မိတ်ဆွေဟောင်း ... ။
Vol. 1 Ch. 3
“ အစ်ကိုစု ... နင် ဒီတစ်တစ်လအတွင်း ပြောင်းလဲသွားသလိုပဲ ... ။ ”
ရုတ်တရက် ဝမ်လင်ရွယ်မှ စုရီကို လှည့်ကြည့်သည်။ တိမ်ထင်းရှူး ဓားစံအိမ်၏ တပည့်များသည် တစ်လလျှင် နှစ်ရက်သာ အိမ်ပြန်ခွင့်ရ၏။
ထို့ကြောင့် သူမနှင့် စုရီ မတွေ့ရသည်မှာ တစ်လရှိနေပြီ ဖြစ်သည်။ စုရီမှ ပြန်မဖြေခဲ့ချေ။
“ ဘာပဲဖြစ်ဖြစ် အခုပုံစံကို ... ငါ သဘောကျတယ် ... ဘယ်လိုပြောရမလဲ ပြောရ ခက်တယ် ... အစ်ကိုစုဆီမှာ ရတနာ တစ်ပါး အငွေ့အသက်မျိုး ရှိနေတယ် ...
... လူငယ် တစ်ယောက်က လမင်းကို ထမ်းထားသလိုမျိုး တောက်ပတဲ့ ခံစားချက်တွေ ပေးတယ်။ ”
“ ဟား ဟား ဟား ... ။ ”
စုရီက ရယ်မောလိုက်သည်။ တစ်စုံတစ်ယောက်သည် အသွင်အပြင် ပြောင်းလဲရန် တစ်ညသာ လို၏။
အထူးသဖြင့် သူသည် အတိတ် ဘဝကို ပြန်လည် မှတ်မိလာပြီးနောက် စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်း ဖြစ်သည်။
ဝမ်မိသားစုသည် ကွမ်လင် မြို့၏ မဟာမျိုးနွယ်စု (၃)စုထဲမှ တစ်ခု ဖြစ်သည်။ သူတို့စံအိမ်သည် အနောက်မြောက်ပိုင်း ခရိုင်၌ တည်ရှိပြီး ဧကတစ်ရာ ကျယ်၏။
တံခါးဝ၌ ချင်းချင်းက သူတို့နှစ်ယောက်ကို စောင့်ကြိုနေသည်။ သူမ အသက်အရွယ် အရ ရင့်ကျက်သော ကျက်သရေမျိုး ရှိသည်။
ငယ်ရွယ်စဉ်အခါက အတု မရှိသော အလှတရား တစ်ပါး ဖြစ်ခဲ့မည်မှာ သေချာ၏။
“ စုရီ ... နင်က တကယ့်ကို ... အသုံးမဝင်တဲ့ လူပဲ၊ လင်ရွယ်ကို သွားကြိုတာ ဒီလောက်ကြာ ရလား။ ”
စကားအသွားအလာ အသွင်အပြင်ကို ကြည့်ရုံဖြင့် သူမ၏ အသုံးမကျသော သားမက် အပေါ် မျက်မုန်းကျိုး နေပုံပေပင်။
စုရီက တုန့်ပြန်ခြင်း မပြု။ ဤသည်မှာ တစ်နှစ်တိတိ သူ ကြုံတွေ့နေခဲ့ရသော နိစ္စဒူဝ ဖြစ်ရပ်များ ပေပင်။
ချင်းချင်းသည် သူ့သမီး ဝမ်လင်ကျိုးနှင့် မင်္ဂလာကိစ္စကို ဦးစွာ ကန့်ကွက်သူ ဖြစ်သည်။ ဝမ်လင်ရွယ်က ရှေ့လှမ်းတက်ကာ၊
“ မေမေ၊ အဲဒါ ငါကြောင့်ပဲ ... ငါ အတန်းထဲကထွက်တာ နည်းနည်း နောက်ကျ သွားတယ်။ ”
“ ကောင်းပြီ .... ညစာ သွားစား။ ”
ချင်းချင်းက သူ့သမီး လက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး တွန်းလွှတ်သည်။ ထို့နောက် စုရီ ထံ အေးစက်စွာ ပြန်ကြည့်ပြီး၊
“ နင်က ငါနဲ့လိုက်ခဲ့ ... အားလုံးက နင့်ကို စောင့်နေတယ်။ ”
-ဟု ပြောကြားလိုက်၏။
