မွေးနေ့ ... ။
Vol. 1 Ch. 8
ယင်ခြောက်ပါး အလောင်းကောင်သည် တစ္ဆေမိခင် တောင်းတန်းအတွင်း၌ ရှိနေသည် လော။
ဆိုလိုသည်မှာ ထိုအရပ်ဒေသတွင် မကောင်းဆိုးဝါး ယင်ဝိညာဉ် သွေးပြန်ကြော ရှိရပေမည်။
ထို့ကြောင့်သာ သရဲတစ္ဆေများသည် ယင်ခြောက်ပါး အလောင်းကောင် ဖြစ်လာခြင်း ဖြစ်သည်။
အရိုင်းမြေ ကိုးပါးတွင် မကောင်းဆိုးရွား ယင်ဝိညာဉ် သွေးပြန်ကြောများသည် ရှားပါးလှ ချေ၏။
ဝိညာဉ် စွမ်းအင်များ ပါးလျနေသည့် မဟာကျိုး အင်ပါယာအတွင်း တစ်ခုပေါ်လာ သည်မှာ မယုံနိုင်စရာ ပေပင်။
သိုင်းတာအို တတိယ အဆင့်သည် အတွင်းအင်္ဂါများ သန့်စင်ခြင်း ဖြစ်ပေသည်။ မကောင်းဆိုးဝါး ယင်ဝိညာဉ် သွေးပြန်ကြောကို အသုံးပြုသော် နှစ်ဆ အကျိုးထူး၏။
ထို့ပြင် ယင်ခြောက်ပါးမြက်နှင့် မြင့်မြတ်သော ယန်ပန်းများ သည်လည်း ထိုအဆင့်အတွက် အထောက်အကူပြု ဆေးဝါးများ ဖြစ်သည်။
သွေးသန့်စင်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိသည်နှင့် ဤဒေသကို လှည့်ပတ်ကြည့် ရှုရန် လိုနေပုံရသည်။
ထိုအတွေးများဖြင့် စုရီက ကွမ်လင်မြို့သို့ ပြန်လာသောအခါ မြို့တံခါး၌ အစောင့်များစွာ ချထားသည်ကို မြင်လိုက်ရ၏။
မြို့အတွင်းမှ အထက်တန်းစားများ၊ အရာရှိများနှင့် ကိုယ်ရံတော် တပ်များက အသင့် အနေအထားဖြင့် ရပ်နေကြခြင်းပေပင်။
ဘေးဂိတ်တံခါးများမှ ဖြတ်သန်း သွားလာနေကြသော မြို့ခံများက စူးစမ်းလိုစိတ် များနှင့် ထိတ်လန့်တကြား ဖြစ်နေသည်။
“ မြို့တော်သခင်က ကိုယ်တိုင် လာကြိုရအောင် ဘယ်သူလာမှာ မို့လဲ။ ”
“ ကြည့်စမ်း အဲဒါ စုရီ မဟုတ်ဘူးလား၊ ဝမ်မိသားစုရဲ့ သားမက်လေ တစ်ချိန်က မြစ်ပြာ ဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီး ပါရမီရှင် တစ်ယောက်ရဲ့ကျရှုံးခန်းပဲ တကယ်ကို သနားစရာပါ။”
လူအုပ် အတွင်းမှ အဖြတ်တွင် ဝေဖန်သံများကို ကြားလိုက်ရသည်။ စုရီက လျစ်လျူရှုလျက် ထွက်ခွာလာခဲ့၏။
စုရီပျောက်ကွယ်သွားပြီး မကြာမီ ရှောင်တျန်းချွယ်နှင့် ဇီကျင်းတို့ မြေးအဖိုးမှာ မြို့တံခါးထံ ရောက်ရှိလာ၏။
ကွမ်လင် မြို့တော်သခင် ဖူရှန်းက လှမ်းထွက်လာပြီး ဦးညွှတ်ကာ နှုတ်ခွန်းဆက် လေသည်။
