← Chapters

သေလွန်ပြီးနောက် ... ။

Vol. 1 Ch. 1

သေလွန်ပြီးနောက် ... ။

Vol. 1 Ch. 1

ဈာပန ခန်းမ အလယ်တွင် ကြေးဝါ ခေါင်းတလားတစ်လုံး ပြင်ဆင်ထားပြီး ၎င်း၏ မျက်နှာပြင်၌ ငှက်များ၊ သားရဲများ၊ အင်းဆက်၊ ငါး၊ နေ၊ လနှင့် ကြယ်များ၏ ပုံစံများကို ရေးထွင်းထားသည်။

ခေါင်းတလားရှေ့တွင် အဖြူရောင်ပိုးသား အင်္ကျီကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဒူးထောက်နေ၏။

ခန်းမအပြင်ဘက်တွင် အနောက်ဘက် မြင့်မြတ်မြေများ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီး ရှိနေသည်။

ဒေါသတကြီး အော်သံဟစ်သံများနှင့် သွေးများက မိုးကဲ့သို့ ရွာကျနေ၏။ သို့တိုင် ခန်းမ အတွင်းရှိ အမျိုးသမီးသည် ငြိမ်သက်စွာ ဒူးထောက်နေမြဲ ဖြစ်သည်။

ထို့ကြောင့် စုရီက အမျိုးသမီးကို ကြင်နာစွာ ငုံ့ကြည့်မိသည်။ လူတစ်ယောက် သေပြီးနောက် စိတ်ဝင်စားဖွယ် ကောင်းချေ၏။

တစ်ချိန်က သူသည် ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ဓားတစ်ချက်တည်းဖြင့် ဖြိုခွင်းနိုင်သူ ဖြစ်သည်။

တစ်ချိန်က သူသည် အရိုင်းမြေကိုးပါး၏ အကြွင်းမဲ့ အုပ်စိုးရှင် တာအိုတစ်သောင်းသခင် ဖြစ်၏။

တစ်ချိန်က သူသည် အကြင်နာ ကင်းမဲ့လွန်းသော ရက်စက် ကြမ်းကြုတ်သည့် ဓားမိစ္ဆာ တစ်ပါး ဖြစ်သည်။ ​

“ ဟား ဟား ဟား ... မဟာတာအိုကို သန့်စင်ပြီး ငါ့ကံကြမ္မာကို သူနဲ့ရောနှောလိုက်ပြီ၊ ဒီနေ့က စလို့ စုရွှမ်ကြွယ်ရဲ့ ကောင်းကင် ဆေးမီးဖို ပိုင်ရှင်က ငါပဲ။ ”

ရုတ်တရက် ကျယ်လောင်သော ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။ ယင်းမှာ ရွှေတောင်ပံ ဂဠုန် တစ်ကောင် ဖြစ်၏။

သူ့တောင်ပံများကို ကောင်းကင် အပြည့် ဖြန့်ကျက်လျက် လက်သည်းကြား၌ မီးတောက် နေသည့် ဆေးမီးဖိုတစ်လုံး ရှိနေသည်။

“ ငှက်တစ်ကောင်က ငါ့ကို သစ္စာဖောက်တာလား … ။ ”

စုရီက သက်ပြင်းချ လိုက်သည်။ ဤငှက်သည် လွန်ခဲ့သည့် နှစ်ပေါင်း (၈၀၀၀၀)၌ တောင်တံခါး ပြင်ပတွင် ဆယ်ရက် ဆယ်ည ဒူးထောက်ကာ သခင်အဖြစ် တောင်းခံ ခဲ့သူဖြစ်၏။

“ ဓားမိစ္ဆာ စုရွှမ်ကြွယ်က ... ငါ့ရဲ့ လေလွင့်ဓားခန်းမရဲ့ ဘဝပေါင်း (၈၉၃)ဘဝကို ယူပြီး ... ဂိုဏ်းရဲ့ အမွေဖြစ်တဲ့ လမ်းညွှန် ဆယ်ပါး ဓားသုတ္တန်ကို ခိုးယူခဲ့တယ်၊ ...

