← Chapters

လူငယ် ... ။

Vol. 1 Ch. 10

လူငယ် ... ။

Vol. 1 Ch. 10

“ ကျွီ ... ။ ”

တံခါးဖွင့်သံသည် ကျယ်လောင် ပြင်းထန်လှ၏။ သီးသန့်ခန်းအတွင်းရှိ လူတိုင်း မျက်ခုံးပင့် ကြည့်မိသည်။

ဤသည်မှာ ကွမ်လင်မြို့ရှိ နံပါတ်တစ် စားသောက်ဆိုင် ဖြစ်၏။ မဖိတ်ခေါ်ဘဲ အတင်း အကြပ် ဝင်ရောက်ရန် မလွယ်ကူချေ။

“ ဝိုး ... လင်ရွယ်ရဲ့ မွေးနေ့ကို ဒီမှာကျင်းပနေတာ ကြားလို့ ငါပွဲလာတက်တာ ဟား ဟား ဟား ... မင်းတို့က တကယ်ပဲကိုး။ ”

အသစ်ရောက်ရှိလာသော လူငယ်သည် အထက်တန်းစား ၀တ်စုံဖြင့် ဆံပင်ရှည်များကို နောက်ကျောတွင် ချည်နှောင်ထား၏။

ချောမော ကြည့်ကောင်းသော်လည်း အရက်မူးယစ်နေသော အသွင်အပြင်မျိုး ရှိချေပြီ။

ဟွမ်ချမ့်ကျွယ်။ ဤလူငယ်သည် ဟွမ်မိသားစု၏ သခင်လေး ဖြစ်သည်။ ဟွမ် မိသားစုသည် ကွမ်လင်မြို့၏ မဟာမိသားစု သုံးခုအဆင့် ဝင်၏။

သူ့အဖေသည် ဟွမ်မိသားစု ခေါင်းဆောင် ဟွမ်ယွင်ချုံး ဖြစ်ပြီး မောက်မာလွန်းသူ တစ်ဦး ဖြစ်သည်။

သူ့သား ဟွမ်ချမ့်ကျွယ်သည်လည်း လူရမ်းကား တစ်ယောက် ဖြစ်၏။ အသက် (၁၇) မျှသာ ရှိသေးသော်လည်း ၎င်းကို သတ်ချင် နေသူများစွာ ရှိသည်။

သို့သော် သူ့ဖခင်၏ အကာအကွယ် ပေးမှုကြောင့် ယနေ့တိုင် အသက်ရှင်လျက် ကျန်းမာနေခဲ့ခြင်း ပေပင်။

မိန်းကလေးများ၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် အစားထိုးလာခဲ့သည်။ ဤလူမိုက်၏ မကောင်းသတင်းကို သူတို့ ကြားဖူးသည်မှာ ကြာပြီ ဖြစ်၏။

ဝမ်လင်ရွယ်နှင့် နီထန့်သည်ပင် အေးစက် တင်းမာသွားသည်။ မည်သူကမျှ မိတ်ဖွဲ့လိုစိတ် မရှိကြချေ။ စုရီမှ ငြိမ်သက်စွာ အကဲခတ်နေ၏။

“ ငါ့မွေးနေ့က နင်နဲ့ဘာဆိုင်လဲ ... အခုချက်ချင်း ထွက်သွားပါ။ ”

“ ဝိုး ... မင်းက ဝမ်လင်ကျောက်ရဲ့ ညီမ ပီသပါပေတယ် .. အလှတရားမှာတော့ တကယ့် ထိပ်တန်းပဲ ... မင်းလိုလူကသာ ဒီသခင်လေးနဲ့ ထိုက်တန်တယ်။ ”

“ နင် ... ။ ”

“ ဟား ဟား ဟား ... ကြည့်စမ်း ဘယ်လောက် လှလိုက်လဲ ... ဒေါသထွက်တာ တောင်မှ ချစ်စရာကောင်းလိုက်တာ ... ငါသာ နင့်ကို လက်ထပ်နိုင်ရင် ... ငါ့အဘိုးကြီး ကျေနပ်သွားမှာ သေချာတယ်။ ”

