← Chapters

ဆေးညွှန်း ... ။

Vol. 1 Ch. 7

ဆေးညွှန်း ... ။

Vol. 1 Ch. 7

အဖိုးအိုသည် သူ့ဘဝ တစ်လျှောက်လုံး စစ်ပွဲများအတွင်း၌ ပျော်မွေ့ခဲ့ပြီး သေခြင်းတရား အပေါ် မကြောက်ချေ။

ထို့ပြင် အသက်အရွယ်အရ ကမ္ဘာကြီးတွင် ထူးခြားသော ကျွမ်းကျင်သူများ နေရာတိုင်း၌ ရှိမှန်းနေသည်ကိုလည်း သိထား၏။

“ နင် ငါတို့နောက်ကို လိုက်နေတာလား။ ”

ဇီကျင်းက သတိအနေအထားဖြင့် မေးမြန်းလိုက်သည်။

“ ဇီကျင်း တိတ်စမ်း ... ငါတို့ရဲ့ မိတ်ဆွေလေးက .. ဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုး မလုပ်ဘူး ... ခွင့်လွှတ်ပါ မိတ်ဆွေလေး ... မင်း ဘာတွေ သိသေးလဲ။ ”

“ အဘိုး၊ သူက ... ။ ”

ဇီကျင်းက မယုံကြည် နိုင်စွာဖြင့် စကားထစ်သွားသည်။ အဖိုး၏ အဆင့်အတန်း အရ တိမ်မြစ်စီရင်စုရှိ မည်သူကိုမျှ ဦးညွှတ် အရိုအ​သေပေးရန် မထိုက်တန်ချေ။

ယခုမူ စုရီကို လေးစားစွာ ဦးညွှတ်နေ၏။ ထို့ကြောင့် တစ်ဖက်လူထံ ပြန်၍ ကြည့်မိသည်။ မည်သို့ပင် စစ်ဆေးစေကာမူ ထိုလူငယ်တွင် ကျင့်ကြံမှု မရှိခဲ့ချေ။

ယင်းသည်ပင် နားမလည်နိုင်သော ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွား​​ခြင်း ပင်လော။

သူမ ဟူသည် အဆင့်အတန်း မြင့်မားလှသော မိသားစုမှ ဆင်းသက်လာသူ တစ်ဦးဖြစ်သည်။

ထို့ကြောင့် ငယ်ရွယ်စဉ် အချိန်ကပင် စွမ်းအားကြီးမားလွန်းသော ကျွမ်းကျင်သူများ အကြောင်းကို ကြားဖူးထား၏။

၎င်းတို့သည် ခွန်အားအရာ၌ ကြောက်စရာကောင်းပြီး ထူးခြားသော အစွမ်းများ ရှိသည်။

ဆိုလိုသည်မှာ ဤလူငယ်သည် ငယ်ရွယ်နုပျိုသော အသွင် ယူထားသည့် အဖိုးကြီးတစ်ယောက် ဖြစ်ရပေမည်။

“ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အတွင်းအင်္ဂါ သန့်စင်ခြင်း တတိယအဆင့်ကို ဖြတ်ကျော်ဖို့ ... ယင်ခြောက်ပါးမြက်နဲ့ မြင့်မြတ်သော ယန်ပန်းတွေက မလုံလောက် တော့မှာ ကြောက်မိတယ်။ ”

စုရီက ပြတ်ပြတ်သားသား ဝေဖန်လိုက်သည်။ ထို့နောက်၊

“ လူကြီးမင်းရဲ့ အသက်အရွယ်နဲ့ အုတ်မြစ်အရ ကျင့်ကြံမှုကို နောက်တစ်လှမ်း တိုးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး ... ဒါကြောင့် ဒီဝိညာဉ် ဆေးနှစ်မျိုးကို အားကိုးဖို့ ဆုံးဖြတ်ပြီး တစ္ဆေမိခင်တောင်ကြားဆီ လာခဲ့တာ မဟုတ်လား။ ”

အဖိုးအိုတစ်ယောက် အေးခဲသွားကာ သူ့ခန္ဓာကိုယ်ရှိ လျှို့ဝှက်ချက်များ ထွက်ပေါ်သွား သကဲ့သို့ ကျောရိုးတစ်လျှောက် တုန်ရင်လာ၏။

ဤလူငယ်သည် အမှန်ပင် ကျွမ်းကျင်သူ ဖြစ်ရပေမည်။ လက်ရှိ သည်ပြဿနာကို စီရင်စု မြို့တော်ရှိ မည်သူမျှ မမြင်နိုင်ချေ။