... ဒီနေ့ ငါတို့က ငါတို့ပိုင်တဲ့ အရာတွေကို ပြန်ယူဖို့ ရောက်လာပြီး ငါတို့လမ်းမှာ ရပ်နေတဲ့ လူတိုင်း သေရမယ်။ ”

အနီရောင် ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးက ကောင်းကင်၌ ပေါ်လာပြီး ကြမ်းကြုတ်စွာဖြင့် သတ်ဖြတ်တော့သည်။

ဤသည်မှာ အမည်မသိ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ချေ၏။ ၎င်းတို့၏ ဘိုးဘေးမှာ စုရီ၏ တပည့် (၃၆) အနက်မှ တစ်ယောက် ပေပင်။

စုရီ၏ ဂုဏ်သိက္ခာနှင့် ကာကွယ်မှုကို အားကိုးကာ အရိုင်းမြေကိုးပါး၏ မဟာတာအို ဂိုဏ်းကြီး ခြောက်ပါးအတွင်း ဝင်ခဲ့သည်။

ထို့ကြောင့် လမ်းညွှန်ချက် ဆယ်ပါး ဓားသုတ္တန် မဆိုနှင့် ဘဝ ရှစ်ရာကိုးဆယ့်သုံးပါး ဟူသည်ကိုပင် သူ မသိချေ။

ဆိုလိုသည်မှာ ပိုင်ဆိုင်မှုများကို ဝင်ရောက် စီးနင်းရန် ရှောင်တခင် အကြောင်းပြချက် မျှသာ ဖြစ်ချေပြီ။

“ နားထောင်ပါ ... ငါတို့ အားလုံးက စုရွှမ်ကြွယ်ကို တာအိုတစ်သောင်းသခင် အဖြစ် လေးစားခဲ့ကြတယ် ... ဒီကနေ့ သူ့ပိုင်ဆိုင်မှုကို သိမ်းယူတာက မရိုးသားပါဘူး။ ”

“ လူမိုက်ပဲ ... မင်းကိုယ်မင်း အရမ်း ရိုးသားတယ်လို့ ပြောချင်တာလား ... ဓားမိစ္ဆာ စုရွှမ်ကြွယ်ရဲ့ ရတနာတွေကို မင်း မယူဘူးလား။ ”

“ ဟမ့် ... ဘယ်လောက်တောင် ကြောင်သူတော် ဆန်လိုက်လဲ။ ”

လူတချို့မှ လှောင်ပြောင် ရယ်မော လိုက်ကြသည်။

“ မင်းလက်ထဲက ဘာလဲ ... ရာဇလှံတံ၊ တန်ခိုးရှင် ရေခဲ၊ နဂါး နတ်ဘုရား မီးအိမ်ကိုးလုံး၊ ကျောက်စိမ်းပန်းအိုး .... ဟမ့် ... ဒါတွေအားလုံး ပြိုင်ဘက်ကင်း မှော်ရတနာ တွေထဲက ဘယ်တစ်ခု မဟုတ်တာ ရှိလဲ ...

... မင်း အဲဒီလောက် ရိုးသားနေရင် သူ့ခေါင်းတလားထဲ ဘာလို့ ... လိုက်မသွား ရတာလဲ။ ”

ထို့နောက်တွင် ကောင်းကင်နှင့် မြေကြီးကို ကမောက်ကမ ဖြစ်စေသော တိုက်ပွဲများ ဖြစ်ပွား လာတော့၏။

တိုက်ပွဲဝင်သူများ အားလုံးသည် အရိုင်းမြေကိုးပါး၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ ဖြစ်သည်။

အချင်းချင်း ရက်စက်စွာ သတ်ဖြတ် နေကြသည့် မြင်ကွင်းသည် မယုံနိုင်စရာ ပေပင်။

“ မင်း သေပြီးရင် ... မင်းရဲ့ကမ္ဘာကြီးက ပြောင်းလဲ သွားလိမ့်မယ်။ ”

စုရီက အဝေးကို လှမ်းကြည့်ပြီးနောက် သက်ပြင်းချကာ သူ့ခေါင်းတလားကြီး ရှေ့တွင် ဒူးထောက်နေသော အမျိုးသမီးထံ ပြန်ကြည့်မိသည်။

“ အနည်းဆုံးတော့ ငါဘေးမှာ ချင်းတျန် ရှိနေပါသေးတယ် ... ။ ”

