လျှို့ဝှက်သော တစ်နေရာတွင် ပြစ်ဒဏ်ကို ရင်ဆိုင်ခြင်း
Vol. 85 Ch. 1183
တန်နိုင်ငံသို့ တရိပ်ရိပ် သွားနေကြစဉ် မန်ဟိုသည် တိတ်ဆိတ်နေ၏။ မကြာမီ အလင်းတန်းလေးတန်းက တားမြစ်နန်းတော်၏ အပြင်ဘက်သို့ ရှောက်ရှိလာခဲ့ကြသည်။ အရှေ့ရှိ ပင်မခန်းမထဲတွင် နဂါးပလ္လင်ထက်၌ ထိုင်နေသော ဧကရာဇ်တန်မှတစ်ပါး မည်သူ့ကိုမှ မမြင်ရပေ။
အဘက်ဘက်မှ ဖိနှိပ်နေသော ဖိအားကြီးကြောင့် အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ပတ်၀န်းကျင်ရှိ မှိန်ပျပျမီးအိမ်များက တဖျတ်ဖျတ် လှုပ်နေသော အရိပ်များကို ဧကရာဇ်တန်အပေါ် ကျရောက်နေစေရာ သူ့အား သဲသဲကွဲကွဲ မမြင်ရပေ။ သူ၏ စူးရဲတောက်ပနေသော မျက်၀န်းတစ်စုံသာ ထင်းနေသည်။
ဖန်ရှုတောက်နှင့် ဖန်ယန်ရှီက ရှေ့သို့ လျှောက်သွားပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားသည့်တိုင် လက်နှစ်ဖက်ယှက်၍ ဧကရာဇ်တန်အား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
ဖန်ရှုံ့ဖုန်းလည်း ထိုနည်းတူ လုပ်လိုက်၏။
မန်ဟို့မျက်လုံးများက လျှပ်စီးသဖွယ် လင်းလက်သွားသည်။ သူ့မျက်နှာသည် အတိုင်းထက်အလွန် တည်ကြည်လေးနက်သွားပြီး သူလည်း အရိုအသေ ပေးလိုက်၏။ ခေါင်းဆောင်ကြီးများနှင့် သူ့အဖေသည် ဧကရာဇ်တန်ကို အရိုအသေပြုနေသော်လည်း သူတို့ အမှန်တကယ် လေးစားမှုပြသနေသော အရာက ..... တောင်ပင်လယ်လောကတစ်ခုလုံးအတွက် လောကပါလလီမျိုးနွယ်စု၏ စတေးမှုဖြစ်ကြောင်း သူ သိလေသည်။
ထိုကဲ့သို့ မျိုးနွယ်စုသည် ကျန်လောကပါလမျိုးနွယ်စုများထံမှပင် လေးစားမှုကို ခံယူထိုက်၏။ သူတို့က အင်မော်တယ်လောကပျက်သုဥ်းခြင်းကပ်ဘေးကြီး၏ အစောပိုင်းနေ့ရက်များ၊ စစ်ပွဲစတင်ခဲ့သောအချိန်နှင့် ထို့နောက်ပိုင်း အခြေအနေများ မတည်မငြိမ်ဖြစ်နေသည့်ကာလတွင် သူတို့၏ သူရသတ္တိကို ပြသခဲ့လေသည်။ အဆုံးသတ်တွင် သူတို့၏ မျိုးနွယ်သွေးစတေးမှုက ပို၍ပင်ကြီးမြတ်သော သူရသတ္တိဖြစ်ခဲ့ပေ၏။
