← Chapters

တာအိုပြစ်ဒဏ်

Vol. 85 Ch. 1184

တာအိုပြစ်ဒဏ်

Vol. 85 Ch. 1184

ဖန်ရှုံ့ဖုန်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လိုက်သောအခိုက်အတန့် ခေါင်းအထက်ရှိ သွေးရောင်ကောင်းကင်မှာ မမြင်ရသောလက်ကြီးနှစ်ဖက်၏ ဆွဲဖြဲခြင်းခံလိုက်ရသကဲ့သို့ ပွင့်ထွက်သွား၍ ကြယ်တာရာကောင်းကင်ပေါ်လာသည်။

တစ်ဆက်တည်းမှာပင် ဝဲကြီးတစ်ဝဲလည်း ဖြစ်ပေါ်လာ၏။ ထိုဝဲ၏လည်ပတ်မှုက တာအိုနယ်ပယ်၏စွမ်းအားကို တောင်ကောင်းကင်ဂြိုဟ်ပေါ် ဆင်းသက်လာစေသဖြင့် ... သွေးကမ္ဘာတစ်ကမ္ဘာလုံး ပုံပျက်ရှုံ့တွလာလေသည်။

တောင်ကောင်းကင်ဂြိုဟ်တစ်ဂြိုဟ်လည်း တဝုန်းဝုန်း မြည်လာပြီး မရေမတွက်နိုင်သောကျင့်ကြံသူများမှာ ကောင်းကင်ကြီးအား တအံ့တဩ မော့ကြည့်မိလိုက်ကြသည်။ သူတို့ မြင်လိုက်ရသည့်အရာမှာ အံ့မခန်းလိလိဝဲကြီးတစ်ဝဲ ပေါ်လာသဖြင့် ကောင်းကင်တစ်ခုလုံး လှိုင်းထပုံပျက်နေသည်ကိုပင်။ ဝဲ၏လည်ပတ်မှုသည် ဖုန်သဲမှုန်များအား လေပေါ် မြောက်တက်လာစေပြီး နဂါးငွေ့တန်းပင်လယ်ပင် တဖွေးဖွေးလှုပ်စပြုလာတော့သည်။

ဖန်မျိုးနွယ်ဝင်တိုင်းသည် တင်ပျဉ်ခွေထိုင်လျက် အံ့အားသင့်နေသောအမူအရာများဖြင့် မော့ကြည့်နေကြ၏။ မျိုးနွယ်စုခေါင်းဆောင်ဖန်ရှုံ့ဖုန်း တာအိုအဆင့်သို့ လျှောက်လှမ်းခြင်းပြစ်ဒဏ်ကို ကျော်လွှားနေကြောင်း သိကြသဖြင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။

မန်ဟို့အမေနှင့်အစ်မမှာတော့ စွန်းဟိုက်နှင့်အခြားသူများနှင့်အတူ ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲတွင် ဖြစ်ကြသည်။ သူတို့သည် စိုးရိမ်နေကြပြီး မန်လီမှာ သူမ၏ဂါဝန်စလေးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ တုန်ရီနေသည်။ သူမနှလုံးသားထဲတွင် စိုးရိမ်သောကများ ပြည့်ကြပ်လျက်ရှိ၏။

မန်ဟို့အစ်မလည်း ထိုနည်းတူ စိုးရိမ်နေသည်။

ဤအခိုက်အတန့်တွင် တောင်ကောင်းကင်ဂြိုဟ်ရှိ လူတိုင်းနီးပါး၏အကြည့်သည့် ထိုဝဲမှ မခွာကြတော့ပေ။

တဝုန်းဝုန်းမြည်သံများ ပိုမိုကျယ်လောင်လာသည်နှင့်အမျှ လမ်းတစ်လမ်းသည် ဖြေးဖြေးချင်း ပေါ်လွင်လာ၏.... လူတစ်ယောက်သာ ထိုလမ်းပေါ် ခြေချ၍ ပြစ်ဒဏ်အားလုံးကျော်လွှားကာ ဝင်ရောက်သွားနိုင်လျှင် တာအိုနယ်ပယ်သို့ တက်လှမ်းခြင်းက ဖြစ်နိုင်သည့်အရာပင်။

