ဘုံကမ္ဘာနှင့်ပတ်သက်သောကိစ္စရပ်များတွင် ၊ အထူးသဖြင့် ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ၏ အဆက်အနွယ်များနှင့် သက်ဆိုင်သည့်ကိစ္စများတွင် ရွှမ်ဟွမ်ဧကရီက ဆရာဖြစ်သူ၏ အယူအဆများကို မကြာခဏ ကန့်ကွက်လေ့ ရှိသည်။

သို့သော် အခြားကိစ္စများမှာတော့ များသောအားဖြင့် ရွှမ်ဟွမ်ဧကရီက နွယ်ပင်ဧကရီ၏သဘောအတိုင်း လိုက်နာလေ့ ရှိသည်။

တာအိုဝါဒ ပြန်လည်ထွန်းကားလာသည့်အချိန်သို့ ပြန်လည်ရောက်ရှိရန်နှင့် ပြင်ပတာအိုကျင့်ကြံသူများနှင့်ရန်ငြိုးကို ဖြေရှင်းရန်ကိစ္စများပြီးလျှင် နွယ်ပင်ဧကရီ မကျေမချမ်းဖြစ်ရသော နေရာတစ်ခုမှာ အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ၊ ကျောက်စိမ်းကျောက်ဆောင် ဖြစ်သည်။

ရန်ကျောက်ကဲတို့ ပြောဆိုနေသည့်စကားကိုနားထောင်ရင်း ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။

သူက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဆရာဦးလေး’ယွဲ့’  ၊ အကြီးအကဲ’ချန်’ စိတ်မပူပါနဲ့...”

သူက ဆက်ပြောလိုက်သည်။

“ရလဒ်က ဘယ်လိုပဲဖြစ်လာပါစေ နွယ်ပင်ဧကရီက ကျွန်တော့်ကို အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး”

“အခု ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ သုခဘုံကြား တိုက်ပွဲပြင်းထန်နေတယ် ၊ အရင်ကအအေတွ့အကြုံအရဆိုရင် သူတို့အချင်းချင်း တိုက်ပွဲထဲမှာ ပိတ်မိနေကြတယ် ၊ ဒီတော့ အကြီးအကဲ’စော’ ၊ ဝူတန့်မယ်တော် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့အတွက် သူတို့လုပ်ချင်တာလုပ်ဖို့ ပိုပြီးလွယ်ကူပါတယ်”

“ဒီတော့ သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေက ကျွန်တော်တို့ကို သတိထားနေမယ်ဆိုရင်တောင် ကျွန်တော်တို့ လှုပ်ရှားလိုက်တာက ပိုပြီး အကျိုးရှိနိုင်တယ် ၊ ကံကောင်းရင် ဝူတန့်မယ်တော်နဲ့ အခြားသူတွေရဲ့ ကာကွယ်ပေးမှုကိုတောင် ရနိုင်ပါတယ်”

ပြင်ပတာအိုကျင့်ကြံသူများနှင့် သုခဘုံကြား တိုက်ပွဲပြီးဆုံးသွားလျှင် သူတို့၏အာရုံက ရန်ကျောက်ကဲတို့ဘက်သို့ လှည့်လာနိုင်သည်။

သူတို့အနေဖြင့် ရန်ကျောက်ကဲ၏ အဂ္ဂိရတ်ခန်းမ စကြာဝဠာကိုရှာဖွေရန် ပြင်ပဗလာနယ်ဆီသို့ စစ်သည်အမြောက်အမြား စေလွှတ်လာနိုင်သည်။

ထို့ကြောင့် လက်ရှိအချိန်က အခွင့်ကောင်းတစ်ခု ဖြစ်သည်။

ရန်တိက...

“ဘာပဲဖြစ်ဖြစ် သတိလက်လွတ်တော့ မနေသင့်ဘူး ၊ အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာပေါ့ ၊ အကျိုးရှိတဲ့အနေအထားဆိုပေမယ့် ငါတို့ကို စောင့်ကြည့်နေတဲ့သူတွေလည်း အများကြီးရှိနေနိုင်တယ်”

ရန်ကျောက်ကဲက ခေါ်ငးညိတ်ရင်း...

“ဟုတ်ပါတယ်”

သူက ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ကို ကြည့်လိုက်ပြီး...

