အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုအဝေးသို့ခေါ်ယူ
Vol. 95 Ch. 1336
အခန်း (၁၃၃၆) အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုအဝေးသို့ခေါ်ယူ
ထိုက်ချင်အဆက်အနွယ်တို့၏အရှင်သခင် “ထိုက်စန့်လောင်ကျွင်း” လောကကို ကျော်လွန်သွားပြီဆိုလျှင် သူက ဤလောကတွင် အဘယ့်ကြောင့် ရှိနေသေးပါသနည်း။
ထိုသို့သော ဆန့်ကျင်ဘက်ဖြစ်ရပ်များက အခြားသူများ၏သံသယကို နိုးထစေသည်မှာ သဘာဝပင်။
ဤသည်မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး လျှို့ဝှက်ဆန်းကျယ်မှုကြီးတစ်ခုလည်း ဖြစ်ခဲ့သည်။
အမုန်းတရားမဲ့ကောင်းကင်ဘုံရှိ သိုးလွိနန်းတော်တွင် စံမြန်းနေသော ‘ထိုက်စန့်လောင်ကျွင်း’ မှာ ထိုက်ချင်အဆက်အနွယ်၏ အရှင်သခင် ‘ထိုက်စန့်လောင်ကျွင်း’ အစစ်ရော ဟုတ်ပါရဲ့လား။
ဤသည်မှာ လူတိုင်းကို သံသယဝင်စေသည်အထိ ထူးဆန်းလှသောဖြစ်ရပ် ဖြစ်သည်။
သို့သော် ထိုသို့သော ကြီးမြတ်သည့်ပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ လူတိုင်းက စိတ်ထဲမှာသံသယများကို မျိုသိပ်ထားကြပြီး ထုတ်ဖော်ပြောဆိုရဲခြင်း မရှိကြပေ။
သို့ပေသိ အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာလကိုလွန်မြောက်ပြီး ဒီဘက်ခေတ် ‘ခေတ်သစ်ကာလ’ သို့ ဝင်ရောက်သည်နှင့်တပြိုင်နက် ‘လောင်ကျွင်း’ ဤလောကမှ ပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် တချို့သော ကောလဟလများပျံ့နှံ့လာခဲ့သလို လူတိုင်းစိတ်ထဲ ပို၍ပင် မသေချာမရေရာ ဖြစ်လာကြသည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော် ၊ စာကြည့်တိုက်ထဲတွင်ရှိနေသော ရန်ကျောက်ကဲက ဤသတင်းအချက်အလက်များကို ရရှိခဲ့သည်။
ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက် သိုးလွိနန်းတော်သို့သွားရောက်ပြီး ‘လောင်ကျွင်း’ ကို ရှာဖွေခဲ့ဖူးသည်။ သူ၏ရည်ရွယ်ချက်က ‘လောင်ကျွင်း’ အသက်ရှင်နေသေးကြောင်း သက်သေပြရန် ဖြစ်၏။
သို့သော် မဟာကပ်ဘေးကြီး ရုတ်တရက် ကျရောက်လာပြီး လမ်းမှန်တာအိုဝါဒတစ်ခုလုံး ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် ‘လောင်ကျွင်း’ ဤလောကတွင် ရှိနေသေးသည်လားဆိုသည့်အချက်က အလူတိုင်းအတွက် ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ရန်ကျောက်ကဲသည်လည်း ယင်းအပေါ် သံသယ ရှိနေခဲ့သည်။
ဟုတ်ပေ၏။
‘လောင်ကျွင်း’ ဤလောက်တွင် မရှိတော့ဘူးဆိုသောအချက်ကို သူက ပိုပြီး ဘက်လိုက်စွာ ယုံကြည်နေမိသည်။
ဤကမ္ဘာတွင် သမိုင်းဆိုင်ရာ ဒဏ္ဍာရီမျိုးစုံရှိသည်ဖြစ်ရာ အားလုံးကို အတည်ပြုရန် ခက်ခဲသည်။
