ယင်ခြောက်ပါး အလောင်းကောင် အဆိပ်။
Vol. 1 Ch. 6
ကွမ်လင်မြို့ အပြင်ဘက်တွင် ပေတစ်သောင်းကျော် ကျယ်ပြောသော မြစ်တစ်စင်း ရစ်ခွေစီးဆင်းနေ၏။
ထိုမြစ်သည် တိမ်မြစ်စီရင်စုကို ဖြတ်သန်းစီးဆင်းနေသော အရှည်ဆုံးမြစ်ကြီး ပေပင်။ မိုးပြာမြစ်ဟု ခေါ်၏။
စုရီက အပြာရောင် ၀တ်စုံကို ဆင်မြန်းထားပြီး မိုးပြာမြစ်ကြောင်း အတိုင်း မြောက်အရပ်သို့ ဆန်တက်လာခဲ့သည်။
လမ်းတလျှောက် ပတ်ဝန်းကျင် ရှုခင်းကို စူးစမ်းလေ့လာပြီး ကောင်းကင်နှင့် မြေကြီး၏ ဖြစ်စဉ်များကို စစ်ဆေး၏။
ဤသည်မှာ လေနှင့်ရေ၊ကောင်းကင်နှင့် မြေကြီးဟူသော ပထဝီဝင်ကို လေ့လာရသည့် ဖုန်းရွှေပညာရပ် ဖြစ်သည်။ လက်ရှိဘဝတွင် ကျင့်ကြံမှု အားနည်းသော်လည်း အတိတ်ဘဝ အတွေ့အကြုံများ ရှိနေသေး၏။
ထို့ကြောင့် မြစ်တစ်လျှောက် တောင်တန်းများကို ဖြတ်ကျော်ကာ ဝိညာဉ်ရေး စွမ်းအင် အပြောင်းအလဲကို ပိုင်းခြားနေမိ၏။
နောက်ဆုံးတွင် ကြီးမားကျယ်ပြန့်သော တောင်ကြား လွင်ပြင်တစ်ခုထံ ရောက်ရှိလာ ခဲ့သည်။
ပတ်ပတ်လည်တွင် တောင်ငယ်များ ဝိုင်းရံနေပြီး တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်း နေ၏။
“ ဒါ ... မိုးပြာတိမ်တောင်တွေပဲ ဆက်သွားမယ်ဆိုရင် တစ္ဆေမိခင်တောင်ကို ရောက်နိုင်တယ် ... ။ ”
စုရီက လက်နှစ်ဖက်ကို နောက်ပို့ကာ အဝေးရှိ တောင်တန်းများထံ မျှော်ကြည့်သည်။ တစ္ဆေမိခင်တောင်သည် လျှို့ဝှက် ဆန်းကြယ်သော အရပ် ဖြစ်၏။
မကောင်းဆိုးဝါး ယင်စွမ်းအင်များ အလွန်သိပ်သည်းသဖြင့် တစ္ဆေပုံပြင်များသည် ထိုအရပ်ကို မြစ်ဖျားခံသည်။
အကြည့်ကို ပြန်ရုတ်ကာ သက်ပြင်းချလျက်၊
“ ငါ့မှာ ဘာကျင့်ကြံမှုမှ မရှိသေးတာ နှမျောစရာပဲ ... မဟုတ်ရင် အထဲဝင်ပြီး ဝိညာဉ် ရေးရာ ဆေးပင်တွေ ရှာဖွေနိုင်တယ် ကံကောင်းရင် တစ္ဆေအချို့ကိုတောင် ဖမ်းမိနိုင်တယ်။ ”
ဤကမ္ဘာတွင် သရဲတစ္ဆေများ အမှန် တကယ်ရှိသည်။ ၎င်းသရဲတစ္ဆေများ ကိုလည်း အမျိုးအစားများ ခွဲခြားထား၏။
ယင်ဝိညာဉ်၊ တစ္ဆေ၊ နတ်ဘီလူးနှင့် နတ်ဆိုး ဟူ၍ ဖြစ်သည်။ အရိုင်းမြေကိုးပါးတွင် အနောက် ပင်လယ် ဝိညာဉ်ဧကရာဇ်သည် လျှို့ဝှက် ဆန်းကြယ်သော တစ္ဆေ ဖြစ်သည်။
သူသည် ရှေးခေတ် စစ်မြေပြင်တွင် မွေးဖွားလာသော သာမန်တစ္ဆေ ဖြစ်ပြီး တစ္ဆေ ကျင့်ကြံသူများ ကြား၌ ဒဏ္ဍာရီဖြစ်လာ၏။
