စုရီ။
Vol. 1 Ch. 2
မဟာကျိုး အင်ပါယာ၊ တိမ်မြစ် စီရင်စု၊ ကွမ်လင်မြို့၊ တိမ်ထင်းရှူး ဓားစံအိမ်တော်။
အခြားသူများနှင့် ခပ်ဝေးဝေးတွင် စုရီတစ်ယောက်တည်း ရပ်နေပြီး သူ့ခယ်မ ဝမ်လင်ရွယ်ကို စောင့်နေမိသည်။
“ ကြည့်စမ်း ... အဲဒါ မြစ်ပြာဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီး မဟုတ်လား ... ။ ”
“ ဟုတ်တယ် ... ဒါပေမယ့် မမျှော်လင့်ထားတဲ့ ကံကြမ္မာတွေကြောင့် သူ့ ကျင့်ကြံမှု ဆုံးရှုံးခဲ့ရတယ် သနားစရာပဲ။ ”
“ သူ့ထက်စာရင် ဝမ်လင်ကျောက် အတွက် ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ ... ကွမ်လင်မြို့တော်ရဲ့ နံပါတ်တစ် အလှတရားက သူ့လိုလူနဲ့ လက်ထပ်ရတော့မယ်။ ”
လမ်းသွားလမ်းလာများက စုရီကို မြင်ချိန်တွင် ဆွေးနွေး စကား ဆိုလာကြသည်။ စုရီမှ ၎င်းတို့အပေါ် လျစ်လျူရှု ထား၏။
ခေတ်အဆက် လူသားများသည် ဂုဏ်သတင်းအတွက် ပြိုင်ဆိုင်ကြသည်။ အရိုင်းမြေကိုးပါးကို အနှစ် (၁၈၀၀၀)ကြာ အုပ်ချုပ်နိုင်သည်မှာ သူတစ်ယောက်တည်းသာ ရှိသည်။
ထိုစဉ်က အင်ပါရီယန်အဆင့် ကျွမ်းကျင်သူများပင် သူနှင့် မျက်လုံးခြင်း မဆုံဝံ့ ကြချေ။ သို့သော် ဤသည်မှာ အတိတ် ဖြစ်သည်။
လက်ရှိအချိန်၌ သူသည် မဟာကျိုး အင်ပါယာ၊ ယွီကျင်းမြို့၊ ကျောက်စိမ်း စံအိမ်၏ ကိုယ်လှုပ်တော် တစ်ပါးမှ သား ဖြစ်သည်။
ငါးနှစ်သားအရွယ်တွင် သူ့အမေ ရီယုဖေးကွယ်လွန်ခဲ့ပြီး ဆယ့်လေးနှစ်သား အရွယ်တွင် တိမ်မြစ်စီရင်စု၏ မြစ်ပြာ ဓားစံအိမ်သို့ ဝင်ရောက်ခဲ့၏။
နှစ်နှစ်တာ ကာလ အတွင်း ထိုအရပ်၌ ထင်ရှားကျော်ကြားလာပြီး ပြင်ပ တပည့်ကြီး ဖြစ်လာခဲ့သည်။
သို့သော် ကံကြမ္မာ အချိုးအကွေ့၌ ကျင့်ကြံမှု ဆုံးရှုံးသွားသည်။
“ ကလန် ... ။ ”
စုရီ၏ နာကျင်သော ခံစားချက်ကို နားလည်လိုက် သကဲ့သို့ ဓားတစ်လက်က မြည်သံပြု လာသည်။
ဤသည်မှာ လျှို့ဝှက် ဆန်းကြယ်သော ‘ငရဲဘုံကိုးပါးဓား’ ဖြစ်၏။ ၎င်းကို နတ်သံကြိုး ကိုးချောင်းမှ ချည်နှောင်ထားသည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က မြစ်ပြာဓား စံအိမ်၏ ‘စမ်းသပ်မှု’ မတိုင်မီ သူ့စိတ်ဝိညာဉ်ထဲ ဤဓား ထွက်ပေါ်လာခြင်း ဖြစ်သည်။
၎င်းထွက်ပေါ်လာသည်နှင့် ကျင့်ကြံမှု ဆုံးရှုံးသွားသည်။ ယခု သူ့ကို အဆက်အသွယ် ပြုလာသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။
ဆိုလိုသည်မှာ စုရွှမ်ကြွယ်၏ မှတ်ဉာဏ်များကို ပြန်လည် နိုးထလာသည်ဟု အဓိပ္ပါယ် ရ၏။