လူတစ်ယောက်အနေဖြင့် မည်သည့်သံသယမှမဝင်ဘဲ အရာအားလုံကို ယုံကြည်နေမည်ဆိုလျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေပေမည်။
ရန်ကျောက်ကဲက သူ၏အရင်ဘဝမှတ်ဉာဏ်များကို အကိုးအကားယူကာ များပြားလှစွာ ဒဏ္ဍာရီများကို ဆုံးဖြတ်သုံးသပ်ရန် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေခဲ့သည်။
ဤနေရာတွင် အချက်အလက်တစ်ခုတည်းကို တင်းကျပ်စွာဆုပ်ကိုင်ထား၍ မရပေ။ မဟုတ်ပါက သူ၏အတွေ့အကြုံ ၊ သဘောတရားများက လူတိုင်းကို ဒုက္ခရောက်စေမည် ဖြစ်၏။
အနောက်သို့ခရီးသွားမှတ်တမ်း ခေတ်ကာလတစ်လျှောက်လုံးတွင် ‘လောင်ကျွင်း’ မရှိခဲ့ဘူးဆိုသည့်အချက်အား ရန်ကျောက်ကဲ သံသယဝင်ခဲ့သည်။
ထိုအစား တစ်စုံတစ်ယောက်က လောင်ကျွင်း၏ပုံသဏ္ဌန်ကို ဖန်ဆင်းတုပပြီး ခြိမ်းခြောက်ခြင်းဖြစ်မည်ဟု ယုံကြည်ခဲ့သည်။
သို့ပေသိ ‘လောင်ကျွင်း’ ကဲ့သို့ပုဂ္ဂိုလ်မျိုးကို သာမန်ယုတ္တိဗေဒ နိယာမများဖြင့် အကဲဖြတ်ရန် မဖြစ်နိုင်ပေ။
ယခုဆိုလျှင် အမတခုံရုံး ၊ အဖြူရောင်ကြာပန်းသုခဘုံသာမက သူတော်စင်ဘုံနှင့် ချန်စန်းရှင်းဟိုင်စကြာဝဠာတို့၏ လုပ်ရပ်များကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၊ သူတို့တွင် အခြားသောအထူးရည်ရွယ်ချက်များမရှိပါက လမ်းမှန်တာအိုဝါဒ လုံးဝပျောက်ကွယ်သွားမည့်ကိစ္စအတွက် သူတို့တွင် စိုးရိမ်စိတ်များ ရှိနေကြကြောင်း ခပ်ရေးရေးမှန်းဆနိုင်သည်။
ထိုသူများအားလုံး ဤမျှ သတိထားနေခြင်းက ရန်ကျောက်ကဲအား လူတစ်ယောက်အကြောင်းကို တွေးတောမိစေသည်။
ထိုက်ချင်အဆက်အနွယ်၏ဘိုးဘေး “ထိုက်စန့်လောင်ကျွင်း”။
“အတိတ်တစ်ချိန်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေက ဒီလောက်တော့ ရိုးစင်းမှာမဟုတ်ဘူး”
ရန်ကျောက်ကဲ ဝေဝါးစွာ တွေးလိုက်မိသည်။
“လောင်ကျွင်း” ၏စိတ်နေစိတ်ထားက အလွန်တရာ မှန်းဆရခက်ခဲသည်။
များသေသာအားဖြင့် သူက ဘက်လိုက်မှုမရှိသော သဘောထားကို ပြသလေ့ရှိပြီး ကူညီရန်လိုအပ်နေသူများကို အမြဲတမ်း လက်ကမ်းကူညီပေးလေ့ ရှိသည်။
သို့ပေသိ ကျဆင်းလာနေသော လမ်းမှန်တာအိုဝါဒကို တစ်စုံတစ်ယောက်က ဖိနှိပ်လာမည်ဆိုပါက ‘လောင်ကျွင်း’ ၏ ရပ်တည်ချက် ပြောင်းလဲသွားမည်လား။
တာအိုဝါဒ ဂိုဏ်းဂနများအတွင်း ပဋိပက္ခဖြစ်ပွားမည်ဆိုပါက ‘လောင်ကျွင်း’ ပါဝင်လှုပ်ရှားလာနိုင်ခြေ နည်းပါးလှသည်။
သို့ရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့် တာအိုဝါဒ၏ အတွင်းပိုင်းပဋိပက္ခက ပိုမိုကြီးမားပျံ့နှံ့သွားပြီး “အသင်္ချေကမ္ဘာကြီး” ကို ပင် အပိုင်းပိုင်းအက်ကွဲသွားစေခဲ့သည်။
