တစ်ခုပြီးတစ်ခု ရိတ်သိမ်းနေရပြီ
Vol. 95 Ch. 1334
အခန်း (၁၃၃၄) တစ်ခုပြီးတစ်ခု ရိတ်သိမ်းနေရပြီ
နွယ်ပင်ဧကရီ၏ စူးစမ်းကြည့်ရှုမှုကို ရင်ဆိုင်ရသော်လည်း ရန်ကျောက်ကဲက မျက်နှာလွှဲမသွားခဲ့ပေ။
သူက တည်ငြိမ်စွာပင် ခေါင်းညိတ်ရင်း...
“နွယ်ပင်ဧကရီကို ဂါရဝပြုပါတယ် ၊ ဟုတ်ပါတယ် ၊ ကျွန်တော့်အဘိုးက ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်ပါပဲ”
နွယ်ပင်ဧကရီက...
“မင်းက မင်းရဲ့ဘိုးဘေးတွေထက် ပိုပြီးထူးချွန်တာပဲ”
ထို့နောက် နွယ်ပင်ဧကရီက ရန်ကျောက်ကဲ၏အဆက်အနွယ်များအကြောင်း ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။
သူမက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တစ်ချက်အကဲခတ်ရင်း...
“ဒါက ကိုယ်ပွားတစ်ခုဖြစ်ပေမယ့် သိုင်းသူတော်စင် နဝမအဆင့်ကိုရောက်နေပြီ ၊ ဒီတော့ မင်းရဲ့ မူလခန္ဓာကိုယ်က နတ်ဘုရားအဆင့်ကိုတက်ရောက်ဖို့ သိပ်မဝေးနိုင်တော့ဘူး ၊ ဒါမှမဟုတ် နတ်ဘုရားအဆင့်ကိုတောင် တက်ရောက်ပြီးသွားပြီလား”
ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
“ကျွန်တော် နတ်ဘုရားအဆင့်တက်ဖို့ နီးစပ်နေပါပြီ ၊ မကြာခင် အဆင့်တက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
“မင်း ဒီကိုရောက်လာတာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တာအိုစကြာဝဠာက ခွဲထုတ်ဖို့ကိစ္စအတွက် မဟုတ်လား ၊ တစ်နည်းအားဖြင့် မင်းက အဂ္ဂိရတ်ခန်းမကို သန့်စင်နိုင်တဲ့အတွက် ထိန်းချုပ်မှု ပိုပြီးအားကောင်းလာသလို အဂ္ဂိရတ်ခန်းမရဲ့ စကြာဝဠာကလည်း ပိုပြီးတည်ငြိမ်လာတယ်”
နွယ်ပင်ဧကရီက ရန်ကျောက်ကဲကိုကြည့်ရင်း ပြောလိုက်သည်။
“မင်းက... တကယ်ပဲ ကမ္ဘာအသစ်တစ်ခု တည်ထောင်ဖို့ စည်စဉ်နေတာလား ၊ ပြီးတော့ အဂ္ဂိရတ်ခန်းမရဲ့အကူအညီနဲ့ အဲဒီခြေလှမ်းကို ရှေ့ဆက်ဖို့ စဉ်းစားထားတာလား”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“နွယ်ပင်ဧကရီက တကယ့်ကို ထက်မြက်လွန်းပါတယ် ၊ ကျွန်တော့်အစီအစဉ်က အဲဒီအတိုင်းပါပဲ”
ဤသို့သောအခွင့်အရေးမျိုးက အလွန်ပင် ရှားပါးလှသည်။
အဂ္ဂိရတ်ခန်းမ၏အကူအညီ မပါရှိပါက ရန်ကျောက်ကဲအနေဖြင့် ဤသို့သောကိစ္စရပ်များကို လေထဲကနေ ဖန်တီးနိုင်စွမ်းရှိမည် မဟုတ်ပေ။
ပြီးတော့ ဤသို့သောအခွင့်အရေးက ကောင်းကင်ဖွင့်ကျမ်းစာကို လေ့လာနေသည့် ရန်ကျောက်ကဲအတအွက် အလွန်ပင် အကျိုးကျေးဇူးများသလို စန်းချင်း (၃)ပါး သိုင်းပညာရပ်များကို ကျင့်ကြံရတွင် တိုးတက်မှုရှိစေရန် များစွာ အကူအညီဖြစ်စေသည်။
ရန်ကျောက်ကဲလျှောက်လှမ်းသည့်လမ်းကြောင်းက အခြားသူများထက် ပိုမိုခက်ခဲ့သည်။