သွေးကမ္ဘာထဲတွင် ဖန်ရှုံ့ဖုန်း၏မျက်ဝန်းများက ထူးခြားစွာ လင်းလက်နေသည်။ သူ့ဘယ်လက်က သူ၏ဒန်တျန်အပေါ် ဖိချလိုက်စဉ် သူ့ညာလက်သည် သူ့နဖူးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် ဖန်ရှုတောက်၏ခန္ဓာကိုယ်မှာ ဝုန်းခနဲ တုန်ရီသွားပြီး သူ့အသားများကား သိသိသာသာ ခြောက်ကပ်လာလေသည်။

ဖန်ရှုံ့ဖုန်းက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ ... ရုတ်တရက်ဆိုသလို သူ၏ဝိညာဉ်ပုံရိပ် ပေါ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤဝိညာဉ်ပုံရိပ်က ဖန်ရှုံ့ဖုန်းနှင့် ချွတ်စွပ်တူသော ကိုယ်ပွားအမျိုးအစားပုံရိပ်မျိုးဖြစ်နေသည်။။ ၎င်းက ဝဲဆီသို့ ပျံတက်သွား၏။

ဖန်ရှုတောက်က စတင်ရှင်းပြသည်။

“မန်ဟို၊ ဒီသုံးထောင့်တာအိုအစီအရင်က လူသုံးယောက်ရဲ့ ကျင့်ကြံခြင်းအခြေခံစွမ်းအားတွေကို သုံးရင်း မင်းအဖေကို သူ့ကိုယ်အစစ်လို သန်မာတဲ့ ကိုယ်ပွားသုံးကိုယ်ခွဲနိုင်အောင် ကူညီပေးတယ်။ ဒီကိုယ်ပွားသုံးကိုယ်နဲ့ဆိုရင် သူ့အတွက် ပြစ်ဒဏ်ကို ပိုပြီးလွယ်လွယ်ကူကူ ကျော်လွှားနိုင်လိမ့်မယ်"

မန်ဟိုလည်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ အောက်သို့ ပစ်ချနေပြီဖြစ်သော မိုးကြိုးများ၊ လျှပ်ပန်းလျှပ်နွယ်များအပြည့်ဖြင့် ဧရာမဝဲကြီးတစ်ဝဲကို မြင်လိုက်ရသည်။ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက မိုးတိမ်ဂုရုကြီး ရင်ဆိုင်ခဲ့ရသည့်မိုးကြိုးထက်ပင် ကြောက်မက်ဖွယ်ကောင်းသည့် အားပြည့်ဝနေသောမိုးကြိုးကြီးကို ဆုံတွေ့ရန် ထွက်သွား၏။

အဆိုပါမိုးကြိုးကြီးက ကမ္ဘာလောကများကို ဖျက်စီးနိုင်သည်အထိ အင်အားကြီးမားပြီး မိုးကြိုးပင်လယ်တစ်စင်းအသွင်ပြောင်းကာ ဖန်ရှုံ့ဖုန်းကိုယ်ပွားကို ပစ်ချလိုက်သည်။

ဂျလိန်းးးးးးးးးး။ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်လိုက်ပြီးနောက် မုဒြာလက်ကွက်တစ်ကွက်ဖော်သည်။ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များက မိုးကြိုးကို တွန်းလှန်တိုက်ခိုက်၏။

အချိန်များ ကုန်လွန်သွားပြီး လူတိုင်းမှာ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော ရင်သပ်ရှု‌‌မောဖွယ်မြင်ကွင်းများကြောင့် မှင်သက်နေကြလေသည်။ ပထမပြစ်ဒဏ်(မိုးကြိုးပြစ်ဒဏ်)ကို ကျော်ဖြတ်ပြီးနောက် ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားမှာ ဒဏ်ရာရခဲ့ပြီး ပင်ပန်းနေသော်လည်း ဝဲထံသို့ ဆက်လက်ရွေ့လျားသွားသည်။ ဤအခိုက်အတန့်တွင် တဝေါဝေါ မြည်သံများနှင့်အတူ ဒုတိယပြစ်ဒဏ်(လက်နက်ပြစ်ဒဏ်)က ကျဆင်းလာ၏။

