“ရန်သူတွေရောက်လာပြီ...”
Vol. 53 Ch. 735
“ဒီမိန်းမနှစ်ယောက်က တော်တော်လေးလှတယ်…”
တာအိုပညာရှင်ယွမ်၏ မျက်လုံးများတွင်
ကောက်ကျစ်ယုတ်မာမှုများ ပေါ်လာသည်။ သူ တစ်ချက်လှုပ်ရုံဖြင့် မှော်စီးယာဉ်မှ ထွက်ခွာသွားခဲ့သည်။ သူက မရဏပင်လယ်တွင်ရှိသောတောင်ပိုင်းရွံ့ညွန်ကျွန်းကို ကြည့်နေသည်။ ထိုအချိန်တွင် ဖန်းချန်လန်က တောင်ထိပ်တစ်ခုတွင်ရပ်ကာ အဝေးကိုရှိအေးခဲကောင်းကင်ကလန်ကျွန်းကို ကြည့်နေသည်။
ဝမ်းချိုးက သူ့နောက်မှာ ရပ်နေလေသည်။ ဤအမျိုးသမီးနှစ်ယောက်က ယွီရွှမ်လောက် ရင်သပ်ရှုမောဖွယ်မလှသော်လည်း သူ့နည်းသူ့ဟန်ဖြင့် လှပနေလေသည်။ သူတို့နားတွင် ရှေးကျသောလေထုရှိနေပြီး နွေဦးရှိသစ်ခွပန်းနှင့် ဆောင်းဦးရှိဂန္ဓမာပန်းများကဲ့သို့ ဖူးပွင့်လှပနေလေသည်။ သူတို့က တူညီသောအပင်မှ ပေါက်လာသော ပန်းနှစ်ပွင့်နှင့်တူပြီး တစ်ယောက်နှင့်တစ်ယောက်လိုက်ဖက်ညီနေလေသည်။
တာအိုပညာရှင်ယွမ် က သူ့နှုတ်ခမ်းကို အလိုလို သပ်ရင်း ရယ်မောလိုက်သည်။
“မဆိုးပါဘူး.. ဒီလိုရှေးကျတဲ့နေရာမှာ ချောမောလှပတဲ့ ကောင်မလေးနှစ်ယောက်ရှိမယ်လို့ မထင်ထားမိဘူး..
သူတို့ရဲ့အလှက ငါ့ကိုယ်လုပ်တော်တွေနဲ့တောင် ယှဥ်နိုင်နေပြီ”
တာအိုပညာရှင်ယွမ်က သူ့လက်ထဲက ယပ်တောင်ကိုဖွင့်ပြီး အောက်ရှိကျွန်းကို ညွှန်ပြလိုက်သည်။
ထို့နောက် သူ့နှုတ်ခမ်းကို သပ်လိုက်ရင်းပြောပြန်သည်။
“တာအိုကျေးကျွန် ၁၉ တခြားလူတွေကို လမ်းပြပြီး ကျွန်းပေါ်ကလူတွေကို သတ်ပစ်လိုက်..အဲဒီမှာရှိတဲ့ အမျိုးသမီးနှစ်ယောက်ကို မထိခိုက်စေနဲ့.. သူတို့လို ချောမောလှပတဲ့ တခြားအမျိုးသမီးတွေ ရှိမရှိ ရှာကြည့်လိုက်အုံး...”