အထူးသဖြင့် သေမျိုးလူသားနှင့် နတ်ဘုရားကြားမှ အတားအဆအီးများကို ကျော်လွှားရန် ကြိုးစားရာတွင် အခက်အခဲ ပိုမိုများပြားသည်။
သို့ဖြစ်ရာ ဤသို့သောအခွင့်အရေးမျိုးက ရန်ကျောက်ကဲအတွက်တော့ ကောင်းကင်ဘုံမှချီးမြှင့်သည့် လက်ဆောင်တစ်ခုပမာ ဖြစ်၏။
အကယ်၍ သူသာ မှန်ကန်စွာ အသုံးချနိုင်မည်ဆိုပါက အဆမတန်ကြီးမားသော အားထုတ်မှုများမှ သက်သာရာရသွားနိုင်ပေသည်။
ပုံမှန်အားဖြင့် ဖြတ်လမ်းလိုက်ခြင်းဆိုသည်မှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရတတ်သည်။ ဖြတ်လမ်းလိုက်ပြီး အောင်မြင်မှုရရှိသည်ဆိုသည်မှာ ကံတရားအပေါ်မူတည်ပြီး အချို့သောဖြတ်လမ်းများက နောင်တွင် ပြဿနာများကို ဖြစ်လာစေနိုင်သည်။
သို့သော် ရန်ကျောက်ကဲတွေ့ရှိခဲ့သည့်ဖြတ်လမ်းကတော့ ဘေးကင်းရုံသာမက သူ့အတွက် အကျိူးကျေးဇူးပင် ရှိနေခဲ့သည်။
၎င်းသည် နောင်လာမည့် ကျင့်ကြံသူများအတွက်ပင် ကူညီပေးနိုင်သည့် ဖြတ်လမ်းတစ်ခု ဖြစ်လာနိုင်သည်။
ဤသို့သောအခွင့်အရေးမျိုးက နှစ်ပေါင်းတစ်ထောင် သို့မဟုတ် နှစ်ပေါင်းတစ်သောင်းအတွင်း ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။
ယခင်က အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ကို စိန်ခေါ်ရန် ရန်ကျောက်ကဲ သူ့ကိုယ်သူ စွန့်လွှတ်ခဲ့သည်။ ယခုတော့ သူ၏စွန့်လွှတ်မှုမှ အကျိုးကျေးဇူးများဖြစ်ပေါ်လာပြီး တစ်ခုပြီးတစ်ခု ရိတ်သိမ်းနေရပြီ ဖြစ်၏။
ရန်ကျောက်ကဲ၏ ဝန်ခံစကားကိုကြားသည့်အခါ ပတ်ဝန်းကျင်မှလူများအားလုံး စိတ်များ ရှုပ်ထွေးသွားကြသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး နဂိုကပင် မှန်းဆချက်အချို့ ရှိထားပြီးဖြစ်သည့်တိုင် တကယ်တမ်း ကြားသိလိုက်ရသည့်အခါ သူတို့စိတ်ထဲ ရှုပ်ထွေးသောခံစားချက်များ ထွက်ပေါ်လာသည်ပင်။
တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း အံ့အားသင့်သွားကြရသည်။
နှစ်ပေါင်းထောင်ချီ ဘဝအတက်အကျများနှင့် ရင်ဆိုင်ခဲ့ရသူ တိမ်လွှာခွင်းဧကရာဇ်ဆိုလျှင် ရန်ကျောက်ကဲ၏ ထူးချွန်ထက်မြက်မှုကို သိရှိထားပြီးဖြစ်သည့်တိုင် စိတ်ထဲမှကျိတ်ပြီး သက်ပြင်းချလိုက်မိသည်။
လက်ရှိသူတို့နေထိုင်သော အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုတည်ထောင်ရာတွင် တိမ်လွှာခွင်းဧကရာဇ်ကိုယ်တိုင် ပါဝင်ခဲ့သည်ဖြစ်လေရာ ၊ သူက အမှောင်ထဲမှ အလင်းဆီသို့ တက်လှမ်းခဲ့သောခေတ်ကာလကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖြစ်၏။
ယခု နောက်ထပ်ကမ္ဘာအသစ်တစ်ခု သူတို့မျက်စိရှေ့တွင် ထပ်မံထွက်ပေါ်လာတော့မည်။
နွယ်ပင်ဧကရီက ခေါင်းညိတ်ရင်း...
