ခင်ဗျား ကျုပ်ကို မှတ်မိလား
Vol. 53 Ch. 729
“မင်း ဘယ်သူလဲ”
မျက်နှာမှာ အညိုရောင်အကွက်များနှင့် ပြည့်နေသောအဆုံးသတ်ရှာမန်က သွေးအန်လိုက်ရပြီး စုမင်ကို စတင်မေးခွန်းထုတ်နေလေသည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့ရင်ထဲက ထိတ်လန့်မှုကို စကားလုံးများနှင့် ဖော်ပြ၍မရတော့ပေ။
‘သူတစ်ယောက်တည်းရဲ့ဖိအားနဲ့ ငါတို့လေးယောက်လုံးကို နောက်ပြန်ဆုတ်သွားပြီး ဒါဏ်ရာရခဲ့တယ်..ငါတို့ တိုက်တောင် မတိုက်ခိုက်လိုက်ရဘူး.. သူ... သူ့က ကျင့်ကြံအဆင့် ဘယ်လောက်ကိုရောက်နေပြီလဲ...”
ကျန်သုံးယောက်၏မျက်နှာများက ဖြူဖျော့နေပြီး သူတို့ခေါင်းထဲတွင် တူညီသောအတွေးများ တွေးနေကြသည်။ သူတို့၏အမြင်တွင် စုမင်က သူတို့၏ကျင့်ကြံဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။ တကယ်တော့ သူတို့က စုမင်ရှေ့မှာ ရပ်သာရုံနေရပြီး လက်တုံ့ပြန်ပိုင်ခွင့်တောင် မရှိခဲ့ပေ။
“သူ့ကို.. စုမင်လို့ခေါ်တယ်..သူက မာန်နတ်ဘုရားသခင်ပဲ.. ဒါလေးတောင်မသိဘူးလား... “
ယွီရွှမ်က ဘေးမှ ဝင်ပြောလိုက်သည်။ သူမက စုမင်နောက်သို့လိုက်ပြီး ကစားလိုသောကြောင့်ဖြစ်သည်။ ထိုစဉ်အဆုံးသတ်ရှာမန်လေးယောက်၏အမူအရာက ချက်ချင်းပြောင်းလဲသွားတာကို မြင်သော် သူမက ပီတီဖြာနေလေသည်။
ယွီရွှမ်က ထိုစကားများပြောပြီးနောက် ရှာမန်လေးယောက်သာမက ထောင်နှင့်ချီသော ရှာမန်များကပင် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
အဆုံးသတ်ရှာမန်လေးယောက်က ခုခံရန် လုံးဝလက်လျှော့လိုက်ကြသည်။ ရှာမန်နတ်ဘုရားကျွန်းက လောကကြီးနှင့် ကင်းကွာစွာ မနေကြပေ။ သူတို့က ရံဖန်ရံခါ စွန့်စားသွားလာကြပြီး လွန်ခဲ့သည့်တစ်နှစ်က အရှေ့မြေရိုင်းနယ်မြေ တွင် ဖြစ်ပျက်ခဲ့သည်ကို သိထားပြီးသားဖြစ်သည်။
မာန်နတ်ဘုရားသခင်သည် အင်မော်တယ်များဆင်းသက်ရာအရပ်၌မွေးဖွားခဲ့သည်။ ထို့နောက်အရှေ့မြေရိုင်းနယ်မြေ၏ မျှော်စင်မှသွေးနီရောင်အလင်းတန်းများက လီတစ်သောင်းပတ်ဝန်းကျင်အထိ ထွန်းလင်းခဲ့သည်။ ထို့နောက်မှာတော့ ဖုံးကွယ်နဂါးဂိုဏ်း၊ ကောင်းကင်တာအိုမြူခိုးဂိုဏ်း၊ နတ်ဆိုးဝိညာဉ်ဂိုဏ်းသုံးခုနှင့် မဟာမြူရွက်အင်မော်တယ်ဂိုဏ်းတို့သည် အရှေ့မြေရိုင်းနယ်မြေမှ လုံးဝအမြစ်ပြတ်သုတ်သင်ခြင်းခံရသည်။