လက်ရှိ သူသည် အသက်အရွယ်အရ လူငယ်တစ်ဦး၏ ဆန္ဒနှင့် စိတ်ခွန်အားများစွာ ရရှိထားသည်။
ထိုအတွေးများဖြင့် လက်နှစ်ဖက်ကို နောက်ပို့လျက် အကြည့်များ ပြောင်းသွားခဲ့၏။ အသက်အရွယ်နှင့် မလိုက်ဖက်သော လေထု ရစ်သိုင်းလာသည်။
ဤသည်မှာ ဥပေက္ခာ တစ်မျိုး ပေပင်။ အနာဂါတ်တွင် မူလရာထူးကို ပြန်လည် ရယူပြီး လက်စားချေရမည်။
စစ်နတ်ဘုရား ပင်းမို၊ ဧကရီချင်းတျန်၊ ရွှေတောင်ပံ ဂဠုန်ပန်၊ လေလွင့်ဓားခန်းမ၊ မဟာ တာအိုဂိုဏ်း ခြောက်ဂိုဏ်း စသည်တို့သည် အဓိက ပစ်မှတ်များ ဖြစ်သည်။
“ ဟမ့် ... ။ ”
ရုတ်တရက် တိမ်ထင်ရှူး ဓားစံအိမ်၏ ပင်မ တံခါး ပွင့်လာပြီး လူငယ်များ အန်ကျလာသဖြင့် အတွေး ပြတ်သွားသည်။
လှပသော အမျိုးသမီးငယ် တစ်ဦးက တံခါးဝမှ လှမ်းထွက်လာ၏။ အသက် အရွယ် အားဖြင့် (၁၃-၁၅) နှစ်မျှသာ ဖြစ်သည်။
သူမ၏ အနက်ရောင် ဆံပင်များက လေအဝှေ့တွင် ရေတံခွန်လို လှုပ်ခါနေခဲ့၏။ အသားအရေသည် နှင်းကဲ့သို့ ဖြူစင်သည်။ အပြာရောင် ၀တ်စုံဖြင့် ပြီးပြည့်စုံသော အလှတရားမျိုး ပေပင်။
ညနေဆည်းဆာအောက်တွင် အချိုးအစားကျလှသော အသွင်အပြင်သည် ပုရိသများကို ဆွဲဆောင်နိုင်၏။
လူငယ်များက စိတ်လှုပ်ရှားစွာဖြင့် မျက်နှာပြောင်းကုန်သည်။ အများစုမှာ အသက် ဆယ့်ငါးနှစ် ဝန်းကျင် ဖြစ်၏။
မိန်းကလေးများက မနာလိုကြချေ။ သူတို့၏ အလှသည် လမင်းကို အန်တုသော ပိုးစုန်းကြူး များနှင့် တူသွားသည်။ စိတ်ပျက်စရာ ပေပင်။
ဤသည်မှာ ဝမ်လင်ရွယ် ဖြစ်သည်။ သူမသည် တိမ်ထင်းရှူး ဓားစံအိမ်သို့ ဝင်ရောက် ခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း ပါရမီရှင် အဖြစ် သတ်မှတ်ခံထားရသည်။
တိမ်ထင်းရှူး ဓားစံအိမ် အကြီးအကဲ ရှကျွယ်က ရေခဲအလှတရားအဖြစ် အမည် ပေးထားခဲ့၏။
သူမ အစ်မသည် ဝမ်လင်ကျိုးဖြစ်ပြီး စုရီနှင့် မကြာသေးမီက လက်ထပ်ထားသည်။ ညီအစ်မ နှစ်ယောက်စလုံးမှာ ပြိုင်ဘက်ကင်း အလှ တရားများ ဖြစ်၏။
“ အစ်ကိုစု ... ။ ”
ဝမ်လင်ရွယ်က အံ့သြ ဝမ်းသာသွားသည်။ ထို့ကြောင့် ပြုံးလိုက်မိ၏။ ဤသည်မှာ ကပ်ဘေး အစကြီး ပေပင်။ သူမ အပြုံးကို တိမ်ထင်းရှူး ဓားစံအိမ်ရှိ မည်သူမျှ မမြင်ဖူးချေ။
“ အရမ်း လှတယ်…. သူ့အပြုံးက ဒီလောက်လှမယ် မထင်ထားဘူး ... ငါတို့မြို့ရဲ့ ရေခဲဘုရင်မ အရည်ပျော်လာပြီ။ ”
ထို့ကြောင့် လူငယ် အများအပြားက ပေါ်ပေါ်တင်တင် ရပ်ကြည့် ဝေဖန်ကြသည်။ ဝမ်လင်ရွယ်က စုရီထံ အပြေးလာ၏။
ဤလုပ်ရပ်က ထိုလူငယ်များ၏ မျက်ဝန်းများကို ကျဉ်းမြောင်း စေကုန်သည်။
