← Chapters

ကာကွယ်ပေးခြင်း

Vol. 53 Ch. 733

ကာကွယ်ပေးခြင်း

Vol. 53 Ch. 733

နဂါးခေါင်းကြီးက စုမင်ကိုကြည့်ရန်ရေမျက်နှာပြင်ကနေ ထွက်လာသည်။၎င်းက စုမင်ခန္ဓာကိုယ်မှ သိမ်မွေ့သော တည်ရှိနေမှုကို ခံစားရနိုင်ပြီး၊ ယခင်က တစ်ခါမှ မမြင်ဖူးသည့် အရာတစ်ခုဖြစ်သည့် ခွန်အားကို ခံစားနိုင်သည်။

စုမင်က နဂါးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ရှာမန်နဂါးကြီးသည် စုမင်၏ ရည်ရွယ်ချက်ကို သတိပြုမိသကဲ့သို့ ယခုအခိုက်အတန့်တွင် တုန်လှုပ်စပြုလာသည်။ ထို့နောက် ရေမျက်နှာပြင်မှာ နောက်ထပ်လှိုင်းဂယက်များ ပေါ်လာလေသည်။

၎င်း၏ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်ရာ ခန္ဓာကိုယ်က တွန့်လိမ်သွားသည်။ ထို့နောက် လက်သီးဆုပ်အရွယ်လောက်ရှိသော သွေးဘောလုံးများ ထွက်လာသည်။ သန့်စင်သောရှာမန်တည်ရှိမှုက ထိုသွေးဘောလုံးများမှ ပျံ့နှံ့လာသည်။၎င်းတို့က စုမင်ဆီသို့ တရွေ့ရွေ့ ရွေ့လျားလာပြီး သူ့ရှေ့တွင် ရပ်သွားသည် ။

နဂါးကြီးက ထိုသွေးဘောလုံးကို ထွေးထုတ်လိုက်သောကြောင့် အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။သို့သော်လည်းစုမင်ဆီသို့ တလေးတစား ခေါင်းငုံ့ပြရင်း စိမ့်တွင်းနက်ထဲသို့ ပြန်လည်နစ်မြုပ်သွားခဲ့သည်။

စုမင်က သွေးဘောလုံးကို လက်ခံရရှိကာ တစ်ချက်ကြည့်လိုက်ပြီးသိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ တောထဲမှ လှည့်ထွက်လာခဲ့ပြီး ဂုရုကြီးလီလုံအား စကား ထပ်မပြောခဲ့ပေ။

သူက ဂုရုကြီးလီလုံကို အခွင့်အရေးပေးထားပြီးဖြစ်သော်လည်း ထိုလူက သူ့ကမ်းလှမ်းမှုကို ငြင်းပယ်ရန် ရှင်းရှင်းလင်းလင်း ရွေးချယ်ခဲ့သည်။

စုမင်က လီလုံ၏ဘဝအကြောင်းမေးသောအခါတွင် လီလုံက ပြန်မဖြေခဲ့ပေ။ သို့ပေမဲ့ သူက လီလုံ အသက်လမ်းကျင့်စဉ်က်ို ရှာဖွေနေကြောင်းကို ကြားချင်ခဲ့သည်။

သို့တိုင် ဂုရုကြီးလီလုံက ထိုလမ်းစဉ်ကို မရှာဖွေဘဲ သေတော့မည်ဟု အေးအေးဆေးဆေး ပြောခဲ့သည်။ စုမင်သာ သူ့လက်ရှိဘဝအမှတ်တရများသာရှိပြီး နှစ်ရာပေါင်းများစွာ ကျင့်ကြံလမ်းစဉ်အတိုင်းသာ လျှောက်လှမ်းခဲ့မည်ဆိုလျှင် ထိုစကားလုံးများ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို သူချက်ချင်းနားလည်နိုင်မည်မဟုတ်ပေ။ သို့သော် သူက အရာများစွာကို တွေ့ကြုံခဲ့ရပြီး သူဖြတ်သန်းခဲ့သောလူဝင်စားဘဝများစွာက သူနေထိုင်ခဲ့ရသောဘဝများဟု ဆိုလိုသည်။