ဝတ်ရုံနက်ငါးဦးက ခံစားချက်မဲ့သောမျက်နှာဖြင့် လူငယ်၏စကားကို
နာခံကြောင်း ဦးညွတ်လိုက်သည်။
“နားလည်ပါပြီ သခင်လေး”
ထိုလူငါးယောက်က ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြသည်။သူတို့က တောင်ပိုင်းရွံ့ညွန်ကျွန်းပေါ်သို့ ပျံတက်သွားကာ အန္တရာယ်ကို လုံးဝ သတိမထားမိပေ။ ကောင်းကင်ကြီး ရုတ်တရက် တဘုန်းဘုန်းတုန်ခါကာ ရာသီဥတုလည်း ပြောင်းလဲသွားခဲ့သည်။ အနက်ရောင် မြူခိုးထုက ကောင်းကင်ယံသို့ တလိပ်လိပ်တက်လာလေသည်။ ထိုမြူခိုးများ ပျံ့လွင့်လာသောအခါ ကြက်သီးထဖွယ်ကောင်းသောအအေးဓါတ်က အရပ်ရပ်မှ တိုးဝင်လာသည်။
တောင်ပိုင်းရွံ့ညွန်ကျွန်းပေါ်သို့ ဆင်းတော့မည့်ဝတ်ရုံနက်ငါးဦး၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် သူတို့ ရပ်တန့်ကာ လူငယ်လေး၏ အနားသို့ အမြန်ပြန်သွားကြသည်။ လူငယ်က ကျွန်းကို အကြည့်လွှဲပြီးနောက် ပတ်ပတ်လည်ကိုကြည့်ရင်း အံ့ဩသွားခဲ့သည်။
အေးစိမ့်သောလေလှိုင်းများက ကောင်းကင်တွင် လှည့်ပတ်နေသော်လည်း ဤနေရာကို ဗဟိုပြုကာ တိုက်ခတ်ခြင်းမရှိပေ။ ထိုလေလှိုင်းက ခပ်ဝေးဝေးတစ်နေရာဆီ ဦးတည်သွားကြသည်။ သာမန်မျက်စိဖြင့် မြူခိုးလှိုင်းများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့ရာတွင် နတ်ဘုရားအာရုံဖြင့်ကြည့်လျှင် ၎င်းတို့က မြူခိုးများမဟုတ်ဘဲ စိတ်ဝိညာဉ်အပိုင်းအစများဖြစ်ကြောင်း သိနိုင်သည်။
ထိုဝိညာဉ်များက လူ ၊ သားရဲများဖြင့် ဖွဲ့စည်းထားသည်။ သူတို့၏ မျက်နှာများက ဝေဝါးနေပြီး ရှေ့သို့ ပြင်းပြင်းထန်ထန် အရှိန်တင်နေကြသည်။သူတို့၏တည်ရှိမှုကြောင့် ကျောချမ်းဖွယ်လေအေးများ စုပြုံလာသည်။
လူငယ်နောက်ကွယ်မှ ဝတ်ရုံနက်အမျိုးသားတစ်ဦးမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သခင်လေး..ဒါက ကောင်းကင်ဘုံစိတ်တစ္ဆေကျင့်စဉ်ပါ.. ကောင်းကင်ဘုံစိတ်တစ္ဆေရဲ့ခန္ဓာကိုယ်ကိုပုံ ဖော်ဖို့ စိတ်ဝိညာဉ်အပိုင်းအစတွေကို နိုးဆော်နေတဲ့သူရှိတယ်...”
တာအိုပညာရှင်ယွမ်၏ မျက်လုံးများတွင် ဖျတ်ခနဲလင်းလက်လာသည်။ သူ့အောက်ရှိ တောင်ပိုင်းရွံ့ညွန်ကျွန်းကို ကြည့်လိုက်ပြီးနောက် စိတ်ဝိညာဉ်အပိုင်းအစများ၏ လှုပ်ရှားမှုများကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားနေသော အကြည့်တစ်ချက် ပေါ်လာသည်။
“ဒီနေရာကို မှတ်ထားလိုက်..ဘယ်သူက ဒီကျင့်စဉ်ကို အသက်သွင်းနေလဲဆိုတာ သွားကြည့်ကြမယ်..ဒီကျင့်စဉ်ကို အသက်သွင်းနိုင်တဲ့သူက သာမန်ကျင့်ကြံသူတော့မဖြစ်နိုင်ဘူး..သူ့ကို မာန်နတ်ဘုရားလို့တောင်ခေါ်လို့ရတယ်...”
“ငါတို့ သူ့ကို အရှင်လတ်လတ် ဖမ်းပြီး သူ့ရှေ့မှာ သူ့လူတွေကို ညှဉ်းပန်း သတ်ပစ်မယ်.. ဟားဟား၊ အပြင်လောက ဒီလိုမျိုးတွေ အများကြီး လုပ်ခဲ့ဖူးပေမဲ့ ယင်မရဏနယ်မြေမှာတော့ ပထမဆုံးပဲ... စိတ်ဝင်စားစရာ ကောင်းတယ်.. ငါ ဂိုဏ်းထဲ ပြန်ရောက်တာနဲ့ တခြားသူတွေကို ဒီအကြောင်း ကြွားလုံးထုတ်နိုင်မယ်...”
