မယားခိုး။
Vol. 1 Ch. 4
ဤလူငယ်သည် မြစ်ပြာ ဓားစံအိမ်၏ ပြင်ပတပည့်ဖြစ်ပြီး တိမ်မြစ် စီရင်စုမြို့တော်၌ ပထမတန်းစား ဝေမိသားစု၏ သခင်လေး ဖြစ်သည်။
ဤအခြေအနေ တစ်ခုတည်းကပင် ဝမ်မိသားစုကို ကြောက်ရွံ့ ထိတ်လန့် စေ၏။
“ ဒါဆို ငါ့ကို တွေ့ချင်နေတာ ဂျူနီယာ ညီလေး ဝေပေါ့။ ”
စုရီမှ အနည်းငယ် ခေါင်းညိတ်ပြသည်။ မြစ်ပြာဓားစံအိမ်တွင် သူနေခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ဝေကျန်းရန်သည် သူ့ကို ပြိုင်ဆိုင်ခဲ့၏။
တစ်နည်းအားဖြင်ဆိုသော် သူ့အရိပ် အောက်တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရသူ ပေပင်။ ဝေကျန်းရန်က သူ့ထံ ကြည့်ကာ သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။
“ ကျွတ် ... ကျွတ် ... မြစ်ပြာ ဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီးက ... မျက်လုံးတစ်မှိတ်အတွင်း ပုရွက်ဆိတ်တစ်ကောင် ဖြစ်သွားတာပဲ ... စိတ်မကောင်း လိုက်တာ။ ”
ထိုစကားကြောင့် ခန်းမထဲရှိ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းကုန်တော့သည်။ သို့သော် စုရီ မပါချေ။
“ ငါသင်ပေးခဲ့တဲ့ သင်ခန်းစာတွေက မင်းအတွက် မလုံလောက်ဘူးလား ... မင်းရဲ့ မှတ်ဉာဏ်ကို ပြန်ပြီး ဖော်ဆောင်ဖို့ ကူညီပေးရမလား။ ”
“ စုရီ၊ သခင်လေးဝေကို မရိုင်းနဲ့။ ”
ဝမ်မိသားစု ခေါင်းဆောင် ဝမ်ချောင်ကျင်းမှ အော်ငေါက်လာ၏။ စုရီမှ ဝမ်ချောင်ကျင်း ထံသို့ ပြန်ကြည့်သည်။
ဤလူများသည် သူ့အပေါ် တစ်ချိန်လုံး အထင်သေး ချိုးနှိမ်၏။ မည်သို့ပင် ဆိုစေကာမူ သူဟူသည် ၎င်းတူမ၏ ခင်ပွန်း ဖြစ်သည်။
အပြင်လူ တစ်ယောက်ရှေ့တွင် မိသားစုခေါင်းဆောင် တစ်ယောက် အနေဖြင့် ဤသို့ သတိပေးစကား ပြောလာခြင်းမျိုး မသင့်လျော်ဟု မြင်၏။
ထို့ကြောင့် သူ့ အမူအရာသည် ပို၍ အေးစက်လာပြီး ဝမ်မိသားစုကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
“ စုရီ၊ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့ မောက်မာမှုကို ကြည့်ဖို့ ငါလာတာ မဟုတ်ဘူး။ ”
တစ်ဖက်လူသည် ဝမ်မိသားစုနှင့် သူ့ကြားသဘောထားကို သတိပြုမိသဖြင့် ပို၍ အတင့်ရဲလာ၏။
“ ဒါဆို မင်းဘာအတွက် လာတာလဲ။ ”
စုရီက ပြန်မေးလိုက်သည်။ ဝေကျန်းရန်မှ လှောင်ပြုံးဖြင့် လက်နှစ်ချောင်း ထောင်ပြလာ တော့၏။
“ အခြေအနေ နှစ်ရပ်ကြောင့် ငါလာတာ ... မနက်ဖြန် လင်ကျောက်နဲ့ငါ ကောင်းကင် မူလ အကယ်ဒမီကို သွားတော့မယ်၊ မင်းသက်တောင့် သက်သာနေခဲ့ပါ ... ငါသူမကို ကောင်းကောင်း ဂရုစိုက်နိုင်တယ် ...