ရန်ကျောက်ကဲက သူရရှိထားသော သဲလွန်စများကိုစုစည်းလိုက်စဉ် သူ၏စိတ်ထဲ အတွးပေါင်းများစွာဖြတ်သန်းသွားကာ မှန်းဆချက်အမျိုးမျိုး ပြုလုပ်ခဲ့သည်။
သို့ပေသိ လက်ရှိမှာတော့ သူ၏အတွေးများကို ခဏတာဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်သည်။
သူက ရှေ့တွင်ရှိနေသော နွယ်ပင်ဧကရီကို အေးဆေးတည်ငြိမ်စွာပင် ရင်ဆိုင်လိုက်၏။
“ကျွန်တော်တို့အတွက် လောင်ကျွင်းရဲ့စိတ်ကို ခန့်မှန်းဖို့ဆိုတာ ခက်ပါတယ် ၊ အခု အနောက်ဘက် သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာတွေ ဒီလောကမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ၊ ဒီတော့ အော်မီတော်ဖူဗုဒ္ဓ ဒီလောက်မှာ ရှိနေသေးလား ၊ နတ်မိစ္ဆာမျိုးနွယ်တွေမှာရော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေ ဘယ်လောက်ရှိသလဲ ၊ ဒါတွေကို မသိရသေးတဲ့အတွက် ကျွန်တော်တို့ သတိထားနေဖို့လိုပါတယ်”
နွယ်ပင်ဧကရီ၏မျက်လုံးများက အေးဆေးတညငြိမ်နေပြီး မည်သည့်ပြောင်းလဲမှုမှ မရှိခဲ့ပေ။
ရန်ကျောက်ကဲပြောသည့် “သတိထားနေဖို့လိုပါတယ်” ဆိုသော စကားလုံးက အထက်ဘုံကမ္ဘာမှ တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ ၏ ရှေးရိုးစွဲသတိထားမှုနှင့် မသက်ဆိုင်ကြောင်း နွယ်ပင်ဧကရီ သိမြင်သည်ပင်။
ကျန်းရှန်၏ စိတ်ရှည်သည်းခံခြင်းနှင့် သင့်လျော်သည့်အချိန်ကိုစောင့်ဆိုင်းခြင်းသည် “လောင်ကျွင်း” ကြောင့် ဖြစ်နိုင်သည်။ သူသည်လည်း အခြေအနေ ပြောင်းလဲမှုများကို သတိထားမိခဲ့သည်ပင်။
ဤသည်က သူ၏ စိတ်စေတနာနှင့် ခိုင်မာသည့်သဘောထားအတွက် အခြေခံထောက်တိုင်ဖြစ်လာခဲ့သည်။
လူအချို့တွင်တော့ ပိုမိုစိတ်အားထက်သန်ပြီး အစွန်ရောက်သော သဘောထားများ ရှိကြသည်။ ဤသည်က “လောင်ကျွင်း” ၏ ခန့်မှန်းရခက်သော သဘောထားကြောင့် ဖြစ်၏။
မဟာကပ်ဘေးကြီးကာလအတွင်း “လောင်ကျွင်း” မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့သည်ဖြစ်ရာ သူ့အား ယုံကြည်မှုရှိရန် ခက်ခဲလှသည်။
အကယ်၍ “လောင်ကျွင်း” က သူ၏ လွတ်လပ်သောသဘောထားကို ထိန်းသိမ်းထားပြီး စန်းချင်း(၃)ပါး လမ်းမှန်တာအို ၊ ဗုဒ္ဓဘာသာ ၊ ပြင်ပတာအိုကျင့်ကြံသူများ ၊ နတ်မိစ္ဆာများသာမက ငရဲကိုးထပ်ကိုပင်လျှင် တန်းတူညီမျှ ရှုမြင်နေမည်ဆိုပါက ၊ သူ၏အကူအညီကိုစောင့်မျှော်နေသည့် လမ်းမှန်တာအိုကျင့်ကြံသူများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်သည်။
အကယ်၍ “လောင်ကျွင်း” ၏ သဘောထား ရုတ်တရက်ပြောင်းလဲသွားမည်ဆိုပါက....
