← Chapters

မူလသူတော်စင် တောင်ထွတ်တစ်ခုလုံး လှုပ်ခါသွားခြင်း

Vol. 24 Ch. 333

မူလသူတော်စင် တောင်ထွတ်တစ်ခုလုံး လှုပ်ခါသွားခြင်း

Vol. 24 Ch. 333

ဇူယွမ် နဂါးရှစ်ကောင် ကောင်းချီး ရရှိသွားခဲ့သော သတင်းက မူလသူတော်စင် တောင်ထွတ် တစ်ခုလုံးကို ပျံ့နှံ့သွားချိန်တွင်  အံ့အားသင့်သူ တစ်ယောက်မှ မရှိဘဲ အုပ်စုသုံးခုမှ တပည့်များမှာ ပြောစရာ စကားမရှိအောင်ပင် တုန်လှုပ်သွားခဲ့ကြပြီး ထိုသတင်းများကို မယုံကြည်နိုင်ခဲ့ကြပေ။

တကယ်တော့ ထိုအရာက အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ ပေတစ်ထောင် ရေနေသားရဲ တစ်ကောင်မှာ မူလစဦး နဝမအဆင့် တစ်ယောက်နှင့် ညီမျှသောကြောင့် ဇူယွမ်၏ လက်ရှိသန်မာမှုနှင့် ထိုအကောင်ကို သတ်နိုင်ဖို့ နည်းလမ်း မရှိသည်မှာ သိသာပေသည်။

သို့သော်လည်း သူတို့ မည်မျှပင် မယုံကြည်နိုင်မှုနှင့် သံသယများ များစေကာမှု ဇူယွမ် နဂါးရှစ်ကောင် ကောင်းချီးကို ရရှိခဲ့သည်မှာ အမှန်တရားပင် ဖြစ်ပြီး သူတို့ မည်မျှပင် မနာလိုကျပါစေ သူတို့ မည်သည်မှ မလုပ်နိုင်ကြပေ။

ထိုအကြောင်းက စိန်းထိုက်ယွမ်၏ နားအတွင်းသို့ ရောက်သွားချိန်မှာတော့ အမြဲ ခက်ထန်နေသော အကြီးအကဲ၏ မျက်နှာမှာ ပျော်ရွှင်မှုများ ရပ်တန့်မရအောင် ပြည့်လျှံနေပေသည်။ မနက်ခင်း အတန်းတွင် သူက ဇူယွမ်ကို အကြီးအကျယ် ချီးကျူးခဲ့ပြီး ဇူယွမ်ကို ကြည့်သော သူ၏ မျက်ဝန်းများတွင် ပါဝင်နေသည့် မျှော်လင့်မှုများမှာ ယခင်ကထက်ပင် ပိုမိုလာခဲ့ပေသည်။

ဇူယွမ် သူတို့အဖွဲ့အတွင်းသို့ ဝင်ရောက်လာချိန်မှစပြီး စိန်းထိုက်ယွမ်မှာ အံ့အားသင့်စရာ အခြေအနေများနှင့် များစွာ ကြုံတွေ့ခဲ့ရပေသည်။

အမှန်အတိုင်းပြောရလျှင် အစောပိုင်း၌ စိန်းထိုက်ယွမ်မှာ ဇူယွမ်ကို မြင့်မားစွာ မျှော်လင့်ထားခဲ့သော်လည်း သံသယအနည်းငယ် ရှိနေခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှ ချန်ပီယံများမှာ ချူးချင်းကဲ့သို့ အံ့မခန်း ပါရမီရှင်အဖြစ် ပြောင်းလဲ မသွားနိုင်ကြောင်း ရှင်းလင်းစွာ နားလည်ခဲ့ပေသည်။