သူနှင့်အတူ လိုက်ပါလာသော နောက်လိုက်အချို့က အခန်းထဲ လှမ်းဝင်လာ၏။ မိန်းကလေးများ အားလုံး ထိတ်လန့်သွားကာ နီထန့်ထံ လှည့်ကြည့်သည်။

နီထန့်က အသက်ပြင်းပြင်း ရှူလိုက်သည်။ ဤအချိန်မျိုးတွင် သူ ထရပ်ရမည်ကို သိရှိချေပြီ။ ထို့ကြောင့် လက်သီးများ ဆုပ်လျက်၊

“ သခင်လေးဟွမ် ... ဒီနေရာက အင်မော်တယ်စံအိမ်ပါ ... လေးစားမှု ရှိပေးပါ ရမ်းကားတဲ့ အပြုအမူက ကောင်းကျိုး မပေးပါဘူး။”

-ဟု နားချလိုက်၏။

ဟွမ်ချမ့်ကျွယ်၏ အပြုံးများ ပျောက်ကွယ်သွားကာ ချက်ချင်း မျက်နှာ မည်းမှောင် သွားသည်။

“ မင်းက ဘယ်သူတုန်း ... ငါ့ကို သွန်သင်ရအောင် မင်းကိုယ်မင်း ဘယ်သူ ထင်နေတာလဲ ဟမ့် ... ။ ”

ထိုမေးခွန်းက နီထန့်ကို မျက်နှာ ဖြူဖျော့ လာစေသည်။ သူ့အသွင်အပြင်အရ တစ်ဖက်လူ အပေါ် စိုးရွံ့နေမှန်း မြင်သာ၏။

“ သခင်လေး ... ဒီကောင်လေးက မြို့စောင့်တပ်မှူး နီပိုင်ဟွာရဲ့ သားပါ သခင်လေး ဖခင်နဲ့ မိတ်ဆွေတွေပဲ။ ”

နောက်လိုက်တစ်ယောက်က ပြုံးပြီး ဝင်ရောက် သတိပေးသည်။ ဟွမ်ချမ့်ကျွယ်၏ မျက်လုံးများ မှေးစင်းသွား၏။

“ နီထန့် ... ငါမင်းကို အခွင့်အရေး ပေးမယ်၊ အခုချက်ချင်း မျက်စိအောက်ကနေ ထွက်သွားပါ မဟုတ်ရင်တော့ မင်းကို ခွေးတစ်ကောင်လို သတ်ပစ်မိလိမ့်မယ်။ ”

နီထန့်ခမျာ အရှက်တရားနှင့် ဒေါသများ တောက်လောင်လာ၏။ ယင်က မိန်းကလေး များကို ခိုကိုးရာမဲ့ သွားစေသည်။

“ ဟွမ်ချမ့်ကျွယ် နင်ဘာလိုချင်တလဲ။ ”

“ ဟား ဟား ဟား ... ။ ”

ထိုအချိန်တွင် ဝမ်လင်ရွယ်က အေးစက်စွာ မေးမြန်းလိုက်၏။ ဟွမ်ချမ့်ကျွယ် တစ်ယောက် ရယ်မောလျက် လက်နှစ်ဖက်ကို ပွတ်သပ် လိုက်သည်။

“ မေးခွန်း ကောင်းတယ် ... မနက်ဖြန် ဝမ်မိသားစုဆီ ငါ့အဘိုးအို လာလည်ပြီး မင်းနဲ့ ငါ့ရဲ့ မင်္ဂလာကိစ္စ စီစဉ်ကြမယ်။ ”

“ ရိုင်းလိုက်တာ နင့်လို လူဆိုးလူမိုက်နဲ့ လက်ထပ်မဲ့ အစား ... ငါ့ကိုယ်ငါ သတ်သေပစ် လိုက်မယ်။ ”

“ ဟား ဟား ဟား ဒီလောက်လည်း မာနကြီးပြ မနေပါနဲ့ မင်းအစ်မ ဝမ်လင်ကျောက် တုန်းကလည်း ဘယ်လောက်ပဲ လှလှ ...