လူငယ်က ရယ်မောကာ မှော်စီးယာဉ်ဆီသို့ ပြန်သွားခဲ့သည်။ ဝတ်ရုံနက်ငါးဦးက သူ့နား ရောက်သွားသည်နှင့် မှော်စီးယာဉ်က အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ကောင်းကင်တွင် အေးစက်ပြီး အပိုင်းအစဖြစ်နေသော ဝိညာဉ်များဆီသို့ အရှိန်တင်လိုက်သည်။
အနက်ရောင်မှော်စီးယာဉ်ကြီးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ ရွေ့လျားသွားသည်။ များမကြာမီ မရဏပင်လယ်ရှိ ကျွန်းစုအသီးသီးကို ဖြတ်ကျော်သွားကာ တောင်ပိုင်းအရုဏ်ဦးနယ် မြေဂှိကျွန်းသုံးကျွန်းအနီးသို့ ရောက်လာသည်။
ဖုန်ရွှေသံလိုက်အိမ်မြှောင်ပါသော တာအိုကျေးကျွန်၏မျက်လုံးများက ရုတ်တရက်လင်းလက်သွားသည်။ သူ့လက်ထဲရှိ သံလိုက်အိမ်မြှောင်ပေါ်၌ တောက်ပသော အစက်အပြောက်များစွာ ထွန်းလင်းလာပြီး ကျွန်းကြီးသုံးကျွန်းတည်ရှိရာ နေရာကို ပြသနေသည်။
ထို့နောက် ထိုကျေးကျွန်က ချက်ချင်း တင်ပြလိုက်သည်။
“သခင်လေး.. ဒီနေရာမှာ စွမ်းအားရှိတဲ့သူတွေ အများကြီးရှိတယ်..ရှာမန်နတ်ဘုရားကျွန်းမှာ ဒီလူက စွမ်းအားအကြီးဆုံးပဲ.. သူက ဒုတိယအဆင့်ကိုတက်လှမ်းနေပေမဲ့ သူ့အရှိန်အဝါက မသန့်စင်သေးဘူး..”
“အေးခဲကောင်းကင်ကလန်ရဲ့ကျွန်းမှာလူတစ်ယောက်ရှိတယ်.. ဒီလူရဲ့ကျင့်ကြံဆင့်ကို အတိအကျ မသိနိုင်ဘူး..အဲဒီနေရာမှာ စိတ်ဝိညာဉ်အပိုင်းအစတွေနဲ့အေးစက်တဲ့လေခု စုဝေးနေတယ်.. သူကတော့ ကောင်းကင်ဘုံစိတ်တစ္ဆေကျင့်စဉ်ကို အသက်သွင်းသူပဲဖြစ်မယ်..ဒါပေမဲ့ သူ့ဘေးမှာ တခြားလူ နှစ်ယောက်ရှိတယ်..”
“သူတို့ထဲက တစ်ယောက်ကနေ ထူးဆန်းတဲ့ အငွေ့အသက်တွေရတယ်..သူက အပြင်လောကမှာရှိတဲ့ မှော်ကျားအဆောင်နဲ့တူတယ်.. နောက်ဆုံးတစ်ယောက်ကတော့
ဒဏ်ရာ ပြင်းပြင်းထန်ထန် ကြောင့် အိပ်စက်နေတယ်..သူ့အသိစိတ်က တော်တော်လေးအားနည်းတယ်.. ကောင်းကင်ဘုံစိတ်တစ္ဆေကျင့်စဉ်ကို ပုံဖော်တဲ့သူကတော့ ဒီလူကို နိူးထအောင်လုပ်မလို့ထင်တယ်...”