ဤအရာက ဂုရုကြီးလီလုံမှာ စုမင်နှင့်နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ သူ့စကားနောက်ကွယ်မှာ အရင်းခံအဓိပ္ပါယ်တစ်ခုရှိသည်။ ထိုအရာက စုမင်ကို သူ့နှလုံးသားကနေ စိတ်ရင်းမှန်ထုတ်ပြလိုက်ခြင်းပင်ဖြစ်သည်။ သူက စုမင်၏ ကျင့်ကြံအဆင့်ကို မထီမဲ့မြင်မပြုရဲသော်လည်း စုမင်အသက်ကြောင့် နှာခေါင်းရှုံမိလေသည်။

ဂုရုကြီးလီလုံအတွက် စုမင်က မာန်ပြည်ထောင်၏နတ်ဘုရားဖြစ်သည်။ သို့သော် စုမင် ငယ်လွန်းသောကြောင့် ဂုရုကြီးလီလုံက သူ့ကို လုံးဝအသိအမှတ်ပြုပြီး သူ့လမ်းညွှန်မှုကို လက်ခံရန် ခက်ခဲသည်။

အကယ်၍ စုမင်သာ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော အဘိုးအိုဖြစ်ခဲ့လျှင်

ဂုရုကြီးလီလုံက လုံးဝခြားနားသော သဘောထားကို ပြသလိမ့်မည် ။

ထို့ကြောင့် စုမင်က အချိန်ဖြုန်းမနေတော့ပေ။ သူ လှည့်ထွက်သွားသောအခါ သူ့ခန္ဓာကိုယ် တဖြည်းဖြည်းမှုန်ဝါးလာသည်။ ဂုရုကြီးလီလုံး၏ မျက်နှာပေါ်တွင် အနည်းငယ်ရှုပ်ထွေးသောအမူအရာ ပေါ်လာပြီး စုမင်ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ကြောင်း သူ့ကိုယ်သူသိသည်။ ထိုအခွင့်အရေးက သူ့အား သူ၏ ကျင့်ကြံအဆင့်တွင် အောင်မြင်မှုတစ်ခုအထိ ရရှိကောင်းရရှိနိုင်သည်။ နောက်ဆုံးတွင် ဤမာန်နတ်ဘုရားသခင်သည် ငယ်ရွယ်သေးသဖြင့် လီလုံ သူ့ကို အသိအမှတ်ပြုရန် ခက်ခဲသည်။

အမှန်တော့ သူလိုမျိုး တွေးခေါ်သူ အများအပြားရှိခဲ့သည်။ သူတို့ထက်ငယ်သောလူများကို မယုံသင့်ကြောင့် မကြာခဏ တွေးတတ်ကြသည်။ လူငယ်တစ်ယောက်က ကျင့်ကြံအဆင့်က မြင့်မားစေကာမူ ဤလူအိုအုပ်စု၏ သဘောထားကို ပြောင်းလဲရန် ခက်ခဲနေသေးသည်။

ဂုရုကြီးလီလုံက စုမင်သွားရာကို တောက်လျှောက်ကြည့်နေလေသည်။

စုမင်က တောအုပ်နှင့် ပေတစ်ထောင်အကွာတွင်ရှိနေပြီး တောအုပ်သည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအနည်းငယ်ကို ဖုံးကွယ်ထားသည်။ ထိုစဉ် ဂရုကြီး၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ဂုရုကြီးက ထိုနောက်ကျောကို အတော်လေးရင်းနှီးနေပြီး ယခင်က တစ်နေရာရာမှာ မြင်ဖူးပုံပေါ်ကြောင်း မရေမရာခံစားရလေသည်။ သို့သော် ထိုမှတ်ဉာဏ်က အလွန်မှိန်ဖျော့နေပြီး နောက်ကျောတစ်ခြတည်းဖြင့် သူမြင်ဖူးသည့်နေရာကို ပြန်မှတ်မိရန် ခက်ခဲသည်။

မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသောလီလုံက စုမင်ကို မေးလိုက်သည်။

“မာန်နတ်ဘုရားသခင်..ကျုပ်တို့ အရင်က ဆုံဖူးလား..”