... နောက်ဆုံးတော့ ... မင်းဘေးက အညစ်အကြေးကောင်နဲ့ လက်ထပ် ရတာပဲ မဟုတ်လား။ ”

ဟွမ်ချမ့်ကျွယ်က စုရီထံ ဝေ့ကြည့်ကာ သူ့စကားဝိုင်းအတွင်း ဆွဲထည့် လှောင်ပြောင်၏။

“ စိတ်မပူပါနဲ့ အိမ်ထောင်ရေးဆိုတာ ... ငါတို့လို လူငယ်တွေ ဆုံးဖြတ်ရမယ့် ကိစ္စမျိုး မဟုတ်တာ ငါသိတယ် ...

... တစ်လအတွင်း ဝမ်မိသားစုက သဘောတူလာအောင် ငါ့အဘိုးက တာဝန်ယူ ပေးပါလိမ့်မယ်။ ”

ထိုစကားကြောင့် ဝမ်လင်ရွယ်ခမျာ တုန်ယင်သွားတော့သည်။ သူမ အစ်မသည် အစ်ကိုစုနှင့် လက်ထပ်ရမည်ဟု ဆိုချိန်က လုံးဝငြင်းဆန်ခဲ့သည်။

သို့သော် မိဘများပင် ဘိုးဘေး၏ ဆန္ဒကို မပယ်ရှား နိုင်ခဲ့ချေ။ ထို့ကြောင့် သူမသည်လည်း ဤအဖြစ်နှင့် အလားသဏ္ဍာန် တူလာ၏။

“ စိတ်အေးအေးထား ... ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ”

စုရီက ပြုံးလျက် သူမ ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးသည်။ သို့တိုင် နှလုံးသား အတွင်းမှ ဆို့နင့်လာပြီး မျက်ရည်များ ရစ်ဝိုင်းလာ၏။

“ အစ်ကိုစု ... ငါ မပျော်တော့ဘူး။ ”

“ ကောင်းပြီ ... ဒါဆို ပြန်ကြရအောင်။ ”

“ အင်း ... ။ ”

ဝမ်လင်ရွယ်မှ အလိုလို ခေါင်းညိတ်ပြ မိသော်လည်း ရုတ်တရက် ဟွမ်ချမ့်ကျွယ်ကို သတိရကာ စိုးရိမ်သွား၏။

“ အစ်ကိုစု သူတို့ …။ ”

“ စိတ်မပူနဲ့ ... ။ ”

စုရီက ညင်သာစွာ ပြောသည်။ ထို့နောက် ကျန်မိန်းကလေးများနှင့် နီထန့်ထံ လှမ်းကြည့် လိုက်ကာ၊

“ မင်းတို့ရော ပြန်လိုက်မှာလား။ ”

-ဟု မေးမြန်းလိုက်၏။

ဤမေးခွန်းကို လူတိုင်း ပြန်မဖြေနိုင်ချေ။ အံ့အားသင့်စွာဖြင့် စုရီကို ပြန်ကြည့်သည်။ စုရီ တစ်ယောက် ရူးသွားပုံ ပေပင်။

“ ဟား ဟား ဟား ... ။ ”

ကမ္ဘာပေါ်ရှိ ရယ်စရာ အကောင်းဆုံးသော ပြက်လုံးကို ကြားလိုက်သကဲ့သို့ ဟွမ်ချမ့်ကျွယ်မှ ရယ်သည်။

“ စုရီ ... မင်းလို အသုံးမကျတဲ့ လူက ငါ့ထက်တောင် မာနကြီးပြနေပါလား ... ငါ့ကို ပြောပါ … မင်းကို ဘယ်သူ သတ္တိပေးခဲ့လဲ။ ”

ဟွမ်ချမ့်ကျွယ်မှ စုရီကို မေးခွန်း ထုတ်လာသည်။ နီထန့်က စုရီထံ လှည့်ကြည့် လိုက်ကာ၊

“ စုရီ၊ ငါတို့ပြသနာထဲ ဝင်မပါနဲ့ ... ထားလိုက်ပါ ... ဆက်ထိုင်နေ မဟုတ်ရင် မင်း ဘာဖြစ်သွားမယ်ဆိုတာ ငါမသိဘူး။ ”