သို့်သော်လည်း စိန်းထိုက်ယွမ်တွင် ရွေးချယ်စရာ မရှိတော့ပေ။ ကန်ရွှမ်းကလန်၏ အခြားသော တောင်ထွတ်ခြောက်ခုမှာ အလွန်စွမ်းအား ပြည့်ဝလှပြီး ပါရမီများစွာရှိသော တပည့်များကို တိုက်ရိုက်ခေါ်ဆောင် သွားကြပေသည်။ သည်လိုနှင့် မူလသူတော်စင် တောင်ထွတ်မှာ အနာဂတ်တွင် ကျဆင်းသည်ထက် ကျဆင်းလာနိုင်ခဲ့ပြီး ပြန်လည် ကောင်းမွန်လာမည် လက္ခဏာများ မရှိခဲ့ပေ။

ယခုတွင် လုဟုန်း၏ အုပ်စုကိုပင် မူလသူတော်စင် တောင်ထွတ်ဆီသို့ ပို့လိုက်ကြသေးသည်။ လုဟုန်း၏ အုပ်စုမှ တပည့်တစ်ယောက်ကိုသာ တပည့်ခေါင်းဆောင်၏ ထိုင်ခုံရရှိရန် ခွင့်ပြုလိုက်ရပါက စိန်းထိုက်ယွမ် အနေဖြင့် ရှက်လွန်းသောကြောင့် ကလန်ထဲတွင် နောက်တစ်ကြိမ် ခေါင်းဖော်နိုင်တော့မည် မဟုတ်ပေ။

သည်လိုနှင့် ဇူယွမ်ပေါ်လာခြင်းကို စိန်းထိုက်ယွမ်က သူနောက်ဆုံး ဆုပ်ကိုင်ထားနိုင်မည့် မျှော်လင့်ချက်အဖြစ် မြင်ခဲ့ပေသည်။

သို့သော်လည်း နောက်ဆုံးတွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ကို ကျေနပ်ခဲ့ရပေသည်။ ဇူယွမ်မှာ စိန်းထိုက်ယွမ် မျှော်မှန်းထားသည်ထက် တစ်ကြိမ်ပြီး တစ်ကြိမ် သာလွန်နေခဲ့ပြီး ဇူယွမ်အပေါ် ယုံကြည်မှုမှာလည်း ပိုပိုပြီး တိုးလာခဲ့ပေသည်။

ထိုအဖြစ်အပျက်ကား သူတို့ လုံးဝကို အောက်ဆုံးသို့ ရောက်ခါနီးတွင် အံ့မခန်း ကြီးကျယ်ခမ်းနားလာမည့် တပည့်တစ်ယောက်ကို ကြိုဆိုခွင့်ပြုလိုက်သည့် ဘိုးဘေးများ၏ ကောင်းချီးပေးခြင်းဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။

***

“ငါကြားခဲ့တဲ့အတိုင်း ဇူယွမ်က မူလကောင်းချီးခြင်ဆီ ခံယူတဲ့ အခမ်းအနားမှာ နဂါးရှစ်ကောင် ကောင်းချီးကို နိုးထနိုင်ခဲ့တာလား”

သည်နေ့က လုဟုန်းတို့အုပ်စု၏ တာအိုရှာဖွေခြင်း ခန်းမကို အသုံးပြုသောနေ့ ဖြစ်သည်။ လုဟုန်းမှာ အမြင့်ဆုံးနေရာတွင် ထိုင်လျက်ရှိပြီး အောက်သို့ လှမ်းကြည့်လိုက်သည်။ သိသာစွာပင် ထိုသတင်းများမှာ မူလသူတော်စင် တောင်ထွတ်တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီး သူလည်း ကြားထားခဲ့ပြီ ဖြစ်သည်။

လုဟုန်း၏ အောက်နားတွင် သူတို့အုပ်စုမှ တပည့်များ၏ ခေါင်းဆောင်ဖြစ်သော လုဟုန်းက အမူအရာ ကင်းမဲ့စွာဖြင့် ရှိနေခဲ့သည်။ သူက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ဖြေလိုက်သည် “အဲဒါက တကယ့်ကို နဂါးရှစ်ကောင်ကောင်းချီး ဖြစ်တယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် အဲဒီနေ့က မျက်မြင်တွေ့ခဲ့တယ်”