... ဒုတိယ အနေနဲ့ ... မင်းအခြေအနေ မင်းသိထားဖို့ ငါသတိလာပေးတာ ... မင်းဟာ ကျင့်ကြံမှု ဆုံးရှုံးခဲ့တဲ့ သာမာန် လူတစ်ယောက်ပဲ လင်ကျောက်နဲ့ မထိုက်တန်ဘူး ...
... နောက်တစ်ကြိမ် ဆိုရင် ... ငါ့ရဲ့ ဝမ်မိသားစုနဲ့အတူ ပြန်လာမယ် လင်ကျောက်နဲ့ မင်းရဲ့ လက်ထပ်စာချုပ်ကို ဖျက်ပစ်ပါ ... ။ ”
သူ့စကားက ပြတ်သားပြီး အသံက ကျယ်လောင်လေ၏။ မနာလိုခြင်း၊ ယုံကြည်မှု ရှိခြင်းနှင့် မာန်မာနများ ပါဝင်သည်။
ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ် ကုန်တော့သည်။ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွား၏။
မည်သို့ပင် ဆိုစေကာမူ ဤနေရာသည် ဝမ်မိသားစု အကြီးအကဲများ၏ ခန်းမ ဖြစ်သည်။ ဝေကျန်းရန် စကားမှာ သူတို့ကို မသက်မသာ ဖြစ်စေ၏။
သို့သော် ဝေမိသားစုဟူသည် တိမ်မြစ် စီရင်စု၏ မြို့ငယ်ပေါင်း (၁၉) မြို့ကို လွှမ်းမိုး နိုင်သည့် ပထမတန်းစား မိသားစု ပေပင်။
လက်ရှိ ဝေမိသားစု ခေါင်းဆောင်သည် ဝေကျန်းရန်၏ ဖခင် ဖြစ်၏။ ထို့ကြောင့် ၎င်း၏ အဆင့်အတန်းမှာ အရမ်း မြင့်မားချေပြီ။
တစ်ဖက်တွင် ချင်းချင်း၏ မျက်ဝန်းများ တောက်ပလာ၏။ သူမသည် စုရီကို သခင်လေး ဝေနှင့် နှိုင်းယှဉ် ဆန်းစစ်နေခဲ့သည်။
လင်ကျောက်သည်သာ ဝေကျန်းရန်နင့် လက်ထပ်ခွင့်ရသော် ဝမ်မိသားစု၌ သူမတို့၏ အဆင့်အတန်း သည်လည်း မြင့်တက်လာ နိုင်ပေမည်။
ဝေကျန်းရန်မှ မျက်ခုံးပင့်ကာ စုရီထံ ကြည့်သည်။ ဤအမှိုက်သည် တကယ်ပင် ဒေါသမထွက်ချေ။
စုရီက ပြန်ကြည့်သည်။ သူ့အမြင်၌ ဝေကျန်းရန်သည် ခုန်ပေါက် ရန်လိုနေသော ခွေးတစ်ကောင်သာ ဖြစ်၏။
ဝမ်လင်ကျောက်အတွက်မူ အပြင်လူ တစ်ယောက်လို အခြေအနေ တစ်ရပ်လုံးကို စောင့်ကြည့်နေမြဲ ဖြစ်သည်။
ထိုအချိန်တွင် စုရီ အကြည့်များက ခန်းဆောင်တစ်ခုလုံးကို ဝေ့ဝဲသွားပြီးနောက်၊
“ ဒီနေရာက ဝမ်မိသားစုရဲ့ ... ကျက်သရေဆောင် ခန်းမပဲ အခုချိန်မှာ ... ငါက ဝမ်လင်ကျောက်ရဲ့ ခင်ပွန်းဖြစ်ပြီး ... ဝမ်မိသားစု သမက်ပါ ... ဒါကို အပြင်လူ တစ်ယောက်က ငါတို့ရဲ့ ကျက်သရေဆောင် ခန်းမကြီးထဲမှာ ...
... ငါ့မိန်းမကို ဘယ်လို စောင့်ရှောက် ပေးပါ့မယ်ဆိုပြီး ... ရဲရဲဝံ့ဝံ့ ကြွေးကြော်သံမျိုး ဟစ်နေတယ် ...