ဤနေရာတွင် ဝိညာဉ်စွမ်းအင်များ နည်းပါးနေသေးသော်လည်း လက်ရှိ အဆင့်အရ လုံလောက်ချေပြီ။
မိုးပြာမြစ် ကြမ်းပြင်နှင့် ကပ်လျက် ပေါက်ရောက်နေသော ပိုးစာပင်ကြီးသည် သူ့နောက်၌ ရှိ၏။
မိုးပြာတိမ်တောင်များသည် သူ့ရှေ့တွင် ဖြစ်ကာ လေနှင့်ရေသည် ထိုအရပ်မှ မြစ်ဖျားခံ လာသည်။
ထို့နောက်တွင် ဖြည်းဖြည်းချင်း ထင်းရှူးကြိုးကြာ ခန္ဓာကိုယ်သန့်ခြင်း ပညာရပ်ကို စတင်လေ့ကျင့်တော့၏။
စက္ကန့် အနည်းငယ် အကြာတွင် ဝိညာဉ်စွမ်းအင်များသည် နွေဦးလေရူးများနှင့် မိုးသက်လေပြင်းများ အလား တိုးဝင်လာ လေသည်။
ပြန့်ကျဲနေသော အတွေးများကို ပြန်လည်သိမ်းလျက် ကျင့်ကြံမှုအတွင်း လုံးလုံး လျားလျား နစ်မြုပ်သွားတော့သည်။
ခြောက်နာရီ ကုန်လွန်ပြီးနောက် မွန်းတည့်ချိန် ဆိုက်ရောက်လာ၏။ ကံကောင်း ထောက်မစွာဖြင့် ဤပိုးစာပင်သည် အလွန် ဝေးလံသောအရပ် ဖြစ်ပြီး လူသူ အရောက် အပေါက် မရှိချေ။
ရုတ်တရက် အရိုးနှင့် အရွတ်များမှ စူးစူးရှရှအသံတစ်သံ ထွက်လာပြီး ခန္ဓာကိုယ် အတွင်းရှိ အတားအဆီးများကို ဖြတ်ကာ သွေးနှင့် ဝိညာဉ်စွမ်းအင်များ တဟုန်ထိုး စီးဆင်းလာတော့သည်။
ခန္ဓာကိုယ်သည် ကောင်းကင်သို့တိုင် မြင့်မားလှသော ထင်းရှူးပင်နှင့် ဆင်တူလာ၏။ သွေးနှင့် စွမ်းအင်မှာ ခန္ဓာကိုယ်ကို ကြိုးကြာ တစ်ကောင်ကဲ့သို့ ပေါ့ပါးစေသည်။
လေးနက်ပြီး ဖော်မပြနိုင်သော ကျက်သရေနှင့် ပြည့်စုံ၏။ ခိုင်မြဲခြင်းနှင့် ပေါ့ပါးခြင်း ပေပင်။
ထင်ရှူးနှင့် ကြိုးကြာ အတောင်ဖြန့် လိုက်သကဲ့သို့ ပုံရိပ်ယောင်များစွာ ဝိုးတဝါး ထွက်ပေါ်လာတောာ့သည်။
၎င်းသည် သွေးသန့်စင်ခြင်း နယ်ပယ်၏ အစောပိုင်း အဆင့်သို့ ဝင်ရောက်ခြင်း လက္ခဏာ ဖြစ်၏။
ဤသည်မှာ သိုင်းတာအို၏ ပထမဆုံးနယ်ပယ် ဖြစ်ပြီး ကျင့်ကြံမှုအစ အခြေခံအုတ်မြစ် ပြန်ရရှိခြင်း ပေပင်။
သွေးသန့်စင်ခြင်း အဆင့်၌ အရေပြား၊ ကြွက်သား၊ ခြင်ဆီနှင့် အရိုးများ သန့်စင်ရပေ မည်။
“ ကလန် ... ။ ”
စိတ်ဝိညာဉ်ထဲမှ ငရဲဘုံကိုးပါးဓားက မြည်ဟည်းသံပေးလျက် စိတ်လှုပ်ရှားမှုများ ပြသလာသည်။
“ မင်းလည်း ... ငါ့အတွက် ပျော်နေတာလား။ ”
ဤဓားသည် အတိတ်ဘဝတွင် သူနှင့်အတူ ကြီးမားသောတိုက်ပွဲများ ဆင်နွှဲလျက် တာအိုကို လိုက်ရှာခဲ့သည်။