အခြားတပည့်များ၏ တီးတိုးပြောသံများမှာ ခန်းမထဲတွင် ထွက်ပေါ်လာခဲ့ပြီး သူတို့၏ မျက်လုံးများတွင် မနာလိုမှုများနှင့် ပြည့်လာခဲ့ပေသည်။

“ဒါဆို သူက စွမ်းရည်နည်းနည်း ရှိတာပေါ့” လုဟုန်းမှာ နှာမှုတ်သံပြုလိုက်ပြီး သူ၏ ကြီးရင့်နေသည့် မျက်နှာပေါ်တွင် အေးစက်မှုများ ဖြတ်သွားပေသည်။ အတိတ်တွင် လုဟုန်းက သူကိုယ်တိုင် ပြောဆိုပြီး ဇူယွမ်ကို သိမ်းသွင်းခဲ့သော်လည်း နောက်ဆုံးတွင် ထိုကောင်လေးက ငြင်းသွားခဲ့ပေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် အကြီးအကဲလုဟုန်းမှာ ဇူယွမ် ကောင်းစားနေသည်ကို မမြင်လိုခဲ့ပေ။

ယွမ်ဟုန်းမှာ ဖြည်းညင်းစွာ ပြောလိုက်သည် “ဒါပေမဲ့လည်း ဓားကပ်ဘေး တောင်ထွတ်က အစ်ကိုတော် တစ်ယောက်က ကျွန်တော့်ကို လျှို့ဝှက် သတင်းပေးခဲ့တာကတော့ ဇူရှောင်ယိုက လီချင်းချန်ကို ခုန်းစိန်နှင့် ယဲ့ကယ်တို့နဲ့ ရင်ဆိုင်တဲ့နေရာမှာ ကူညီပေးခဲ့လို့ ဇူယွမ် နဂါးရှစ်ကောင် ကောင်းချီးရအောင် လီချင်းချန်က လုပ်ပေးလိုက်တဲ့ပုံပဲ”

ထိုစကားလုံးများက မိုးကြိုးအလား ခန်းမတစ်ခုလုံးကို ဆူညံသံများ  ပေါက်ကွဲသွားစေပေသည်။

“စီနီယာအမ လီချင်းချန်က နဂါးရှစ်ကောင် ကောင်းချီးရအောင် ဇူယွမ်ကို ကူညီခဲ့တာလား” များစွာသော တပည့်များ၏ မျက်ဝန်းတွင် မယုံကြည်မှုများ ပေါ်လာခဲ့ပေသည်။ အစ်မတော်လီချင်းချန်မှာ ရေခဲတောင်ကြီးတစ်ခုမှ နတ်သမီးတစ်ပါးနှင့်တူပြီး သူမကိုယ်သူမ ဆန့်ကျင်ဘက်လိင်များနှင့် ဝေးကွာနေစေရန် အမြဲသေချာစွာ နေထိုင်နေသူဖြစ်သည်။ များစွာသော တပည့်များမှာ သူမကို သဘောကျနေကြသော်လည်း မည်သူမှ ဝန်မခံရဲကြပေ။

ထို့ကြောင့် ဇူယွမ် နဂါးရှစ်ကောင် ကောင်းချီးရရှိရန် အစ်မတော်လီချင်းချန်က ပါဝင်ကူညီခဲ့သည်ဟု ကြားရချိန်တွင် သူတို့အတွက် တံတွေးမျိုချရန်ပင် ခက်ခဲကုန်တော့သည်။

အစ်မတော်လီချန်းချန်၏ မျက်နှာသာ ပေးမှုကို ရရှိခဲ့သည်က သူ့အတွက် ဘယ်လောက်များ ပျော်ရွှင်ဖို့ ကောင်းလိုက်မလဲ။

ယွမ်ဟုန်း၏ အမူအရာမှာ လေးနက် သွားခဲ့ပြီးနောက် လုဟုန်းအား လှမ်းကြည့်ကာ “ဇူယွမ်ကတော့ ဘာမှ ကြောက်စရာမရှိပေမဲ့ ဇူရှောင်ယိုကတော့...”