“မဆုံဖူးဘူး” ဟု စုမင်က ပြောပြီး သူ့ခန္ဓာကိုယ်က တောထဲသို့ ပျောက်ကွယ်သွားသည်။

သူတို့နှစ်ယောက် ယခင်က ဆုံဖူးကြသည်။ ထိုအချိန်က စုမင်မှာ ထိုကဲ့သို့ပုံစံမျိုးမဟုတ်ပေ။ သူက ရှေးအဘိုးကြီးတစ်ဦးအသွင်ယူခဲ့ပြီး ယခုလက်ရှိပုံနှင့် မတူညီပေ။

စုမင်က တောထဲမှ ထွက်သွားပြီးနောက် အနောက်ပင်လယ်ကျွန်းအစွန်းသို့ ရောက်သည့်တိုင်အောင် လီလုံကို ပြန်လှည့်မကြည့်ခဲ့ပေ။ သူက သိုလှောင်အိတ်များ၊

သလင်းကျောက်များနှင့် ထူးဆန်း‌သောရတနာအမြောက်အမြားကို စိတ်လှုပ်ရှားစွာ စုပ်ယူနေသောယွီရွှမ်ကို တိုးတိုးလေးပြောခဲ့သည်။

“မင်း သူများတွေကို လှည့်စားလို့ ပြီးပြီလား..ငါသွားတော့မယ်”

စုမင်က ထိုသို့ပြောပြီး ခြေတစ်လှမ်း လှမ်းကာ အနောက်ပင်လယ်ကျွန်းမှ ထွက်လာခဲ့သည်။ သူက ကျွန်းဧ။်မှော်အစီအရင်မှ ထွက်ခွာပြီး အေးခဲ‌ကောင်းကင်ကလန်၏ကျွန်းဆီသို့ ဦးတည်ခဲ့သည်။

ယခုမူ သူလိုအပ်သမျှကို ရထားပြီးသားဖြစ်သည်။ ယခုအချိန်တွင် သူ့ရည်မှန်းချက်က ဒုတိယအစ်ကိုနှင့်ပူးပေါင်းပြီး အစ်ကိုကြီးကို နိုးထအောင် ပြုလုပ်ရန်ဖြစ်သည်။

စုမင်က ထွက်သွားချိန်မှာတော့ ယွီရွှမ်ကရွှင်မြူးစွာ အော်ဟစ်ပြီး ပျော်ရွှင်မှုကင်းမဲ့နေသောခွေးကြီး၏ခေါင်းကို ပုတ်လိုက်သည်။ခွေးကြီးကဧ။်စိတ်ထဲတွင် ၎င်းက ထူးခြားသောအသူရာနဂါးတစ်ကောင်ဖြစ်သည်။သို့သော်လည်း သူ့သခင်လေးက ပေ‌ထောင်ပေါင်းများစွာကြီးသော ခွေးကြီးအဖြစ်ပြောင်းရန် အတင်းပြောဆိုခဲ့သည်။

ပိုဆိုးတာက ၎င်းက ပေသောင်းနှင့်ချီသော သတ္တဝါအဖြစ် ပြောင်းသွားရင်တောင်မှ ယွီရွှမ်က ၎င်းကို အသူရာနဂါးအဖြစ် ပြန်ပြောင်းခွင့်မပေးသေးပေ။

သူတို့ ထွက်သွားချိန်မှာတော့ ခွေးကြီးက အနောက်ပင်လယ်ကျွန်း၏မျိုးနွယ်စုဝင်များကို စိုက်ကြည့်ရင်း ဟိန်းဟောက်လိုပက်သည်။ ၎င်းက အေးစက်သောနှာမှုတ်ထုတ်သံနှင့်အတူ အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့အရှိန်တင်လေသည်။

မြေပြင်ပေါ်တွင် လှုပ်ရှားနေသော အနက်ရောင်အရိပ်တစ်ခု ရှိနေသေးသည်။ ထိုအချိန်တွင် ထိပ်ပြောင်ကြိုးကြာငှက်က ကောင်းကင်ရှိအဝါရောင်ခွေးကြီး ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ မကျေမနပ် မျက်နှာထားနှင့် အမြန်လိုက်ပါသွားခဲ့သည်။

မာန်ပြည်‌ထောင်၏အရှေ့မြေရိုင်းနယ်မြေနှင့်တောင်ပိုင်းအရုဏ်ဦးနယ်မြေက လွန်စွာတည်ငြိမ်အေးချမ်းနေလေသည်။

မရေမတွက်နိုင်သောမာန်ကျင့်ကြံသူများကစုဝေးပြီး ၎င်းတို့၏အင်အားကို စုဆောင်းခဲ့ကြသည်။ မကြာမီ သူတို့က အနောက်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ်များသို့ ခရီးဆက်ကြလေသည်။ သူတို့က အင်အားများ စုဆောင်းနေစဉ် စုမင်က အနောက်ပင်လယ်ကျွန်းက ထွက်သွားပြီး ယွီရွှမ်၊‌ ခွေးကြီးနှင့် ကြိုးကြာငှက်က သူ့နောက်ကို အမြန်လိုက်သွားလေသည်။

