← Chapters

နီထန့်။

Vol. 1 Ch. 9

နီထန့်။

Vol. 1 Ch. 9

“ ဒီနှစ်မှာ မင်းရဲ့ မွေးနေ့ကို အပြင်မှာ ကျင်းပတော့မှာလား။ ”

“ လင်ရွယ်က ဆယ့်ခြောက်နှစ်ရှိပြီ ... မွေးနေ့ပွဲအတွက် ဘယ်လိုကျင်းပမလဲ ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါပြီ။ ”

အင်မော်တယ် စံအိမ်သို့ သွားရာလမ်းတွင် နှစ်​ယောက်သား စကားစမြည် ပြောလာကြ၏။

“ ပြီးတော့ အဖွားရဲ့ အသက်က နောက်(၂)ရက်နေရင် ရှစ်ဆယ်ပြည့်ပြီ ... အဲဒီ အတွက် လူတိုင်း ပြင်ဆင်နေကြတယ် လင်ရွယ် အပေါ် စိတ်ပူဖို့ အချိန်မရှိကြဘူး။ ”

ဝမ်လင်ရွယ် အဖွား၏ အမည်သည် လျန့်ဝမ်ပိုင် ဖြစ်ပြီး ဝမ်မိသားစု၏ ဘိုးဘေး ဖြစ်သည်။

သူမသည် မိသားစုအတွင်း ထူးကဲသော ရာထူး သိမ်းပိုက်ထား၏။ မိသားစုခေါင်းဆောင် ဝမ်ချောင်ကျင်း ပင်လျှင် သူမ၏ ဆန္ဒကို မလွန်ဆန်ဝံ့ချေ။

အင်​မော်တယ် စံအိမ်သည် ကွမ်လင်မြို့ငယ်၏ ပထမတန်းစား စားသောက်ဆိုင်​​ ဖြစ်သည်။

လူချမ်းသာများ၊ မြင့်မြတ်သော မင်းမျိုးမင်းနွယ်များ မိသားစုများ စသည်တို့ အတွက် ဇိမ်ခံရာ အရပ်ပေပင်။

ဤစံအိမ်၏ ဝိုင်တစ်ခွက်သည် သာမန်မိသားစု တစ်စု၏ ဆယ်နှစ်စာဝင်ငွေနှင့် ညီမျှသည်ဟူသော ကောလဟာလများ ရှိသည်။

စံအိမ်အတွင်း ဝင်လိုက်သည်နှင့် အစေခံများက သူတို့နှစ်ဦးကို တတိယထပ်ရှိ သီးသန့်ခန်းထ့ လမ်းပြပေးခဲ့သည်။

အခန်းထဲတွင် လူ ရှစ်ယောက် ထိုင်နေပြီး ဖြစ်သည်။ အမျိုးသား တစ်ဦးတည်းသာ ပါရှိပြီး ကျန်အားလုံးသည် အသက် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးများ ဖြစ်ကြ၏။

“ လင်ရွယ်... နင် ဒီနေ့ အရမ်းလှတယ် ... ဒါနင့်အတွက် ငါရဲ့လက်ဆောင် နောက်နှစ်မှာ မြစ်ပြာ ဓားစံအိမ်သွားရောက် လေ့ကျင့်ခွင့် အမြန်ဆုံး ရရှိပါစေ။ ”

“ အဟဲ... ဒီနေ့က ငါတို့ တိမ်ထင်းရှူး စံအိမ်ရဲ့ နံပါတ်တစ် အလှမယ် မွေးနေ့ဖြစ်မှန်း အတန်းဖော်တွေသာ သိခဲ့ရင် လက်ဆောင် ပေးဖို့ပဲ တန်းစီနေမှာ ငါကြောက်မိတယ်။ ”