တိတ်ဆိတ်မှုက စိုးမိုးနေပြီး မည်သူမှ စကားမပြောကြပေ။ အတန်ကြာသော် ရှေးဆန်မှုတို့ ပြည့်နေသည့် သက်ပြင်းချသံအရှည်ကြီးအား ပင်မခန်းမထံမှ ကြားလိုက်ရသည်။ ၎င်း ပဲ့တင်ထပ်လာသည့်အခါ ခန်းမတစ်ခုလုံး လင်းသွားပြီး ဧကရာဇ်တန်က နဂါးပလ္လင်ထက်မှ ထရပ်ကာ ခန်းမ၏အပြင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
သူသည် နဂါး၀တ်ရုံကို ၀တ်ဆင်ထားသည့် ရှိန်လောက်ဖွယ် အသွင်အပြင်နှင့် ခံ့ခံ့ညားညား သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူ ထိုနေရာတွင် ရပ်နေစဉ် သူ၏တည်ရှိမှုကြောင့် တောင်ကောင်းကင်တစ်ဂြိုဟ်လုံးမှာ အရိပ်ထဲတွင် ကျရောက်သွားရသည့်အလားပင်။ သူက တောင်ကောင်းကင်၏ အရှင်ဘုရင်ပမာ ဖြစ်နေ၏။
အမှန်တွင်လည်း ဤနေရာကို စောင့်ရှောက်နေသော လောကပါလလီမျိုးနွယ်စု၏ မျိုးဆက်တစ်ဦးအနေဖြင့် သူ့အား တောင်ကောင်းကင်၏ဘုရင်ဟု ခေါ်နိုင်လေသည်။
သူ၏ကျင့်ကြံခြင်းအခြေခံက အထွတ်အထိပ်တွင် မဟုတ်သော်လည်း သူကား သူ့သွေးဆက်၏စွမ်းအား၊ သူ့ဘိုးဘေးများ၏စိတ်ဆန္ဒကို ဆင့်ခေါ်၍ လောကပါလလီမျိုးနွယ်စု၏စတေးမှုကြောင့် ဖြစ်ပေါ်လာခဲ့သော မန္တန်၀င်္ကပါကို ထိန်းချုပ်နိုင်သည့် တစ်ယောက်တည်းသောလူ ဖြစ်သည်။
ထိုမန္တန်၀င်္ကပါဖြင့် သူသည် တာအိုနယ်ပယ်ကျင့်ကြံသူများကို လက်ကလေးလှန်သလို အလွယ်တကူ သတ်ဖြတ်နိုင်၏။
"ညီနောင်ရှုံ့ဖုန်း" သူက ဖြည်းညင်းစွာ ပြောသည်။ "ခင်ဗျား လာရောက်ရတဲ့ ရည်ရွယ်ချက်ကို ကျုပ် သိပါတယ်
"ဒါက အရင်က တစ်ခါမှမဖြစ်ခဲ့ဘူးတဲ့ အရေးပါတဲ့ ကိစ္စတစ်ရပ်ပဲ။ အလုပ်ဖြစ်မလား အလုပ်မဖြစ်ဘူးလား ကျုပ် မသေချာဘူး
"အလုပ်ဖြစ်ပါစေလို့တော့ မျှော်လင့်တယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ရင် ခင်ဗျား တာအိုနယ်ပယ်ရောက်တာနဲ့ မန္တန်၀င်္ကပါက ချက်ချင်း သတ်ဖြတ်ပစ်မှာ။ ကျုပ်တောင်မှပဲ အဲ့ဒါမဖြစ်အောင် တားနိုင်မှာမဟုတ်ဘူး။ ဒီစိတ်ဆန္ဒက ခင်ဗျား တာအိုနယ်ပယ်၀င်ရောက်တာကို အဆပေါင်းများစွာ ခက်ခဲစေလိမ့်မယ်။ တကယ်ပဲ အဆင့်တက်ချင်တာ သေချာရဲ့လား" သူ၏အသံက ခေါင်းထက်ရှိ တိမ်တိုက်များကို အလိပ်လိပ်ထ၍ မြေပြင်များကို တုန်ခါလာစေသော အဆုံးမဲ့ဖိအားကြီးဖြင့် ပြည့်နှက်လျက် ပဲ့တင်ထပ်လာသည်။
