စံအိမ်သခင် မင်းက ငကြောက်ပဲ ။
Vol. 1 Ch. 11
“ ဒါ ... ။ ”
ဝမ်လင်ရွယ် အပါအဝင် သူမ၏ အတန်းဖော်များ အားလုံးမျက်လုံးများ ပြူးကျယ် သွားကြသည်။
လွန်ခဲ့သည့် တစ်နှစ်က စုရီသည် မတော်ဆမှုကြောင့် ကျင့်ကြံမှု ဆုံးရှုံးသွား သည်ကို ကွမ်လင် တစ်မြို့လုံး သိသည်။
သို့သော် ယခုမူ တစ်ချက်တည်းနှင့် ယန်ရှန့်ကို ဒဏ်ရာများ ပြင်းထန်စွာ ပေးနိုင် သည်မှာ နားမလည် နိုင်တော့ချေ။
“ ယန်ရှန့် ... မင်းအဆင်ပြေရဲ့လား။ ”
ဟွမ်ချမ့်ကျွယ်က အမူအရာ ပြောင်းသွားသည်။ ယန်ရှန့်သည် လက်အောက် ငယ်သားများ ကြားတွင် စွမ်းရည် အရှိဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်။
သွေးသန့်စင်ခြင်း ကြွက်သား အဆင့်ထိ ရောက်ရှိထား၏။ ယန်ရှန့်မှ ထရပ်ရန် ပြင်လိုက် သော်လည်း ချက်ချင်း လဲကျသွားသည်။
“ မင်းတို့ ဘာလုပ်နေတာလဲ သူ့ကို သတ် ...။ ”
ဟွန်ချမ့်ကျွယ် တစ်ယောက် ဒေါသ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး အနားရှိ နောက်လိုက်တစ်ယောက် လက်မောင်းကို လှမ်းကိုင်ကာ တွန်းထုတ်လိုက်၏။
နောက်လိုက်များက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ပြီး ရှေ့လှမ်းတက်လာ တော့သည်။
၎င်းတို့ အားလုံးသည် တိုက်ပွဲများ ဆင်နွှဲခဲ့ဖူးကြပြီး ရက်စက် ကြမ်းကြုတ်သော အမူအကျင့်များ ရှိ၏။
လူတိုင်း တပြိုင်နက်တည်း လှုပ်ရှား လာခြင်းသည် ဆာလောင်နေသော မိကျောင်း တစ်အုပ်နှင့် တူစေသည်။
ဝမ်လင်ရွယ်နှင့်အဖွဲ့သည် ကျင့်ကြံသူများ ဖြစ်သော်လည်း စားကျက်အတွင်းမှ သိုးအုပ်သာ ဖြစ်သည်။
အသက်နှင့် သေခြင်းအစား သွေးကိုပင် မမြင်ဖူးကြချေ။ ထို့ကြောင့် ဤလူရမ်းကားများ ပုံစံသည် သူတို့ကို အသက်ရှူ ရပ်သွားစေ၏။
“ ဝှစ် ... ။ ”
“ ဖြန်း ... ။ ”
ရန်သူများ နီးကပ်လာသောအခါ စုရီက ရှေ့သို့ ခြေတစ်လှမ်း တိုးသွားပြီး ပါးရိုက်ပစ် လိုက်သည်။
ပေါ့ပေါ့ပါးပါး ရိုက်ဟန်မျှသာ ဖြစ်သော်လည်း ရှေ့ဆုံးမှ ဝင်လာသူသည် တောင်တစ်လုံးနှင့် တိုက်မိသကဲ့သို့ ပြန်၍လွင့်စဉ်သွား၏။
“ ဖြန်း ... ။ ”
“ ဝုန်း ... ။ ”
စုရီ၏ ခြေလှမ်းတိုင်းတွင် နောက်လိုက်တစ်ဦး ပါးရိုက်ခံရသည်။ အချို့က အရိုးများကျိုးကုန်ကာ အချို့သည် စားပွဲပေါ် မှောက်လျက် ပြုတ်ကျကုန်၏။
သတ္တမမြောက် ခြေလှမ်း လှမ်းပြီးနောက် အစောင့်များအားလုံး မြေပြင်ပေါ် လဲကျနေကာ စုရီက မူလနေရာ ပြန်ရောက်သွားသည်။
“ အ ... ။ ”
နာကျင်စွာ အော်ဟစ် ညည်းညူသံများ အခန်းထဲ ညံသွား၏။ ကောင်မလေးများခမျာ မှင်တတ်လျက် နှုတ်လမ်းကို လျှာဖြင့် သပ်လိုက်ကြသည်။
လွန်ခဲ့သည့် မိနစ်ပိုင်းက စုရီကို လှောင်ပြောင်ရန် ကြိုးစားသော နီထန့်မှာ ပို၍ တုန်လှုပ်သွားခဲ့သည်။