တစ်ချိန်တည်းမှာပင် မာန်ပြည်ထောင်ဧ။်ကောင်းကင်နှင့်လောကများစွာသို့သွားနိုင်သည့်ဝင်ပေါက်များစွာပါရှိသောယင်မရဏဝဲဂယက်နောက်တွင် ရှည်လျားသော မှော်စီးယာဉ်ထောင်ပေါင်းများစွာစုဝေးနေပါသည်။ ထိုယာဥ်များက ကျင့်ကြံခြင်းဂြိုလ်ကြီးကိုးလုံးနားတွင် ရှိနေသည်။

မှော်စီးယာဉ်တစ်ခုစီတွင် အနက်ဝတ်ကျင့်ကြံသူများစွာ ရှိနေပြီး သူတို့၏အဝတ်များတွင် ကြယ်တာရာပုံပန်းထိုးများဖြင့် အလှဆင်ထားသည်။ ထိုပုံများက ယုံနိုင်လောက်အောင် အစစ်အမှန်နှင့်တူပြီး ဝတ်ဆင်ထားသူတို့၏ခန္ဓာကိုယ်ကို ပုံရိပ်ယောင်ဟု ထင်မြင်ရစေသည်။

ရှည်လျားသောမှော်စီးယာဉ်များ၏ ပတ်ပတ်လည်တွင် အင်မော်တယ်တစ်သိန်းနီးပါးလည်း ရှိသေးသည်။သူတို့က နှုတ်ဆိတ်နေပြီး သူတို့၏အမူအရာများက လေးစားမှုကို ပြသနေလေသည်။

အခြားယာဥ်များရှေ့ရှိ ယာဉ်တစ်ခုပေါ်တွင် လူငယ်တစ်ဦး ရပ်နေသည်။ သူ့တွင် လေထဲတွင် လွင့်မျောနေသောအနက်ရောင်ဆံပင်ရှည်၊ ချောမောသောမျက်နှာကို ပိုင်ဆိုင်ထားသည်။ သို့သော် သူ့နှုတ်ခမ်းများက ပါးလွှာပြီး သူ့မျက်နှာပေါ်တွင် မောက်မာမှုတို့ရှိနေလေသည်။

သူ့အဝတ်အစားက တခြားသူများနှင့် မတူပေ။ အခြားသူများ၏ ၀တ်ရုံပေါ်က ကြယ်တာရာများက ငြိမ်သက်နေပြီး သူ့ကိုယ်ပေါ်ရှီကြယ်တာရာများက ဖြည်းဖြည်းချင်း လှည့်ပတ်နေလေသည်။ သူ့ဝတ်ရုံက ကမ္ဘာတစ်ခု‌က သူ့နည်းသူ့ဟန်ဖြင့် လည်ပတ်နေသလိုမျိုး ထူးခြားဆန်းကြယ်လှသည်။

လကို ဝန်းရံထားသော ကြယ်များကဲ့သို့ ဤလူငယ်လေးကို လူရှစ်ယောက်က ဝိုင်းရံထားသည်။ လူရှစ်ဦးစလုံးက လူအိုများဖြစ်ကြပြီး ၎င်းတို့၏ကျင့်ကြံဆင့်က လောကမှော်ယာဉ်ပျံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

“မင်းတို့က အင်မော်တယ်‌တွေ..ငါ ဒီကို ဆင်းသက်လာပြီ..ဘာလို့ အချုပ်အခြာအာဏာပိုင်သုံးယောက်နဲ့ ဧကရာဇ်ငါးပါးက အရိုအသေလာမပေးကြတာလဲ...”

လူငယ်က မာနထောင်လွှားစွာ မေးလိုက်သည်။

“သခင်လေး... အချုပ်အခြာအာဏာပိုင်သုံးယောက်နှင့် ဧကရာဇ်ငါးပါးတို့က ...”

“မပြောနဲ့တော့.. ငါ့အဆင့်အတန်းက ဂိုဏ်းထဲမှာ မမြင့်မားလို့လား.. ဟမ်.. ငါ့အစ်ကိုကြီးရှိတုန်းက သူတို့ ဒီကိုလာပြီး မျက်နှာ‌ချိုသွေးခဲ့တာကွ...”