ဖုန်ရွှေသံလိုက်အိမ်မြှောင်သည် သာမန်ပစ္စည်းတစ်ခုမဟုတ်သည်မှာသေချာလေသည်။ ထို့ပြင် တာအိုကျေးကျွန်၏အတွေ့အကြုံနှင့် အသိပညာကိုလည်း သံသယဝင်စရာမလိုပေ။ မဟုတ်လျှင် သူဤမျှလောက်များစွာပြောနိုင်မည်မဟုတ်ပေ။ သို့သော် ထိုသူက သံလိုက်အိမ်မြှောင်ပေါ်ရှိ စုမင် ၏အလင်းရောင်ကို သတိမထားမိလိုက်ပေ။
လူငယ်က အေးစက်စွာ ပြုံးပြီး မှော်စီးယာဉ်ကို ထိန်းချုပ်ကာ စုမင်ရှိသောကျွန်းသို့ ဦးတည်သွားလေသည်။သူတို့က ကောင်းကင်တွင်ပြည့်နှက်နေသောစိတ်ဝိညာဉ်အပိုင်းအစများနှင့်အတူ ကျွန်းအပြင်ဘက်ကို အမြန်ရောက်ရှိလာသည်။
တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းလုံးကြီးက လေထဲတွင် တဟုန်ထိုးမြည်ဟည်းလာသည်။ မှော်စီးယာဉ်က ကျွန်းရှိကာကွယ်ရေးမှော်အစီအရင်နှင့်ပြင်းထန်စွာတိုက်မိသွားလေသည်။ အလင်းလွှာဖန်သားပြင်က ချက်ချင်းအက်ကွဲသွားကာ ပေါက်ကွဲသံကြီးဖြင့် ပြိုကျလုနီးပါးဖြစ်သွားလေသည်။ ထို့နောက် မှော်စီးယာဉ်က ပျက်စီးနေသောအပိုင်းအစများကိုဖြတ်၍ ကျွန်းဆီသို့ ဦးတည်သွားသည်။
မှော်စီးယာဉ် အထဲကို အမြန်တိုးဝင်လာပြီး ကျယ်လောင်သောအသံနှင့်အတူ ရှေ့သို့ အရှိန်တင်လာလေသည်။ ထို့နောက် ကောင်းကင်ရှိအစိတ်စိတ်အမွှာမွှာ ကွဲအက်နေသောဝိညာဉ်များရှိရာနေရာ တည့်တည့်ကို ဦးတည်သွားခဲ့သည်။
ကျွန်း၏ကာကွယ်ရေးမှော်အစီအရင်ချိုးဖျက်ခံရစဉ် စုမင်၏မျက်လုံးများ ချက်ချင်းပွင့်လာသည်။သူ့မျက်လုံးများက ချက်ချင်းတောက်ပလာပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါက်လာသည်။
ထိုသတ်ဖြတ်လိုစိတ်က အင်မော်တယ်ပြည်ရှိတိထျန်းကို တိုက်ခဲ့စဉ်ကထက် ပို၍ပြင်းထန်သာလွန်လေသည်။ သူ့ရှေ့နေရာကို စိုက်ကြည့်ပြီး သူ့အခြေတည်ဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် အဝေးမှ ဤနေရာဆီသို့အရှိန်တင်နေသောမှော်စီးယာဉ်တစ်စင်းကို မြင်လိုက်ရသည်။ယာဉ်ပေါ်ရှိ လူခြောက်ယောက်ကိုလည်း တွေ့သည်။
ဤအခိုက်အတန့်တွင် နဝမမြောက်တောင်ထွဋ်ရှိအခြားလူများက စုမင်ထံမှ ထွက်ပေါ်လာသောသတ်ဖြတ်လိုစိတ်ကို ခံစားခဲ့ရသည်။ ထို့ပြင် ကျွန်းဧာ်အကာအကွယ်မှော်အစီအရင် ပြိုကျချိန်တွင် ထွက်ပေါ်လာသောနားအူမတတ်ပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။
ပိုင်စု၏အမူအရာက ပြောင်းလဲသွားသည်။ သူမက အတွေးထဲမှာ နစ်မြုပ်နေပြီး မျက်မှောင်ကြုတ်နေသောယွီရွှမ်က ခေါင်းမော့ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် ထိုင်နေသောခွေးကြီး ချက်ချင်းထ၍ အဝေးကို စိုက်ကြည့်နေသည်။ ၎င်း၏အမူအရာတွင် ပျင်းရိမှုမရှိတော့ဘဲ တစ်ခါမှမမြင်ဖူးသည့် အလေးအနက်ထားမှု ပေါ်လာသည်။