အရိုင်းမြေကိုးပါး၏ အမြင့်မားဆုံး ကျင့်ကြံမှုနယ်ပယ် ဖြစ်သော နက်နဲသောတာအို နယ်ပယ်ဖြင့် ၎င်း၏ မူလကို မမြင်နိုင်ခဲ့ချေ။
ဓားရှိ သံကြိုးကိုးချောင်းသည် တံဆိပ်ကိုးခုဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ပေး၏။
ဘဝတစ်လျှောက် ကျော်ကြားမှုနှင့် ကြွယ်ဝချမ်းသာမှုများကို စွန့်ပစ်နိုင်သော်လည်း ဤဓားကို မထားနိုင်ချေ။
ထို့ကြောင့် စုရွှမ်ကြွယ်ဘဝ တစ်သက်တာ အမှတ်တရများကို ဓါးအတွင်း တံဆိပ်ခတ်လျက် သူနှင့်အတူ လူဝင်စားစေခဲ့သည်။
လက်ရှိဘဝတွင် ဤအမှတ်တရများ ပြန်လည် နိုးထလာသည်မှာ သုံးရက်ကြာနေပြီ ဖြစ်သည်။
ထိုသုံးရက်အတွင်း ကျင့်ကြံမှုသည် ယခု ခြောက်နာရီနှင့် နှိုင်းယှဉ်၍ မရချေ။ နေ့နှင့်ည အလား ကွာခြားချက် ကြီးမားသည်။
ဤအရပ်တွင် ကျင့်ကြံပါက သိုင်းတာအိုနယ်ပယ် သွေးသန့်စင်ခြင်း၏ အရေပြား အထွတ်အထိပ်သို့ ရောက်ရန် သုံးရက်သာ လိုပေမည်။
ဤနေရာ၌ သူတည်ထောင်ခဲ့သော အခြေခံအုတ်မြစ်သည် အနာဂတ်လမ်း အပေါ် လွှမ်းမိုးနိုင်ပြီး အကွာအဝေးကို ဆုံးဖြတ်မည် ဖြစ်သည်။
“ ကြည့်ရတာ ငါ ငွေရှာရတော့မယ့်ပုံပဲ။ ”
“ အဟွတ် ... အဟွတ် ... ။ ”
ထိုစဉ် ကျယ်လောင်ပြင်းထန်သော ချောင်းဆိုးသံများ လွင့်ပျံလာ၏။ လှည့်ကြည့် လိုက်ရာ လူရိပ်နှစ်ရိပ်ကို မြင်လိုက်ရသည်။
ဝတ်ရုံရှည် ဝတ် အဘိုးအိုတစ်ဦးနှင့် ခရမ်းရောင် ဝတ် မိန်းကလေးငယ် တစ်ဦးတို့ ဖြစ်ချေ၏။
“ အဟွတ် ... အဟွတ် ... ။ ”
ချောင်းဆိုးသံသည် ထိုအဖိုးအိုထံမှ လာခဲ့ခြင်းဖြစ်၏။ ခရမ်းဝတ် မိန်းကလေးငယ်မှ စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ဖေးမလာသည်။
မိန်းကလေး၏ ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ သွယ်လျသော ခြေတံများ ရှိ၏။
အသွင်အပြင် အပြုအမူများ အရ ၎င်းတို့နှစ်ယောက်စလုံးသည် အဆင့်အတန်း မြင့်မားသော နောက်ခံမျိုး ရှိပေမည်။
စုရီက ကျင့်ကြံမှုကို ရပ်နားပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထွက်ခါနီးတွင် ခေတ္တ ရပ်ကာ ပြန်လှည့်ကြည့်မိ၏။
ဤအမူအရာက မိန်းကလေးငယ်ကို မျက်မှောင်ကြုတ်ပြီး မကျေမနပ် ဖြစ်စေသည်။
“ လိမ္မာပါးနပ်တဲ့ လူဆိုရင် ထွက်သွားသင့်တယ်။ ”
“ ဇီကျင်း ... မရိုင်းနဲ့ ... ငါ့ကို စိုးရိမ်တာ နားလည်ပါတယ် ဒါပေမယ့် မဆိုင်တဲ့ လူတွေကို အပြစ်ရှာ နေလို့မရဘူး။ ”