“ ဒါက အသုံးမကျတဲ့ လူတစ်ယောက် အတွက်လား ပြုံးလိုက်တာလား။ ”
လူတိုင်း မနာလို ဖြစ်ကုန်ကြပြီး၊ တစ်ယောက်ကို တစ်ယောက် ပြန်လှည့်ကြည့် မိလေသည်။
သူတို့အမြင်တွင် စုရီသည် ဝမ်မိသားစု အတွက် အပို ဖြစ်သည်။ သမက် ရာထူးကို ယူထားသော်လည်း အစေခံများမှပင် မလေးစားချေ။
သို့သော် ယနေ့တွင် ဝမ်လင်ရွယ်သည် ထိုသတင်းများနှင့် ဆန့်ကျင်ပြီး အလေးထားပြ နေခဲ့သည်။
“ ဒါဆို မင်း ... ဓားစံအိမ်မှာ ဒီလိုပဲ နေနေတာလား။ ”
ဤသည်မှာ ဝမ်လင်ရွယ်ကို ပထမဆုံး အကြိမ် လာကြိုခြင်း ဖြစ်၏။ ထိုအေးခဲနေသော အသွင်အပြင်ဖြင့် မတွဲစပ်မိချေ။
ဝမ်မိသားစုတွင် သူ သိသော ကောင်မလေးသည် ချစ်စရာ ကောင်းစွာ အမြဲ ပြုံးရွှင်နေသူ ဖြစ်သည်။
“ ဒီလို မနေရင် ဘယ်လိုလုပ် အေးဆေး နေနိုင်မှာလဲ။ ”
ဝမ်လင်ရွယ် အဖြေကြောင့် စုရီက ပြုံး၏။ သူ့အတိတ် မှတ်ဉာဏ်များ၌ပင် ဤကလေးမမှာ ပထမတန်းစား အလှတရား ပေပင်။
ဝမ်လင်ရွယ် အကြည့်များက ပတ်ဝန်းကျင်ကို သတိရသွားပြီး ပြန်၍ ဝေ့ကြည့်ကာ စိတ်ပျက်သွား၏။
“ သွားပြီ ... ခဏတာ ပျော်ရွှင်မှုက တစ်နှစ်ပတ်လုံး တည်ဆောက်ထားခဲ့တဲ့ မာနကို ဖျက်ဆီးပစ်လိုက်ပြီ။ ”
ထို့နောက် အေးစက်သော အသွင်ဖြင့်၊
“ မေ့လိုက်ပါ ... ဘယ်သူတွေ ဘာတွေပဲ တွေးနေနေ ... ငါပျော်ရွှင်နေသရွေ့တော့ အရာ အားလုံး အဆင်ပြေပါတယ်။ ”
-ဟု ရေရွတ်လိုက်၏။
“ ပြန်ရအောင် ... ။ ”
“ ကောင်းပြီ ... ။ ”
စုရီက ပြုံးပြီး ခေါင်းညိတ်ပြမိသည်။ ထို့နောက် နှစ်ယောက်သား အတူတကွ ထွက်ခွာလာမိတော့၏။
ရုတ်တရက် ဝမ်လင်ရွယ်တစ်ယောက် တစ်စုံတစ်ခုကို သတိရသွားပြီး စုရီထံ ပြန်လှည့် ကြည့်ကာ၊
“ အစ်ကိုစု ... နင်က အပြင်ထွက်တာကို မကြိုက်ပါဘူး အချိန်ပြည့် အခန်းကျဉ်းလေးထဲ မှာပဲ နေနေတာ မဟုတ်လား ... ဘာလို့ အခု လာကြိုရလာတာလဲ ... ။ ”
-ဟု သံသယဖြင့် မေးသည်။
“ မင်းအစ်မ ပြန်လာပြီ ... ဒါကြောင့် ငါ့ကို လာကြိုခိုင်းလိုက်တာ။ ”
စုရီက ပြုံးကာ ပြန်ဖြေ လိုက်သည်။ ဝမ်လင်ကျောက်နှင့် ပတ်သတ်ပြီး နားမလည် နိုင်သည့် ခံစားချက်များ ရှိ၏။
“ နောက်ဆုံးတော့ ... သူ အိမ်ပြန်လာဖို့ ဆန္ဒရှိပြီလား။ ”
လွန်ခဲ့သော တစ်နှစ်က စုရီနှင့် မင်္ဂလာ ဆောင်ပေးသည့် ညတွင် မြစ်ပြာ ဓားစံအိမ်သို့ ဝမ်လင်ကျောက်မှ ထွက်ခွာသွားခြင်း ဖြစ်သည်။
ဤသည်မှာ အိမ်ထောင်ရေး အပေါ် မကျေမနပ်ဖြစ်ပြီး နာကြည်းမှုကို ဖော်ပြသည့် နည်းလမ်း ဖြစ်သည်ဟု လူတိုင်းက ထင်ကြေးပေး၏။
***