“ ဆရာ၊ မင်းရဲ့ အသိဉာဏ်က အံ့မခန်းပဲ ... ငါမင်းကို မချီးကျူးဘဲ မနေနိုင်တော့ဘူး။ ”

အဖိုးအိုက သက်ပြင်းတစ်ချက်ချကာ အရိုအသေ ပေးပြန်၏။ အင်္ဂါငါးပါးသန့်စင်ခြင်း တတိယ အဆင့်သည် အဆုတ်ကို သန့်စင်ခြင်း ဖြစ်သည်။

၎င်းကို သိုင်းတာအို မဟာသခင် အဆင့် ဟုလည်း ခေါ်ဆို၏။ သိုင်းတာအို မဟာသခင် အဆင့်သည် ကွမ်လင် မဆိုနှင့် တိမ်မြစ် စီရင်စုကြီး၌ပင် ထိပ်တန်းဖြစ်သည်။

နောက်ဆုံးတွင် မဟာကျိုး အင်ပါယာ ကဲ့သို့သော အရိုင်းမြေ တစ်ခုတွင် ဤအဆင့်သို့ ရောက်ရှိခြင်းသည် အင်ပါယာအပေါ် များစွာ သက်ရောက်မှု ရှိချေ၏။

ထို့ကြောင့် ထိုသို့သော ကျွမ်းကျင်သူသည် သူ့အပေါ် လေးလေးစားစား ဆက်ဆံနေသဖြင့် စုရီမှ လျစ်လျူရှု မနေနိုင်တော့ချေ။

“ ဆရာ ... အဖိုးရဲ့ ဒဏ်ရာကို မြင်နိုင်တယ်ရင် အသက်ကယ်ဖို့ နည်းလမ်း သိရမယ် မဟုတ်လား။ ”

ဇီကျင်းက စိတ်လှုပ်ရှားစွာ မေးသည်။ ကျွမ်းကျင်သူ တစ်ဦးသည် မျိုးနွယ်စု တစ်ခု၏ အဆင့်အတန်းနှင့် အလားအလာကို ဆုံးဖြတ်နိုင်၏။

သူမ အဖိုးသည် သာမန် သိုင်းတာအို မဟာသခင် မဟုတ်ချေ။ ၎င်းကို ဆုံးရှုံးရပါက မိသားစုအတွက် များစွာ နစ်နာမည်။

“ ဒီလူအိုကြီး နာမည်ကို ... ရှောင်တျန်းချွယ်လို့ ခေါ်ပါတယ် တိမ်မြစ်စီရင်စု မြို့တော်မှာ အတန်ငယ် လူသိများပါတယ် ... ဆရာသာ အသက်ကို ကယ်နိုင်ရင် ကျေးဇူး မမေ့ပါဘူး။ ”

အဖိုးအိုက ယဉ်ကျေးစွာ ကမ်းလှမ်းလိုက်သည်။

“ ဒီဒဏ်ရာလောက်မှ မကုသနိုင်ရင် ... ဘာလို့ မင်းတို့နဲ့ ဒီလို အချိန်ကုန်ခံ နေရမှာလဲ။”

စုရီက တည်ငြိမ်စွာ တုန့်ပြန်လိုက်သည်။ ထိုစကားကြောင့် ရှောင်တျန်းချွယ်တို့ မြေးအဖိုး နှစ်ဦးက ရွှင်မြူးသွား၏။

“ ဆရာ ... ဒီအဖိုးကြီးရဲ့ ဒဏ်ရာတွေကို ကုသနိုင်သရွေ့ လိုချင်တာ မှန်သမျှ တောင်းလို့ ရတယ်။ ”

ရှောင်တျန်းချွယ်မှ လေးလေးနက်နက် ကတိပေး လိုက်သည်။ သို့သော် စိတ်ထဲ၌မူ စိုးရိမ်နေ၏။

တစ်ဖက်လူ၏ စွမ်းရည်အရ သာမာန် ရတနာများဖြင့် ကျေနပ်နိုင်မည် မဟုတ်ချေ။

“ ကောင်းပြီ ... ဒါဆို သမားတော်ကြေး အဖြစ် ငွေနည်းနည်းပေးပါ။ ”

“ ဟမ် ... ။ ”

စုရီ တောင်းဆိုချက်ကြောင့် မြေးအဖိုးနှစ်ယောက် မျက်လုံး ပြူးသွားသည်။ သူတို့နားကို သူတို့ မယုံနိုင် ဖြစ်ကုန်၏။