ဤသို့ လူတိုင်းမှ မယုံနိုင်စွာ ကြည့်နေချိန်တွင် စုရီက ဟုန်ချမ့်ကျွယ် အနား လျှောက်လှမ်းသွားတော့၏။
“ မင်းငါ့ကို ... သတ်ချင်နေတာလား။ ”
စုရီအသံက အေးစက်စွာ ထွက်ပေါ် လာသည်။ ခန်းမတစ်ခုလုံး အသက်ရှူသံပင် တိတ်ဆိတ်သွား၏။
ဟွမ်ချမ့်ချွယ်ဟူသည် ကွမ်လင်မြို့၌ နှစ်အတော်ကြာအောင် ကြီးစိုးနေခဲ့သော မာန ကြီးသည့် လူရမ်းကား ဖြစ်သည်။
“ စုရီ ... မင်းက ဟွမ်မိသားစုဝင် တစ်ယောက်ကို ဒုက္ခပေးဝံ့သလား။ ”
ထို့ကြောင့် ထိုသို့ ကျယ်လောင်စွာ ပြောကြားခြင်းဖြင့် သူ၏သတ္တိများကို တိုးစေပြီး လေသံတွင် ဝင့်ကြွားမှုများ ထည့်သွင်း ထားချေ၏။
“ မင်းသတ္တိရှိရင် လုပ်ပါ ... ဒါပေမယ့် ဟွမ်မိသားစုက ငါ့အတွက် လက်စားချေ ပေးလိမ့်မယ် ဆိုတာ မမေ့နဲ့။ ”
ဤအဖြစ်အပျက်၏ အကျိုးဆက်သည် မည်မျှ ပြင်းထန်မည်ကို ခြိမ်းခြောက်သတိပေး လိုက်သည်။
“ မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။ ”
စုရီက ဟွမ်ချမ့်ကျွယ်၏ လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်ကာ လေထဲ မြောက်တင် လိုက်သည်။
“ အ ... ။ ”
“ မင်းမှာ သတ္တိရှိရင် ထပ်ပြောစမ်း ... ငါမင်းကို သတ်ရဲလား ... မသတ်ရဲဘူးလား မင်း သိရလိမ့်မယ်။ ”
ဟွမ်ချမ့်ကျွယ်ခမျာ သွေးရူးသွေးတမ်း ရုန်းကန်တော့သည်။ အသက်ရှူကြပ်လာသဖြင့် မျက်နှာများ နီရဲသွား၏။
“ လုပ်ပါ တစ်ခုခု ပြောပါဦး ... ။ ”
စုရီက ပြုံးကာ ဆက်ပြောသည်။ ဟွမ်ချမ့်ကျွယ် ဘဝတွင် ပထမဆုံးအကြိမ် သေခြင်းတရားကို ခံစားရခြင်း ဖြစ်၏။
ရုတ်တရက် အနံ့အသက်ဆိုးများကြောင့် စုရီက သူ့နှာခေါင်းများ လက်ဖြင့် ပိတ်လိုက်ကာ ဟွမ်ချမ့်ကျွယ်ကို ပစ်ချမိသည်။
ဤသည်မှာ အဝါရောင် အရည်များ စီးကျလာခြင်း ဖြစ်၏။ ထိုမြင်ကွင်းကြောင့် လူတိုင်း နှာခေါင်းပိတ်လိုက်ကြသည်။
နှစ်များစွာ ကြီးစိုးပြီး ရက်စက် ကြမ်းကြုတ်သော ဟွမ်ချမ့်ကျွယ်သည် ဤမျှ သူရဲဘောကြောင် လိမ့်မည်ဟု မည်သူမျှ မထင်ထားမိချေ။
“ မိတ်ဆွေလေး စိတ်လျော့ပါ ... ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင် ။ ”
ရုတ်တရက် အထက်တန်းစား ကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး သီးသန့် ခန်းထဲ ပြေးဝင်လာ၏။
“ ငါ့နာမည်က ယွီတျန်ဟဲပါ ... ဒီအင်မော်တယ် စံအိမ်ရဲ့ ပိုင်ရှင်ပဲ ကျေးဇူးပြုပြီး သခင်လေးဟွမ်ကို ခွင့်လွှတ်ပေးပါ။ ”
အင်မော်တယ် စံအိမ်ပိုင်ရှင်သည် လျှို့ဝှက်လွန်းပြီး ကွမ်လင်မြို့ အထက်တန်းလွှာ အတွင်း ဝင်ဆံ့၏။
“ ဒီလူရမ်းကား ... ငါတို့ အခန်းထဲကို ဝင်လာပြီး ပြဿနာတွေ ဖန်တီးနေတုန်းက မင်း ဘယ်ရောက်နေလဲ။ ”
စုရီက အေးစက်စွာ ပြန်မေးလိုက်သည်။ ထိုမေးခွန်းကြောင့် အင်မော်တယ် စံအိမ်သခင် မျက်နှာ ပြောင်းသွားတော့၏။