သို့သော် သူ၏ လက်ရှိသဘောထားက မည်သို့ရှိမည်လဲ။
မည်သို့သောအခြေအနေမျိုးမှာ သူ၏ သဘောထား ပြောင်းလဲမည်လဲ။
ပြောင်းလဲပါက ဘယ်လိုပုံစံနဲ့ ပြောင်းလဲမှာလဲ။
ဤအရာများအားလုံးသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲလှသည်။
ရန်ကျောက်ကဲ သံသယဝင်နေသည်မှာ “လောင်ကျွင်း” ၏ လက်ရှိအခြေအနေနှင့် သဘောထားကို ခန့်မှန်းကြည့်နေသူမှာ သူတစ်ယောက်တည်းမဟုတ်ဘဲ ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ နှင့် ‘ဘုရားလောင်း’ တို့သည်လည်း ခန့်မှန်းနေကြသည်ဆိုသောအချက် ဖြစ်၏။
ထိုသို့သော အခြေအနေမျိုးတွင် သူတို့အနေဖြင့် သတိထားရန် လိုအပ်သည်။
“လောင်ကျွင်း” သေချာပေါက်လှုပ်ရှားမည်ဟု ခိုင်ခိုင်မာမာယုံကြည်နိုင်ပါက စိတ်ရှည်သည်းခံစွာဖြင့် ထိန်းသိမ်းထားပြီး မည်သည့်အရာကိုမဆို စိုးရိမ်မှုကင်းကင်းဖြင့် လုပ်ဆောင်နိုင်သည်။
သို့ဖြစ်ရာ မည်သည့်ဘက်က မှန်သည်မှားသည်ဆိုခြင်းထက် သူတို့အနေဖြင့် မလုပ်ဆောင်ခင် နှစ်ခါစဉ်းစားရမည် ဖြစ်သည်။
“လောင်ကျွင်းမှာ အခြေခံကျတဲ့နောက်ဆုံးစည်းရှိသလား ၊ ပြီးတော့ ဒီစည်းက ဘယ်နေရာမှာရှိနိုင်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး”
ရန်ကျောက်ကဲက စဉ်းစားရင်း စကားလုံးများကို ပြောလိုက်သည်။
ထို့နောက် သူက ဖြည်းညင်းသည့်လေသံဖြင့်...
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင် အတွေ့အကြုံတွေအရ ကျွန်တော်တို့ရဲ့ရန်သူတွေက ကျွန်တော်တို့ထဲက တစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ပျက်ဆီးသွားမှာကို စိုးရိမ်စိတ်မရှိကြဘူး”
နွယ်ပင်ဧကရီက ကျောက်ဂူအိမ်တော်အတွင်းမှလူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့ ဇနီးမောင်နှံ ၊ ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ ညီအစ်ကို ၊ အားလုံး၏ မျက်နှာအမူအရာများက တည်ငြိမ်နေကြသည်။
သူတို့က ဤအခြေအနေကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်ထားပြီးသားပင်။
တိမ်လွှာခွင်းဧကရာဇ်သည်ပင် အနည်းငယ် စိတ်ဝင်စားလျှက် ရှိသည်။ သို့သော် သူက အေးဆေးတည်ငြိမ်စွာပင် နွယ်ပင်ဧကရီကို လှမ်းကြည့်လိုက်သည်။
ဟန်ဧကရာဇ်’ခုန်ချင်းရှီ’ က ယွဲ့ကျန့်ပေ၏ဓားအောက်တွင် သေဆုံးခဲ့ရပြီး ၊ ခုန်ချင်းရှီက တိမ်လွှာဧကရာဇ်နှင့် ရင်းနှီးသူလည်း ဖြစ်သည်။
ထို့ကြောင့် သူက ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ နှင့် အထက်ဘုံကမ္ဘာအပေါ် အမြဲတမ်း ဆက်ဆံရေးတင်းမာခဲ့သည်။
သို့ပေသိ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အဂ္ဂိရတ်ခန်းမ စကြာဝဠာအတွင်းသို့ပြောင်းရွှေ့မည့်ကိစ္စကိုတော့ ထောက်ခံခဲ့၏။