လူငယ်က သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့မျက်နှာက မည်းမှောင်သွားသည်။

“သခင်လေး… ဒါ…”

လူငယ်လေးတစ်ဝိုက်က အင်မော်တယ်အဖိုးအိုရှစ်ယောက်က ခနဲ့တဲ့တဲ့ ရယ်မောကြသော်လည်း ထိုလူငယ်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေလေသည်။

“ဒါက မင်းတို့အင်မော်တယ်တွေ

နောက်မျိုးဆက်အတွက် ထိန်းသိမ်းထားခဲ့တဲ့ ယင်မရဏနယ်မြေပဲ...”

လူငယ်လေး၏အကြည့်က ယင်မရဏဝဲဂယက်၏နဂါးငွေ့တန်းပေါ်သို့ ကျရောက်သွားသည်။

“ဒီနေရာက ယင်မရဏနယ်မြေပါ.. သခင်လေး “

ထိုလူငယ်အနားမှအင်မော်တယ်အဘိုးကြီးတစ်ယောက်က လေးလေးစားစားနှင့် ချက်ချင်းပြောလိုက်သည်။

“ယင်မရဏနယ်မြေက စစ်မှန်တဲ့မနက်ခင်းတာအိုလောက‌တစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်လို့ ကောလဟာလတွေထွက်နေတယ်..”

လူငယ်လေး၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခုပေါ်လာသည်။ သူက ရှည်လျားသောစီးယာဥ်မှ ခြေတစ်လှမ်းလှမ်းကာ နဂါးငွေ့တန်းထဲတွင် ရပ်နေ၏။ သူ ယင်မရဏဝဲဂယက်ကို ကြည့်ရင်း သူ့မျက်နှာမှာ စိတ်ဝင်စားမှုတစ်ခုပေါ်လာသည်။

“ဒီလို စွမ်းအားတွေရှိနေတာလား.. ငါ မနက်ခင်းတာအိုလောကရဲ့ ဂိုဏ်းအကြီးအကဲဖြစ်လာရင် ဒီနေရာကို စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်မယ်”

လူငယ်က အနီးနားသို့ ခြေတစ်လှမ်းလှမ်းပြီး နေရာကို စစ်ဆေးခဲ့သော်လည်း ဝဲဂယက်နှင့် ပေတစ်ထောင်အောက်သာ ဝေးသည့်အချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။

ယင်မရဏနယ်မြေရှိနဂါးငွေ့တန်းက အဆုံးမဲ့ ရှည်လျားနေပြီး မျက်လုံးဖြင့်မြင်သမျှအရာအားလုံးက ဗလာနတ္ထိဖြစ်သည်။ ထို့ကြောင့် သူ့အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ လေထဲတွင် ပျံ့လွင့်လာသောတည်ရှိမှုကိုးဆယ့်ကိုးခု၏အငွေ့အသက်ကိုလည်း အာရုံမခံနိုင်တော့ပေ။ ထိုကိုးဆယ့်ကိုးခုနောက်တွင် လှည့်ပတ်နေသောစွမ်းအားကြီးသောဆန္ဒလေးဆယ့်လေးခုလည်း ရှိသည်။

“တကယ်တော့ ဒီနေရာမှာ ကျားကိုးဆယ့်ကိုးကောင်အဆောင်နဲ့နဂါးလေးဆယ့်လေးကောင်အဆောင်တွေရှိတယ်...”

လူငယ်က ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နဂါးငွေ့တန်း၏နက်နဲရာသို့ ဆက်မသွားတော့ပေ။ ယင်အစား သူကလှည့်ပြီး မှော်စီးယာဉ်ဆီကို ပြန်သွားလေသည်။

“ကောင်းပြီ.. ငါက ဒီနေရာကို ဖြတ်ပြီး ခုနစ်ရက်ပဲ နေလို့ရတာ.. မင်းတို့အားလုံး ရှာခိုင်းထားတဲ့စိတ်ဝိညာဥ်ကျောက်တုံး ပမာဏကို သေချာ စုဆောင်းထား”

လူငယ်က ယာဥ်ပေါ်တွင် ရပ်ကာ သူ့ဘေးနားရှိ အင်မော်တယ်များကို အေးစက်စွာ ကြည့်လိုက်သည်။

အင်မော်တယ်များက မဲ့ပြုံးပြုံးလိုက်ကြသည်။ သူတို့ထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ရှေ့သို့ တိုးကာ အသံတိုးတိုးဖြင့် ပြောလိုက် သည်။

“သခင်လေး.. ကျေးဇူးပြု၍ နောက်ဆုံးရက်ကို ထပ်တိုးပေးပါ..မင်းလိုချင်တဲ့ ဝိညာဉ်ကျောက်တွေ များလွန်းတယ်.. အဲဒါတွေကို ပြင်ဆင်ဖို့ အချိန်တစ်ခုလိုတယ်...”