သူပြောခဲ့သော စကားများသည် မှန်၏။ သူ့အနေဖြင့် မန္တန်၀င်္ကပါကို ထိန်းချုပ်နိုင်သော်လည်း တိုက်ခိုက်ဖို့သာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ၎င်း၏အဓိကလုပ်ဆောင်ချက်ကို မတားနိုင်ပေ။ တစ်ခုခုဖြစ်ခဲ့လျှင်တော့ ဖန်ရှုံ့ဖုန်း တာအိုအဆင့်သို့ ၀င်ရောက်ပြီးနောက် တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ပြေးဖို့ အချိန်ရအောင်သာ သူ လုပ်ပေးနိုင်မည်။
သို့သော် ဖန်ရှုံ့ဖုန်းမှာလည်း တောင်ကောင်းကင်ဂြိုဟ်မှ ထွက်မသွားနိုင်ပေ။ တစ်၀က်တစ်ပျက်တာအိုနယ်ပယ်တွင် အဆုံးသတ်သွားခြင်းကပင် သူ့အတွက် ပို၍ လွယ်ကူစေလိမ့်မည်။ သို့သော် တာအိုနယ်ပယ်သို့ အမှန်တကယ် ၀င်ရောက်ခဲ့လျှင်မူ သေရဖို့ များနေ၏။
မန်ဟိုမှာ ဤစကားကို ကြားသောအခါ ရင်ဒိန်းခနဲ ခုန်သွားသည်။ သူက ဖန်ရှုတောက်၊ ဖန်ရှုံ့ဖုန်းနှင့် ဖန်ယန်ရှီတို့ကို လှမ်းကြည့်လိုက်၏။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့က သူ့အဖေ၏အဖြေကို စောင့်နေလေသည်။ အဖြေက မည်သို့ပင်ဖြစ်စေ သူတို့ ထောက်ခံပေးလိမ့်မည်။
အမှန်အားဖြင့် ဖန်ရှုံ့ဖုန်း တာအိုနယ်ပယ်သို့ အဆင့်တက်တက်၊ မတက်တက် အရေးမကြီး။ သူ့အား ဖန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်အဖြစ် သတ်မှတ်နိုင်သေးသည်။ သို့သော် ၎င်းက ရေတိုတွင် ပြဿနာမဟုတ်သော်လည်း မန်ဟို န၀မတောင်ပင်လယ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စု၏အမြင်အရ သင့်တော်တော့မည်မဟုတ်ပေ။ မျိုးနွယ်၀င်များထံမှ ကန့်ကွက်သံများ ကြားရမည်မှာ မလွှဲရှောင်နိုင်မည့်ကိစ္စ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့ နှစ်ယောက်လုံး အစွမ်းကုန်ကူညီမည်ဟု သဘောတူခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ဖန်ရှုံ့ဖုန်း တာအိုနယ်ပယ်သို့ တက်လှမ်းနိုင်အောင် အစွမ်းကုန်ပံ့ပိုးပေးမည်။ ထိုသို့တက်လှမ်းနိုင်လျှင် သူသည် မည်သူမှ အဓွန့်မတက်နိုင်သော မျိုးနွယ်စုခေါင်းဆောင်အစစ် ဖြစ်လာလိမ့်မည်။
ဖန်ရှုံ့ဖုန်း မည်သို့လုပ်မလဲဆိုသည်က သူ၏ဆုံးဖြတ်ချက်သာ ဖြစ်သည်။ မန်ဟိုပင်လျှင် သူ့အပေါ် မလွှမ်းမိုးနိုင်ပေ။