သူတို့က စုမင်လိုအင်အားကြီးရန်သူများကို တွန်းလှန်ရန် နည်းလမ်းမရှိခဲ့ပေ။ ထို့အပြင် ယွီရွှမ်၏စကားများကို သံသယမရှိယုံခဲ့ကြသည်။
စုမင်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ သူက
ရှာမန်ထောင်ပေါင်းများစွာ၏နောက်တွင်ရှိနေပြီဖြစ်ပြီး အထွတ်အမြတ်တောင်ဆီသို့ ဦးတည်ရွေ့လျားနေသည်။ သူ၏ လုပ်ဆောင်ချက်များက နှေးကွေးနေပုံရသော်လည်း သူလျှောက်သောခြေလှမ်းတိုင်းက ပေတစ်သောင်းကို ဖြတ်ကျော်သွားလေသည်။
စုမင်က အဝေးသို့ ဦးတည်သွားသောအခါ ယွီရွှမ်က လိုက်မသွားခဲ့ပေ။ ယင်းအစား ထောင်နှင့်ချီသောရှာမန်များရှေ့တွင် သူမမက မေးစေ့ကိုပွတ်သပ်ပြီး အံ့ကြိတ်နေသောခွေးကြီိးကို ကန်လိုက်သည်။ ထိုခွေးကြီးက ရှုံမဲ့ရင်း သတိလစ်သွားသူများ၏
ကိုယ်ရေးကိုယ်တာပစ္စည်းများကို ရှာဖွေနေသည့် ခွေးနက်(ကြိုးကြာငှက်)ကို ငေးကြည့်နေလေသည်။
“နင်တို့ လူတစ်ယောက်ကို အနှောင့်အယှက်ပေးခဲ့မိပြီ..အဲဒါရောသိလား...လူတစ်ယောက်က နင်တို့ရဲ့ဦးခေါင်းအားလုံးကိုဝယ်ဖို့ သလင်းကျောက်တစ်သောင်းပေးခဲ့တယ်..”
ယွီရွှမ်က ချောင်းဟန့်လိုက်ရင်း ဝါရင့် သမ္မာရင့်ပုံစံ ဟန်ဆောင်လေသည်။
“ဒါပေမဲ့ ငါတို့ရဲ့မာန်နတ်ဘုရားသခင်က
ကြင်နာတတ်တဲ့သူဖြစ်လို့ ရှင်တို့အပေါ် အငြိုးအတေးမထားပါဘူး..ဒါကြောင့် ရှင်တို့ကို အခက်မတွေ့စေတာ... ဒီလိုဆိုရင်ရော ဘယ်လိုလဲ.. ရှင်တို့မှာရှိသမျှပစ္စည်းတွေကို ထုတ်လိုက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ တွက်ရမယ်..ကွာခြားချက်က သိပ်မများရင်..အခုကိစ္စကို လျော်ပေးလိုက်မယ်..”
“ဟဲဟဲ..ဒါပေမဲ့ ရှင်တို့က တစ်ခုခုကို ထိမ်ချန်ပြီး မြေပြင်ပေါ်မချထားရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့”
ယွီရွှမ်က အလွန်ရင့်ကျက်ပြီး အတွေ့အကြုံရှိဟန်ဆောင်ကာ စကားပြောနေသည်။ ထိုအချိန်တွင် ကြိုးကြာငှက်က သတိလစ်နေသောရှာမန်၏လည်ပင်းမှ ဆွဲသီးကို ကိုက်လိုက်သည်။ ၎င်းက ယွီရွှမ်၏ စကားကို
ကြားလိုက်ရသောအခါတွင် ခေတ္တ ထိတ်လန့်သွားသည်။ ထို့နောက် သူက မျက်လုံးပေကလပ်ပေကလပ်လုပ်ကာ ကောင်းချီး ရရှိထားသူတစ်ဦး၏ မျက်နှာထားကို
လုပ်ပြလိုက်သည်။
“ချီးးး ငါက ဒီမှာ ကြိုးစားပြီး အလုပ်လုပ်နေတာ..လူတွေကို ဒီလိုနည်းနဲ့လုယက်လို့ရတာလား..မှန်တယ်..ငါကိုယ်တိုင် ဘာလို့ပင်ပန်းခံပြီး လိုက်ရှာနေတော့မှာလဲ...တကယ်လုပ်မဲ့သူကို လက်လွှဲပေးလိုက်မယ်...”