... ဒီသတင်းသာ ပြန့်နှံ့သွားရင် ဝမ်မိသားစုအတွက် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ ... စိတ်ဝင်စားစရာပဲ ... ဝမ်လင်ကျောက် မင်းရော ဘယ်လိုမြင်လဲ။ ”
-ဟု ဆိုကာ အကြည့်နှင့် မေးခွန်းကို ဝမ်လင်ကျောက်ထံ အဆုံးသတ်ပစ်လိုက်သည်။
ဝမ်လင်ကျောက်က အေးစက်သော အသွင်အပြင်ဖြင့် သူ့ကို ကြည့်နေဆဲ ဖြစ်သည်။ မေးခွန်းကို ပြန်မဖြေချေ။
ဝမ်ချောင်ကျင်းနှင့် အခြားသော အကြီးအကဲများသာ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ရိုးတိုးရွတ ဖြစ်ကုန်၏။
သူတို့သည် စုရီ၏ ခံစားချက်များကို ဂရုမစိုက်ချေ။ သို့သော်လည်း ဝမ်မိသားစု၏ ဂုဏ်သိက္ခာကို အလေးထားကြ၏။
ချင်းချင်းနှင့် ဝမ်ချောင်ကျင်းတို့သည် အဆိုးဆုံးဖြစ်သည်။ ဤစကားသည်သာ ပျံ့နှံ့ သွားသော် ရှက်စရာ ကောင်းပေမည်။
စကားလုံး အနည်းငယ်က ဝမ်မိသားစု၏ သဘောထားအပေါ် သိသိသာသာ ပြောင်းလဲ သွားစေသဖြင့် ဝေကျန်းရန်မှ စိုးရိမ်လာ၏။
“ ဒါ ... ။ ”
ထို့ကြောင့် ရှင်းပြရန် ပြင်လိုက်သော်လည်း စုရီက လက်ပြကာ စကားပြောခွင့် မပေးခဲ့ချေ။
“ အရေးကြီးတာ တစ်ခု ကျန်သေးတယ် ဂျူနီယာညီလေးဝေ မင်းသူတပါး ဇနီးမယားနဲ့ လက်ထပ်ချင်တာကိုသာ မင်းမိသားစုကသိရင် ... အဆင်ပြေပါ့မလား ...
... သူတို့ဝေမိသားစုရဲ့ ... အမွေဆက်ခံ သူဟာ သူတပါးရဲ့ ဇနီးမယားတွေကို လုယူဖို့ နှစ်သက်တယ်ဆိုတဲ့ သတင်းမျိုး ...
... ပျံ့နှံ့သွားခဲ့ရင် ဒါက ကောင်းတဲ့ ဂုဏ်ပုဒ်တော့ မဟုတ်ဘူးနော် ... တစ်သက်လုံး မင်းနဲ့အတူ လိုက်ပါနေလိမ့်မယ် ...
... သခင်လေးဝေက ဝေမိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်ရင်တောင် ဒီအရှုပ်တော်ပုံရဲ့ သက်ရောက်မှုကို ခံနိုင်မယ် မထင်ဘူး။ ”
ထို့နောက် စုရီက ဝေကျန်းရန်၏ ပခုံးကို ပုတ်လိုက်ပြီး၊
“ ငါ ပြောချင်တာ ... ဒါပဲ၊ စဉ်းစားဖို့ အချိန်ယူပါ။ ”
-ဟု သတိပေးလေသည်။
ဝေကျန်းရန် တစ်ယောက် မျက်နှာ ဖြူဖျော့သွား၏။ တစ်ကိုယ်လုံး တုန်ယင်လျက် ဒေါသများ တောက်လောင်လာသည်။
ထို့ကြောင့် ရှေ့လှမ်းတက်လိုက်စဉ်၊
“ စီနီယာ အစ်ကိုဝေ ...မင်းပြောလို့ မပြီးသေးဖူးလား။ ”
-ဟု ဝမ်လင်ကျောက်မှ ရုတ်တရက် ထရပ်ကာမေးသည်။ သူမ အသံတွင် ချိုးနှိမ် ထားသော ဒေါသအချို့ ရှိနေ၏။
“ ညီမ လင်ကျောက် ... နားလည်မှု မလွဲပါနဲ့ ငါဒီလို မဆိုလိုပါဘူး ... ကောင်းကင်နဲ့ ကျိန်ဆိုဝံ့ ပါတယ် ။ ”
ဝေကျန်းရန်မှ အမြန်ရှင်းပြရန် ကြိုးစားသည်။
“ တကယ်တော့ ကောင်းကင် မူလ အကယ်ဒမီမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ဖို့ပဲ ရည်ရွယ်တာပါ ... ငါတို့က ...