ဖန်ရှုံ့ဖုန်းက တခဏသာ တိတ်ဆိတ်သွားသည်။ သူ့အတွက် အချိန်ယူ စဉ်းစားနေစရာမလိုပေ။ သူက ပေါ့ပေါ့ပါးပါး ရယ်ကာ ပြော၏။ "ဒီကို ရောက်လာမှတော့ နောက်ဆုတ်နေတော့ ဘာထူးတော့မှာလဲ ညီနောင်လီ။ ကူညီပေးတာ ကျေးဇူးတင်ပါတယ်"
ဖန်ရှုံ့ဖုန်း၏ အမူအရာသည် တည်ငြိမ်နေ၏။ သူ့မျက်လုံးများက ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့နှလုံးသားလည်း တည်ငြိမ်လျက်ရှိ၏။ သူသည် သာမန်အဖြစ်နှင့်သာ ရောင့်ရဲနိုင်သည့် လူစားမျိုးမဟုတ်သည့်အပြင် အမြဲတမ်း မြင့်မားသော ရည်မှန်းချက်များ ရှိ၏။ သူ ၎င်းတို့ကို ချုပ်တည်း၍ တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်ဖို့ သဘောတူခဲ့သည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မန်ဟို့အတွက်သာ ဖြစ်လေသည်။
ယခုတွင် မန်ဟိုက ကျိန်စာမှ လွတ်မြောက်သွားခဲ့ပြီဖြစ်ရာ ဖန်ရှုံ့ဖုန်း၏ မြင့်မားသော ရည်မှန်းချက်များက တဖန်ပြန်၍ ပေါ်ထွက်လာသည်။
"အဖေ..."မန်ဟိုက စိုးရိမ်တကြီး ခေါ်လိုက်သည်။
"ဟိုအာ အဖေလည်း ကျင့်ကြံသူတစ်ယောက်နော်" ဖန်ရှုံ့ဖုန်းက သူ့ကို ပြန်ကြည့်ကာ ပြောသည်။ သူ့အကြည့်သည် နူးညံ့နေပြီး သူ့စကားလုံးများက တိုးညှင်း၏။ သို့သော် သူ၏ရိုးရှင်းသော စကားတစ်ခွန်းက သူ့ရင်ထဲရှိ မြင့်မားသော ရည်မှန်းချက်များကို ဖော်ပြလိုက်လေသည်။ ၎င်းက သူ၏မာနကို ကိုယ်စားပြုသည့်အပြင် သူ ကျင့်ကြံခြင်းအပေါ်၌ မည်မျှအာရုံစိုက်သလဲ သက်သေထူလိုက်၏။
ဖန်ရှုံ့ဖုန်း၏စကားသံ လေထဲတွင် ပဲ့တင်ထပ်နေစဉ် ဖန်ရှုတောက်နှင့် ဖန်ယန်ရှီက လေးနက်နေသော စကားလုံးများဖြင့်ကြည့်ကာ မဆိုစလောက် ခေါင်းညိတ်လိုက်ကြသည်။
"ဒါဆိုရင် စိတ်ပိုင်းဖြတ်ထားပြီပေါ့ ညီနောင်ရှုံ့ဖုန်း" ဧကရာဇ်တန်က ပြောသည်။ "ကျုပ် နားလည်ပါပြီ" ဧကရာဇ်တန်က ဖန်ရှုံ့ဖုန်းကို လေးလေးနက်နက် ကြည့်ပြီးနောက် လှည့်၍ အင်္ကျီလက်စကို ခါလိုက်သည်။ အရောင်အဝါများ ပြိုးပြိုးပျက်ပျက် လက်သွားပြီး အရာအားလုံးတုန်ခါလာ၏။ တောင်ကောင်းဂြိုဟ်၏ မြေပြင်အားလုံး တုန်ရီလာပြီး တစ်ဂြိုဟ်လုံးမှာ လှုပ်ယမ်းလာသည့်အလား ထင်ရသည်။