ထိပ်ပြောင်ကြိုးကြာငှက်က ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူပြီးဟုထင်ကာ ခေါင်းတညိတ်ညိတ်လုပ် နေလေသည်။
စုမင်က ယွီရွှမ်၏လုပ်ရပ်ကို စိတ်ထဲမထားပေ။သူ လေထဲသို့ ပျံသန်သွားသောအခါ ပိတ်ဆို့ထားသောရှာမန်များ မရှိတော့ပေ။ အောက်ရှိမြေပြင်မှာ တောအုပ်တစ်ခုဖြင့် ဖုံးလွှမ်းထားပြီး ရံဖန်ရံခါ အထွတ်အမြတ်တောင်
ပေါ်လာသည်ကို မြင်နိုင်သည်။ စုမင်က ထိုနေရာသို့ ချဉ်းကပ်လာသောအခါ အထွတ်အမြတ်တောင်ပေါ်မှ နှလုံးခုန်သံ အနည်းငယ် ထွက်ပေါ်လာသည်။
“ဒုတ်...ဒုတ်...”
စုမင် နီးကပ်လာသည်နှင့်အမျှ ဤအသံက ပိုပြင်းထန်လာသည်။
သူက အထွတ်အမြတ်တောင်နှင့် ပေတစ်သောင်းသာ ကွာဝေးချိန်၌ တောင်ပေါ်မှခပ်အုပ်အုပ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်သံက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါပြီး ချက်ချင်းဆိုသလိုပင် ရှာမန်နတ်ဘုရားကျွန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
ထိုအသံက ယွီရွှမ်ရှေ့မှထောင်ပေါင်းများစွာသောရှာမန်များကို လျင်မြန်စွာ ခေါင်းလှည့်ကြည့်စေခဲ့သည်။ သူတို့မျက်နှာမှာ ထိတ်လန့်တကြား အမူအရာမရှိတော့ဘဲ စိတ်အားထက်သန်မှုသာ ရှိတော့သည်။
ယွီရွှမ်က ပေကလတ် ပေကလတ်လုပ်လိုက်သည်။ သူမက ခွေးကြီးကိုကန်လိုက်ပြီးနောက် အပေါ်ကိုမော့ကြည့်လိုက်သည်။
ခပ်အုပ်အုပ်ဟိန်းဟောက်သံသည် လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ စွမ်းအားလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် စုမင်ရှိရာနေရာသို့ အရပ်ရပ်မှ ဦးတည်သွားလေသည်။ မြေကြီးက တုန်လှုပ်သွားသောအခါ သဲများက ပုံပျက်သွားပြီး သစ်ပင်များမှ သစ်ရွက်များလည်း တစ်ဖြုတ်ဖြုတ် ကြွေကျလာသည်။ အထွတ်အမြတ်တောင်မှ ဟိန်းဟောက်သံသာမက ကျွန်း၏အရပ်ရပ်မှလာသောဟိန်းဟောက်သံကို ခံစားသိရှိနိုင်သည်။ အရာအားလုံးက စုမင်ကို ဝန်းရံထားပြီး သူ့တည်ရှိမှုကို ငြင်းဆန်သလို ခံစားရလေသည်။
တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံတစ်သံက လေထုထဲတွင် တဝုန်းဝုန်း ပဲ့တင်ထပ်လာပြီး တောင်၏အပြင်ဘက်တွင် လူတစ်ဦး ထွက်ပေါ်လာသည်။ ထိုလူ၏ဆံပင်မှာ ဖုတ်သိုက်ဖြစ်နေကာ အဝတ်စားကို ကိုယ်တစ်ပိုင်းသာ ဝတ်ဆင်ထားသည်။ ထိုအောက်ပိုင်းတစ်ခြမ်းကိုလည်း သားရဲအရေခွံများဖြင့် ဖုံးအုပ်ထားသည်။ သူ့လက်ထဲတွင် ဧရာမအရိုးတောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုအရိုးတောင်ဝှေးပေါ်ရှိ ကြက်သွေးရောင်မြွေလေးသုံးကောင်က တစ်ကောင်နှင့်တစ်ကောင် ရောယှက်လျက်ရှိနေသည်။ ၎င်းတို့၏အကြည့်များက စူးရှနေပြီး သူတို့၏လျှာဖျားများကို ထုတ်ကာ ရှူးရှူးရှဲရှဲအသံများကို ထုတ်လွှတ်နေလေသည်။
ထိုလူက စုမင်ဆီသို့ ခြေတစ်လှမ်း လှမ်းပြီး စုမင်နှင့် ပေထောင်ပေါင်းများစွာ အကွာမှ ပြန်ပေါ်လာသည်။ ထို့နောက် သူ ပျောက်သွားပြန်သည်။ ထို့သို့ ပေါ်လာလိုက် ပျောက်ကွယ်လိုက်ဖြင့် စုမင်နားသို့ ချဉ်းကပ်လာသည်။ ထိုလူ၏ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သောရယ်သံက မနှစ်မြို့ဖွယ်ရာ ထွက်ပေါ်လာပြီး လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ထို့နောက် သူက စုမင်၏နောက်တွင် ပေါ်လာပြီး အရိုးခြောက်နှင့်တူသော ဘယ်လက်ကို မြှောက်လိုက်သည်။ သူလက်သည်းငါးခုက အနက်ရောင်ဖြစ်ပြီး စူးရှထက်မြိနေသောအသွင်ဖြင့် စုမင်၏နှလုံးသား ဖမ်းညှစ်ရန် ကြံရွယ်လေသည်။
“ဒါက မိတ်ဆွေဟောင်းကို နှုတ်ဆက်တဲ့ပုံစံလား...”