အဘယ်ကြောင့်ဆိုသော အဂ္ဂိရတ်ခန်းမ စကြာဝဠာအတွင်းသွားရောက်ခြင်းဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး အန္တရယ်နည်းပါးလာမည် ဖြစ်သည်။
ကျန့်ဟွမ်ဓားဧကရာဇ်နှင့် ရန်ငြိုးဖွဲ့မှုများ ရှိနေသေးသော်လည်း သူတို့က သီးခြားခွဲထွက်နေသည့် ကမ္ဘာနှစ်ခုအဖြစ် နေထိုင်ကြမည်ဖြစ်ရာ အခြေအနေက လက်တွေ့အားဖြင့် ပြောင်းလဲမှုမရှိဟု ဆိုနိုင်သည်။
အတိတ်ကာလများကကဲ့သို့ပင် ဖြစ်လေသည်။
စန်းချင်း(၃)ပါး လမ်းမှန်တာအိုကျင့်ကြံသူများက ပြင်ပတာအိုကျင့်ကြံသူများနှင့် ရင်ဆိုင်ရသည့်အခါ ယခင်က အချင်းချင်းထားရှိသော ရန်ငြိုးရန်စများကို ယာယီဖယ်ရှားထားလေ့ ရှိကြသည်။
နွယ်ပင်ဧကရီက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးနောက် သူမ၏မျက်နှာအမူအရာက မပြောင်းလဲဘဲ တည်ရှိနေသည်။
ထို့နောက် သူမ၏အကြည့်က ရန်ကျောက်ကဲထံသို့ ပြန်လည်ရောက်ရှိသွား၏။
ထို့နောက် သူမက ဖြည်းညင်းသည့်လေသံဖြင့်...
“ဒါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးအတွက် အကျိုးရှိတဲ့ကိစ္စပါပဲ ၊ အထူးသဖြင့် ကြီးမားတဲ့အစီအစဉ်တစ်ခုလည်းဖြစ်တယ် ၊ ဒီတော့ ငါ့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး”
နွယ်ပင်ဧကရီ၏စကားကိုကြားသည်နှင့် နေရာတွင်ရှိနေသော စန့်ချင်အဆက်အနွယ်များမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။
နွယ်ပင်ဧကရီက...
“ဒီကိစ္စကို ချင်းရွှမ်ကိုင်တွယ်ပါလိမ့်မယ် ၊ ငါ့ကို သိပ်ပြီးဂရုစိုက်မနေပါနဲ့ ၊ ဒါပေမဲ့ သတိထားပြီးလုပ်ဆောင်ကြပါ”
ထိုစကားကိုကြားလိုက်ရတော့ တစ်ခုခုမှားယွင်းနေကြောင်း လူတိုင်း ခံစားလိုက်ရသည်။
သူတို့အားလုံး အံ့အားသင့်သွားကြရပြီး ရွှမ်ဟွမ်ဧကရီက စိုးရိမ်ပူပန်သောမျက်နှာထားဖြင့် ဆရာဖြစ်သူကို လှမ်းကြည့်လိုက်သည်။
“ဆရာ...”
နွယ်ပင်ဧကရီက ခေါင်းညိတ်လိုက်သည်။
“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားနဲ့အတူ အဂ္ဂိရတ်ခန်းမကို လိုက်သွားကြပါ ၊ ငါကတော့ မလိုက်ဘူး ၊ ဒါပေမဲ့ ငါ့ကိုစိတ်ပူစရာမလိုဘူး ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ တာအိုစကြာဝဠာက ထွက်ခွာသွားမယ်ဆိုရင် ငါလည်း ဒီမှာနေမှာ မဟုတ်တော့ပါဘူး ၊ ပြင်ပဗလာနယ်ထဲမှာ ငါ့ဟာငါ သွားနေမယ်”
တိမ်လွှာခွင်းဧကရာဇ်က ဖျောင်းဖျလိုက်သည်။
“နွယ်ပင်ဧကရီ... တကယ်တော့ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေက ကျွန်တော်တို့အားလုံးရဲ့ ဘုံရန်သူတွေပါပဲ”
နွယ်ပင်ဧကရီက ရိုးရှင်းစွာဖြင့်...