“လူငယ်တွေက တကယ့်ကို လေးစားစရာကောင်းတာပဲ ၊ ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီပါပေတယ်”
ထို့နောက် သူမက ရန်ကျောက်ကဲကိုကြည့်ပြီး အေးဆေးစွာဖြင့်...
“မင်းရဲ့ ရည်ရွယ်ချက်က တကယ့်ကို ကြီးကျယ်တဲ့အရာပါပဲ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အဂ္ဂိရတ်ခန်းမထဲကိုဝင်ပြီး ပြင်ပဗလာနယ်ထဲမှာ လွင့်မျောနေမယ်ဆိုရင် ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေ အလွယ်တကူ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းတို့တွေ တာအိုစကြာဝဠာက ထွက်သွားတုန်းကလိုပဲ ငါတို့ကို တာအိုစကြာဝဠာက ခေါ်ထုတ်သွားမယ်ဆိုရင် တခြားသူတွေ သေချာပေါက် သတင်းရမှာပဲ ၊ သူများတွေမသိအောင် ဒီအလုပ်ကို လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး ၊ ဒီတော့ အောင်မြင်နိုင်မှာမဟုတ်ဘူး ၊ သူများတွေ အာရုံစိုက်မိတာပဲ အဖတ်တင်လိမ့်မယ်”
နွယ်ပင်ဧကရီက ခေါင်းခါယမ်းရင်း...
“အဲဒီလိုဖြစ်လာခဲ့လို့ ရန်သူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မင်းအတွက်ရော အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက်ရော အကျိုးမရှိဘူး”
သူမက ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး...
“ငါတို့အဆက်အနွယ်နဲ့ မင်းတို့အဆက်အနွယ်မှာ အချင်းချင်း ရန်ငြိုးထားကြပေမယ့် ငါတို့အားလုံးက စန်းချင်း(၃)ပါး လမ်းမှန်အဆက်အနွယ်တွေပဲ ၊ မင်းက ကောင်းကင်ဘုံနန်းတော်က အဂ္ဂိရတ်ခန်းမကို ရယူထားတဲ့အတွက် ပိုပြီး သတိထားဖို့လိုတယ် ၊ ငါတို့လုပ်ရပ်ကြောင့် ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေ ကြားထဲက အကျိုးအမြတ်ရသွားတာမျိုး မဖြစ်ပါစေနဲ့”
ရန်ကျောက်ကဲက...