မိုးတိမ်ဂုရုကြီး တာအိုသို့ဝင်ရောက်ခဲ့သည်ကို ကြည့်ခဲ့စဉ်တုန်းက အတွေ့အကြုံ‌အပေါ် အခြေခံ၍ မန်ဟိုသည် ပြစ်ဒဏ်မှာ စုစုပေါင်းကိုးမျိုးရှိပြီး တစ်မျိုးကျော်ဖြတ်ပြီးတိုင်း ပို၍ ပြင်းထန်လာကြောင်း သိခဲ့ရ၏။ ၎င်းတို့အားလုံးကို တွန်းလှန်၍ ၀င်ရောက်နိုင်လျှင်တော့ လမ်းတစ်ဝက်ရောက်ပြီဟု ဆိုနိုင်သည်။ ပြစ်ဒဏ်များကို ကျော်ဖြတ်ပြီးနောက်တွင် တာအိုကို ရယူရန် အ‌ရည်အချင်း ပြည့်မှီသွားမည်။

မိုးတိမ်ဂုရုကြီးမှာ တတိယပြစ်ဒဏ်ကို ရင်ဆိုင်နေသည့်ခုလတ်တွင် ကျရှုံးခဲ့ပြီး လောလောဆယ်တွင် ဖန်ရှုံ့ဖုန်းက ဒုတိယပြစ်ဒဏ်(လက်နက်ပြစ်ဒဏ်)ကို ရင်ဆိုင်နေလေသည်။ အမျိုးမျိုးသောလက်နက်များ ဖြစ်ပေါ်လာကာ အားအင်အပြည့်ဖြင့် တဟုန်ထိုး ထွက်လာကြသည်။ လက်နက်ကိုးမျိုး ဖန်ရှုံ့ဖုန်း၏ ကိုယ်ပွားအပေါ် ထိုးဆင်းသွားသည့်အခါ တဝုန်းဝုန်း မြည်သံများအား ကြားရနိုင်၏။

မန်ဟို စိုးရိမ်တကြီး ကြည့်နေစဉ် ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက မျက်လုံးများ အေးစက်စက် တောက်‌ပနေလျက် လက်နှစ်ဖက်ကို ဘေးဘက်သို့ ဖြန့်ကားလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်လုံးကို အရှေ့တွင် ဝှေ့ယမ်းလိုက်ရာ အရောင်အဝါများ ပြိုးပြိုးပျက်ပျက် လက်သွားပြီး ကောင်းကင်တစ်ခုလုံး တုန်ရီလာသည်။ လက်နက်ကိုးမျိုးမှာ ခေတ္တမျှ တုံ့ခနဲ ရပ်သွားပြီးနောက် စွမ်းအားတို့ဖြင့် တုန်ရီလာကာ ရှေ့သို့ တိုး၀င်လာပြန်သည်။

ပေါက်ကွဲသံများက အဆက်မပြတ် ပဲ့တင်ထပ်လာပြီး ဖန်ရှုံ့ဖုန်းကိုယ်ပွား၏ ဟိန်းဟောက်ကြွေးကြော်သံများက တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး၏ နားထဲသို့ ၀င်ရောက်လာသည်။ သူ့ဇနီးသည်နှင့် သမီးဖြစ်သူတို့မှာ ထိုအသံများကို ကြားလျှင် ပို၍ပင် စိုးရိမ်လာတော့သည်။

ဖန်မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်မျိုးနွယ်၀င်များလည်း သူတို့၏ မျိုးနွယ်စုခေါင်းဆောင် တာအိုသို့ တက်လှမ်းနေသည်ကို စောင့်စားရင်း စိုးလည်းစိုးရိမ် မျှော်လည်းမျှော်လင့်နေကြသည်။