အဖိုးအိုက ဆုံးမစကားဆိုသည်။
“ ကြီးကိစ္စ ကြီးကြီးတွေ ဆောင်ရွက်မဲ့ လူတစ်ယောက်က နှိမ့်ချပြီး ... နှလုံးသားကို မယိမ်းမယိုင် ကျင့်ကြံရတယ်။ ”
ဇီကျင်းက ရှုံ့မဲ့သွားသည်။
“ အဘိုး၊ အဘိုးရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ် ဒါတောင်အဘိုးက မြေးကို သင်ပေးနေတုန်းလား ... ဘယ်လိုလုပ် မြေး လိုက်နာနိုင်မှာလဲ။ ”
“ ဟား ဟား ဟား ... အဟွတ် အဟွတ်။ ”
အဖိုးအိုက ရယ်မော့လျက် စုရီထံ လက်ချောင်းများ ယှက်ပြီး ဆုပ်ကိုင်ပြကာ၊
“ မိတ်ဆွေလေး ... ငါတို့ မင်းကို စော်ကားမိခဲ့တယ် ဆိုရင် ... ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် အဟွတ် အဟွတ် ... ။ ”
“ အဘိုး၊ မင်း စကား မပြောသင့်တော့ဘူး။ ”
ဇီကျင်းတစ်ယောက် ချက်ချင်း ဖေးမပေးလိုက်သည်။ သူမက အဖိုးအို လက်ကို ဂရုတစိုက် ဆုပ်ကိုင်ကာ၊
“ မြို့ကို ပြန်ရောက်တာနဲ့ ဒဏ်ရာတွေကို ကုသဖို့ အကောင်းဆုံး သမားတော် ရှာပေးမယ်။ ”
-ဟု ပြောကြားခဲ့၏။
“ မင်းအဘိုးကို သာမန်သမားတော်က ကယ်တင်နိုင်မှာ မဟုတ်ဘူး ပြီးတော့ သုံးရက် အတွင်း အသက်အန္တရာယ် ရှိတယ်။ ”
စုရီက မနေနိုင်တော့ဘဲ ဝင်ရောက် ပြောကြား၏။ ဇီကျင်းမှ မျက်လုံးပြူးသွားပြီး၊
“ နင် ဘယ်သူလဲ ... အဘိုးကို သေအောင် ကျိန်ဆဲနေတာလား။ ”
-ဟု ပြန်လည် အော်ဟစ်လာ၏။
“ ဇီကျင်း ... သူ ပြောတာမှန်တယ်၊ ငါ့ဒဏ်ရာတွေက ကုသလို့ မရတော့ဘူး။ ”
“ အဘိုး ...။ ”
ဇီကျင်းမှ စိတ်ပျက်အားငယ်စွာ မျက်ရည်များဝိုင်းလာ၏။
“ အဘိုး၊ ငါတို့ တိမ်မြစ် စီရင်စုရဲ့ ... မြို့တော်ကို ချက်ချင်း ပြန်ကြမယ်။ ”
“ အလျင် မလိုပါနဲ့ ... ကောင်းကင်ဘုံက ငါတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်တယ် သေခြင်းကို အဖိုး မကြောက်တော့တာ ကြာပြီ။ ”
ထို့နောက် အဖိုးအို၏ အကြည့်သည် စုရီထံ ကျရောက်လာကာ၊
“ မိတ်ဆွေလေး၊ ဒီအဘိုးကြီးရဲ့ ဒဏ်ရာ ပြင်းထန်တာကို မင်းဘယ်လို သိတာလဲ ဆိုတာ ပြောပြနိုင်မလား။ ”
-ဟု ယဉ်ကျေးစွာ မေးမြန်းလေသည်။
ထိုအပြုအမူကြောင့် စုရီက သဘောကျ သွားသည်။ ခေါင်းညိတ်လျက်၊
“ မျက်ခုံး နှစ်ဖက်ကြားမှာ ရှိတဲ့ ... သွေးကြောတွေ ပေါက်နေတယ် ယင်အဆိပ်က အဆုတ်ဆီရောက်သွားပြီ၊ ...