-ဟု သတိပေးမိသည်။

“ မင်းက လူငယ်ပဲ ... ဒါကြောင့် သွေးပူနေသင့်တယ် ... မဟုတ်ရင် မင်းခေါင်းကို ဘယ်လိုများ မော့ထားနိုင်မှာလဲ ... မင်းပြောတာ ငါကြိုက်တယ်။ ”

စုရီက နီထန့်ကို ကြည့်ကာ ခေါင်းညိတ် ပြလိုက်သည်။ နီထန့် တစ်ယောက် အံ့ဩသွား ခဲ့၏။ ဤလူသည် သူ့ကို သွန်သင်နေချေပြီ။

ထိုအချိန်တွင် ဟွမ်ချမ့်ကျွယ်သည် သည်းမခံနိုင်တော့ဘဲ သူ့နောက်လိုက်များကို လက်ပြလိုက်တော့၏။

“ ဒီအသုံးမကျတဲ့ လူကို ဖမ်းဆီးပြီး မြို့တံခါးမှာ ချိတ်ဆွဲထားလိုက် ... တစ်မြို့လုံး မြင်ပါစေ။ ”

“ ဟုတ်ကဲ့ပါ ... သခင်လေး။ ”

အစောင့်တစ်ယောက်က လှမ်းတက်လာပြီး၊

“ ကောင်လေး ... ငါ မင်းနဲ့ ကစားမယ်။ ”

-ဟု ပြောကြား လာတော့၏။

ဤအစောင့်သည် အရပ် ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ကောက်ကျစ်သော အသွင်မျိုး ရှိသည်။

သူ့အမည်မှာ ယန်ရှန့် ဖြစ်၏။ ဟွမ်ချမ့်ကျွယ်၏ လက်အောက်ငယ်သားများ အနက် အသန်မာဆုံး ပေပင်။

သွေးသန့်စင်ခြင်း ကြွက်သား အဆင့် ဖြစ်ချေ၏။ ထို့ကြောင့် ၎င်း၏ အရေပြားများနှင့် ကြွက်သားသည် သံမဏိအလား မာကျောကာ နွားရိုင်းတစ်ကောင်လို သန်မာသည်။

ထို့အပြင် မဟာ ကျောက်လက်ဝါး ကိုလည်း လေ့ကျင့်ထား၏။ ၎င်းမှ မဟာကျောက်လက်ဝါး ဖြင့်ပင် စုရီ၏အရိုးများကို ချိုးပစ်ရန် ရိုက်ချလာသည်။

“ ဝှစ် ... ။ ”

သို့သော် စုရီက ယုန်ကို မြင်သော သိမ်းငှက်ကဲ့သို့ ၎င်း၏ လက်ကောက်ဝတ်ထံ ဖမ်းဆုပ်ကာ ပြန်လည် တွန်းပစ်သည်။

“ ဖပ် ... ။ ”

“ အွတ် ... ။ ”

စွမ်းအင်လှိုင်း တစ်ခုက ယန်ရှန့် လက်ကောက်ဝတ်မှတဆင့် ခန္ဓာကိုယ်အတွင်း ရိုက်ခတ်သွား၏။

စာရွက်များကို စုပ်ပြဲသွားသကဲ့သို့ သွေး၊ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါအချို့ လှုပ်ခါ ကမောက်ကမ ဖြစ်ကုန်သည်။

ဤဒဏ်ရာသည် သေဆုံးမည် မဟုတ်သော်လည်း တုန်ခါမှု လှိုင်းများကြောင့် အတွင်းအင်္ဂါများ ကြီးစွာ ပျက်စီးရ၏။

“ ဘုန်း ... ။ ”

တစ်ဆက်တည်းမှာပင် ခြေကန်ချက် တစ်ချက် ထပ်မံ ကျရောက်လာသဖြင့် ယန်ရှန့် တစ်ယောက် သီးသန့်ခန်းနံရံသို့ လွင့်စဉ် ထိမှန် ပြုတ်ကျသွားလေသည်။

ဒွါရ ခုနစ်ပါးမှ သွေးများ ယိုစီးကျလျက် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်းအသံ တိတ်ကျသွားချေပြီ။

***

All Chapters