ကောင်မလေးများက သူတို့ ပြင်ဆင်လာသော လက်ဆောင်များ ပေးအပ် လာကြသည်။

စုရီက တိတ်တဆိတ် အကဲခတ် နေခဲ့၏။ ဝမ်လင်ရွယ်၏ အတန်းဖော်များ အားလုံးသည် ထင်ရှားသော မိသားစုများမှ ဆင်းသက် လာကြောင်း မြင်သာသည်။

သို့သော် ဝမ်လင်ရွယ်သည်သာ ဤအဖွဲ့အတွင်း အလှဆုံးဖြစ်၏။ ယင်းကြောင့် ဖုံးကွယ်ထား​သော မနာလိုစိတ်များကို ၎င်းတို့ မျက်ဝန်းထဲတွင် မြင်နေရချေပြီ။

“ နီထန့်၊ နင်ဒီမှာ ဘာလုပ်နေတာလဲ။ ”

ဝမ်လင်ရွယ်က မိန်းကလေးများကြား တစ်ဦးတည်းသော ​ကောင်လေးကို သတိထားမိ သွားသည်။

ချက်ချင်းပင် မျက်ခုံးနှစ်ဖက် တွန့်ကွေးသွားကာ အမူအရာ သိသိသာသာ အေးစက်လာ၏။

တက်ကြွသော လေထုသည် ရုတ်တရက် အနည်းငယ် တင်းမာသွားသည်။ နီထန့်ဆိုသူက ပြုံးပြီး၊

“ လင်ရွယ် ... ဒါမင်းရဲ့ မွေးနေ့အတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်လေး တစ်ခုပါ ... ကျေးဇူးပြုပြီး လက်ခံပေးပါ။ ”

ဟု လက်နှစ်ဘက်ဖြင့် ရွှေကျောက်စိမ်း သေတ္တာတစ်လုံးကို ဖွင့်ကာ ကမ်းပေးလာသည်။

ပျံသန်းတော့မည့် လွမ်ငှက်ပုံစံကို လက်ရာမြောက်စွာ ထွင်းထားသော ခရမ်းရောင် ရွှေကျောက်စိမ်း ဆံညှပ် ဖြစ်​ချေ၏။

ဤအရာသည် ကျွမ်းကျင် ပညာရှင် တစ်ဦး၏ လက်ရာ ဖြစ်သည်ကို ကြည့်ရုံ​​ဖြင့် သိနိုင်သည်။

“ ပျံသန်းနေသော လွမ်ငှက်ငယ် ... ။ ”

“ ဒါ ... ပန်းပဲသခင်မိုရဲ့ ဂုဏ်ယူဖွယ် လက်ရာတစ်ခုပဲ သူက စီရင်စုမှာ အကောင်းဆုံး ပန်းပဲဆရာပါ။ ”

“ ရေခဲ သဘာဝ ခရမ်းရောင် ဝိညာဉ် ကျောက်စိမ်းနဲ့ ပြုလုပ်ထား​ပြီး ... တန်ကြေးအရ ရွှေသုံးရာ ရှိတယ်။ ”

“ ဒါပေမယ့် ပန်းပဲသခင်မိုသာ နတ်ဘုရားလက်တော် အဆင့် ရောက်သွားရင် ‌ရွှေစ ထောင်နဲ့ချီပြီး တန်ဖိုးရှိမှာပဲ။ ”

ဤမိန်းကလေးများ အားလုံးသည် ထင်ရှားသော နောက်ခံရှိသော်လည်း ဆံညှပ်ကို မြင်သောအခါ လောဘ ဖြစ်လာကြ၏။

နီထန့်က ဤ​မြင်ကွင်းအတွက် ​​မျှော်လင့်​ပြီး ဖြစ်သဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် မြို့တော်သခင် အစောင့်တပ်မှူး၏ သားဖြစ်သည်။

အရည်အချင်းအရ ထူးချွန်ပြီး ချောမောချေ၏။ အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း တိမ်ထင်းရှူး ဓားစံအိမ်တွင် နာမည်ကြီးသည်။