ပြစ်ဒဏ်လက်နက်ကိုးမျိုးက ပြစ်ဒဏ်ကို ကျော်လွှားရန် ကြိုးစားနေသည့် မည်သူ့ကိုမဆို ရှင်းလင်းပစ်လိုစိတ်တို့ဖြင့် တရှိန်ထိုး ပြေး၀င်လာကြရာ ကောင်းကင်တစ်ခုလုံး အရောင်အဝါများလင်းလက်ပြိုးပျက်နေတော့သည်။ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက တွန့်ဆုတ်ခြင်းမရှိ ရှေ့ဆက်တက်သွား၏။

“ငါ့လမ်းက ဖယ်စမ်း” ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက ရုတ်ခြည်း အသက်ဝဝရှူသွင်းလိုက်သည်။ ထိုသို့ရှူသွင်းလိုက်စဉ် သူ့မျက်လုံးများသည် အေးစက်စွာ တောက်ပလာပြီး မိုးနှင့်မြေ၏အဆုံးမဲ့စွမ်းအင်များက သူ့ဆီ လိမ့်ဝင်လာကာ စုပ်ယူခံလိုက်ရသည်။ အရိုင်းဆန်ဆန်အရောင်အဝါများ ဖျိုးဖျပ်လက်နေစဉ် ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားသည် တောက်ပလာရာ လျှမ်းလျှမ်းတောက်နေတစ်စင်းနှင့် တူလာတော့၏။

ရုတ်တရက် ပုံရိပ်ယောင်ဓားတစ်လက်သည် သူ၏ဆန့်တန်းထားသော ညာလက်ထဲတွင် ဖြစ်တည်လာ၏။ သူက ညာခြေကို ရှေ့ထုတ်၊ ကိုယ်ကို လေးညို့သဖွယ် ကိုင်းပြီးနောက် ဓားကို ပိုင်းချကာ မျက်စိကျိန်းစဖွယ် ဓားအလင်းတန်းတစ်တန်းအား ထုတ်လွှတ်လိုက်သည်။

ဓားချီသည် စွမ်းအားများဖြင့် အသက်ဝင်လာကာ အရာအားလုံးအား မှောင်မိုက်ဝေဝါးလာစေသည်။ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားနှင့် သူကိုင်ထားသော ဓားသာ ပြိုင်ဘက်ကင်းတောက်ပပြတ်သားနေသည့်အရာများ ဖြစ်၏။

“ငါ့တာအိုက ဓားတာအို၊ ဓားက လက်နက်အားလုံးရဲ့ ဘုရင်ပဲ။ မလောက်လေးစား လက်နက်ပြစ်ဒဏ်ကများ ... ငါ့လမ်းကို ရာရာစစ တားရဲတယ်လား” ကိုယ်ပွား၏အသံက မယုံကြည်နိုင်ဖွယ်ဖိအားကြီးဖြင့် ပြည့်နှက်လျက် ဟိန်းထွက်လာစဉ် ဓားအလင်းတန်းက လက်နက်ပြစ်ဒဏ်၏ လက်နက်ကိုးမျိုးဆီ ဖြာထွက်သွားသည်။

၎င်းတို့ အချင်းချင်း ဝင်တိုက်လိုက်သောအခိုက်အတန့်တွင် အလွန်ကြီးမားသောပေါက်ကွဲမှုကြီး လိမ့်ထွက်လာ၏။ ဓားအလင်းတန်းက အရာခပ်သိမ်းကို တုန်ခါနေစေသော ဖိအားကို ထုတ်လွှတ်နေသည်။ ဓားထံမှ ပြိုင်ဘက်ကင်းသော ဘုရင့်ဥသျှောင်အရှိန်အဝါပင် ထွက်ပေါ်လာသည်။

ခွမ်း ပထမလက်နက် တစစီ ကြေမွသွားသည်။

ထို့နောက် ဒုတိယလက်နက်၊ တတိယ၊ စတုတ္ထ....