စုမင်က ပြတ်သားစွာ မေးလိုက်သည်။ သူ မရှောင်တိမ်းဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့နှလုံးသားကို ဆုပ်ကိုင်သော အဘိုးအို၏ ဘယ်လက်ကို တန်ပြန်တိုက်ခိုက်သည်။
ကျယ်လောင်သော တဘုန်းဘုန်း ပေါက်ကွဲသံကြီးက လေထဲသို့ ပျံ့သွားကာ ထိုလူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်တော့ ရှုပ်ယှက်ခတ်နေသော ဆံပင်အောက်က အရေးအကြောင်းများနှင့် ပြည့်နှက်နေသော မျက်နှာကို ပေါ်လာသည်။
၎င်းက မယုံနိုင်လောက်အောင် အိုမင်းနေသည့် မျက်နှာတစ်ခုဖြစ်ပြီး အခေါင်းထဲမှ ထွက်လာပုံရသည်။ သို့သော် သူ့မျက်လုံးများက မယုံနိုင်လောက်အောင် တောက်ပနေပြီး မျက်လုံးထဲ၌ လခြမ်းအရိပ်များပင် ထွန်းလင်းနေလေသည်။
ထိုအချိန်တွင် သူ၏ ဘယ်လက်က အနည်းငယ် တုန်ရီနေပြီး ထိုအနက်ရောင် လက်သည်းငါးခုစလုံး ကွဲအက်သွားသောကြောင့် ဖြစ်သည်။ ထို အက်ကွဲကြောင်းများကနေ သွေးများ တစက်စက် စီးကျလာသည်။
စုမင်က အမြန်လှည့်ကာ အဖိုးအိုကို ကြည့်လိုက်သည်။
သူ့အကြည့်များက အဘိုးအို၏မျက်လုံးများနှင့် ဆုံမိသည်။စုမင်၏ တည်ငြိမ်မှုနှင့်
အဘိုးအို၏ရှေးခေတ်လေထုက သူတို့ပတ်ဝန်းကျင်ရှိလောကကြီးကို ခေတ္တရပ်တန့်သွားစေသလို ထင်ရသည်။
“ငါ နှစ်အတော်ကြာအောင် ရှင်သန်ပြီးတဲ့နောက် လူတွေအများကြီးကို မြင်ဖူးတယ်.. မင်းက အဲ့လောက် အထင်ကြီးစရာမကောင်းဘူး.. ဒါပေမဲ့ ငါ အခုမှတ်မိပြီ.. ငါ ကောင်းကင်မြူခိုးအကာအကွယ်နောက်မှာရှိတုန်းက ငါ့ကိုယ်ပွားတွေထဲက တစ်ယောက်ကို စစ်တိုက်ဖို့ လွှတ်လိုက်တယ်..အဲ့တုန်းက မင်းက ဘေးစည်းမှာရှိတဲ့ ငယ်ရွယ်တဲ့မာန်ကျင့်ကြံသူထဲကတစ်ယောက်ပဲ...”
ထိုအဘိုးအိုက သေခြင်းတရားကိုးပါးကို ကျင့်ကြံသူ ရှာမန်ဘိုးဘေးကြီးပင်ဖြစ်သည်။ သူ့အသံက သွားကျိန်းစရာကောင်းသောတခြစ်ခြစ်မြည်သံကဲ့သို့ဖြစ်ပြီး ကြားရသူတိုင်း မနှစ်မြို့စရာကောင်းလှသည်။ သူက အံကြိတ်ကာ စကားပြောရင်း သူ၏မပြည့်စုံသောအဝါရောင်နှင့်အနက်ရောင်သွားများကို ပေါ်လွင်စေသည်။
“အရင်က ငါအိပ်စက်ဖို့ ရည်ရွယ်ထားတာ.. အခု ငါမအိပ်ခင် မင်းရဲ့အသွေးအသားတွေကို ဝါးမြိုပစ်မယ်.. ဒါက ပိုကောင်းတဲ့ အနားယူမှုပဲ..”