ဤမိန်းကလေးသည် ဆယ့်သုံးနှစ် သမီးအရွယ်ကတည်းက သူ့ဘေးတွင် လိုက်ပါ ကျင့်ကြံခဲ့သည်။

ထိုအချိန်မှစကာ နှစ်ပေါင်း (၁၈၉၀၀)ခန့် ကုန်လွန်သွားသည်။ လက်ရှိအချိန်၌ အရိုင်းမြေ ကိုးပါး၏ ဧကရီချင်းတျန် ဖြစ်လာပြီ ဖြစ်၏။

သူမ၏ ဂုဏ်သိက္ခာနှင့် အလှတရားသည် အရိုင်းနယ်မြေကိုးပါးတွင် ပြိုင်ဘက်ကင်းသည်။ သို့တိုင် စုရီ အမြင်၌ ကလေးမလေး တစ်ယောက် ဖြစ်နေမြဲ ပေပင်။

“ ညီမလေး ... မင်းက ဆရာကြီးရဲ့ ခေါင်းတလားကို ဒူးထောက်နေတာ ခုနစ်ရက် ကြာနေပြီ မပြီးသေးဘူးလား ... ငါတို့ ဒီထက် ပိုပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။”

ရုတ်​တရက်​ပင်​ အေးစက် တင်းမာ​သော ရုပ်သွင်ဖြင့် လူရွယ်တစ်​​ယောက်​ ဝမ်းနည်းခြင်း​ ခန်းမထဲဝင်​လာသည်​။

သူ၏ အဖြူရောင် ၀တ်စုံသည် စုတ်ပြဲလျက် သွေးများဖြင့် စွန်းထင်းနေ၏။ ဤသည်မှာ ပင်းမို ဖြစ်သည်။

အမွေခံ တပည့်ကိုးဦး၏ ခေါင်းဆောင် ဖြစ်၏။ ဘွဲ့အမည်မှာ ‘စစ်ဧကရာဇ် ပင်းမို’ ပေပင်။ စုရီနှင့်အတူ အနှစ် (၃၉၀၀၀) လိုက်ပါနေခဲ့သည်။

ပင်းမို စကားကြောင့် ချင်းတျန်က တဖြည်းဖြည်းခြင်း ထရပ်လိုက်လေသည်။

“ စီနီယာ အစ်ကို ... ။ ”

“ ပြောပါ ... ။ ”

“ ဆရာကြီးက ငါတို့ အမွေခံ တပည့် ကိုးယောက်လုံးကိုတောင် ... သူ မသေခင်မှာ အပြင်ထွက်ဖို့ အမိန့်ပေးခဲ့တယ်၊ ဒါဆို … မင်းဘာလို့ ပြန်ဝင်လာတာလဲ။ ”

“ ငါမကာကွယ်ရင် ... ရန်သူတွေနဲ့ သစ္စာဖောက်တွေက ဆရာ ကျန်ရစ်ခဲ့သမျှကို ဖျက်ဆီး ပစ်လိမ့်မယ် ... နောက်ပြီး မင်းကို ထားပြီး ... ငါမထွက်သွားရက်ဘူး။ ”

ဧကရီချင်းတျန်က သက်ပြင်းချ၏။

“ အစ်ကိုကြီး ... အခုချိန်ထိ မင်း အမှန်တရားကို ပြောဖို့ ဆန္ဒမရှိသေးဘူးလား။ ”

ထိုမေးခွန်းကြောင့် ပင်းမိုက မျက်ဝန်းများ မှေးစင်းလျက်၊

“ ဂျူနီယာ ညီမလေး ... မင်းဘာကို ဆိုလိုတာလဲ။ ”

-ဟု ပြန်မေးလိုက်၏။

“ ငါဘာကို ဆိုလိုတာလဲ ဟုတ်လား ... ။ ”

ချင်းတျန်က လှောင်ပြောင်သော အပြုံးဖြင့်၊

“ တခြားလူတွေ မသိပေမယ့် ငါသိတယ် အစ်ကိုကြီး ... မင်းက ဆရာ့ရဲ့ ‘ငရဲဘုံ ကိုးပါး ဓားကို မက်မောနေတာ မဟုတ်လား။ ”

ပင်းမို အမူအရာ အနည်းငယ် ပြောင်းသွားသည်။ ခေတ္တမျှ တိတ်ဆိတ်သွား ပြီးနောက် ပြုံးလျက်၊