မျက်စိတစ်မှိတ်အတွင်း လက်နက်ခုနစ်ခုကား ပြာကျသွားခဲ့လေပြီ။ သို့သော် ကျန်နှစ်ခုက ဓားအလင်းတန်းမှ ရုန်းထွက်လာသည်။ ၎င်းတို့ အနားရောက်လာသည့်အခါ ကိုယ်ပွားသည် ရှောင်ပင်မရှောင်ဘဲ အေးစက်စက် နှာမှုတ်လိုက်၏။

နှာမှုတ်သံက လက်နက်နှစ်မျိုးကို တုန်ရီသွားစေပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲ၍ ပြာကျသွားစေသည်။ ၎င်းတို့မှာ ... ပြိုကွဲမှုအဆင့်သို့ ရောက်ရှိခဲ့ပြီးသားဖြစ်သည့်အတွက် အသံလေးကြောင့် အဖျက်စီးခံလိုက်ရတော့သည်။

ဖန်ရှုံ့ဖုန်းကား ဒုတိယပြစ်ဒဏ် (လက်နက်ပြစ်ဒဏ်) ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ပြီးလေပြီ။ တာအိုသို့လျှောက်လှမ်းခြင်းက သူ့အတွက် အသေးအဖွဲသာ ဖြစ်သည့်အလား သူ့တန်ခိုးအရောင်အဝါသည် မာန်အပြည့် တောက်ပလျက်ရှိ၏။

မိုးတိမ်ဂုရုကြီးသာ အသတ်မခံခဲ့ရ၍ ဖြစ်ပျက်နေသောအရာကို ကြည့်နေနိုင်လျှင် သေချာပေါက် ကြက်သေသေသွားလိမ့်မည်။ သူ့မှာ နှစ်ချီပြင်ဆင်ခဲ့ရသည့်တိုင် ဒုတိယပြစ်ဒဏ်ကိုသာ ကျော်ဖြတ်နိုင်ခဲ့သည်မဟုတ်ပါလော။ ဖန်ရှုံ့ဖုန်းက သူ့ထက် အဆ,အဆများစွာ ပို၍အစွမ်းထက်ကြောင်း ထင်ရှားပေသည်။

မှန်သည်၊ ထိုအခြင်းအရာက ဖန်ရှုံ့ဖုန်း၏ကျင့်ကြံခြင်းအခြေခံကို အားဖြည့်၍ သူ့ကို ကိုယ်ပွားသုံးကိုယ်ပေးထားသော သုံးထောင့်တာအိုအစီအရင်နှင့်များစွာ ပတ်သက်သည်။ ထိုအစီအရင်ကြောင့် ... အလွန်လွယ်ကူခဲ့ပြီးဖြစ်ပြီး သူ့အင်အားသည်လည်း ပို၍ပင် ကြီးထွားလာခဲ့သည်။

ဤအခိုက်အတန့်တွင် တတိယပြစ်ဒဏ်က ချဉ်းကပ်လာနေသည်။ ဤပြစ်ဒဏ်သည် မိုးတိမ်ဂုရုကြီးကို ကျရှုံးစေခဲ့သော တောင်ပင်လယ်စစ်သူကြီးလေးဦးပြစ်ဒဏ်ပင်။

သို့သော် အရိပ်လေးခု ပေါ်လာပြီး လှုပ်ပင်မလှုပ်ရှားနိုင်ခင် မန်ဟိုက ညာလက်ကို လှုပ်ရှားရင်း သူ၏နတ်ဘုရားစိတ်ဆန္ဒကို အရိပ်များဆီ စေလွှတ်လိုက်သည်။ ချက်ချင်းပင် အရိပ်လေးခုသည် တုံ့ခနဲ ရပ်၍ ဖန်ရှုံ့ဖုန်းကို အရိုအသေပေး၏။ ထို့နောက် လှည့်၍ ဝဲထဲ ပြန်ဝင်သွားတော့သည်။

သူတို့ကား တိုက်ခိုက်ခြင်းပင် မပြုဘဲ ဆုတ်ခွာသွားကြလေပြီ။

ဤမြင်ကွင်းက ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားကို အံ့အားသင့်သွားစေသည်။ သူတစ်ယောက်တည်းမဟုတ်။ စောင့်ကြည့်နေသော တောင်ကောင်းကင်ကျင့်ကြံသူအားလုံး မှင်သက်ကုန်ကြ၏။ မန်ဟို့အမေနှင့်အစ်မပင် မယုံနိုင်လွန်း၍ မျက်လုံးအဝိုင်းသားနှင့် ကြည့်နေမိကြသည်။