ဘိုးဘေးကြီးက သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး သူ့လက်ထဲက အရိုးတောင်ဝှေး ကို လွှဲယမ်းလိုက်သည်။ အရိုးတောင်ဝှေးမှ မြူခိုးမည်းများ ချက်ချင်းပြန့်ကျဲလာပြီး စုမင် မာန်ဖီနေသည့် ဧရာမစပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘိုးဘေးကြီးက အရိုး တောင်ဝှေးကို နောက်တစ်ကြိမ် လွှဲယမ်းလိုက်ရာ မြူခိုးများ အဆက်မပြတ် ပေါ်လာသည်။ ၎င်းတို့က ကျယ်လောင်သောတရွှီးရွီးမြွေမှုတ်သံများနှင့်အတူ စုမင်ဆီကို အရှိန်တင်ရင်း
ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးသွားသော ဧရာမစပါးအုံးမြွေတစ်ဒါဇင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ဘိုးဘေးကြီးက သူ့လျှာဖျားကို ကိုက်ပြီး ပါးစပ်ထဲက သွေးများ ထွေးထုတ်လိုက်သည်။ သူ့သွေးများက မည်းနက်နေပြီး ပုပ်စော်နံနေလေသည်။ သူသွေးချောင်းဆိုးလိုက်သည်နှင့်ချက်ချင်းဆိုသလို ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။ထိုသွေးများက ကောင်းကင်ယံတွင် တိမ်နီအလွှာတစ်ခု ဖြန့်ကျက်သွားသကဲ့သို့ သွေးနီတီကောင်ပေါင်း တစ်ထောင်နီးပါး ဖြစ်သွားသည်။
ထိုသို့လုပ်ရုံနှင့် မပြီးသေးပေ။ ဘိုးဘေးကြီးကသူ့ဘယ်ဘက်လက်ကို မြှောက်ပြီး
ချိပ်တံဆိပ်အနည်းငယ်ကို အမြန်ဖန်တီးလိုက်သည်။ ရှုံ့တွနေသည့်ဘယ်လက်မှ လက်ချောင်းနှစ်ချောင်းက အချင်းချင်းပွတ်တိုက်လိုက်သည့်အခိုက်အတန့်တွင် လောကကြီးက တုန်လှုပ်သွားလေသည်။ တဘုန်းဘုန်းမြည်သံများကြားတွင် လျှပ်စီးကြောင်းများက ကောင်းကင်ကို တလက်လက်ဖြတ်သန်းသွားလေသည်။ သို့သော် လျှပ်စီးများက မြေပြင်သို့ မရောက်ဘဲ ကောင်းကင်မှာတင် တဝင်းဝင်း လင်းလက်နေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လျှပ်စီးကြောင်းရာပေါင်းများစွာက လေထုကို ထိုးခွင်းရင်း အေးခဲရပ်တန့်သွားလေသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီးနောက် အလွန်ကြီးမားသော တိုက်ပွဲပုဆိန်တစ်ခုကို ပုံဖော်လိုက်သည်။
ထိုတိုက်ပွဲဝင်ပုဆိန်က ပေထောင်ပေါင်းများစွာ ကြီးမားပြီး လေထဲရှိ လျှပ်စီးကြောင်းများဖြင့် ဖွဲ့စည်းထားသည်။ ဘိုး ဘေးကြီးက ဘယ်လက်ကို မြှောက်၍ ကောင်းကင်သို့ ချိန်ရွယ်လိုက်သောအခါ ပုဆိန်က စုမင်ထံ ပေါက်ကွဲသံကြီးနှင့်အတူ ပြေးဝင်လာသည်။
“ခင်ဗျား ကျုပ်ကိုမမှတ်မိဘူးလား”
စုမင်က မထုံတတ်တေး အမူအရာဖြင့်
ဘိုးဘေးကြီးရှိရာအရပ်ဆီသို့ ဖြည်းညှင်းစွာလျှောက်လာသည်။ သူရှေ့သို့ တိုးလာစဥ် ပတ်ဝန်းကျင်မှ မြူခိုးနက်များဖြင့် ဖွဲ့စည်းထားသည့် စပါးအုံးမြွေတစ်ဒါဇင်က သူ့ဆီသို့ ပြေးဝင်လာသည်။ ၎င်းတို့က စုမင်နှင့်နီးကပ်လာသည့်အခိုက်အတန့်တွင် ၎င်းတို့၏ ခန္ဓာကိုယ်မှ ကွဲအက်သံများ ထွက်ပေါ်လာပြီး ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ရုပ်တုများက တုန်လှုပ်သွားပြီးကျိုးပဲ့ကြေမွသွားကြသည်။