“ သခင်လေး ... နောက်ကျမှ ရောက်လာမိတဲ့ အတွက် မင်းငါ့ကို အပြစ်တင် နိုင်ပါတယ် ... ဒါပေမယ့် နားလည်ပေးပါ ... မင်းဆီကို တောင်းပန်ဖို့ ငါလာခဲ့ပါ့မယ်။ ”
အင်မော်တယ် စံအိမ်သခင်က ရိုသေစွာ ဦးညွှတ်လာ၏။ သူ့ကဲ့သို့ တစ်စုံတစ်ယောက် အနေဖြင့် ဤမျှ နှိမ့်ချရန် မလိုအပ်ချေ။ ထို့ကြောင့် လူတိုင်း အံ့သြသွားသည်။
သို့သော် စုရီ ခေါင်းခါ လိုက်သည်။
“ မင်းတောင်းပန်စရာ မလိုပါဘူး ... နောက်ဆုံးတော့ ဒီအဖြစ်အပျက်က မင်းနဲ့ ဘာမှ မဆိုင်ဘူး ... ဒါပေမယ့် ဒီပြဿနာထဲ ဝင်မပါဖို့ သတိပေးပါရစေ။ ”
အင်မော်တယ် စံအိမ်သခင်ခမျာ စုရီစကားကြောင့် မျက်ဝန်းများ မှေးစင်းသွား၏။ အသုံးမကျသော လူငယ်သည် လူအများရှေ့၌ သူ့ကို ခြိမ်းခြောက်ဝံ့သည်လော။
သို့သော် စုရီက သူ့အပေါ် စိတ်မဝင်စား တော့ဘဲ အကြည့်များကို ဟွမ်ချမ့်ကျွယ်ထံ ရွေ့လိုက်၏။
“ မင်းကို ကလဲ့စားချေဖို့ အခွင့်အရေး ပေးတယ် ဒါပေမယ့် ... မင်းက ဆက်လုပ်မယ် ဆိုရင် ... နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ ထည့်စဉ်းစားထားပါ။ ”
ထို့နောက် ဝမ်လင်ရွယ်ထံ လှည့်ကာ၊
“ လင်ရွယ် သွားရအောင်။ ”
-ဟု ဆိုလိုက်တော့သည်။
တစ်ဆက်တည်းမှာပင် နီထန့်နှင့် မိန်းကလေးများထံသို့လည်း လှည့်ကြည့်လိုက် ပြီးနောက်၊
“ မင်းတို့ရော ... ဒီမှာ ဆက်နေဖို့ အစီအစဉ် ရှိကြလား။ ”
-ဟု မေးမြန်းသည်။ မိန်းကလေးများမှာ အချင်းချင်း ပြန်ကြည့်လျက် ချက်ချင်း ထလိုက် လာတော့၏။
လူတိုင်း ပျောက်ကွယ်သွားချိန်၌ အင်မော်တယ် စံအိမ်သခင်မှ သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ ၊
“ မြစ်ပြာ ဓားစံအိမ်ရဲ့ ပြင်ပတပည့်ကြီးက တကယ့်ကို နာမည်ဂုဏ်သတင်းနဲ့ ... ကိုက်ညီပါ ပေတယ် ... လူတိုင်း သူ့အပေါ် လျှော့တွက် နေမိကြပြီ ... ။ ”
-ဟု ညည်းတွား လိုက်တော့သည်။
“ စံအိမ်သခင် ... မင်းက ငါ့အဖေရဲ့ မိတ်ဆွေမဟုတ်လား ...ဒါဆို ငါ့ကို နှိပ်စက်တဲ့ အဲဒီကောင်ကို ဘာလို့ လွှတ်ပေးရတာလဲ။ ”
ဟွမ်ချမ့်ကျွယ်မှ မကျေမနပ်ဖြင့် မေးမြန်းလိုက်လေသည်။
( လူမိုက် ... ။ )
စံအိမ်သခင်က စိတ်ထဲမှ ကျိန်ဆဲ လိုက်သော်လည်း မျက်နှာပေါ်၌မူ အပြုံးကို ချိတ်ဆွဲလျက်၊
“ သခင်လေးဟွမ် ... ဒီပြဿနာထဲမှာ ငါမပါချင်တော့ဘူး ... ဒါကို ဖြေရှင်းချင်သေးရင် မင်းအဖေနဲ့အတူ ဆက်လုပ်ပါ။ ”
“ စံအိမ်သခင်ယွီ ... မင်းက ဒီလိုတောင် သူရဲဘောကြောင် တတ်မှန်း ... ငါ တကယ် မသိခဲ့ဘူး ... ။ ”
ဟွမ်ချန့်ကျွယ်က နှာခေါင်းရှုံ့လျက် လှောင်ပြောင်လေသည်။ အင်မော်တယ် စံအိမ် သခင်က စကားဖြင့် တုန့်ပြန်ခြင်း မပြုဘဲ သူ့ဘောင်းဘီထံ စိုက်ကြည့်လာ၏။
ထိုအကြည့်က ဟွမ်ချမ့်ကျွယ်ကို မျက်နှာနီရဲလာစေပြီး တံခါးဆွဲဖွင့်ကာ ချက်ချင်း ထွက်ခွာသွား စေတော့သည်။
***