"အခု မင်းအဖေ ဒီပြစ်ဒဏ်တွေကို မကျော်လွှားနိုင်အောင် ဘယ်အရာမှ မတားနိုင်တော့ဘူး" ဖန်ရှုတောက်က ပြောသည်။

"အမှန်ပဲ" ဖန်ယန်ရှီက တုံ့ပြန်သည်။ "ရှုံ့ဖုန်းက ကောင်းကောင်းပြင်ဆင်ထားပြီးသား။ ငါ တာအိုအဆင့် တက်ခဲ့တုန်းကတောင် သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"ကြည့်ရတာ ဒီနေရာ တောင်ကောင်းကင်ဂြိုဟ်မှာ အခြေချခဲ့ရတာက ရှုံ့ဖုန်းအတွက် အခွင့်အရေးတစ်ခုဖြစ်ခဲ့တယ် ထင်ပါရဲ့"

ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့ ဆွေးနွေးနေကြစဉ် သူတို့၏မျက်နှာပေါ်ရှိ လေးနက်နေသော အမူအရာများသည် တဖြည်းဖြည်း သက်တောင့်သက်သာ ဖြစ်လာကြ၏။

သူတို့၏အမြင်အရ ယခုတွင် ဖန်ရှုံ့ဖုန်း ပြစ်ဒဏ်ကို ကျော်လွှားနိုင်မလား မေးခွန်းထုတ်စရာပင် မလိုတော့ပေ။ ဖန်ရှုံ့ဖုန်းက သူတို့၏ အကူအညီပင် မပါဘဲ တာအိုသို့ တက်လှမ်းနိုင်ကြောင်း သက်သေပြခဲ့ပြီးလေပြီ။ သူ၏ အောင်မြင်မှုကား  မြေကြီးလက်ခတ်မလွဲတော့ကြောင်း ထင်ရှားသည်။

သူတို့ ယခု စိုးရိမ်နေသည့်အရာက သူ အောင်မြင်ပြီးနောက် တောင်ကောင်းကင်ဂြိုဟ်မန္တန်၀င်္ကပါနှင့်ပက်သက်၍ ဖြစ်ပျက်လာမည့်အရာကိုပင်။

တစ်ဖက်တွင် မန်ဟိုမှာ ယုံကြည်ချက်မရှိပေ။ အကြောင်းတစ်စုံတစ်ရာကြောင့် လေလယ်ရှိ သူ့အဖေ၏ကိုယ်ပွားကို ကြည့်နေစဉ် သူ့မှာ လွန်စွာစနိုးစနောင့်ဖြစ်လာသည်။ မကောင်းသည့်အရာတစ်ခုခု ဖြစ်ပျက်တော့မည့်အလား ခံစားနေရသော်လည်း မည်သည့်အရာမှန်းမသိပေ။

"ဒီနေရာမှာ ဘာဖြစ်နေတာတုန်း" သူက မျက်လုံးများကိုမှေးလျက် တွေးလိုက်သည်။ "ဘာလို့ တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတာပါလိမ့်" ဤအခိုက်အတန့်တွင် စတုတ္ထပြစ်ဒဏ်နှင့် ပဉ္စမပြစ်ဒဏ်တို့ ရောက်ရှိလာသည်။ စတုတ္ထပြစ်ဒဏ်က ဓာတ်ငါးပါးပြစ်ဒဏ်ဖြစ်သည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး မြေ... မတူညီသော ပြစ်ဒဏ်ငါးခုစွမ်းအားက ဝဲထဲမှ ထွက်လာပြီးနောက် ဧရာမနဂါးငါးကောင်အသွင်ပြောင်းကာ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားဆီသို့ ပြေး၀င်လာကြသည်။