စုမင်က မှော်စီးယာဉ်ကို ငေးကြည့်နေလေသည်။ ချက်ချင်းဆိုသလိုပင် တာအိုယွမ်၏ကြယ်တာရာဝတ်ရုံမှ ကြယ်ရောင်များ လင်းလက်လာသည်။ အဆုံးမရှိ ရွေ့လျားနေသော ကြယ်များက ပုံမှန်အတိုင်းသာဖြစ်သည်။သို့သော်လည်း စုမင် ၎င်းတို့ကိုမြင်သောအခါတွင် သူ့နှလုံးသားနှင့် ဝိညာဉ်များ စုပ်ယူခံရသလိုမျိုး ခံစားလိုက်ရသည်။
စုမင်က တစ်ချက်မျှ မဆိုင်းမတွဘဲ သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး သူ့အောက်ရှိ တောင်ကြောပေါ်ကို ဖိချလိုက်သည်။ နဝမအကြိမ်မြောက်တောင်ထွဋ်တစ်ဝိုက်ရှိ ပတ်လည်ဧရိယာတစ်သောင်းရှိသောပင်လယ်ရေပြင်မှ ပြင်းထန်သော ပေါက်ကွဲသံများ ချက်ချင်းထွက်ပေါ်လာသည်။
တာအိုယွမ်၏ရယ်မောသံက လေထုထဲတွင် တဟုန်ထိုး ပျံ့လွင့်သွားသည်။ သူ၏အသံမှာ ရွှင်မြူးနေပြီး မာနကြီးသော လေထုကို ထုတ်လွှတ်နေလေသည်။
“မိုက်မဲတဲ့လူတွေ.. ငါ့ရဲ့တာအိုဝတ်ရုံက မနက်ခင်းတာအိုလောကဂိုဏ်းရဲ့သားစဉ်မြေးဆက်တွေကိုပဲ ပေးတဲ့မြင့်မြတ်တဲ့ရတနာတစ်ခုပဲ.. ငါ့ကို အန္တရာယ်ပြုဖို့ ကြိုးစားတဲ့ နတ်ဘုရားအာရုံရှိရင် တာအိုဝတ်ရုံထဲက မှော်အစီအရင်ရဲ့တုံ့ပြန်မှုကို ခံစားရလိမ့်မယ်.. ပြီးတော့ မင်းရဲ့ နတ်ဘုရားအာရုံက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မယ်...”
“တာအိုကျေးကျွန်တွေ.. မှော်အစီအရင်ကိုရိုက်ချိုးပစ်..မင်းတို့သခင်လေးက ကောင်းကင်ဘုံစိတ်တစ္ဆေကျင့်စဉ်ကိုသုံးပြီး လူတစ်ယောက်ကိုကုသဖို့လုပ်နေတာကို မြင်ခဲ့ပြီးပြီ..ဟားးးဟားး..
ငါအနှစ်သက်ဆုံးအရာက တခြားသူတွေကို ဒုက္ခရောက်အောင် လုပ်တာပဲ”
တာအိုပညာရှင်ယွမ်က ရက်စက်ယုတ်မာစွာ ရယ်မောလိုက်ပြီး သူ့လက်ထဲက ယပ်တောင်ကို ကိုင်လိုက်သည်။ သူ့မျက်နှာမှာ မာနကြီးပြီး စိတ်လှုပ်ရှားနေသောအမူအရာ ရှိလေသည်။
သူစကားပြောနေစဉ်တွင် သူ့နောက်မှ တာအိုကျေးကျွန်ငါးယောက်ထဲမှ လေးယောက် ချက်ချင်း ထွက်လာခဲ့သည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် ခက်ထန် သောအမူအရာဖြင့် နဝမမြောက်တောင်ထွဋ်လီတစ်သောင်းဝန်းကျင်နားသို့ ချဉ်းကပ်လာသည်။ သူတို့က တစ်ချိန်တည်းတိုးဝင်လာပြီး တွန့်လိမ်ပုံပျက်နေသောမှော်အစီအရင်က အက်ကွဲစပြုလာပြီး ဆူညံသံကြီးကို ထုတ်လွှတ်လိုက်သည်။ထိုအသံက ကောင်းကင်နှင့်မြေကြီးကို ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားစေပြီး မှော်အစီအရင်တွင် အက်ကွဲကြောင်းများစွာပေါ်လာသည်။
“ကောင်းပြီ၊ အနည်းဆုံးတော့ မင်းရဲ့လှည့်ကွက်တွေကိုထုတ်သုံးသင့်တယ်..တာအိုကျေးကျွန်..ငါ့တာအိုကျေးကျွန်လေးယောက်ဆီက တစ်ပြိုင်တည်းတိုက်ခိုက်မှုကိုခံနိုင်တဲ့
ဒီမှော်အစီအရင်က သာမန်တော့မဟုတ်ဘူး...ခွန်အားအပြည့်နဲ့ တိုက်ခိုက်ကြ..”