ထိုစကားကို ကြားသောအခါတွင် ဝမ်လင်ရွယ်က ထွက်မသွားသေးဘဲ အံသြစွာ ပြန်ကြည့်သည်။
“ မိသားစု ခန်းမလား ... အစ်ကိုစုကို စောင့်နေကြတာလား ... ဘာအတွက်လဲ။ ”
“ ဒါက နင်ကိစ္စ မပါဘူး၊ သွား ... စားပြီးရင် ကိုယ့်အခန်းထဲ ကိုယ်နေပါ ... ဘယ်မှ မသွားနဲ့ ငါပြောတာ ကြားလား။ ”
ချင်းချင်းက စကား ကြမ်းကြမ်းဖြင့် တုန့်ပြန်လိုက်သည်။ ဝမ်လင်ရွယ်တစ်ယောက် စိုးရိမ်စွာဖြင့် စုရီထံ ကြည့်သွား၏။
ထိုအကြည့်ကို ချင်းချင်း သတိထားမိပြီး၊
“ လင်ရွယ်က ငယ်ပါသေးတယ် ... မင်းသူ့အကြောင်း လွဲမှားတဲ့ ... အတွေးတွေ တွေးရဲရင် မင်းကို ငါသတ်ပစ်မယ်။ ”
-ဟု သတိပေး ခြိမ်းခြောက်သည်။
မိသားစု ခန်းမအတွင်း မီးပုံးများကို ခမ်းနားစွာ အလှဆင်ထားသည်။ ဝမ်မိသားစု အကြီးအကဲမှာ ဝမ်ချောင်ကျင်း ဖြစ်၏။ ၎င်းက အခြား မိသားစု အကြီးအကဲများနှင့်အတူ ရှိနေသည်။
စုရီဝင်လိုက်သောအခါ လူတိုင်းက သူ့ထံ လှည့်ကြည့်ကာ ချက်ချင်း တိတ်ဆိတ်သွားကြ တော့သည်။
“ မင်းဒီမှာ စောင့်နေ ... ။ ”
ထို့နောက် ချင်းချင်းက ဝမ်ချောင်ကျင်းအနား လျှောက်လှမ်းသွားသည်။ စုရီက ခန်းမအလယ်ပ ရပ်ကျန်ရစ်ခဲ့၏။
လုပ်စရာ မရှိသည်နှင့် လူအုပ်အတွင်း ဝေ့ကြည့်မိသည်။ ရင်းနှီးနေသော မိန်းကလေး တစ်ယောက်ကို ဦးစွာ မြင်၏။
ဤသည်မှာ သူ့ဇနီး ဝမ်လင်ကျောက် ဖြစ်ချေပြီ။ ကွမ်လင်မြို့၏ ပြိုင်ဘက်ကင်း အလှတရား ဖြစ်၏။
အရည်အချင်းအရ ထူးချွန်သည့် အမျိုးအစားထဲပါသည်။ ဝမ်လင်ရွယ်သည် ဝမ်လင်ကျောက်၏ အေးစက်သော ပုံစံကို အတုခိုးထားခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ဝမ်လင်ရွယ်၏ ရေခဲ အလှတရားဘွဲ့သည် ဟန်ဆောင်ထားခြင်းမျှသာ ဖြစ်ပြီး သူမသည်သာ စစ်မှန်သော ရေခဲ နတ်သမီး ဖြစ်၏။
သူ့အကြည့်ကို သတိထားမိကာ ဝမ်လင်ကျောက်မှ မျက်မှောင်ကြုတ်သွားသည်။ သို့သော် ချက်ချင်း လျစ်လျူရှု လိုက်၏။
“ စုရီ၊ မင်းကို ပြောစရာရှိတယ်။ ”
မိသားစု ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်နေသည့် ဝမ်ချောင်ကျင်းက စကားစပြော လာသည်။
ဤလူသည် ခရမ်းရောင် ဝတ်စုံဖြင့် မုတ်ဆိတ်မွေး ဖြူဖြူများက ခန့်ငြားသော အသွင်မျိုး ပေးစွမ်းနေ၏။ သူသည် ချင်းချင်း၏ ခဲအို ဝမ်လင်ကျောက်တို့၏ ဘကြီး ဖြစ်သည်။
“ ငါတို့လင်ကျိုးက ... ကောင်းကင်မူလ အကယ်ဒမီကို တက်ခွင့်ရတယ် ဒါက ဘာကို ဆိုလိုတာလဲ မင်းလည်း သိမှာပါ။ ”