“လူပေါင်းများစွာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ အထက်ဘုံကမ္ဘာနားမှာ ကျွန်တော်တို့ကို စောင့်ကြည့်နေကြတယ် ၊ သူတို့က ကျွန်တော်တို့ ဘယ်သူနဲ့ဆက်သွယ်မလဲဆိုတာ စောင့်ကြည့်နေတာပဲ ၊ ပြီးရင်တော့ အဂ္ဂိရတ်ခန်းမရဲ့တည်နေရာကို ရှာဖွေဖို့ ကျွန်တော်တို့နောက်ကို လိုက်လာကြလိမ့်မယ်”

ဖုယွင်ချီက ရန်ကျောက်ကဲစကားကို ထောက်ခံလိုက်သည်။

“ငါတို့သာ စနစ်တကျ အစီအစဉ်မဆွဲခဲ့ရင် ၊ ပြီးတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ရွှမ်ဟွမ်ဧကရီရဲ့ သင့်လျော်တဲ့အစီအစဉ်တွေသာ  မရှိဘူးဆိုရင် ဟိုးအရင်ကတည်းက ရန်သူတွေ ငါတို့ကိုရှာတွေ့ပြီးသွားလောက်ပြီ”

လူတစ်ယောက်တည်း အဆက်မပြတ်လှုပ်ရှားနေခြင်းက အခြားသူများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။ ထို့ကြောင့် ဖုယွင်ချီအပြင် အခြားသူများသည်လည်း အပြင်လောကနှင့်ဆက်သွယ်ရန် ထွက်ခွာလေ့ရှိကြသည်။

ရန်ကျောက်ကဲ အဂ္ဂိရတ်ခန်းမကို ပိုပြီးသန့်စင်လေလေ ၎င်းကို ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလာလေ ဖြစ်ပြီး သူ၏အုပ်စုလှုပ်ရှားရာတွင် ပိုမိုလျှို့ဝှက်စွာ လုပ်ဆောင်နိုင်လေ ဖြစ်သည်။

သို့သော် သူ၏ ရန်သူများကလည်း အမြဲတမ်း စိတ်ရှည်သည်းခံနိုင်သူများ ဖြစ်ကြသည်။ အုပ်စုတစ်စုထက်ပိုပြီး သူတို့ကို လျှို့ဝှက်စွာ စောင့်ကြပ်ကြည့်ရှုလျှက် ရှိကြသည်။

ရန်ကျောက်ကဲက လက်ရှိ နေထိုင်သော ခရမ်းရောင်ဝိညာဉ်ခန်းမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“ဒီအဂ္ဂိရတ်ခန်းမက ကျွန်တော်တို့ကို ယာယီအားဖြင့် လုံခြုံတဲ့ပတ်ဝန်းကျင်ကို ပေးစွမ်းတယ် ၊ ဒါပေမဲ့ အရာအရာတိုင်းမှာ ကောင်းကျိုးဆိုးကျိုးဆိုတာ ရှိတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီနေရာကလူတွေလည်း ပြဿနာထဲဝင်ပါရတာမျိုး ဖြစ်သွားနိုင်တယ် ၊ အဂ္ဂိရတ်ခန်းမကြောင့်ပဲ ကျွန်တော်တို့အပေါ် မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေ အရမ်းများနေတယ်”

“ဒီတော့ ကျွန်တော်တို့ တာအိုစကြာဝဠာကိုပြန်သွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ခေါ်ဆောင်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အခြေအနေရှုပ်ထွေးမှုက အရမ်းကြီးမားလိမ့်မယ်”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ကျွန်တော်တို့ အာရုံလွဲနိုင်မယ့်ကိစ္စတစ်ခုဖန်တီးပြီးမှ အစီအစဉ်ကို လျှို့ဝှက်အကောင်အထည်ဖော်တာ ပိုကောင်းမယ်ထင်တယ်”

အရင်ဦးဆုံးဆူမူမှုတစ်ခုဖန်တီးပြီး ရန်သူကိုအာရုံလွှဲရန် ကြိုးစားရမည်။ နောက်မှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အမြန် သွားရောက်ခေါ်ယူပြီး တာအိုစကြာဝဠာမှထွက်ခွာကာ ပြင်ပဗလာနယ်ထဲတွင် ဆက်လက်ပုန်းအောင်းနေကြမည်။

ဤသို့ပြုလုပ်ပါက ရန်သူများ၏ အာရုံစိုက်မှု လုံးဝလမ်းလွှဲသွားခြင်းမရှိစေကာမူ အာရုံစိုက်မှု အနည်းငယ် လျော့ကျသွားခြင်းကပင် ရန်ကျောက်ကဲ၏အစီအစဉ် အောင်မြင်နိုင်ခြေ ပိုများလာမည် ဖြစ်၏။

ယွဲ့ကျန့်ပေက ဖြည်းညင်းသည့်လေသံဖြင့်...

