← Chapters

ထင်းရှူး ကြိုးကြာ ခန္ဓာကိုယ်။

Vol. 1 Ch. 5

ထင်းရှူး ကြိုးကြာ ခန္ဓာကိုယ်။

Vol. 1 Ch. 5

ညသည် မှင်များကဲ့သို့ နက်မှောင်နေပြီး ပိုးကောင်ကလေးများ၏ အော်ဟစ်သံကြောင့် ဆူညံနေသည်။

အိမ်သို့ပြန်ရောက်သောအခါ ခြံဝင်းအတွင်းရပ်လျက် လက်သီးနည်းစနစ်ကို စတင် လေ့ကျင့်လိုက်၏။

ကျင့်ကြံမှု လမ်းကို အဓိက နယ်ပယ်ကြီး လေးရပ်ခွဲခြားထား၏။ ၎င်းတို့မှာ သိုင်းတာအို၊ မူလတာအို၊ ဝိညာဉ်တာအိုနှင့် လေးနက်သော တာအိုဟူ၍ ဖြစ်သည်။

အတိတ်ဘဝတွင် တာအိုတစ်သောင်း သခင်အဖြစ် နှစ်ပေါင်း (၁၈၀၀၀၀) နေထိုင်ခဲ့ပြီး လေးနက်သော တာအို အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။ (ဧကရာဇ် နယ်ပယ် အထွတ်အထိပ်)

ထိုအဆင့်ကို ဧကရာဇ် နယ်ပယ် ဟုလည်း ခေါ်ဆိုသည်။ ၎င်းသက်တမ်းသည် နှစ်တစ်သန်း ရှိချေ၏။ ယခင်ဘဝတွင် ဧကရာဇ် နယ်ပယ် အထွတ်အထိပ်ရောက်ရှိခဲ့သည်။

သို့သော် လက်ရှိ အတွက်မူ သိုင်းတာအိုနယ်ပယ်၌ ခြေချကာ အုတ်မြစ်ကို တည်ဆောက်ရမည့် အဆင့်သာ ဖြစ်သည်။

သိုင်းတာအို နယ်ပယ်တွင် သွေးသန့်စင်ခြင်း၊ ချီစုဆောင်းခြင်း၊ အတွင်းအင်္ဂါ ငါးပါးသန့်စင်ခြင်း နှင့် ပြီးပြည့်စုံခြင်း ဟူ၍ လေးမျိုး ထပ်မံ ခွဲခြားထားသည်။

သွေးသန့်စင်ခြင်းသည် အရေပြား၊ ကြွက်သား၊အကြောနှင့်အရိုးများကို သန့်စင်ခြင်း လုပ်ငန်းစဉ် ဖြစ်၏။

ဤနယ်ပယ် အထွတ်အထိပ်တွင် လူ့ခန္ဓာသည် ကြေးဝါကဲ့သို့သော အရေခွံနှင့် သံမဏိကဲ့သို့သော အရိုးများ ရရှိပေမည်။

လက်ဗလာဖြင့် ကျား၊ ခြင်္သေ့တို့ကို ခွဲထုတ်နိုင်လေရာ စစ်သူရဲများ ဟုလည်း ခေါ်ဆိုသည်။

လှုပ်ရှားနေသော စုရီအသွင်သည် ကြိုးကြာတစ်ကောင် အတောင်ပံများ ခတ်သည့် အလား ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိနေသည်။

ရပ်ခြေသည် ကမ်းပါးယံပေါ်တွင် ပေါက်နေသော ထင်းရှူးပင်များကဲ့သို့ ခိုင်မြဲစွာ နစ်မြုပ်နေခဲ့၏။

ဤသည်မှာ ထင်းရှူး ကြိုးကြာ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ် ဖြစ်သည်။ ၎င်းတွင် တိုက်ခိုက်မှု ကိုးမျိုးနှင့် အလှည့် အပြောင်း ဆယ့်ရှစ်ခု ပါဝင်၏။

နယ်နိမိတ် ရှစ်ပါး အတုမဲ့ သိုင်းသုတ္တန်မှ ဆင်းသက်လာပြီး သိုင်းတာအိုအခြေခံအုတ်မြစ် ထူထောင်ရန် အတွက် ရည်ရွယ်သည်။

ဤသုတ္တန်သည် အတိတ်ဘဝက အရင်းနှီးဆုံး မိတ်ဆွေ ကုန်းရီချီ၏ လက်ရာ ဖြစ်သည်။

ကုန်းရီချီသည် သဘာဝအားဖြင့် ရက်စက် ကြမ်းကြုတ်သူ ဖြစ်ပြီး ကိုယ်ခံပညာများ ဘုရင် ဖြစ်၏။

မဟာတာအိုဂိုဏ်း (၆)ဂိုဏ်းနှင့် မဟာ နတ်မိစ္ဆာ ဂိုဏ်း (၃) ဂိုဏ်းကို အနိုင်ယူခဲ့သဖြင့်၊ ပြိုင်ဘက်ကင်း သိုင်းဧကရာဇ်အဖြစ် သတ်မှတ်ကြသည်။

အဆုံးတွင် ဘဝတစ်လျှောက် နားလည်ထားသမျှကို ကိုယ်ခံပညာကျမ်း အဖြစ် ပြုစုကာ လေ့လာရန် သူ့ထံ ပေးခဲ့၏။