... တစ္ဆေမိခင်တောင်ကြားကနေ ယင်ခြောက်ပါး အလောင်းကောင် အဆိပ်မိ လာတာ မဟုတ်လား။”
“ အမြင်ကောင်းတယ် မိတ်ဆွေလေး။ ”
“ တစ်ခုခုတော့ မှားနေပြီ ... အဘိုး ... အဘိုးပြောတော့ တိမ်မြစ် စီရင်စု မြို့မှာတောင် တစ္ဆေမိခင် တောင်တန်းက ယင်ခြောက်ပါး အလောင်းကောင် အကြောင်း လူ အနည်းငယ်သာ သိတာဆို။ ”
ဇီကျင်းက သူမအဖိုးထံ သံသယဖြင့် ပြန်လှည့်မေး လိုက်သည်။ သို့မှသာ အဖိုးအို သည်လည်း သတိထားမိသွား၏။
ဤအနားရှိ ကွမ်လင်မြို့ မဆိုနှင့် စီရင်စုမြို့တော်ကြီးမှ လူများပင် ယင်ခြောက်ပါး အလောင်းကောင် အကြောင်း မသိသည်မှာ အမှန်ဖြစ်သည်။
“ ဒါက မထူးဆန်းသေးပါဘူး ... မင်းတို့ ယင်ခြောက်ပါးမြက်နဲ့ မြင့်မြတ်သော ယန်ပန်း ရှာဖို့ ... တစ္ဆေမိခင်တောင်ကို လာခဲ့တာ မဟုတ်လား။ ”
စုရီက ဆက်ပြောသည်။ ဇီကျင်း၏ မျက်လုံးများ ပြူးကျယ်လာပြီး၊
“ ဒါကို နင်ဘယ်လို သိလဲ ... ။ ”
-ဟု ချက်ချင်း ပြန်မေးလာ၏။
အဖိုးအိုက သူ့ရှေ့မှ စုရီကို လေးနက်စွာကြည့်သည်။ ဤလူငယ်သည် ဒဏ်ရာကို မြင်ရုံဖြင့် အချက်အလက်များ ခွဲခြမ်းစိတ်ဖြာ နိုင်ခဲ့၏။
“ မိန်းကလေး ယင်ခြောက်ပါးမြက် ရှိတဲ့အရပ်မှာ ယင်ခြောက်ပါး အလောင်းကောင် ရှိတယ် ... ယင်က ယန်မရှိရင် မနေနိုင်ဘူး ဒါကြောင့် မြင့်မြတ်သော ယန်ပန်းကိုလည်း တွေ့နိုင်ပါတယ်။ ”
ဤအရာသည် အရိုင်းနယ်မြေ ကိုးပါးရှိ လူတိုင်းအတွက် အခြေခံ အသိပညာ ဖြစ်သည်။ သို့သော် မိန်းကလေးသည် စကားပင် မပြောနိုင် လောက်အောင် အံ့ဩသွားခဲ့ချေပြီ။
***