တာအိုပညာရှင်ယွမ်၏ မျက်လုံးများ တောက်ပလာပြီး သူ ပို၍ပင် စိတ်လှုပ်ရှားလာသည်။ သူ့ညာဘက်ရှိယပ်တောင်ဖြင့် မှော်အစီအရင်ကို ညွှန်ပြလိုက်သည်။
မှော်အစီအရင်တုန်လှုပ်သွားသောအခါ စုမင်၏မျက်နှာက အနည်းငယ်ဖြူဖျော့သွားသည်။ ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိ ၀တ်ရုံမှ စုပ်ယူမှု စွမ်းအားသည် မယုံနိုင်လောက်အောင် အားကောင်းနေပြီဖြစ်သည်။ စုမင်က မှော်အစီအရင်ကိုအသက်သွင်းရန် စွမ်းအားအပြည့်မသုံးပါက ထိုစုပ်ယူစွမ်းအားက ပို၍အားကောင်းလာလိမ့်မည်။
“မနက်ခင်းတာအိုဂိုဏ်း...’
စုမင်က အလွန်စိတ်တိုနေသောမျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူခန္ဓာကိုယ်မှ အေးစက်သောလေများပျံ့လွင့်လာသည်။ထို့နောက် ကျင့်စဉ်ကိုအသက်သွင်းနေသောဒုတိယအစ်ကိုနှင့် အိပ်ပျော်ရင်း ပြုံးနေသောဟူကျီကို လှမ်းကြည့်လိုက်သည်။ ဟူကျီ၏အပြုံးက အင်မတန်ပျော်ရွှင်နေပုံပေါ်သည်။
စုမင်၏မျက်လုံးများတွင် ပြတ်သားသော အကြည့်တစ်ခု ပေါ်လာသည်။ သူ့လက်ကို လွှဲယမ်းရင်း သူ့အစ်ကိုများကို ဆရာကြီး၏ဂူထဲကို ပို့လိုက်သည်။ ထို့နောက် သူက တောင်ထိပ်ရှိ မှော်အစီအရင်မှ ချက်ချင်းထွက်လာခဲ့သည်။ ထိုစဉ်တွင်ပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက တစ်ဟုန်ထိုးပျံ့လွင့်သွားကာ ကောင်းကင်ပင် တုန်ခါသွားလေသည်။ ထိုအချိန်တွင် ကာကွယ်ရေးအလွှာက ပြိုကျသွားပြီး ၎င်း၏ကာကွယ်နိုင်စွမ်းက လီငါးထောင်အောက် လျော့နည်းသွားသည်။
တဘုန်းဘုန်းပြိုကျသံများ ဆက်လက်ထွက်ပေါ်နေလေသည်။ သိပ်မကြာခင်မှာပဲအကာအကွယ်မှော်အစီအရင်က လုံးဝပြိုကွဲသွားသည်။ မှော်အစီအရင် လျင်မြန်စွာပြိုကျရသည့်အကြောင်းရင်းမှာ မှော်အစီအရင်အားနည်း၍မဟုတ်ဘဲ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခဲ့သော ရန်သူက အလွန်အားကောင်းသောကြောင့်ဖြစ်သည်။
စုမင်က တောင်ထိပ်မှဆင်းလာချိန်တွင် ရာနှင့်ချီသောမာန်ကျင့်ကြံသူများက နေရာပေါင်းစုံမှ ထွက်လာကြသည်။ သူတို့မျက်နှာများက ဖြူဖျော့နေသော်လည်း သူတို့မျက်နှာတွင် စိတ်ပိုင်းဖြတ်မှုများရှိနေလေသည်။