သို့သော် ဤဂုဏ်ပုဒ်က ဝမ်လင်ရွယ်ကို မဆွဲဆောင်နိုင်ချေ။ သူမ အမူအရာကို ပို၍ပင် အေးစက်လာ​စေသည်။

“ ဒီလက်ဆောင်က အဖိုးတန်လွန်းတယ် ... နင် ပြန်သိမ်းထားသင့်တယ်။”

စကားဆုံးသည်နှင့် စုရီကို သူမဘေးတွင် ထိုင်စေခဲ့၏။ နီထန့်၏ အပြုံးများ အေးခဲသွား​သော်လည်း ချက်ချင်း ပြုံးရယ်ကာ ထိုင်ချလိုက်သည်။

သို့တိုင် သူ့အကြည့်များ ရှုပ်​ထွေးစွာ​​ဖြင့် စုရီအပေါ် ကျရောက်နေ၏။ မိန်းကလေးများ မှလည်း ထို့နည်းတူပေပင်။

မည်သူကမှ စုရီကို အစပြု နှုတ်ဆက်ခြင်း မပြုကြဘဲ ဟာသနှောလျက် အချင်းချင်းသာ စကားစမြည် ပြောဆိုနေကြသည်။

များမကြာခင် အစေအပါးတစ်စုသည် အရသာရှိသော ဟင်းပွဲများ သယ်ဆောင်လျက် ခန်းမထဲ ဝင်လာ၏။

“ ဟမ့် ... များလိုက်တာ ဘယ်သူ မှာထားတာလဲ။ ”

ထိုပမာဏက ဝမ်လင်ရွယ်ကို မျက်နှာ ပြောင်းသွားစေ၏။ နီထန့်က ချက်ချင်းပင် လက်ပြပြီး၊

“ လင်ရွယ် ဒီနေ့ မင်းရဲ့မွေးနေ့အတွက် ဘာလို့ ငွေကိုချွေတာနေရမှာလဲ ... ဒါတွေကို ငါ့စာရင်းထဲက​နေ နှုတ်ယူဖို့ အင်မော်တယ် စံအိမ်ကို ပြောထားပြီးသားပါ ... အားလုံးပဲ စိတ်ကြိုက် သုံးဆောင်ကြပါ။ ”

လူတိုင်းသည် ကြွယ်ဝသော နောက်ခံများ ရှိသော်လည်း ဤမျှ ပမာဏအထိ သုံးဖြုန်းရန် မတတ်နိုင်ချေ။

သို့သော် ဝမ်လင်ရွယ်မှ

“ ဒါက ဘယ်လောက် ကုန်ကျလဲ ... ငါနင့်ကို နောက်မှ ပြန်ပေးမယ်။ ”

-ဟု ပြောကြား လိုက်သည်။

“ ဟား ဟား ဟား လင်ရွယ်... ဒါက အစားအသောက်လေးပါပဲ စိတ်ထဲ မထားနဲ့ ... မင်းဆီက ပိုက်ဆံယူလိုက်တဲ့ သတင်းသာ တခြား လူတွေ ကြားသိသွားရင် ... ငါ့ကို သေတဲ့အထိ ကျိန်ဆဲကြလိမ့်မယ်။ ”

“ ဟုတ်တယ် လင်ရွယ် လာစားရအောင် ... ။ ”

မိန်းကလေးအချို့သည် နီထန့်စကားကို သဘောတူကာ ရယ်မောလျက် စိတ်ထဲမထည့် ထားရန် တိုက်တွန်းခဲ့သည်။

ဝမ်လင်ရွယ်က တုံ့ဆိုင်းသွား သော်လည်း အဆုံးတွင် သူမ ဆက်မပြောတော့ရန် ရွေးချယ် လိုက်သည်။

ထို့နောက် သူမက စုရီ အနား တိုးကပ်ကာ၊

“ ဒီကောင်က အမြဲ ဒီလိုပဲ ... တိမ်ထင်းရှူးဓားစံအိမ်မှာလည်း ကြွားဝါဖို့ပဲ သိတယ် စိတ်တိုစရာ ကောင်းတယ် ...