“ လက်အောက်ငယ်သား ဖူရှန်းက မြင့်မြတ်သော အကြီးအကဲနဲ့ သခင်မလေးကို နှုတ်ဆက်ပါတယ် ... ။ “
“ မင်္ဂလာပါ မြင့်မြတ်သော အကြီးအကဲနဲ့ သခင်မလေး။ ”
ဖူရှန်းနောက်မှ ကျွမ်းကျင်သူများနှင့် အဆင့်မြင့် အရာရှိများအပြင် ကိုယ်ရံတော် အဖွဲ့ တစ်ဖွဲ့လုံးက စနစ်တကျ နှုတ်ခွန်းဆက် စကား ပြောကြားလာကြသည်။
ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ ဘေးဂိတ်တံခါးမှ ဖြတ်သန်း သွားလာနေသည့် လူအများက ချက်ချင်းရပ်ကာ စူးစမ်းချေပြီ။
ရှောင်တျန်းချွယ်က ဖူရှန်းနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ကာ သူ့လက်ကို နောက်ပို့လျက် ရောင်ဝါများ ထုတ်လွှတ် လိုက်သည်။
ဤသည်မှာ ဘဝတစ်လျှောက်လုံး သူနှင့်အတူ ရှိနေခဲ့သော ကြီးစိုးမှု ရောင်ဝါ ဖြစ်ချေ၏။
ဇီကျင်းက နောက်ပြန်ဆုတ်လိုက်ပြီး ရပ်နေလိုက်သည်။ အရပ်ရှည်ရှည် သေးသေး သွယ်သွယ်နှင့် ဘဲဥပုံ မျက်နှာအကျသည် မိုင်တစ်ထောင် အကွာမှပင် သူမကို သတိထားမိစေ၏။
“ ဖူရှန်း၊ ငါက မြင့်မြတ်သော အကြီးအကဲ တစ်ယောက် မဟုတ်တော့တာ ကြာပါပြီ ... ကျန်တဲ့လူတွေကို ပြန်ဆုတ်ခိုင်းပါ ... လူထုကို စိတ်အနှောက်အယှက် မဖြစ်စေနဲ့။ ”
“ ဟုတ်ကဲ့ပါ ဆရာ။ ”
မြို့တော်သခင် ဖူရှန်းက သူ့နောက်လိုက်များထံ လက်ပြ လိုက်သည်။ ချက်ချင်း မြို့တံခါးမှာ ဗလာကျင်းသွား၏။
“ ဦးလေးဖူ၊ ဒီဆေးအမယ်တွေကို စုဆောင်းဖို့ မင်းကို ဒုက္ခပေးရလိမ့်မယ် ... ငါတို့ ခုနစ်ရက်စာ လိုချင်တယ် ... အနားယူဖို့ ပြင်ဆင်ပေးပါ။ ”
ဇီကျင်းက ရှေ့တိုးလာပြီး ဆေးစာ ကမ်းပေးလိုက်သည်။
“ သခင်မလေးရဲ့ အမိန့်ကို နာခံပါတယ်။ ”
မြို့တော်သခင် ဖူရှန်းက လေးနက်စွာ ဦးညွှတ်သည်။ ရှောင်တျန်းချွယ်က ခေါင်းညိတ် ပြပြီး စကား မပြောတော့ချေ။
သူ့မြေး ဇီကျင်းကို အချက်ပြကာ မြို့တံခါးအတွင်း လှမ်းဝင်လိုက်တော့သည်။ ဖူရှန်းမှ ကမန်းကတန်း သူတို့နောက်သို့ လိုက်လာခဲ့၏။
ဝမ်မိသားစုစံအိမ် အတွင်း စုရီက မျက်လုံးများ မှိတ်လျက် သစ်သားစည် အတွင်း ထိုင်နေသည်။ သူ့ဝန်းကျင်တွင် အဖြူရောင် အငွေ့အသက် အနည်းငယ် ရစ်သိုင်းနေ၏။