တုန်ခါမှုသည် တားမြစ်နန်းတော်တွင် ပို၍ပင် ပြင်းထန်၏။ တခဏကြာသော် ပင်မခန်းမက ပျောက်ကွယ်သွားကာ လည်နေသော သွေးရောင်ဝဲတစ်ဝဲဖြင့် အစားထိုးခံလိုက်ရသည်။
ထိုအရောင်သည် အစုလိုက်အပြုံလိုက်အသေခံ၍ စတေးခဲ့သော လောကပါလလီမျိုးနွယ်စု၏သွေးမှ လာသည်။ ဝဲလည်နေစဉ် ဖော်ပြမတတ်အောင် ကြီးမားသည့် ဧရာမဖိအားကြီးတစ်ခုက ဂြိုဟ်တစ်ဂြိုဟ်လုံးအပေါ် သက်ရောက်လာခဲ့သဖြင့် တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လုံးတွင် အချိန်စီးဆင်းမှုရပ်တန်သွားခဲ့သယောင် ထင်လာရသည်။ ဧကရာဇ်တန်က ဖန်ရှုံ့ဖုန်းကို ကြည့်ရင်း သူ့ဘေးတွင် ရပ်လိုက်သည်။
“အဲဒီထဲမှာ လီမျိုးနွယ်စုရဲ့ လျှို့ဝှက်မြေ၊ ကျုပ်တို့သွေးဆက်ရဲ့ မူလရင်းမြစ်ရှိတယ်။ ညီနောင်ရှုံ့ဖုန်း၊ စီနီယာရှုတောက်၊ စီနီယာယန်ရှီ .... ပြီးတော့ ဟိုအာ။ အကုန်လုံး ဝင်ကြပါ။ ကျုပ် အပြင်မှာ ဓမ္မစောင့်ရှောက်သူအဖြစ် ကျန်ခဲ့ပေးမယ်”
ဖန်ရှုံ့ဖုန်းက အသက်ဝဝရှူပြီး တောက်ပနေသောမျက်ဝန်းများဖြင့် သွေးဝဲကို ကြည့်လိုက်သည်။ ထို့နောက် သူသည် လက်ယှက်၍ ဧကရာဇ်တန်ကို အရိုအပေးပြီးနောက် ဝဲထဲ လျှောက်ဝင်သွား၏။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီလည်း ဖန်ရှုံ့ဖုန်းနောက်မှ လိုက်ဝင်သွားကြသည်။
နောက်ဆုံးကတော့ မန်ဟိုပင်။ သူက ဧကရာဇ်တန်ကို အရိုအသေပေးပြီးနောက် ဝဲဆီ ဦးတည်သွားပြီး ဝင်တော့မည့်အချိန်မှာပင် ဧကရာဇ်က နူးညံ့ပျော့ပျောင်းသောလေသံဖြင့် စကားပြောလိုက်သည်။
“မင်းအဖေက တကယ့်ဖခင်ကောင်းပဲ။ သူက မင်းအတွက် အများကြီးပေးဆပ်ခဲ့တာ”
မန်ဟိုက တခဏ ရပ်ပြီးနောက် ဝဲထဲ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။
သွေးဝဲ၏အထဲတွင် သွေးကမ္ဘာတစ်ကမ္ဘာရှိသည်။ အရာအားလုံးသည် သွေးနီရောင်စွေးနေ၏။ မည်သည့်အပင်မှမရှိ၊ မည်သည့်တောင်မှမရှိ၊ မည်သည့်မြစ်မှမရှိ။ ပြန့်ပြူးနေသော သွေးရောင်မြေထုသာ အရပ်လေးမျက်နှာသို့ ဆန့်တန်းနေသည်။