“ ပြဿနာ ရှိလား။ ”

“ မ ... မရှိပါဘူး ... အဲဒါ ဟို အဆင်ပြေပါတယ်။ ”

ဇီကျင်းက ကမန်းကတန်း ခေါင်းခါ လိုက်ပြီးနောက် နားမလည်နိုင် ဖြစ်သွားသည်။ အဖိုးအိုမှ သက်ပြင်းချ၏။ ထို့နောက် သူ့မြေးကို တိုးတိုးလေးရှင်းပြသည်။

“ မြေး ... ဆရာလို လူတစ်ယောက်က ပိုက်ဆံနည်းနည်းကို ဂရုစိုက်မယ် ထင်လား၊ ဒါ ငါတို့ဆီက ကျေးဇူးဆပ်တာကို မလိုချင်လို့ပဲ။ ”

“ နားလည်ပါပြီ ... ။ ”

သို့မှသာ ဇီကျင်းက နားလည်လာပြီး ငွေစက္ကူတစ်ရွက်ကို အမြန် ထုတ်ယူကာ လက် နှစ်ဖက်ဖြင့် လေးစားစွာ ပေးအပ်လိုက်သည်။

“ ဆရာ ... ဒီမှာ ငွေစက္ကူ တစ်သောင်းပါ၊ အဲဒါက ငါတို့ရဲ့ အသိအမှတ်ပြုမှုပါ၊ ဒါကြောင့် လက်ခံ ပေးပါ။ ”

( ငွေတစ်သောင်းကို ပေါ့ပေါ့ပါးပါး ပေးနေကြတာလား။)

စုရီက အံ့သြသွားသည်။ ဤမြေးအဖိုး နှစ်ယောက်သည် ထင်ထားသည်ထက် များစွာ ချမ်းသာပုံရ၏။

ဝမ်မိသားစု၏ သခင်မလေးများ ဖြစ်သော ဝမ်လင်ကျောက်နှင့် ဝမ်လင်ရွယ်ပင် တစ်လ ငွေသုံးရာသာ ရရှိသည်။

“ တစ်သောင်းက အရမ်းများတယ်။ ”

ထို့ကြောင့် စုရီက ခေါင်းခါလိုက်၏။ ဆေးဖက်ဝင်ပစ္စည်းများ ဝယ်ရန် ငွေလိုအပ် သော်လည်း ဤမျှ မဟုတ်ချေ။

ထိုအပြုအမူက အဖိုးအိုကို ပို၍ လေးစားလာစေ၏။ ဒဏ်ရာများ ပျောက်ကင်း ပြီးနောက် ဤဆရာနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်လည်း ဆုံးဖြတ်မိသည်။

“ ဒါပေမယ့် ... ဇီကျင်းတို့မှာ ပါတဲ့ ငွေစက္ကူက တစ်သောင်းတန် အသေးဆုံးပဲ ရှိတယ်။ ”

-ဟု ဇီကျင်းက တိုးတိုးလေးပြောသည်။

ရှောင်တျန်းချွယ်က သူမကို လက်ပြလိုက်ပြီး၊

“ ဆရာ ... သာမာန်လူတွေအတွက် ငွေတစ်သောင်းက အမှန်တကယ် များပြား ပါတယ်၊ ဒါပေမယ့် ငါတို့လို လူတွေအတွက် ဒါဟာ ဘာမှမဟုတ်သလို ...

... ဘဝအတွက် ကျေးဇူးကို ဖော်ပြဖို့ လုံလောက်တဲ့ ပမာဏ အဆင့်တောင် မရှိပါဘူး ဆရာ့အမြင်မှာ ဒဏ်ရာတွေက အသေးအဖွဲ ဖြစ်ပေမယ့် ဒီအဖိုးကြီးအတွက်တော့ ဘဝတစ်ခုပါပဲ ...

... ကျေးဇူးပြုပြီး လက်ခံပါ ... ဒါမှသာ ဒီအဖိုးကြီးတို့ နှစ်ယောက် စိတ်သက်သာရာ ရနိုင်ပါလိမ့်မယ်။ ”

“ ဟုတ်ပါတယ် ဆရာ အမှန်အတိုင်း ပြောရရင် ... မဟာကျိုး အင်ပါယာမှာ အဖိုးရဲ့ ဘဝက ရွှေတစ်သန်းမက တန်ပါတယ်၊ ဒါက ငွေတသောင်းလေးမို့ ကျေးဇူးပြုပြီး ...