ယွီရွှမ်၏အမူအရာပြောင်းသွားပြီး စုမင် ကိုတွေ့သောအခါ သူမသိသမျှကို ချက်ချင်းပြောပြသည်။
“ဒါကမနက်ခင်းတာအိုလောကရဲ့ တိုက်ခိုက်ရေးမှော်စီးယာဥ်ပဲ.. ဒီလူတွေအားလုံးက ကြယ်တာရာဝတ်ရုံ ဝတ်ထားကြပြီး အဲဒီ ၀တ်စုံတွေမှာ ကြီးမားတဲ့ အကာအကွယ်တွေ ပါဝင်တယ်... သခင်လေးလို့ ခေါ်တဲ့လူက မနက်ခင်းတာအိုဂိုဏ်းမှတိုက်ရိုက်ဆင်းသက်လာသူပဲဖြစ်ရမယ်.. မှော်အစီအရင်ကိုချိုးဖျက်တဲ့ လူတွေက တာအိုကျေးကျွန်တွေဖြစ်ပြီး သူတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေကတော့...”
“သူတို့က တတိယအဆင့်မှာရှိတဲ့
လောကမှော်ယာဉ်ပျံရဲ့အရှင်သခင်တွေဖြစ်ပြီး သူတို့ရဲ့ စွမ်းအားက ဒီမှာ အကန့်အသတ်ရှိတယ်..ဒါပေမဲ့ ကြယ်တာရာဝတ်စုံတွေကြောင့် သက်ရောက်မှုတွေက ပြင်းထန်မှာ မဟုတ်ဘူး” ဟုခွေးကြီးက ပြောလိုက်သည်။
၎င်း၏အသံက ရှေးကျနေပြီး ၎င်း၏ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားလှိုင်းများ ပျံ့နှံ့သွားသည်။
အဆက်မပြတ်ဆုတ်ခွာနေသောမှော်အစီအရင်က တွန့်လိမ်ပုံပျက်လာစဉ် ခပ်အုပ်အုပ်အသံ ထွက်ပေါ်လာသည်။
“သခင်မလေး.. အခုထွက်သွားရင် မင်းနဲ့ စု လေး(ပိုင်စု)ကိုပဲ ကာကွယ်ပေးလို့ရမယ်..ဘာလို့ဆို မာန်ပြည်ထောင် ငါ့အပေါ်ထားရှိတဲ့ကန့်သတ်ချက်တွေကြောင့် တခြားသူတွေကို ကာကွယ်ပေးဖို့ ခက်ခဲလိမ့်မယ်...”
ယွီရွှမ် ခေတ္တထိတ်လန့်သွားပြီး စုမင်ကို ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ကြည့်လိုက်သည်။
“ယွီရွှမ်.. သွားတော့”
စုမင်က ပြတ်ပြတ်သားသားပြောသည်။
စုမင်ကတော့ ထွက်သွားမှာ မဟုတ်ပေ။ ဤနေရာက နဝမမြောက်တောင်ထွဋ်ဖြစ်ပြီး သူ့အိမ်လည်းဖြစ်သည်။ဤနေရာမှာ သူ့အစ်ကိုများလည်း ရှိနေသည်။သူ့အတွက်တော့ သူ့အစ်ကိုများကို စွန့်လွှတ်တာထက်စာရင် တိုက်ပွဲကိုအဆုံးထိတိုက်ပြီး သူ့အစ်ကိုများနှင့်အတူမြေမြုပ်ခံရတာက ပိုကောင်းလိမ့်မည်။ တစ်ယောက်တည်း ထွက်သွားရန် ရွေးချယ်တာမျိုးက သူဘယ်တော့မှမလုပ်သည့်ကိစ္စမျိုးဖြစ်သည်။