“ဟုတ်ပါတယ် ၊ ဒါကြောင့် မင်းတို့အားလုံး ထွက်ခွာသွားတာကို ငါ မကန့်ကွက်ပါဘူး ၊ တကယ်တော့ ငါ ထောက်ခံတဲ့အထဲမှာတောင် ပါပါတယ်”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီအဘွားကြီးက ရန်ရှင်းထန်ရဲ့အဆက်အနွယ်တွေရဲ့ကျေးဇူးကို လက်ခံမှာမဟုတ်ဘူး”
ထို့နောက် သူမက မတ်တတ်ထရပ်လိုက်သည်။
“အားလုံး ပြင်ဆင်စရာရှိတာပြင်ဆင်ပါ ၊ ငါ့ကို အရေးစိုက်စရာမလိုဘူး”
နွယ်ပင်ဧကရီ ကျောက်ဂူအိမ်တော်မှ ထွက်ခွာသွားသည့် နောက်ကျောပြင်မြင်ကွင်းကိုကြည့်ရင်း ရွှမ်ဟွမ်ဧကရီ ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြား စန့်ချင်အဆက်အနွယ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏မျက်နှာများထက်တွင် မျှော်လင့်ချက်ကင်းမဲ့သည့် အသွင်အပြင်များရှိနေသည်။
နွယ်ပင်ဧကရီ ပြောဆိုသည့်စကားက ရိုးရှင်းသော်လည်း ယိုင်နဲ့ခြင်းမရှိသော ဆုံးဖြတ်ချက်ခိုင်မာမှုကို ပြဆိုနေသည်ဖြစ်ရာ သူမ၏သဘောထား မပြောင်းလဲကြောင်း ထင်ရှားသည်။
ရန်ကျောက်ကဲသည်လည်း ထိုသို့ပင်ခံစားရသည်ဖြစ်ရာ နောက်ထပ် မည်သည့်စကားမှ ထပ်မပြောဖြစ်တော့ပေ။
အတိတ်တစ်ချိန်က နွယ်ပင်ဧကရီ၏ အငယ်ဆုံးတပည့်‘ခုန်ချင်းရှီ’ က ကွယ်လွန်သူဆရာ’ရန်ရှင်းထန်’ ကို မထီမဲ့မြင်ပြု စော်ကားခဲ့သည့်အတွက် ယွဲ့ကျန့်ပေ အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။
ထို့နောက် သူတို့နှစ်ယောက် သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပြီး ခုန်ချင်းရှီမှာ ယွဲ့ကျန့်ပေဓားချက်ဖြင့် အသက်ဆုံးခဲ့ရသည်။
နဂိုကပင် နွယ်ပင်ဧကရီက တိချင်းလျန်သေဆုံးရမှုအတွက် ကျောက်စိမ်းကျောက်ဆောင်အပေါ် မကျေမနပ်ဖြစ်နေလေရာ ၊ ခုန်ချင်းရှီ သေဆုံးပြီးသည့်နောက် ထိုမကျေနပ်ချက်က ဖြေရှင်းရန်နည်းလမ်းမရှိသည့် အငြိုးအတေးအဖြစ် ပြောင်းလဲသွားသည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး သူ၏ ဆရာဦးလေးဖြစ်သူ’ယွဲ့ကျန့်ပေ’ ဘက်မှ မလွဲမသွေ ရပ်တည်မည်သာပင်။
နွယ်ပင်ဧကရီက အတိတ်ကို လုံးဝလက်မလွှတ်နိုင်သေးသည့်တိုင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ပြောင်းရွှေ့မည့်ကိစ္စကို ခွင့်ပြုခဲ့သည်။
ထို့ကြောင့် ကောင်းချင်းရွှမ်နှင့်အခြားသူများမှာ ပြဿနာများအလယ် ကြားညပ်ခံရတော့မည်မဟုတ်သလို ရန်ကျောက်ကဲသည်လည်း သူလုပ်ချင်သည့်အလုပ်ကို လုပ်နိုင်မည်ဖြစ်ပေ၏။