“ခုနစ်ရက်ပဲ..တစ်ရက်မှ တိုးမပေးဘူး.. ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် မစုဆောင်းနိုင်ရင်တော့... ဟဲဟဲ”

လူငယ်လေး၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။

“သခင်လေး…”

အင်မော်တယ်များထဲမှ အဖိုးအိုတစ်ဦးသည် ရုတ်တရက် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မင်း ဒီယင်မရဏဒေသကို အရမ်းစိတ်ဝင်စားပုံရတယ်.. ကျုပ်မှာ ယင်မရဏနယ်မြေထဲကို ဝင်နိုင်မဲ့ နည်းလမ်းတစ်ခု ရှိတယ်”

“အိုး”

ထိုလူငယ်၏မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းလက်လာပြီး အင်မော်တယ်အဘိုးကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

“မဆိုးပါဘူး...ခင်ဗျားပြောတဲ့နည်းလမ်းက တကယ်အသုံးဝင်ရင် ရက်အနည်းငယ်တိုးပေးမယ်.. အဲဒီနည်းလမ်းက အလုပ်မဖြစ်ဘူးဆိုရင် နောက်ဆုံးရက်ကို မပြောင်းနိုင်ဘူး..ဒါပေမဲ့ ငါလိုချင်တဲ့ ဝိညာဉ်ကျောက်တုံးပမာဏကို နှစ်ဆပေးရမယ်..”

“သခင်လေး.. စိတ်မပူပါနဲ့...ဒီဘက်ကိုကြွပါ...”

အဘိုးအိုက ချက်ချင်းပင် ပြုံးလိုက်သည်။

အခြားလူများက တခဏတာ တုံ့ဆိုင်းသွားသော်လည်း အချုပ်အခြာအာဏာသုံးယောက်နှင့် ဧကရာဇ်ငါးပါးတို့က မာန်ပြည်ထောင်ကို ဆင်းသက်သည့် မှော်အစီအရင်ကို တားမြစ်ထားကြောင်း မည်သူမျှ မပြောခဲ့ကြပေ။ အချုပ်အခြာအာဏာသုံးယောက်နှင့် ဧကရာဇ်ငါးပါးတို့ ပြန်လည်ရောက်ရှိလာပြီးမှသာ မှော်အစီအရင်ကို အသက်သွင်းနိုင်မည်ဖြစ်သည်။

နာရီအတော်ကြာပြီးနောက် ရှည်လျားသော မှော်စီးယာဉ်ထောင်ပေါင်းများစွာက အင်မော်တယ်ပြည်နဂါးငွေ့တန်းရှိ အဆုံးမဲ့တိုက်ကြီးများဖြင့် ပြည့်နှက်နေသော နေရာအထက်တွင် ပျံ့နှံ့စွာ နေရာယူခဲ့သည်။ယခင်က ထိုလူငယ်အနားတွင် မတ်တပ်ရပ်နေသောအင်မော်တယ်များက စုမင်၏ ရုပ်ခန္ဓာရှိရာ အလယ်ဗဟိုရှိ တိုက်ကြီးဆီသို့ လမ်းညွှန်ခဲ့သည်။

လူငယ်က စုမင်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသလိုမျိုး အေးစက်စွာ မေးလိုက်သည် ။

“ဒါဆို သူက အဲဒီ့မိန်းကလေးရဲ့အကိုကြီးလား”

“သခင်လေး.. ဉာဏ်အမြော်အမြင်ရှိပါပေတယ်.. သူက အဲဒီလူပါပဲ...ကျုပ်တို့ဆင်းသက်မဲ့မှော်အစီအရင်ကို အသက်သွင်းဖို့ သူ့ရဲ့ရုပ်ခန္ဓာကို အသုံးပြုရမှာ.. အဲဒါ ယင်မရဏ‌နယ်မြေကိုဆင်းသက်ဖို့ ကျုပ်တို့သုံးတဲ့နည်းလမ်းပဲ.. ဒါပေမဲ့ ပြင်ဆင်ချိန် နှစ်ရက်လိုမယ်..ကျုပ်တို့ဆင်းသက်လိုက်တာနဲ့ ကျုပ်တို့ရဲ့ကျင့်ကြံဆင့်တွေကအကန့်အသတ်ရှိတော့ လူတွေအများကြီး ဆင်းသက်လို့မရဘူး...”