... လူစိမ်းတွေ ကြားမှာ မြစ်ပြာဓားစံအိမ်ကနေ သွားရမဲ့ သိုင်းမောင်နှစ်မ နှစ်ယောက်ပဲ မဟုတ်လား။ ”
“ ငါ ပင်ပန်းနေပြီ ... အနားယူတော့မယ်။ ”
ဝမ်လင်ကျောက်က သူ့ကို ဂရုမစိုက်ဘဲ ခန်းဆောင်ထဲမှ ထွက်ခွာသွားသည်။ စုရီအနားမှ အဖြတ်တွင် ခဏရပ်ကာ တစ်ချက် ပြန်ကြည့်၏။
ဤလူငယ်သည် အသုံးမကျသူ တစ်ယောက်နှင့် မတူချေ။ တည်ငြိမ်စွာဖြင့် သူမကို ပြုံးပြီး ခေါင်းညိတ်ပြနေခဲ့သည်။
သို့သော် စိတ်ထဲမှ ခေါင်းရမ်းလျက် ဆက်၍ ထွက်ခွာလာမိ၏။ အဆုံးတွင် သူတို့ နှစ်ဦးသည် လမ်းမတူသော သူစိမ်းများ ဖြစ်ချေပြီ။
ဝေကျန်းရန်မှ သူ့အပေါ် အထင်လွဲ သွားမည်ကို စိုးရိမ်ကာ မီးပြင်းတိုက်ထားသော ဒယ်အိုးပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ ခုန်ဆွခုန်ဆွ ဖြစ်နေ၏။
စုရီက ပျင်းရိလာပြီး၊
“ လူတိုင်း၊ ကျေးဇူးပြု၍ စကားစမြည်ပြောကြပါ ... ပင်ပန်းနေပြီမို့ ငါအရင် အနားယူလိုက်မယ်။ ”
-ဟု နှုတ်ဆက်ပြီး လှည့်ထွက် လိုက်သည်။
“ စုရီ ... အဲဒီမှာ ရပ်စမ်း။ ”
“ ဂျူနီယာ ညီလေးဝေ ... ငါ့စကားတွေက အမှန်တရားမို့ နားဝင်ဆိုး ပါလိမ့်မယ် ဒါပေမယ့် မင်းရဲ့အကျိုးအတွက် ပြောတာမို့ ... ပြန်စဉ်းစား စေချင်တယ် ... နှုတ်မစောင့်စည်းရင် စောစော ပျက်စီးရလိမ့်မယ်။ ”
စုရီက လှည့်မကြည့်တော့ဘဲ လက်ပြနှုတ်ဆက်ကာ ခန်းမဆောင်မှ ထွက်ပြီး အမှောင်ရိပ်ထဲ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
“ အဟမ်း ... ။ ”
“ ..... ။ ”
ဝမ်မိသားစုနှင့် ဝေကျန်းရန် သည်သာ ချောင်းဟန့်၍သော် လည်းကောင်း၊ နှာခေါင်း ပွတ်သပ်၍သော် လည်းကောင်း ကိုးရိုးကားယား ဖြစ်ကျန်ရစ်ခဲ့၏။
တိမ်ညိုတစ်အုပ် ဖယ်ခွာသွားချိန်၌ ကောင်းကင်တွင် လမင်းကြီးက ဝင်းပစွာ ထွက်ပေါ် လာသည်။
ထိုအချိန်တွင် စုရီသည် လက်နှစ်ဖက် နောက်ပို့လျက် ပေါ့ပါးစွာဖြင့် လျှောက်လှမ်းနေ ခဲ့၏။
မယားခိုး တစ်ယောက်အပေါ် ကိုင်တွယ် နိုင်စွမ်း မရှိပါက သူ၏ ပြန်လည် မွေးဖွားခြင်း ဟူသည် ဟာသ ဖြစ်သွားပေလိမ့်မည်။
***