သိုင်းတာအိုနယ်ပယ်၌ ကုန်းရီချီ၏ အောင်မြင်မှုများသည် သူ့အထက်တွင် ရှိနေ ကြောင်း ဝန်ခံရပေမည်။

အတိတ်ဘဝက အသိပညာနှင့် အတွေ့အကြုံများသည် စုရီအတွက် လမ်းသစ် တစ်ခုကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်သည်။

နံ့သာတစ်ချောင်း မီးလောင်ကျွမ်းချိန် အကြာတွင် ထင်းရှူးကြိုးကြာ ခန္ဓာကိုယ်ကို သုံးကြိမ်တိုင်တိုင် လှည့်ပတ်နိုင်ခဲ့သည်။

ချွေးများရွှဲရွှဲစိုနေပြီး အသက်ရှူသံ ပြင်းထန်လာ၏။ ဤသည်မှာ လက်ရှိခန္ဓာကိုယ် ကန့်သတ်ချက် ဖြစ်ချေပြီ။

“ ငါအရမ်း အားနည်းတယ်။ ”

အတိတ်ဘဝတွင် သူ အသုံးပြုခဲ့သော နည်းစနစ်များသည် ယခုအမြင်၌ ချို့ယွင်းချက် များနှင့် ပြည့်နှက်နေပြီး ပြည့်စုံခြင်း မရှိချေ။

ထိုပြင် လက်ရှိအချိန်၌ သိုင်းတာအို အုတ်မြစ်ချရန် အကောင်းမွန်ဆုံး အသက် (၁၇) နှစ် အရွယ်ကို လွတ်သွားခဲ့ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ထင်ရှူးကြိုးကြာ ခန္ဓာကိုယ် သန့်စင်ခြင်းက ထိုဆုံးရှုံးမှုကို ပြန်လည်ဆယ်ပေးနိုင်၏။

သို့သော် လေထုတွင်း ဝေ့ကြည့်ကာ၊

“ ဒီမှာဝိညာဉ်စွမ်းအင်က ကျဲလွန်းတယ်။ ”

-ဟု မှတ်ချက်ပေးမိသည်။

သူ ရှိနေရသည့် ‌ဒေသနယ်မြေသည် အင်ပါယာ နိုင်ငံပေါင်းတစ်ရာကျော် ပါဝင်သော မိုးပြာတိုက်ကြီး ဖြစ်သည်။ တိတိပပ ဆိုရပါမူ မဟာကျိုးအင်ပါယာ၊ မိုးပြာတိုက်ကြီး ဖြစ်၏။

ထိုမိုးပြာတိုက်ကြီးကို မကြားဖူးသော်လည်း အရိုင်းမြေကိုးပါးနှင့် ဆက်စပ်နေကြောင်း ခံစား မိသည်။ အဘယ့်ကြောင့်ဆိုသော် ဤ‌ဒေသတွင် အသုံးပြုသည့် နည်းစနစ်များသည် အရိုင်းမြေ ကိုးပါးနှင့် တူညီနေသည်။

သို့သော် ဒေသကြီး တစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးလာ သောကြောင့် လူတိုင်း သိုင်းတာအိုနှင့် မူလ တာအိုနယ်ပယ် အထိသာ ရောက်ရှိချေပြီ။

ဝိညာဉ် တာအိုနှင့် နက်နဲသော တာအို နယ်ပယ်သည် ဒဏ္ဍာရီများ အဖြစ်သာ ​​ဖြစ်၏။ ဆိုလိုသည်မှာ မဟာကျိုး အင်ပါယာ၏ အပြင်းထန်ဆုံးသော ကျွမ်းကျင်သူများသည် မူလတာအိုအဆင့် တွင်သာ ရှိသည်။

“ ငါ့မှာ မရေမတွက်နိုင်တဲ့ နည်းစနစ်တွေနဲ့ ထူးထူးခြားခြား အစွမ်းအစတွေ ရှိ​နေရင်တောင် အသုံးမဝင်တဲ့ ဒေသမှာ လူ ပြန်ဝင်စားခဲ့တဲ့ အတွက် နှမျောစရာပဲ …

... ဒါ​ပေမယ့်​ ကောင်းကင်နဲ့ မြေကြီးကြား ရတနာအနည်းငယ် ရှာတွေ့ရင် သုံးလအတွင်း မူလတာအိုနယ်ပယ်ထဲ ခြေချနိုင်မယ်။ ”

ရုတ်တရက် စုရီ၏ အတွေးများ ရပ်သွားကာ လှောင်ပြုံး ပြုံး၏။

“ ဟား ဟား ဟား ... ရူးနေတာပဲ မဟာကျိုးအင်ပါယာရဲ့ ဒီလိုဝိညာဉ်စွမ်းအင်မျိုးနဲ့ ဘယ်လိုများ ကောင်းကင်နဲ့ မြေကြီး ရတနာ တွေကို မွေးဖွားနိုင်မှာလဲ။ ”

သူသည် ပို၍ မြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်ရန် လူပြန်ဝင်စား​ခြင်း ဖြစ်သည်။

“ မနက်ဖြန် မြို့ပြင်ကို ခရီးထွက်ပြီး သင့်တော်တဲ့ ဝိညာဉ်နယ်မြေ တစ်ခုလောက် ရှာကြည့် ရမယ်။ ”

မျှော်လင့်ချက် များစွာဖြင့် ကောင်းကင်ပေါ်မော့ကြည့်ကာ တောက်ပသော လရောင်ခြည်အောက်၌ ငြိမ်သက်သွား​တော့သည်။

***

All Chapters