အကယ်၍ ဇူရှောင်ယိုသည် ခုန်းစိန်နှင့် လီချင်းချန်တို့၏ တိုက်ပွဲအကြားကို စွက်ဖက်နိုင်သည့် အရည်အချင်း အမှန်တကယ်ရှိပါက သူမ၏ သန်မာမှုမှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။ သူမသာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက ယွမ်ဟုန်းပင်လျှင် အခွင့်အရေး ရှိတော့မည် မထင်ပေ။

လုဟုန်း၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားခဲ့ပြီး “ဇူရှောင်ယိုက တကယ့်ကို သာမန်လူတစ်ယောက် မဟုတ်ဘူး ... ဒါပေမဲ့ အရမ်းကြီးစိတ်ပူဖို့ မလိုပါဘူး။ အတိအကျ ပြောရရင် သူမကို အကြီးအကဲစိန်းရဲ့ လက်အောက်က တပည့်တစ်ယောက်လို့ မှတ်ယူလို့မရဘူး”

ယောင်ယောင်က သူတော်စင် မှော်စာလုံးတောင်ထွတ်မှ တောင်ထွတ်ဆရာသခင် ဘိုင်မင်းအတွက် အလွန်အရေးပါသော သူတစ်ယောက်ဖြစ်သည်။ ထိုအချက်က မူလသူတော်စင် တောင်ထွတ်က အကြီးအကဲ သုံးယောက်လုံးကို သူမကို သိမ်းသွင်းသည့် နေရာမှာ ခက်ခဲစေသည်။ အဆုံးမှာ ယောင်ယောင်က သူတော်စင် မှော်စာလုံး တောင်ထွတ်၏ ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ထိုအကြောင်းကလည်း သူမအနေဖြင့် တပည့်ခေါင်းဆောင် ရွေးချယ်မှု တိုက်ပွဲမှာ ဝင်ရောက် မယှဉ်ပြိုင်သည့် အကြောင်းအရင်း ဖြစ်လာလိမ့်မည်။

ထိုအပြင် ယောင်ယောင်၏ ပြုမှုနေပုံများမှာ အုပ်စုသုံးခုအကြား အကျောက်အကန် ပြိုင်ဆိုင်နေသည်များကို စိတ်ဝင်စားပုံ လုံးဝမရှိပေ...

ထိုစကားကို ကြားသောအခါမှ ယွမ်ဟုန်းမှာ အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ၏ အမူအရာမှာ ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားတော့်သည်။

လုဟုန်းက ပြောလိုက်သည် “ဂူနန်းယှဉ်ပြိုင်ပွဲကို ရောက်ဖို့ ရက်အနည်းပဲ လိုတော့တယ်...”

သူက ခန်းမတစ်ခုလုံးကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်က အရှေ့ဆုံးတွင်ရှိသော ရွှေရောင်ဖျာသုံးချပ်ဆီသို့ အရောက်တွင် ရပ်တန့်သွားတော့သည်။ ပိုပြီးတိတိကျကျ ပြောရလျှင် ပထမနေရာတွင် ထိုင်နေသော ဝေယိုထံတွင်ဖြစ်သည်။

ထိုသူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးမှာ လက်ရှိတွင် အမည်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ မျက်ခုံးနှစ်ဖက် အကြားနားတွင် တင်းမာမှု အနည်းငယ်ကို မြင်တွေ့နိုင်ပေသည်။

လုဟုန်း၏ အကြည့်ကို ခံစားမိလိုက်ချိန်တွင် ဝေယုမှာ ချက်ချင်းပြုံးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မာနကြီးမှုများ ထင်ဟပ်နေပြီး ညင်သာစွာ ပြောလိုက်သည် “စိတ်အေးအေးထားပါ ဆရာတော်လု အဲဒါက ကောင်းချီးတစ်ခုပါပဲ။ နဂါးရှစ်ကောင် ကောင်းချီးမှာ အရမ်း သက်ရောက်မှုရှိရင်တောင် သိုးတစ်ကောင်က မြေခွေးတစ်ကောင် မဖြစ်လာနိုင်ပါဘူး”