... လက်ခံပေးပါ ... မဟုတ်ရင် အဖိုးက သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ... တစ်သက်လုံး ခံစားနေရ ပါလိမ့်မယ်။ ”

ဇီကျင်းမှလည်း ဝင်ရောက် တောင်းပန် ပေးပြီး ဦးညွှတ်ကာ ငွေစက္ကူ ကမ်းပေးလိုက်၏။ စုရီက ပြုံးသည်။

“ ကောင်းပြီ၊ မင်းတို့နှစ်ယောက် ဒီလောက်လည်း ယဉ်ကျေးနေဖို့ မလိုပါဘူး ... ဒဏ်ရာအတွက် တစ်ပတ်လောက် ဆေးသောက်ပြီး ...

... အလောင်းကောင် အဆိပ်တွေကို အပြီးသတ်ဖယ်ရှားဖို့ လျှို့ဝှက်ပညာရပ်တစ်ခု သင်ပေးမယ်။ ”

သည့်နောက် ဆေးညွှန်းတစ်စောင် ရေးလိုက်သည်။ ဆေးဖက်ဝင် အပင်ပေါင်း သုံးဆယ်ကျော် ပါဝင်၏။

ပါဝင်ပစ္စည်းတိုင်းသည် စျေးပေါပြီး တန်ဖိုးမရှိချေ။ ကျောက်စိမ်း ဖားပြုတ် သာလျှင် ဆယ်နှစ်သက်တမ်း လိုအပ်သည်။

ထိုသို့သော အရာမျိုးသည် မဟာသခင် တစ်ယောက်အတွက် ရှာဖွေရန် ဒုက္ခ ဖြစ်မည် မဟုတ်ချေ။

“ ကျေးဇူးတင်ပါတယ် ဆရာ။ ”

ရှောင်တျန်းချွယ်က ဆေးစာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့် နောက်တစ်ကြိမ် ဦးညွှတ်လိုက်၏။ စုရီမှ ခေါင်းညိတ်သည်။

“ ဒီဆေးကို ခုနှစ်ရက် သောက်ပါ ... ရှစ်ရက်မြောက်နေ့မှာ ဒီကို ပြန်လာခဲ့ အဆိပ်ကို ရှင်းထုတ်နိုင်အောင် ကူညီပေးမယ် ... ငါ့မှာ တခြားကိစ္စတွေရှိလို့ သွားခွင့်ပြုပါဦး။ ”

ဇီကျင်းနှင့် ရှောင်တျန်းချွယ်က စုရီပျောက်ကွယ်သွားသည်အထိ ငေးကြည့်ကာ ကျန်ရစ်ခဲ့သည်။

“ အဖိုး ... သူသာ အဖိုးရဲ့ ပြဿကို မမြင်နိုင်ခဲ့ရင် လိမ်ညာတဲ့ လူတစ်ယောက်လို့ ထင်မိမှာ အမှန်ပဲ။ ”

“ မြေးလေး ... ဆရာကို နောက်တစ်ကြိမ် တွေ့ရင် ကျိုးနွံပြီး လေးစားမှုရှိပါ ... နည်းနည်းမှ မရိုမသေ မလုပ်မိစေနဲ့။ ”

“ စိတ်မပူပါနဲ့ အဘိုး ... မှတ်ထားပါ့မယ်။ ”

“ တစ္ဆေမိခင်တောင်က ပြန်သွားပြီးရင် အသက်ရှင်ဖို့ ရက်အနည်းငယ်ပဲ ရှိတော့မယ်လို့ ထင်ထားတာ ... ဒီလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နဲ့ ဆုံခွင့်ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ...

... မှန်ကန်တဲ့ လမ်းကိုပြပြီး ဆေးစာ တစ်စောင်ရေးပေးခဲ့တယ် ... ငါ့မှာ ဘယ်လို ကုသိုလ်ရေးတွေက ဒီအခွင့်အရေးနဲ့ ထိုက်တန် ခဲ့တာလဲ ... ငါ ဘာတွေများ လုပ်ခဲ့လဲ။ ”

အဖိုးအိုက သူ့ကံကြမ္မာကို မယုံကြည် နိုင်စွာဖြင့် ညည်းတွား ရေရွတ်နေရာမှ နဖူးကို ပြန်ရိုက်ကာ၊

“ သေစမ်း ... ငါက တကယ် အသက်ကြီးနေပြီ ... အကြီးအကဲရဲ့ နာမည်ကို မေးဖို့ မေ့သွားတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

All Chapters