ဤသည်မှာ ထင်းရှူးကြိုးကြာ ခန္ဓာကိုယ် သန့်စင်ခြင်း၏ အသက်ရှု နည်းစနစ် ဖြစ်သည်။
စည်ပိုင်းအတွင်း လေးနာရီကြာ အပူပေးထားသော ဆေးဖက်ဝင် အပင်ပေါင်း ငါးဆယ်ကျော်၏ အာနိသင်များ ရှိ၏။
ဤဆေးဖက်ဝင် အပင်များသည် ကျင့်ကြံသူများ အမြင်တွင် ဝိညာဉ် စွမ်းအင် မရှိသော သာမန်မျှသာ ဖြစ်သည်။ ငွေတန်ဘိုး ငါးရာသာ ရှိပေ၏။
သို့သော် ထိုပမာဏသည် သာမာန် မိသားစုတစ်ခု၏ ဆယ်နှစ်စာ အသုံးစရိတ်ခန့် ရှိသည်။
ထို့ကြောင့် သူ ဆင်းရဲသည် စာပေပညာ သင်ကြားကာ ကြွယ်ဝသူသည် ကိုယ်ခံပညာကို လိုက်စားခြင်း ဖြစ်၏။
ကျင့်ကြံသူများအတွက် လိုအပ်သော အရင်းအမြစ်နှင့် အသုံးစရိတ်သည် နိမ့်ကျသော လူတန်းစားများ အတွက် မနိုင်ဝန်ပေပင်။
ဝမ်မိသားစုသည် ကွမ်လင်မြို့ငယ်၌ အင်အားကြီး မဟာမိသားစု သုံးခုအတွင်း ဝင်သည်။
မိသားစုဝင် လူငယ်ပေါင်း တစ်ထောင်ကျော်သော်လည်း ကျင့်ကြံရန် ပထမတန်း အရည်အချင်း ရှိသူ အနည်းငယ် ကိုသာ ရွေးချယ် ပြုစုပေးနိုင်သည်။
သာမာန် ကျင့်ကြံသူများ အတွက် ခန္ဓာကိုယ်ကြံ့ခိုင်စေရန် နေ့စဉ် ဖြည့်စွက်စာ များသာ ပေးကမ်းနိုင်၏။
အဘယ့်ကြောင့် ဆိုသော် ပထမတန်းစား လူငယ်များအတွက် ကျင့်ကြံမှု အဟုန်မြှင့်ရန် ဆေးဝါးများ လိုအပ်သောကြောင့် ဖြစ်သည်။
အဆုံးတွင် အကယ်ဒမီ ကျောင်းများသို့ ဝင်ရောက်ရာ၌ များပြားသော လစဉ်ကြေးများ ပေးသွင်းရသေးသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လျက် နေမင်းကြီး ပျောက်ကွယ်သွား၏။ တရားထိုင် နေသော စုရီမျက်လုံးများ ပွင့်လာသည်။
ပိုးသားများကဲ့သို့ ဖြူသွယ်နေသော အခိုးအငွေ့ တစ်စုံက သူ့နှာခေါင်းမှ တိုးထွက် လာခဲ့၏။
“ ဂျိန်း ... ။ ”
ထိုအခိုးအငွေ့သည် သုံးပေအကွာသို့ ရောက်ချိန်၌ မိုးခြိမ်းသံသဲ့သဲ့ ထုတ်ဖော်လျက် ပျောက်ကွယ်သွားသည်။ တစ်ရက်တည်းဖြင့် အခြေခံအုတ်မြစ် ခိုင်မာသွားပြီ ဖြစ်သည်။
စည်ပိုင်းအတွင်းမှ ထရပ်ကာ အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီး ခြံဝင်းထဲ လျှောက်လှမ်းလာခဲ့သည်။
“ ဝှစ် ... ။ ”
ရုတ်တရက် သူ့ လက်ချောင်းကို ဆန့်ထုတ်ပြီး အနီးဆုံး သစ်ပင်ရှိ သစ်ကိုင်း တစ်ကိုင်းထံ လှမ်းထိုးလိုက်၏။