“ကိစ္စမရှိပါဘူး..တာအိုအစေခံနံပါတ် ၁၉၊ ၂၁၊ ၃၁ ၊၄၁ ၊၅၁ မင်းတို့ငါးယောက် ရှေ့ထွက်လာခဲ့...”

လူငယ်က သူတို့ပြောသမျှကို လုံးဝစိတ်မ၀င်စားပေ။သယ စကားပြောနေစဉ်တွင် ၎င်းတို့အနီးရှိအနက်ရောင်သင်္ဘောများမှ လူငါးဦး ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူတို့က လူငယ်နောက်တွင် ရပ်နေကြသည်။

“မှော်အစီအရင်ကို အသက်သွင်းလိုက်..သူတို့ငါးယောက်က မင်းကိုကာကွယ်ပေးလိမ့်မယ်..အချုပ်အခြာအာဏာပိုင် သုံး‌ပါးနဲ့ ဧကရာဇ်ငါးပါး ဒီကိုရောက်လာခဲ့ရင်တောင် ငါ့အပေါ်ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...”

အင်မော်တယ်၏မှော်အစီအရင် ဖြည်းညှင်းစွာ အသက်ဝင်လာစဉ်တွင် မာန်ပြည်ထောင်အထက်ရှိ လမင်းကြီးက လုံးဝန်းစွာတောက်ပနေပြီး ကြယ်အနည်းငယ်သာရှိလေသည်။ ပင်လယ်ကိုဖြတ်၍ လေညင်းများတိုက်ခတ်လာပြီး လရောင်က လှိုင်းတံပိုးများကို ငွေရောင် လင်းထိန်စေသည်။ နောက်ထပ်လေးပြင်းများတိုက်ခတ်လာကာ လှိုင်းလုံးများကို အဝေးသို့ပြန့်ကျဲသွားလေသည်။

စုမင်က နဝမမြောက်တောင်ထွဋ်ကို ပြန်ရောက်တာ နှစ်ရက်ရှိလေပြီ။ ထိုအချိန်တွင် သူက တောင်ထိပ်ရှိ ချောက်ကမ်းပါးပေါ်တွင် ထိုင်နေသည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း သတိထားနေပုံပေါ်သည်။ သူ၏အခြေတည်ဝိညာဉ်ကို အရပ်ရပ်သို့ဖြန့်ကျက်ထားသောကြောင့် ပတ်ဝန်းကျင်ရှိအသေးငယ်ဆုံး လှုပ်ရှားမှုကိုတောင် ချက်ချင်းသတိထားမိမည်ဖြစ်သည်။

ဒုတိယအစ်ကိုက သူ့ဘေးတွင် တင်ပျဉ်ခွေထိုင်နေပြီး မာန်ပြည်ထောင်ရှိစိတ်ဝိညာဉ်တစ္ဆေများကို ဖိတ်ခေါ်ရန် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။

မြေပြင်ပေါ်တွင် ဟောက်နေသောဟူကျီက အစ်ကိုကြီး၏အသိဉာဏ်ကို သူ့အိမ်မက်ထဲသို့ ဝင်ရောက်ခြင်းဖြင့် ကာကွယ်ထားသည်။

ဒုတိယအစ်ကိုပဲဖြစ်ဖြစ် ဟူကျီပဲဖြစ်ဖြစ် သူတို့၏စွမ်းရည်များကို အသက်သွင်းနေစဉ် မည်သူမျှ နှောင့်ယှက်နိုင်မည်မဟုတ်ပေ။ မဟုတ်လျှင် အစ်ကိုကြီးက မနိူးထလာနိုင်တော့ဘဲ ဒုတိယအစ်ကိုနှင့်ဟယကျီ၏အသက်များလည်း အန္တရာယ်ကျရောက်နိုင်သည်။

စုမင်၏တာဝန်က သူတို့ကို ကာကွယ်ပေးရန်ဖြစ်သည်။

All Chapters