“ကျွန်တော့်လက်ထဲက ခရမ်းရောင် ဂူနန်းကို လုယူရဲတဲ့ ဘယ်သူ့ကိုမဆို လက်ဖြတ်ပစ်မယ်”

သူ၏ စကားလုံးများမှာ အထင်သေးနေပုံ  ရသော်လည်း ထိုအထဲတွင် လေးနက်မှုများ ပါဝင်နေသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေကြောင်း သိသာပေသည်။

“ဟီးဟီး... ငါတို့က တောင်ထွတ် တစ်ခုတည်းက တပည့်တွေဖြစ်လို့ တစ်ခါတစ်ရံ တွေ့ဆုံကြနိုင်တဲ့ အတွက် အစ်ကိုတော်ဝေ အနေနဲ့ သူတို့ကို လွယ်လွယ်လေး အနိုင်မယူဘဲနဲ့ သူတို့ကို မျက်နှာသာ နည်းနည်း ပေးသင့်တယ်”  သူတို့နံဘေးရှိ တပည့်တစ်ယောက်မှာ ပြုံးလိုက်ပြီး မြှောက်ပင့် ပြောဆိုလိုက်သည်။ သူ၏ စကားလုံးများမှာလည်း ဝေယု၏ နည်းတူပင် ယုံကြည်ချက်များနှင့် ပြည့်နှက်နေခဲ့ပေသည်။

အခြားသော တပည့်များမှာလည်း ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်ကြသည်။

သူတို့အားလုံးမှာ တစ်ဦးတစ်ယောက်မျှပင်လျင် လာမည့် ဂူနန်းယှဉ်ပြိုင်မှုအတွက် စိတ်ပူနေခြင်း မရှိပဲ အနိုင်ရလဒ်မှာ သူတို့လက်ထဲတွင် ရှိနေသကဲ့သို့ အောင်ပွဲခံနေ ကြပေသည်။

လုဟုန်းက ခေါင်းညိတ် လိုက်ပြီးနောက် သူ၏ အေးစက်နေသော မျက်နှာထားမှာ ပြေလျော့သွားပြီး စိတ်ထဲမှာ သရော်လိုက်သည်။ စိန်းထိုက်ယွမ်မှာ လွန်ခဲ့သော နှစ်ရက်ကတည်းက အလွန် ပျော်ရွှင်နေပုံရသည်။ သူ၏ တပည့်အသစ် တစ်ယောက်က ကံကောင်းမှု အချို့ကြောင့် နဂါးရှစ်ကောင် ကောင်းချီး ရရှိခဲ့ခြင်းကို အရာအားလုံးကို ပြောင်းလဲနိုင်သည်ဟု အမှန်ပင် ယုံကြည်နေသည်လား။

ကောင်းပြီ … အခုတော့ မင်းကို ပေးပျော်လိုက်ဦးမယ်။ ဂူနန်းယှဉ်ပြိုင်ပွဲ ရောက်လာတာနဲ့ မင်းရဲ့တပည့်တွေက ငါ့ရဲ့ အရည်အချင်းရှိတဲ့ တပည့်တွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လောက် စက်ဆုပ်ဖို့ကောင်းတယ် ဆိုတာ နားလည်သွားပြီးတော့ လုစုန့်အတိုင်းပဲ ငါ့ရဲ့လမ်းကြောင်းမှာ ပိတ်ထားတာကနေ လိမ်လိမ်မာမာနဲ့ ဖယ်ပေးသွားမှာပဲ...