“ငါ လုပ်လိုက်မယ်”

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအား အဂ္ဂိရတ်ခန်းအတွင်း ခေါ်ယူရာတွင် အချင်းချင်းတွေ့ဆုံပါက စိတ်မသက်မသာ မခံစားရစေရန် ယွဲ့ကျန့်ပေက ထိုသို့ပြောလိုက်ခြင်း ဖြစ်သည်။

ချန်ရွမ်ကျုန်းက ခေါင်းခါယမ်းရင်း...

“ကျန့်ပေ... မင်းသွားရင် အရမ်းသိသာသွားမယ် ၊ မင်းကြောင့် ရန်သူက သံသယပိုဝင်သွားပြီး ငါတို့အစီအစဉ်တောင် ပေါ်သွားနိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“ငါ သွားမယ်”

လွန်ခဲ့သည့်နှစ်များအတွင်း ချန်ရွှမ်ကျုန်းက အဂ္ဂိရတ်ခန်းမအပြင်ဘက်သို့ထွက်ခွာပြီး ကျဲ့မင်ခုန်နှင့် ချူးလီလီတို့ကို ရှာဖွေခဲ့သည်။

ယွဲ့ကျန့်ပေက...

“အကြီးအကဲ’ချန်’... ခင်ဗျားရဲ့အခြေအနေက ယွင်ရှန်းနဲ့အတူတူပဲ ၊ သူ့ထက်တောင် ပိုဆိုးနိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ ငရဲကိုးထပ်ကလည်း ခင်ဗျားကို ရှာနေတယ်မဟုတ်လား”

ချန်ရွှမ်ကျုန်းက ခေါင်းခါယမ်းရင်း...

“ပြဿနာမရှိပါဘူး ၊ ငါ့အကန့်အသတ်ကို ငါသိပါတယ်”

ယွဲ့ကျန့်ပေ တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ဒီတာဝန်ကို အကြီးအကဲ’ချန်’ ကိုပဲ ပေးရမှာပါ”

ရန်ကျောက်ကဲက ချန်ရွှမ်ကျုန်းအား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း ပြောလိုက်သည်။

ထို့နောက် အခြားသူများကို ကြည့်လိုက်ပြီး...

“ဒါဆို ကျွန်တော်နဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဝင်မယ် ၊ အရာအားလုံး အောင်မြင်တယ်ဆိုရင်တောင် ကျွန်တော့်မှာ ပြင်ဆင်ချိန် နည်းနည်းလိုအပ်နေသေးတယ်”

သူက ဆက်ပြောလိုက်သည်။

“တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ် ၊ ဒီတော့ လက်ရှိမှာ စိတ်အေးအေးထားပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ရမယ် ၊ အခွင့်အရေးရတာနဲ့ မတော်တဆမှုတွေမဖြစ်အောင် ကာကွယ်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုတယ်”

ဖန်းယွင်ရှန်း ၊ ရန်တိနှင့် နျဲ့ကျင်းရှန်တို့က အေးဆေးတည်ငြိမ်သည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ရန်ကျောက်ကဲနံဘေးတွင် တုန်ခါမှုတစ်ခု ဖြစ်သွားပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားပင် ဖြစ်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ကို ဦးညွှတ်လိုက်ရင်း...

“ကျွန်‌တော့်ကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ခေါ်သွားပေါးဖို့ ဧကရာဇ်မင်းကိုပဲ နောက်တစ်ခေါက် ဒုက္ခပေးရတော့မယ်”

ဖုယွင်ချီက...

“အားနာနေစရာမလိုပါဘူး ၊ မင်း အဆင်သင့်ဖြစ်တာနဲ့ ငါတို့ ထွက်ခွာကြတာပေါ့”

ထို့နောက် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပိုးသားဧကရာဇ်’ဖုယွင်ချီ’ နှင့်အတူ ခရမ်းရောင်ဝိညာဉ်ခန်းမမှ ထွက်ခွာသွားလေသည်။

သူတို့က အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာအတွင်းမှထွက်ခွာသွားသည်။

သူတို့နှစ်ယောက်က တာအိုစကြာဝဠာသို့ ချက်ချင်းသွားရောက်ခြင်းမရှိဘဲ ပြင်ပဗလာနယ်ထဲတွင် စောင့်ဆိုင်းနေကြသည်။