“ ဒါဆို မင်းကရော ... ဒီဓားကြောင့် ဆရာကြီးရဲ့ အခေါင်းကို လာစောင့်နေတာ မဟုတ်လား။ ”

-ဟု ပြန်မေးလိုက်၏။

“ မင်းမှားတယ် အစ်ကိုကြီး ... ငါက ငရဲဘုံကိုးပါး ဓားကြောင့် ... ဒီမှာ ခုနစ်ရက် ဒူးထောက် နေတာ မဟုတ်ဘူး။ ”

“ ဒါဆို ဘာအတွက်လဲ။ ”

ချင်းတျန်က ဝမ်းနည်းခြင်း ခန်းမအပြင်ဘက်သို့ မျှော်ကြည့်လိုက်ကာ၊

“ တစ်ခု မကျန် ... ။ ”

-ဟု ပြန်ဖြေလိုက်တော့သည်။

သူ့အသွင်မှာ တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါး ရှိသော်လည်း ထိုစကားကို ထုတ်ပြောပြီးနောက် ဧကရာဇ် တစ်ပါး၏ ရောင်ဝါများ ဖြာထွက် လာတော့၏။

“ အကုန် လိုချင်တာလား ... ။ ”

ပင်းမိုက မှင်တက်သွားသည်။

“ ဟား ဟား ဟား မင်းက အမွေခံ ကိုးယောက်ထဲမှာ လောဘ အကြီးဆုံး တပည့်ပဲ ငါမထင်ထားဘူး ... ဆရာကြီးသာ ဒါကို မြင်ရင် တုန်လှုပ်သွားမှာ ကြောက်မိတယ် ...

... သူအချစ်ဆုံး ... အယုံကြည်ရဆုံး ... တပည့်က သူ့ရတနာတွေကို ... တစ်ချိန်လုံး ကြံစည် နေမယ်လို့ ဘယ်သူ ထင်မှာလဲ။ ”

“ ကလန် ... ။ ”

ရုတ်တရက် ချင်းတန်က ဓားကို ဆွဲထုတ်လိုက်၏။ ထိုအရွေ့တွင် ပင်းမိုခမျာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

ယင်းသည် သေမင်းနှင့် လက်တစ်ကမ်း မျှသာလိုချေ၏။ ထို့ကြောင့် ချက်ချင်း လှည့်ပြေး တော့သည်။

တစ်ဖက်လူသည် သူမ ခွန်အားကို တစ်ချိန်လုံး ဖုံးကွယ်ထားချေပြီ။ စုရီပင် အံ့ဩ သွား၏။

“ ဟမ့် ... တပည့်ကြီးက မဟာတာအို ဂိုဏ်းကြီး ရှစ်ဂိုဏ်းနဲ့ အရင်ဆုံး သစ္စာဖောက် ​ခဲ့တယ်ဆိုတာ ... ဆရာ မသိသွားဘူး။ ”

ချင်းတျန်က ကြေးခေါင်းတလား ရှေ့တွင် တစ်ကိုယ်တည်း ရပ်နေကာ နှုတ်ခမ်းတွန့်ပြီး လှောင်ပြောင်လိုက်သည်။

“ တတိယ အစ်ကို ကလည်း ... မထွက်သွားခင် မကောင်းဆိုးရွား ရှေးဟောင်း နတ်ဘုရား ကြေးမုံကို ခိုးယူသွားခဲ့တယ် ...

... ဒီရတနာ တစ်ခုတည်းနဲ့တင် သူ့ကို ဧကရာဇ်နယ်ပယ် ရောက်ဖို့ လုံလောက်ပါတယ် ကံမကောင်းစွာနဲ့ပဲ ဒါကို ဆရာ မသိခဲ့ဘူး။ ”

ထိုစကားကြောင်း စုရီတစ်ယောက် စကားလုံးများ ပျောက်ဆုံးသွား၏။ သူသည် ဝံပုလွေများကို အိမ်ထဲ ခေါ်သွင်းခဲ့မိချေပြီ။

ထိုအချိန်တွင် ချင်းတျန်က ဝမ်းနည်းခြင်းခန်းမမှ ရုတ်တရက် ထွက်သွား တော့၏။

လှပအေးစက်သော မျက်ဝန်းတစ်စုံက ကောင်းကင်ရှိ တိုက်ပွဲများထံ ဖြတ်ကြည့်လိုက် လေသည်။

“ ဒီနေ့ကစပြီး ငါချင်းတျန်က အရိုင်းမြေ ကိုးပါးရဲ့ ဧကရီပဲ။ ”