စုမင်က ခြေချလိုက်သောအခါ ဘိုးဘေးကြီး၏ သွေးမှ ထွက်ပေါ်လာသော သွေးနီတီကောင်တစ်ထောင်က စုမင်နားသို့ နီးကပ်လာသည်။ ထိုပိုးကောင်များက ရက်စက်ကြမ်းကြုတ်ပုံရပြီး စုမင်က ၎င်းတို့ကို ကျော်ဖြတ်သွားလေသည်။ ထို့နောက် ပိုးကောင်များက တွန့်လိမ်ပုံပျက်သွားပြီး မြေပြင်ပေါ်ပြန်ကျဲ့သွားသည့် ရေခဲများ ဖြစ်သွားသည်။
စုမင်၏ အသက်သုံးရှိူက်စာအောက်တွင်ဤအရာအားလုံး ဖြစ်ပျက်ခဲ့သည် ။ သူစကားပြောပြီးချိန်တွင် ဘိုးဘေးကြီးရှေ့မှာ ရောက်ရှိနေပြီဖြစ်သည်။
ဘိုးဘေးကြီး၏ အမူအရာများ ပြောင်းသွားကာ မျက်မှောင်ကြုတ်သွားလေသည်။ သူပြန်ဆုတ်ခါနီးမှာ စုမင် ဘယ်လက်ကို မြှောက်ပြီး သူ့လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။
“ကဲ ခင်ဗျား ကျုပ်ကို မှတ်မိပြီလား”
စုမင်၏ အသံသည် ကျယ်လောင်လှသည်။ သူစကားပြောသောအခါ ကောင်းကင်ကြီးက ဟိန်းဟောက်သွားပြီး တိုက်ပွဲဝင်ပုဆိန်က နီးကပ်လာသည်။ ထိုစဉ်က စုမင်က လူသတ်ဓါးကို ဆင့်ခေါ်လာပြီး ပုဆိန်ရှိရာဘက်သို့ ခုတ်ပိုင်းလိုက်လေသည်။
တစ်ချိန်တည်းမှာပင် စုမင်က ဘိုးဘေးကြီး၏ လည်ချောင်းတစ်ဝိုက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
“ဒါက ပထမသေခြင်းပဲ..”
စုမင်က အသံတုံးတိဖြင့် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှအဖျက်စွမ်းအားတစ်ခုက ဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ခန္ဓာကိုယ်ကို ကွဲကြေစေခဲ့သည်။
ထိုအခိုက်တွင် ဘိုးဘေးကြီး၏ခန္ဓာကိုယ်က ကွဲအက်ကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။သို့သော် ဘိုးဘေးကြီး သေဆုံးသွားသည့်နေရာမှ ပို၍ပင် တန်ခိုးကြီးသည့် အသွင်အပြင် တစ်ခုထွက်ပေါ်လာသည်။ ထို့နောက် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသော ဘိုးဘေးကြီး၏ ခန္ဓာကိုယ်က တစ်ဖန်ပေါ်လာသည်။ယခုတစ်ကြိမ်တွင်မူ ဘိုးဘေးကြီးက ယခင်ကကဲ့သို့ အသက်မကြီးပေ။
“မင်းဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး...”
သို့သော် ဘိုးဘေးကြီး၏စကားမဆုံးခင်မှာပင် စုမင်က လူသတ်ဓါးဖြင့်လျင်မြန်စွာ ခုတ်ထစ်ခဲ့သည်။ သွေးဆာနေသောဓါးဝီစီသံကြီး ထွက်ပေါ်လာကာ ဘိုးဘေးကြီး၏ခေါင်း ပြတ်ထွက်လာပြီး သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ်လဲကျသွားလေသည်။
“ဒါက ဒုတိယမြောက် သေခြင်းပဲ”
စုမင်က တည်ငြိမ်စွာပြောလိုက်သည်။