***

မူလသူတော်စင် တောင်ထွတ် တစ်ခုလုံးမှာ ဇူယွမ်၏ နဂါးရှစ်ကောင် ကောင်းချီးကြောင့် စိတ်လှုပ်ရှားနေကြစဉ် အတွင်းတွင် အဓိက လူဖြစ်သော ဇူယွမ်မှာ အခြားသူများအား သူ၏အကြောင်းကို လိုက်လံကြားဝါနေခြင်း မရှိပေ။ ထို့အစား သူ၏ ဂူနန်းအတွင်းရှိ ကျင့်ကြံသည့် နေရာတွင်သာ ရှိနေခဲ့ပြီး နဂါးရှစ်ကောင် ကောင်းချီးမှ ရှိသော အကျိုးအမြတ်များကို ချေဖျက်နေခဲ့သည်။

သူအနေဖြင့် နဂါးရှစ်ကောင် ကောင်းချီးမှာ မည်သည့်အဓိပ္ပာယ်မှ မဟုတ်ဘဲ သူရရှိခဲ့သော ကံကောင်းခြင်း တစ်ခုသာ ဖြစ်ကြောင်း သိနေခဲ့သည်။ ထန်ထန်နှင့် လီချင်းချန်တို့ အတွက်သာ မဟုတ်ပါက နဂါးရှစ်ကောင် ကောင်းချီးအဆင့်ကို သူရောက်နိုင်ခဲ့မည် မဟုတ်ပေ။

သို့ပေမဲ့လည်း သူတစ်ပါး၏ စွမ်းအားကို သည်တစ်ကြိမ် ငှားရမ်း အသုံးပြုသည့် အတွက် သူ့ကိုယ်သူ တန်ဖိုးနိမ့်ချနေမည် မဟုတ်ပေ။

မိမိ၏ အားသာချက်ကို ပစ်ပယ်ပြီး အုတ်နံရံကို ခေါင်းနှင့် အတင်းဝင်တိုက်ရန် အတင်းအကျပ် ကြိုးစားနေသူမှာ သူရူးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဇူယွမ်အနေဖြင့် နဂါးရှစ်ကောင် ကောင်းချီးမှ ရလာသော အကျိုးကျေးဇူးများ ကိုသာ ချေဖျက်ရာတွင်သာ အာရုံစိုက်ခဲ့နေပြီး နောက်တွင် လာတော့မည့် ဂူနန်းယှဉ်ပြိုင်ပွဲကို ရင်ဆိုင်ရန်သာ လိုအပ်သည် များကိုသာ လုပ်ရန်လိုအပ်သည် မဟုတ်လား...

ထိုအရာက မူလသူတော်စင် တောင်ထွတ်သို့ လာရောက်ပြီးနောက် သူ၏ စစ်မှန်သော တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။

ခရမ်းရောင် မူလဂူနန်းကို ရရှိမှသာ ခရမ်းရောင် ခါးစည်းတပည့် မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ပြီး နှစ်ကုန်တွင် ကျင်းပမည့် တပည့်ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်နိုင်ရန် အရည်အချင်း ပြည့်မီမှာ ဖြစ်သောကြောင့် သူ့အနေဖြင့် ဂူနန်း ယှဉ်ပြိုင်ပွဲတွင် အစွမ်းပြရန် လိုပေသည်။

ဂူနန်းအတွင်းရှိ အနက်ရှိုင်းဆုံးသော နေရာတွင် ရှိနေသော ဇူယွမ်မှာ မျက်လုံးဖွင့်လိုက်သည်။ ထိုမျက်လုံးအစုံမှာ လင်းလက်နေခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော မူလချီများမှာလည်း သူ၏ ချီသိုလှောင်ခန်း အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

ရက်အချို့ ကျင့်ကြံပြီး နောက်တွင် ဇူယွမ်မှာ တိုးလာသော မူလချီများကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။

သူက ခေါင်းငုံ့လိုက်ပြီးနောက် ဖြည်းညင်းစွာ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီးနောက် ညင်သာစွာ ရယ်မောလိုက်သည်။ နောက်ဆုံးတွင် အစွမ်းပြရမည့် တိုက်ပွဲတစ်ခုကတော့ ရောက်လာခဲ့ပေပြီ။ ဇူယွမ်အနေဖြင့် အကြီးအကဲ လုဟုန်း၏ တပည့်များက စိတ်ပျက်စရာ မကောင်းစေရန် မျှော်လင့် နေခဲ့ပေသည်။

All Chapters