... အခုကြည့် မွေးနေ့ပွဲကိုလည်း ... မဖိတ်ဘဲနဲ့ ရောက်လာတယ် တော်တော် အရည်ထူတယ်။ ”

စုရီက ပြုံးသည်။ ကိုယ်ရည်သွေးခြင်းသည် လူငယ်တို့ကြားတွင် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မျှသာ ဖြစ်ပြီး ပြဿနာ မရှိချေ။

ထိုစဉ် နီထန့်က သူ့ထံ တစ်ချက် ကြည့်လာ၏။ ဝမ်လင်ရွယ် စကားများကို ၎င်းမှ မကြားသော်လည်း စုရီနားရွက်အနား တီးတိုး စကားဆိုနေသည့် ပန်းနုရောင် နှုတ်ခမ်းထံ မနာလို ဖြစ်သွားသည်။

ထို့ကြောင့် အပြုံးများ အေးခဲသွားပြီး ထိန်းမနိုင်တော့ချေ။

“ စုရီ ... မင်းက လင်ရွယ်ရဲ့ ခဲအိုဖြစ်ပြီး သူမအတွက် ဘာလက်ဆောင် ယူလာ ပေးလဲရ ငါသိချင်တယ်။ ”

စုရီကပြုံးသည်။ ဤလူငယ်သည် သူ့ကို ဒုက္ခများ ဖန်တီးရန် ဆန္ဒရှိနေသည်။ မျှော်လင့် ထားသည့်အတိုင်း မိန်းကလေးများက သူ့ကို လှည့်ကြည့်လာ၏။

ဝမ်လင်ရွယ်သာလျှင် ဒေါသ ထွက်သွားသည်။ အစ်ကိုစုသည် သူမ မွေးနေ့ကို မေ့သွားသဖြင့် လက်ဆောင် ပြင်ဆင်ထားခြင်း မရှိသည်မှာ သဘာဝ ပေပင်။

“ အမှန်တိုင်း ဝန်ခံရရင် ... လင်ရွယ်ရဲ့ မွေးနေ့ကို ငါမေ့သွားတယ် ... ဒါကြောင့် ဘာမှ ပြင်ဆင် မလာခဲ့ဘူး ... ဒါပေမယ့် ငါတို့ အိမ်ပြန်​ရောက်ရင် လက်ဆောင်ပေးမှာပါ။ ”

စုရီက ဝမ်လင်ရွယ်ကို ဦးတည်ကာ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ကျန်လူများ၏ အမြင်ကို သူ စိတ်ဝင်မစားချေ။

“ ဒါဆို မင်းမှာ လက်ဆောင် ပါမလာဘူး​ပေါ့။ ”

နီထန့်မှ လှောင်ပြုံး ပြုံးသည်။ နောက်ဆုံးတွင် သူ၏ မနာလိုစိတ်များကို ထုတ်ဖော်ရန် အခွင့်အရေး ရပြီ ဖြစ်၏။

“ လင်ရွယ် ... မင်းရဲ့ ခဲအိုက အရမ်းကောင်းတာပဲ ... မင်းမွေးနေ့ကိုတောင် မေ့သွားတယ်တဲ့လား။ ”

မိန်းကလေးများက စုရီအပေါ် အထင်အမြင်သေးစွာဖြင့် ဝေဖန်ပြောကြား လာကြသည်။

ထို မြင်ကွင်းကြောင့် နီထန့်က ကျေနပ်သွားပြီး သံပူတုန်း ထပ်မံ ရိုက်နှက်ရန် ပြင်တော့၏။

“ ကျွီ ... ။ ”

သို့သော် တစ်စုံတစ်ယောက်သည် သီးသန့်ခန်း တံခါးကို တွန်းဖွင့်ကာ ဝင်ရောက် လာသဖြင့် စကားပြတ်သွားသည်။ လူတိုင်း မော့ကြည့် လိုက်မိတော့၏။

***

All Chapters