“ဟုတ်ပါတယ် ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အဂ္ဂိရတ်ခန်းမထဲ ခေါ်သွင်းလိုက်တာနဲ့ ရန်သူတွေက ကျွန်တော်တို့ကို လိုက်လံတိုက်ခိုက်မှာ အမှန်ပါပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ပြောရမယ်ဆိုရင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ဒီစကြာဝဠာမှာပဲ ဆက်ရှိနမယ်ဆိုရင် ရန်သူတွေက မကောင်းတဲ့အကြံအစည်နဲ့ ပစ်မှတ်ထားလာကြလိမ့်မယ်”
“ကျွန်တော့်အဖေ ၊ နွယ်ပင်ဧကရီ ၊ ဆရာဘိုးဘိုးလုန်နဲ့ ကျွန်တော်တို့ကြားက ဆက်ဆံရေးဆိုတာ တခြားသူတွေအတွက် လျှို့ဝှက်ချက် မဟုတ်ပါဘူး ၊ ဒီတော့ ကျွန်တော်တို့ရဲ့ အဂ္ဂိရတ်ခန်းမကို ရှာဖွေချင်တယ်ဆိုရင် ရန်သူတွေက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သေချာပေါက် အာရုံစိုက်ပါလိမ့်မယ်”
“ဒါတွေအားလုံး ကျွန်တော့်ကြောင့်ဖြစ်ရတာဆိုတော့... နွယ်ပင်ဧကရီတို့အားလုံးကို ဒီကိစ္စထဲ ဆွဲသွင်းမိသလိုဖြစ်ရတာ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ် ၊ ဒါပေမဲ့ ဒီအစီအစဉ်ကလွဲရင် ဒီပြဿနာကိုဖြေရှင်းဖို့ တခြားနည်းလမ်း မတွေးတတ်ပါဘူး”
ရန်ကျောက်ကဲက သူ့ရှေ့တွင်ရှိနေသော စန့်ချင်အဆက်အနွယ်မှ အကြီးအကဲများကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း လေးစားစွာပင် ပြောလိုက်သည်။
ဘေးနားတွင်ရှိနေသည့် ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ က ခေါင်းကို ဖြည်ညင်းစွာခါယမ်းလိုက်ပြီး...
“ဒီလိုအရာတွေက ရှောင်လွှဲမရတဲ့ကိစ္စတွေပါ ၊ မင်းကိုယ်မင်း အပြစ်မတင်ပါနဲ့”
သူမက နွယ်ပင်ဧကရီ၏ အောက်ဘက်နားတွင် မတ်တတ်ရပ်နေပြီး သူမ၏ စွမ်းအားရောင်ဝါများကို ထိန်းချုပ်ထားသည့်တိုင် ဤ အစိမ်းရောင်ဝတ်အမျိုးသမီးက လက်ရှိ ဤနေရာတွင် ရှိနေသူများထဲတွင် စွမ်းအားအမြင့်မားဆုံးသူ ဖြစ်သည်။
ရန်ကျောက်ကဲ တာအိုကျောင်းဆောင်ဖြစ်သော ကျောက်ဂူအိမ်တော်အတွင်း ဝင်ရောက်လာချိန်မှစပြီး သူမကို အရင်ဆုံး သတိထားမိခဲ့ခြင်း ဖြစ်၏။
ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ သည် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် နံပါတ်(၁) စွမ်းအားအမြင့်မားဆုံးသူ ဖြစ်သည်။
အမှန်တော့ မဟာကပ်ဘေးကြီးနောက်ပိုင်း မွေးဖွားလာသူ စန့်ချင်အဆက်အနွယ်များထဲတွင် သူမက တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်၏။
သူမ မည်မျှ စွမ်းအားကြီးမားသလဲ ပြောနေစရာပင်မလိုပေ။ သူမ၏ ‘ရွှမ်ဟွမ်ဧကရီ’ ဆိုသော ဘွဲ့အမည်ကိုကြားရုံဖြင့်ပင် အရာရာကို နားလည်ရန်လုံလောက်သည်။
စောမင်ကျန့် အမတချီစွမ်းအား (၅)ခု ပေါင်းစည်းခြင်း အောင်မြင်သွားပြီး နက်ရှိုင်းနတ်ဘုရားအဆင့်မှ ကျော်လွန်သွားပြီးနောက်ပိုင်း ကောင်းချင်းရွှမ်၏ဘွဲ့အမည်က ‘ရွှမ်ဟွမ်ဧကရီ’ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤသည်က သူမကိုယ်တိုင် အမည်ပြောင်းလဲခြင်း မဟုတ်ပေ။ လူတိုင်းက သဘောတူညီသဖြင့် အမည်ပြောင်းလဲသွားခြင်းဖြစ်သည်။
ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များဆိုသည်က မာနကြီးလေ အလွယ်တကူ အရှုံးမပေး ၊ အလျှော့မပေးလေ ဖြစ်သည်။
နှစ်ဦးကြား တန်ခိုးစွမ်းအား သိပ်မကွာခြားလျှင် ရန်သူက မည်မျှထင်ရှားကျော်ကြားသူဖြစ်ပါစေ အနိုင်ရမလား ရှုံးနိမ့်မလား မသေချာနိုင်ပေ။
ကောင်းချင်းရွှမ်၏ ‘ရွှမ်ဟွမ်ဧကရီ’ ဆိုသော ဘွဲ့အမည်သည် ယွဲ့ကျန့်ပေ၏ ကျန့်ဟွမ်ဓားဧကရာဇ်ဆိုသော ဘွဲ့အမည်ထက်ပင် ပိုမိုကြောက်ရွံ့ဖွယ်ကောင်းသည်။
ရွှမ်ဟွမ်ဧကရီက နက်ရှိုင်းနတ်ဘုရားအားလုံးထဲတွင် စွမ်းအားမြင့်မားဆုံး ၊ အင်အားအကြီးဆုံး နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်၏။
သူမ၏ဘွဲ့အမည်ကို ‘ရွှမ်ဟွမ်ဧကရီ’ ဟု ပြောင်းလဲပြီးနောက်ပိုင်း ကောင်းချင်းရွှမ်၏ ဂုဏ်သတင်းလှုပ်ခါသွားစေရန် မည်သူမှ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ရန်ကျောက်ကဲက ရွှမ်ဟွမ်ဧကရီကို ဦးညွှတ်လိုက်ရင်း...
“ကျေးဇူးတင်ပါတယ် ရွှမ်ဟွမ်ဧကရီ...”
ယခင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးတွင် ရွှမ်ဟွမ်ဧကရီက ရန်ကျောက်ကဲ၏အဘွားဖြစ်သူ တိချင်းလျန်နှင့် အရင်းနှီးဆုံး ဖြစ်၏။
တိချင်းလျန် ဆုံးပါးသွားသည့်အခါ ကောင်းချင်းရွှမ် အလွန်တရာ ဝမ်းနည်းခဲ့ရသည်။
သို့သော် သူမက နွယ်ပင်ဧကရီကဲ့သို့ ရန်ရှင်းထန်၏အဆက်အနွယ်များအပေါ် မုန်းတီးစိတ် မရှိခဲ့ပေ။ ထိုအစား သူမက နှစ်ဖက်ကြား ပြေလည်စေရန် ကြိုးစားပေးခဲ့သည်။
အကြောင်းတစ်ခုမှာ လုန်ချွမ်ဧကရာဇ်ကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ သူမ၏ဂိုဏ်းတူညီမလေး’တိချင်းလျန်’ ကို မည်မျှ လွမ်းဆွတ်ကြေင်း သက်သေပြခြင်း ဖြစ်၏။
သူမ၏ညီမငယ်က စောစီးစွာ ဆုံးပါးသွားခဲ့သော်လည်း ‘တိချင်းလျန်’ ၏ဘဝတွင် အပျော်ရွှင်ဆုံးနှင့် ဂုဏ်အယူဆုံးအချိန်မှာ စကြာဝဠာတစ်ခုလုံးတွင် သူမ၏အထွတ်ထိပ်ဓားသိုင်းဖြင့် ရပ်တည်နေချိန်မဟုတ်ဘဲ ရန်ရှင်းထန်နှင့် အတူရှိနေချိန်ဖြစ်ကြောင်း ကောင်းချင်းရွှမ် သိရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဆုံးပါးသူက ဆုံးပါးသွားပြီ ဖြစ်သည်။
ကျန်ရစ်သူများ အငြိုးအာဃာတထားနေမည်ကို ဆုံးပါးသွားသူက တွေ့မြင်ချင်မည် မဟုတ်ပေ။
ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဆက်ဆံရေးအလွန်ဆိုးရွားသော်လည်း ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ကိုတော့ သူက အလေးအနက်ထားကာ လေးစားခဲ့သည်။
အခြားသူများနှင့် စကားပြောဆိုရာတွေင်လည်း ကောင်းချင်းရွှမ်ကို မကြာခဏ ချီးကျူးခဲ့သည်။
ရန်ကျောက်ကဲသည်လည်း ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏စေတနာကို အမြဲမှတ်မိနေခဲ့သည်။
နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ရွှမ်ဟွမ်ဧကရီ၏မိသားစုမှ သူ့ထံ လက်ဆောင်ပေးအပ်ခဲ့သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက...