သို့သော် သူတို့၏အရှေ့တွင် ပုံရိပ်ယောင်နှင့် အစစ်အမှန်အကြား ကူးလူးနေသော တံခါးကြီးတစ်ချပ်အား မြင်ရနိုင်သည်။ တံခါးကို အော်ဟစ်ဟိန်းဟောက်နေသောမျက်နှာအသွင် သွေးထုပျစ်ပျစ်ကြီးက ဖုံးလွှမ်းထားသည်။
မျက်နှာကြီးထံမှ ထွက်လာသည့် ဟိန်းဟောက်သံတိုင်းက သွေးကမ္ဘာတစ်ကမ္ဘာလုံးတွင် လှိုင်းများ ဖြာထွက်နေစေသည်။ လှိုင်းများ မှေးမှိန်သွားတိုင်း ကောင်းကင်ထက်တွင် မန္တန်ဝင်္ကပါသဖွယ် ဧရာမပိုက်ကွန်ကြီးတစ်ခုရှိကြောင်း မြင်ရနိုင်၏။
ထိုမန္တန်ဝင်္ကပါက အရာခပ်သိမ်းကို လွှမ်းခြုံ၍ မျက်စိတစ်ဆုံး ဆန့်တန်းနေသည်။ နတ်ဘုရားအာရုံမှာ ၎င်းကို ထိမရပေ။ မြင်နေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာလည်း ... စီးဖြာနေသောလှိုင်းများကြောင့်သာ ဖြစ်သည်။
ဤသည်မှာ လီမျိုးနွယ်စုတစ်စုလုံးစတေးခဲ့မှုမှ ဖြစ်ပေါ်လာသော တံခါးဖြစ်ပြီး အပေါ်ရှိ မန္တန်ဝင်္ကပါမှာတော့ ... တောင်ကောင်းကင်ဂြိုဟ်ကို စိုးမိုးထားသည့် သုတ်သင်ခြင်းဝင်္ကပါသာဖြစ်ချေသည်။
ဖန်ရှုတောက်က ဘေးဘီဝဲယာကို ကြည့်ကာ ပြောသည်။ “ဒါက လီမျိုးနွယ်စုရဲ့ ဘိုးဘေးမြေဖြစ်သလို၊ တောင်ကောင်းကင်ဂြိုဟ်ရဲ့ ဗဟိုချက်ပဲ
“ဒီနေရာမှာ တာအိုအဆင့်တက်လှမ်းမှ မန္တန်ဝင်္ကပါရဲ့ လက်ခံမှုကို ရရှိပြီး သုတ်သင်မခံရမှာ”
ရုတ်တရက် တံခါးထံမှ ဝုန်းခနဲ မြည်ဟည်းလာသည်။
အသံက ဗြုန်းစားကြီး ထွက်လာခဲ့သဖြင့် မန်ဟို့မျက်ဝန်းများ လင်းခနဲ လက်သွားသည်။ သူသည် လှမ်းကြည့်လိုက်ရာ လက်တစ်ဖက်က ၎င်းထဲမှ ထွက်ဖို့ ကြိုးစားနေသကဲ့သို့ သွေးတံခါးကြီးဖောင်းကြွလာသည်ကို မြင်လိုက်ရ၏။
ထိုတံခါး၏အခြားတစ်ဖက်တွင် တစ်စုံတစ်ခုက ဟိန်းဟောက်ရင်း တံခါးကို ဖွင့်ဖို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အသုံးပြုနေသည့်အလားပင်။
သို့သော် သွေးရောင် တဖျပ်ဖျပ် လက်သွားပြီး သွေးမျက်နှာဆယ်ခု ပေါ်လာသည်။ ၎င်းတို့ ဟိန်းဟောက်လိုက်သည့်အခါ လှိုင်းများသည် ပိုမိုအားကောင်းလာ၍ တံခါးနောက်ရှိအရာမှာ ကတုန်ကယင်ဖြင့် လက်ပြန်ရုတ်လိုက်ရ၏။
မန်ဟိုမှာ အသက်ပင် မရှူနိုင်တော့ဘဲ မေးလိုက်မိသည်။ “အဲဒီတံခါးရဲ့တစ်ဖက်မှာ ဘာရှိနေလဲ...”