သူမ စကားဆုံး သည်နှင့် ပြင်းစွာသော လေဓားကြီးက ကောင်းကင်နှင့် မြေကြီးကြား အရိပ် တစ်ခုလို ဖုံးလွှမ်းသွားသည်။

“ အား ... ။ ”

ထိုအရိပ်ကြီးက ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်များကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်တော့၏။

တခဏအတွင်း ကောင်းကင်နှင့် မြေကြီးကြား သွေးများဖြင့် လုံးလုံး လျားလျား ဖုံလွှမ်းသွားလေသည်။

ကျန်ရှိသော တန်ခိုးရှင်များမှာ ခြွင်းချက်မရှိ ရပ်တန့်ကုန်၏။

“ ဒူးထောက်မလား ... သေမလား။ ”

ချင်းတျန် မေးခွန်းသည် ရိုးရှင်းချေ၏။ ရက်စက်စွာ သတ်ဖြတ်ခဲ့သော ပုံရိပ်များဖြင့် တွဲဆက်၍ မရချေ။

ခဏအကြာတွင် လူတိုင်းကို သစ္စာခံစေပြီးနောက် ချင်းတန်မှ ဝမ်းနည်းခြင်း ခန်းမထဲသို့ ပြန်ဝင်လာခဲ့၏။

ကြေးခေါင်းတလားထံ ဦးညွှတ် အရိုအသေပြုပြီး၊

“ ဆရာ .... တပည့် ချင်းတျန်က ခုနစ်ရက်ပတ်လုံး စောင့်ကြပ်ပေးပြီး ... ရန်သူနဲ့ သစ္စာဖောက်တွေကို နှိမ်နှင်းပစ်လိုက်ပါပြီ ... ဒီနေ့ကစပြီး တပည့်ချင်းတျန်က ဆရာရဲ့ တစ်ဦးတည်းသော အမွေခံပါပဲ ...

... ဒါကြောင့် တပည့် ချင်းတျန်ကို ငရဲဘုံကိုးပါးဓား ခဏငှားပါ ဆရာ ... သူ့ရဲ့ ဆန်းကြယ်မှုတွေကို ဖမ်းဆုပ်ပြီးတာနဲ့ သဘာဝအတိုင်း ပြန်ပေးပါ့မယ်။ ”

-ဟု ခွင့်တောင်းလျက် ကြေးခေါင်းတလား အဖုံးကို တွန်းဖယ်လိုက်တော့သည်။

“ ကျွီ ... ။ ”

သို့သော် ကြေးခေါင်းတလား အတွင်း လုံးဝဗလာ ဖြစ်နေ၏။ ငရဲဘုံကိုးပါးဓား မဆိုနှင့် ရုပ်အလောင်းပင် မရှိချေ။

“ မှန်တာပေါ့ ... ပြန်လည်မွေးဖို့ ဆုံးဖြတ်လိုက်မှတော့ ... ဒီလို ဖြစ်နိုင်ခြေတွေ အတွက်လည်း ... ပြင်ဆင် ထားသင့်တယ် မဟုတ်လား။ ”

ချင်းတျန်က ဒေါသကို ချိုးနှိမ်ကာ တဖြည်းဖြည်းခြင်း အသက်ရှူ ထုတ်လိုက်၏။ အဆုံးတွင် အေးစက်သော အသွင်အပြင်မျိုး ပြန်လည် ထုတ်ဖော်လာသည်။

အရိုင်းမြေကိုးပါး ပြက္ခဒိန်၊ နှစ် (၁၀၈၀၀၀) ပြည့်နှစ်တွင် တာအိုတစ်သောင်းသခင် ဓားမိစ္ဆာ စုရွှမ်ကြွယ် ကွယ်လွန်ပြီး၊ (၁၃)ယောက်မြောက် တပည့် ဧကရီချင်းတျန် နန်းတက်ခဲ့သည်။

ထို့နောက် မြင့်မြတ်မြေများ၏ ကျွမ်းကျင်သူများ အားလုံးကို နှိမ်နင်းပြီး အုပ်စိုးရှင်အဖြစ် ကြေညာတော့၏။

***

All Chapters