ယခင် သဘောတူထားသည့်အတိုင်းဆိုလျှင် တစ်စုံတစ်ယောက်ရောက်လာပြီး သူတို့ကို တာအိုစကြာဝဠာသို့ ခေါ်ဆောင်သွားမည် ဖြစ်၏။

ရန်ကျောက်ကဲနှင့် ဖုယွင်ချီ တိတ်တဆိတ် လျှို့ဝှက်စွာ စောင့်ဆိုင်းနေကြသည်။

အချိန်အတိုင်းအတာတစ်ခု ကုန်လွန်ပြီးနောက် အဝေးတစ်နေရာမှ ဓားရောင်တစ်ချက် လင်းလက်လာသည်။

ဓားရောင်ကိုမြင်သည်နှင့် သူတို့က လျှို့ဝှက်အချက်ပြမှုတစ်ခု ထုတ်လွှတ်လိုက်သည်။

ဓားရောင်က တစ်ချက်တုံ့နှေးသွားခြင်းမရှိဘဲ ရန်ကျောက်ကဲနှင့် ဖုယွင်ချီကိုခေါ်ဆောင်ကာ လျှင်မြန်စွာ ပျံသန်းထွက်ခွာသွားသည်။

ပြင်ပဗလာနယ်က အလွန်တရာရှုပ်ထွေးပြီး လမ်းကြောင်းများခွဲခြားရန် ခက်ခဲသည်။ သို့သော် ဓားအလင်းတန်းကတော့ တစ်ချက်နောက်ပြန်ဆုတ်ခြင်းမရှိဘဲ ဗလာနယ်ထဲတွင် လျှင်မြန်စွာ လှည့်ပတ်ထွက်ခွာသွားသည်။

ထို့နောက် ဓားအလင်းတန်းက ပြင်ပဗလာနယ်ထဲတွင်သာရရှိနိုင်သော ရှားပါးရတနာပစ္စည်းနှင့် သတ္တုပစ္စည်းများကို စုဆောင်းရန် ခဏမျှရပ်နားပြီးနောက် စိတ်ကျေနပ်သွားဟန်ဖြင့် တာအိုစကြာဝဠာထဲသို့ ဝင်ရောက်သွားသည်။

တာအိုစကြာဝဠာထဲဝင်ရောက်ပြီးသည်နှင့် ဓားရောင်က ဆက်လက်ရွေ့လျားနေပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိသွားကာ တောင်ထွတ်တစ်ခုထက်မှ ကျောက်ဂူတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။

ထို့နောက် ဓားရောင်ရပ်တန့်သွားပြီး ဓားအလင်းတန်းပျောက်ကွယ်သွားကာ ဆံပင်များကို စည်းနှောင်ထားခြင်းမရှိဘဲ ကျောထက်တွင် ဤအတိုင်းပြန့်ကျဲချထားသော ရှေးကျသည့် တာအိုဆရာတစ်ယောက်ပုံစံ ထွက်ပေါ်လာသည်။

ထိုသူမှာ ယခင်က ရန်ကျောက်ကဲနှင့် တစ်ကြိမ်တွေ့ဆုံဖူးသည့် ‘တိမ်လွှာခွင်းဧကရာဇ်’ ပင် ဖြစ်၏။

သူတို့ရောက်ရှိနေသောနေရာက တိမ်လွှာဧကရာဇ်၏ကျောက်ဂူတည်ရှိရာ ‘ဟွေလင်တောင်ကြား’ မဟုတ်ခဲ့ပေ။

ကျောက်ဂူထဲတွင် အခြားသူများလည်း ရှိနေကြသည်။

ရန်ကျောက်ကဲနှင့် ရင်းနှီးပြီးသားဖြစ်သော ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးတို့အပြင် အသက် (၃၀) (၄၀) ဝန်းကျင်အရွယ် လူရွယ်တစ်ယောက်လည်း ရှိနေသည်။

ထိုသူ၏ပုံစံက အလွန်ချောမောခန့်ညားပြီး အသွင်အပြင်က အေးဆေးတည်ငြိမ်သည်။

ယခု ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည့်တိုင် ရန်ကျောက်ကဲက ထိုသူ၏ပုံတူပန်းချီကို အကြိမ်ကြိမ် မြင်ဖူးပြီး ဖြစ်၏။

ထိုသူက ယွိချင်အဆက်အနွယ်တစ်ယောက်ဖြစ်ပြီး ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ၏ ဂိုဏ်းတူညီ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အစဉ်အမြဲနေထိုင်သူ လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ ပင် ဖြစ်လေတော့၏။

All Chapters