မေးခွန်းကို ဖြေလိုက်သူက ဖန်မျိုးနွယ်စုမှမဟုတ်။ ဧကရာဇ်တန်၏အသံသည် သွေးကမ္ဘာထဲတွင် ဟိန်းထွက်လာ၏။
“အဲဒီတံခါးရဲ့နောက်မှာ ..... ကောင်းကင်ဘုံ ၃၃ ခုက စောင့်ကြပ်မနေတဲ့ လမ်းတစ်လမ်းရှိတယ်။ အဲဒီလမ်းကို တစ်ချိန်က အင်မော်တယ်ကမ္ဘာကို စစ်ဆင်ခဲ့တဲ့ အဓိကအင်အားစုကြီးနှစ်စု စောင့်ရှောက်ထားတယ်
“အဲဒီတံခါးကို ဘယ်တော့မှ မဖွင့်ရဘူး”
မန်ဟိုက ခေါင်းညိတ်၍ အသက်ဝဝရှူလိုက်သည်။ နောက်ဆုံးတွင် သူက တံခါးမှ အကြည့်လွှဲက ဖန်ရှုံ့ဖုန်းကို ကြည့်လိုက်၏။
ဖန်ရှုံ့ဖုန်းက ပြုံးပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့က လက်များကို ဝှေ့ယမ်းလိုက်ကြသည်။ ချက်ချင်းဆိုသလို မန္တန်ဝင်္ကပါ၏အလင်းရောင်သည် ဖန်ရှုံ့ဖုန်းကို ရစ်သိုင်းလှည့်ပတ်ရင်း တောက်ပလာ၏။ ထို့နောက် ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့လည်း ဖန်ရှုံ့ဖုန်း၏တစ်ဖက်တစ်ချက်တွင် နေ၍ မျက်နှာချင်းဆိုင်ထိုင်ချလိုက်သည်။ သူတို့၏အမူအရာများသည် လွန်စွာလေးနက်နေ၏။
“ဟိုအာ ဟိုမှာထိုင်လိုက်” ဖန်ရှုတောက်က တည်ကြည်စွာ ပြောသည်။ “ငါတို့အတူတူ သုံးထောင့်တာအိုအစီအရင်ကို ဖော်ဆောင်ကြမယ်။ မင်းလုပ်ရမှာက မင်းရဲ့တာအိုအင်မော်တယ်တန်ခိုးနဲ့ မင်းအဖေကို အားဖြည့်ပေးရမှာပဲ
“သုံးထောင့်တာအိုအစီအရင်က မင်းအဖေ ပြစ်ဒဏ်ကျော်လွှားနိုင်အောင် ကူညီတဲ့နေရာမှာ ပထမဆုံးအဆင့်ဖြစ်တယ်။ ဒါကြောင့် ငါတို့ဘယ်နေရာမှာမှ လျော့ရဲနေလို့မဖြစ်ဘူး”
မန်ဟိုလည်း စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ဖန်ရှုတောက် ညွှန်ပြနေသောနေရာသို့ လျှောက်လာပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို ချက်ချင်း လှည့်ပတ်ကာ မိုးပြာရောင်အလင်းအား ဖြာထွက်သွားစေ၏။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့ထံမှလည်း မိုးပြာရောင်အလင်းများ ကွန့်မြူးတောက်ပလာသည်။
သို့သော် သူတို့၏အရောင်အဝါသည် မန်ဟို့အရောင်အဝါထက် မှေးမှိန်၏။
သို့ထိတိုင် နတ်ဘုရားအာရုံမှတစ်ဆင့် စောင့်ကြည့်နေသော ဧကရာဇ်တန်မှာ အံ့အားသင့်သွားလေသည်။
“လောကပါလဖန်မျိုးနွယ်စု ... နိုးထလာပြီလား....
“လောကပါလတာအိုအင်မော်တယ်တစ်ဦး ဒီလောကမှာ ပေါ်လာခဲ့ပြီ။ လောကပါလမျိုးနွယ်စုတစ်စုဟာ ဦးပြန်မော့တော့မယ်...” ထူးဆန်းသောအလင်းရောင်တစ်စက သူ၏မျက်လုံးများတွင် တောက်ပလာသည်။
“သုံးထောင့်တာအိုအစီအရင် အသက်ဝင်လော့” ဖန်ရှုတောက်က ဟိန်းဟောက်လိုက်သည်။ “ရှုံ့ဖုန်း ဘာစောင့်နေတာလဲ တာအိုထဲ လျှောက်လှမ်းတော့”
သူ့စကားသံ ပဲ့တင်ထပ်လာသည့်အခါ ဖန်ရှုံ့ဖုန်း၏မျက်လုံးများသည် စူးရှတောက်ပလာ၏။ သူက လက်နှစ်ဖက်လုံးကို မြှောက်ကာ လေကို တွန်းတင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက တာအိုလျှောက်လှမ်းခြင်းလမ်းကို ဖွင့်ဖို့ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်၏ စွမ်းအားအပြည့်အဝကို အသုံးပြုလိုက်သဖြင့် သူ့ကျင့်ကြံခြင်းအခြေခံသည် အသက်ဝင်လာတော့၏။