ဤသည်မှာ ကောင်းကင်ဘုံ ကောင်းချီး ပေပင်။ ကောင်းကင်မူလ အကယ်ဒမီဟူသည် လက်အောက်ခံ နယ်မြေများအနက် ထိပ်တန်း ကျင့်ကြံရာနယ်မြေ ဖြစ်သည်။
ဝင်ခွင့် ရရှိသူတိုင်းသည် သက်ဆိုင်ရာ မြို့တော်များ၌ ပထမတန်းစား ပါရမီရှင်များ ဖြစ်ကုန်ကြသည်။
ဤသို့ အကယ်ဒမီတွင် ဆက်လက် သင်ကြားရန် အကြံပြုချက် ရရှိခဲ့သည်မှာ မည်မျှ အရည်အချင်း ရှိသည်ကို ပြသရာရောက်၏။
သို့သော် သူ့အတွက်မူ ဇနီးသည်နှင့် ထပ်မံခွဲခွာရမည့် အကြောင်းပြချက်လည်း ဖြစ်နေပြန်သည်။
“ မိသားစု ခေါင်းဆောင် ... ဒါက ငါ့အမြင်ကို မေးဖို့ ခေါ်ခဲ့တာလား။ ”
ထိုမေးခွန်းကြောင့် ဝမ်မိသားစုမှာ ထူးဆန်းသော အသွင်ဖြင့် သူ့ထံအံ့ဩစွာ ကြည့် လာကြသည်။
“ စုရီ ... မင်း အရမ်းတွေးနေတာပဲ ... ဒါကဆွေးနွေးဖို့ မဟုတ်ဘူး မင်းသဘောတူတူ မတူတူ ... လင်ကျောက်က အကယ်ဒမီကို သွားရလိမ့်မယ်။ ”
ဝမ်ချောင်ချင်းက ဝင်ပြောလာ၏။ ထိုလူသည် ဝမ်လင်ကျောက် ဒုတိယ ဦးလေး ပေပင်။ သူ့အကြည့်များက စူးရှပြီး ခြိမ်းခြောက်နိုင်စွမ်း အပြည့်ပါ၏။
ဝမ်မိသားစု အမြင်တွင် စုရီသည် အရေးမပါသော အမှိုက် ဖြစ်သည်။ ၎င်းတို့၏ မိသားစု အရေးများ အပေါ် ဆုံးဖြတ်ပိုင်ခွင့် မရှိချေ။
“ ဒါဆို ငါ့ကို ဘာလို့ခေါ်တာလဲ။ ”
စုရီမှ တည်ငြိမ်စွာ ပြန်မေးလိုက်သည်။ တစ်ချိန်ကဆိုသော် ဤလုပ်ရပ်အပေါ် ဒေါသ ဖြစ်မိပေမည်။
“ ငါမင်းကို တွေချင်လို့ပေါ့ ... ။ ”
ရုတ်တရက် ကြည်လင် ပြတ်သားသော အသံနှင့်အတူ အခန်းထဲသို့ လူငယ်တစ်ယောက် လှမ်းဝင်လာသည်။
အဖြူရောင် အင်္ကျီနှင့် ချောမောပြီး ဂုဏ်သိက္ခာရှိသော အသွင်အပြင်မျိုး အပြည့် ရှိနေချေပြီ။
ချက်ခြင်းပင် စုရုံးနေသော ဝမ်မိသားစု အကြီးအကဲများက ထရပ်ကာ နွေးထွေးသော အပြုံးဖြင့် ကြိုဆိုလိုက်ကြသည်။
“ သခင်လေးဝေ ကျေးဇူးပြုပြီး ထိုင်ပါ။ ”
မိသားစုခေါင်းဆောင် ဝမ်ချောင်ကျင်းက ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖိတ်ခေါ်လိုက် လေသည်။
“ အခုပဲ ... စုရီကို ပြောနေတာ သခင်လေးဝေဆီ နှုတ်ဆက်ခိုင်းမို့ပဲ အခုလို့ ကိုယ်တိုင်လာရတဲ့ အတွက် ခွင့်လွှတ်ပါ။ ”
ဤအပြုအမူနှင့် စကားအသုံးအနှုန်း များကြောင့် စုရီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်း လိုက်မိလေသည်။
“ အစ်ကိုစု ငါတို့ မတွေ့တာ ကြာပြီနော်။ ”
***