“အခုချိန်မှာ သုခဘုံ ၊ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့အတူ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ သူတော်စင်ဘုံက လမ်းမှန်ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေလည်း တိုက်ခိုက်နေကြတယ် ၊ ဒီတော့ တခြားအချိန်ထက်ဆာရင် ကျွန်တော်တို့အတွက် အခွင့်အရေး ပိုများပါတယ် ၊ ဒီတော့ လက်ရှိအချိန်က အစီအစဉ် အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါပဲ”
သူက ဆက်ပြောလိုက်သည်။
“အခုချိန်မှာ ရန်သူတွေက တာအိုစကြာဝဠာထဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ အထက်ဘုံကမ္ဘာကို စောင့်ကြည့်နေကြတယ် ၊ ဒါပေမဲ့ သူတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုတိုက်ခိုက်ဖို့ ဘယ်အချိန်မှာ စပြီးလှုပ်ရှားမလဲဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး”
သူက နွယ်ပင်ဧကရီကို ကြည့်လိုက်ရင်း...
“အခြေအနေက ဖိအားမပေးဘူးဆိုရင် ကျွန်တော်တို့ရန်သူတွေက လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူအားလုံးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှာမဟုတ်ပါဘူး ၊ သူတို့က လူနည်းနည်းလောက်ကိုပဲ အာရုံစိုက်မှာပါ ၊ ဝူတန့်မယ်တော်က သူတို့ကို ထိန်းထားပေးမယ်ဆိုရင် ဘာမှ ခြိမ်းခြောက်မှုရှိမှာ မဟုတ်ပါဘူး”
သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ် (၂)ခုလုံး တစ်ချိန်တည်း လောကတွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထိုသူများထဲတွင် ပုန်းအောင်းနေသော တန်ခိုးစွမ်းအားရှင်များပင် ရှိနေနိုင်သည်။
သို့ဖြစ်ရာ ဝူတန့်မယ်တော်အနေဖြင့် သူတို့ကို သတိထားမည် ဖြစ်၏။
လက်ရှိတွင် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များသည်ပင် စစ်ပွဲတွင် တိုက်ခိုက်နေကြသည်ဖြစ်ရာ သူတို့ထက် ပိုမိုမြင့်မားသော အဆင့်ရှိသူများ ရှိ မရှိ မည်သူမှ သေချာစွာ မပြောနိုင်ပေ။
“ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒရဲ့ အကြီးမားဆုံးကာကွယ်မှုကတောင် မတည်ငြိမ်နိုင်ပါဘူး”
ရန်ကျောက်ကဲက သိမ်မွေ့စွာဆိုလိုက်သည်။
“မဟုတ်ရင် မဟာကပ်ဘေးကြီးတောင် ဖြစ်ခဲ့မှာမဟုတ်ဘူး...”