သစ်ကိုင်း တစ်ခုလုံး အမှုန့် ဖြစ်သွားသည်။ ထူးဆန်းသည်မှာ အရွက်များ အကောင်းအတိုင်း ကျန်ရစ်ခဲ့ခြင်း ပေပင်။
သိုင်းတာအို အစောပိုင်း အဆင့်သည် ကိုယ်လုံးကိုယ်ပေါက်၊ သွေးနှင့် စွမ်းအင်ကို သန့်စင်ပေး၏။
သို့မှသာ လက်တွေ့ တိုက်ပွဲများ၌ စွမ်းအင်ကို ထိန်းချုပ်နိုင်ပေမည်။ အစွမ်းထက် ကျင့်ကြံသူ တစ်ဦးသည် သစ်ပင်ပေါ်တွင် လှံတစ်စင်းဖြင့် နေ့စွဲ ရေးထိုးနိုင်သည်။
ဤသည်မှာ အလွန် ကျွမ်းကျင်သော စွမ်းအင် ထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။ လက်ရှိ သူ့ တိုက်ခိုက်မှုသည် ဥပမာတစ်ခု ပေပင်။
အတိတ်တွင် လက်ညိုး တစ်ချောင်းဖြင့် သမုဒ္ဒရာများအပေါ် ခွဲထုတ်နိုင်ပြီး လက်လှိုင်းက တောင်တန်းကို ချေမွှနိုင်သည်။
နောက်ထပ် ရက်အနည်းငယ် တိုင်အောင် မနက်တိုင်း မြစ်ကမ်းပါးတွင် ကျင့်ကြံရန် မြို့မှ ထွက်ခွာပြီး ညနေခင်းတွင် ဆေးဖက်ဝင် ရေချိုးခဲ့သည်။
ဤရက်များအတွင်း သူ့ခယ်မ ဖြစ်သူ ဝမ်လင်ရွယ်သည် တိမ်ထင်းရှူး ဓားစံအိမ်သို့ ပြန်သွားပြီ ဖြစ်သည်။
ရက်အနည်းငယ်အတွင်း သူမ အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မည် ဖြစ်ရာ ထိုပွဲ၌ မဖြစ်မနေ ပါဝင်ရန် သူ့ကို သတိပေးသွား၏။
“ သွေးသန့်စင်ခြင်း အရေပြားအဆင့် အထွတ်အထိပ်။ ”
ခန္ဓာကိုယ် အပြောင်းအလဲကို ခံစားလိုက်ရကာ ကျေနပ်သွားမိသည်။ ထင်းရှူး ကြိုးကြာ နည်းစနစ်သည် အရိုင်းမြေ ကိုးပါး၌ အမှန်တကယ်ပင် နံပါတ်တစ် အခြေခံ နည်းပညာ ဖြစ်ထိုက်ချေ၏။
၎င်း၏ အနှစ်သာရနှင့် နက်နဲမှုတို့ကို နားလည်ပြီးနောက် ငါးရက်အတွင်း အနာဂတ် အတွက် အုတ်မြစ်ကို ချမှတ်နိုင်ခဲ့ချေပြီ။
လက်ရှိအုတ်မြစ်သည် ယခင်ဘဝထက် သာလွန် ခိုင်မာ၏။ သွေးသန့်စင်ခြင်း ဟူသည် သိုင်းတာအို ပထမအဆင့် မျှသာဖြစ်သည်။
၎င်းသည် ကိုယ်ခန္ဓာကို သာမန်လူများထက် ပိုသန်မာစေသော်လည်း သေမျိုး နယ်နိမိတ်ထဲ ရှိနေဆဲ ဖြစ်၏။
အရိုင်းမြေကိုးပါးတွင် သိုင်းတာအိုနယ်ပယ် လေးဆင့်ကို သေမျိုးခန္ဓာသွန်းလောင်းခြင်း ဟု ခေါ်သည်။
( လူတစ်ဦး၏ ဇီဝကမ္မ စွမ်းအင်ကို စွန့်လွှတ်ပြီး ၎င်းကို မသေနိုင်သော စွမ်းအင်ဖြင့် အစားထိုးကာ တန်ခိုးရှင် ဖြစ်စေခြင်း လမ်းကြောင်း ပေပင်။ )
သိုင်းတာအိုနယ်ပယ်ကို ဖြတ်ကျော်ကာ မူလတာအိုနယ်ပယ် ရောက်မှသာလျှင် ရှန်ရှင်း ကျင့်ကြံသူဟု ခေါ်ဆိုနိုင်၏။
ထိုအဆင့်တွင် ကျင့်ကြံသူသည် နှင်းနှင့် အာရုဏ် အလင်းရောင်ကို ရှူရှိုက်ကာ ရှင်သန် နိုင်ပြီး အစာရှောင်နိုင်၏။
၎င်းတို့သည် သာမန်လူနှင့် ကွာခြားပြီး၊ ကိုယ်ခံပညာများကိုလည်း စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
အတိတ်ဘဝအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကြောင့် စုရီသည် မိနစ်ပိုင်း အတွင်း သွေးသန့်စင်ခြင်း ပထမအဆင့်ကို အောင်မြင်ခဲ့သည်။
ငါးရက်အတွင်း ငွေနှစ်ထောင်ငါးရာ ကုန်သွား၏။ အနာဂါတ်တွင် အရင်းအမြစ် အဆမတန် လိုအပ်လာပေမည်။
ကျင့်ကြံသူ တစ်ဦးတစ်ယောက်အတွက် ကြွယ်ဝမှု၊ တာအိုအဖော်၊ နည်းစနစ်နှင့် နယ်မြေ ဟူသော ဤလေးရပ်သည် အခြေခံ လိုအပ်ချက်များ ဖြစ်သည်။
၎င်းတို့အနက် ကြွယ်ဝမှုရှိရန် ဦးစွာလိုအပ်၏။ သို့မှသာ ဆေးဝါးများနှင့် ရတနာများ ဝယ်ယူနိုင်ပေမည်။
“ ငါသာ ဂိုဏ်းကြီး တစ်ဂိုဏ်းထဲ ဝင်နိုင်ခဲ့မယ်ဆိုရင် ဒီလောက် ပမာဏလေး အတွက်နဲ့ စိတ်ပူနေစရာ မလိုဘူး။ ”
စုရီက သက်ပြင်းချပြီး ခေါင်းယမ်းလျက် ထိုအတွေးများကို ရှင်းထုတ်ပစ်လိုက်တော့၏။ လက်တလော ခွန်အားအရ ကွမ်လင်မြို့မှ ထွက်သွား၍ မရသေးချေ။
ရုတ်တရက် ဝမ်လင်ရွယ်က ဝမ်သာအားရ ပြေးဝင်သည်။
“ အစ်ကိုစု ... ။ ”
“ ဟမ့် ... မင်းကျောင်းမသွားဘူးလား ဒီမှာ ဘာလုပ်နေတာလဲ။ ”
စုရီက အံ့ဩသွား၏။
“ ဒီနေ့ ငါ့မွေးနေ့ ... အတန်းဖော်တွေကို အင်မော်တယ် စံအိမ်မှာ ဧည့်ခံပွဲ လုပ်ပေးမလို့ လာ သွားကြရအောင်။ ”
စကား ပြောလျက်မှ သူ့လက်ကိုဆွဲကာ အပြင်သို့ ခေါ်သွားသည်။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကျင့်ကြံမှုမှလွဲ၍ အရာ အားလုံးကို မေ့လျော့သွားခဲ့၏။
ထို့ကြောင့် ဝမ်လင်ရွယ်ထံမှ မျှော်တလင့်လင့်နှင့် လျစ်လျူရှု လိုက်သော အသွင်ကြောင့် စိတ်မကောင်း ဖြစ်သွား မိလေသည်။
ကြည့်ရသည်မှာ ယခုနှစ်တွင် ဤကောင်မလေးအတွက် ထူးခြားသော မွေးနေ့ လက်ဆောင်တစ်ခု ပေးရပေတော့မည်။
***