ဤတိုက်ပွဲသည် အရှေ့တိုက်ပွဲများထက် များစွာပို၍ ခက်ခဲ၏။ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက မည်သည့်အရာကိုမှ ချုပ်တည်းမထားတော့ဘဲ နဂါးတစ်ကောင်ကို လက်ဗလာဖြင့် ဆွဲဖြဲပြီးနောက် နောက်သုံးကောင်ကို ရှင်းရန် ခန္ဓာဖောက်ခွဲပစ်လိုက်သည်။ ရေနဂါးတစ်ကောင်သာ ကျန်ရစ်ခဲ့၏။ ဤအခိုက်အတန့်တွင် ဖန်ယန်ရှီက ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်သွားသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်အရိပ်တစ်ခုက သုံးထောင့်တာအိုအစီအရင်၏ အလယ်၌ ထိုင်နေသော ဖန်ရှုံ့ဖုန်း၏ကိုယ်ထဲမှ ထွက်လာသည်။

ဤအရိပ်က ဒုတိယကိုယ်ပွားဖြစ်သည်။ ၎င်းက နောက်ဆုံးနဂါးကို သုတ်သင်ရန် အလင်းတန်းထဲမှ ပျံတက်သွားလေသည်။ ထို့နောက် ဆဋ္ဌမပြစ်ဒဏ် ရောက်လာသည်။

ဆဋ္ဌမပြစ်ဒဏ်က တာအိုဆိုသော စာလုံးတစ်လုံးပုံစံဖြင့် ထွက်လာသည်။ ၎င်းက ထူးခြားဆန်းကြယ်သောအလင်းရောင်ကို ဖြန့်ကျက်လျက် ပျံဝဲနေ၏။ ထိုအလင်းရောင်ကို မြင်လိုက်သည့် မည်သူမဆို စာလုံးသည် တည်ငြိမ်မှုမရှိကြောင်း သတိထားမိပေမည်။ ၎င်းသည် မတူကွဲပြားသောပုံစံကိုးခုကြား၌ ကူးလူးနေ၏။ သို့သော် စာလုံး၏ အသွင်တစ်ခုစီတိုင်းက .... တာအိုကို ကိုယ်စားပြုသည်။

တာအိုစာလုံးကိုးလုံးထံမှ ပြင်းထန်သောဖိအားကြီး လိမ့်ထွက်လာသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများအား ထုတ်ဖော်လိုက်၏။ မရေမတွက်နိုင်သောဓားအရိပ်များ သူ့ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာကာ တာအိုမြူတိမ်တစ်ခုအသွင် ပြောင်းသွားသည်။

တာအိုမြူများက မိုးတိမ်ဂုရုကြီး၏ရပ်ဝန်းထက် များစွာကျယ်ဝန်းသော မီတာသုံးသောင်းအကွာအဝေးသို့ ပြန့်ကားသွားသည်။ မြူများ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားကို လှည့်ပတ်ရစ်သိုင်းနေစဉ် ပုံရိပ်ယောင်ဓားတစ်လက်က သူ့လက်ထဲတွင် ပေါ်လာပြီး သူက တာအိုစာလုံးကိုးလုံးထံ ပြေးတက်သွား၏။

“ပြစ်ဒဏ် ... ထွက်သွားလိုက်စမ်း” ဖန်ရှုံ့ဖုန်း၏အသံ ပဲ့တင်ထပ်လာသည့်အခါ ကောင်းကင်နှင့်မြေကြီးသည် တုန်ခါလှုပ်ရမ်းသွား၏။ ဓားအလင်းရောင်က မိုးပြာတောက်လျက် တာအိုစာလုံးကိုးလုံးကို ပိုင်းချလိုက်သည်။ ဤဓားချက်က ... ဆဋ္ဌမပြစ်ဒဏ်ကို ဖယ်ရှားနိုင်မည်ဟု ဖန်ရှုံ့ဖုန်း ယုံကြည်ချက်အပြည့်ရှိသည်။

အဘယ်ကြောင့်ဆိုသော် သူက ... ဖန်ရှုံ့ဖုန်းဖြစ်၍ပင်။

သို့သော် ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ့အဖေ၏ကိုယ်ပွား မိုးပြာရောင်တောက်လာသည်ကို သတိထားမိလိုက်၏။ ရုတ်တရက် သူ့စိတ်တစ်ခုလုံး ချာချာလည်သွားသည်။

“အဖေ့ တာအိုသစ်စေ့ကို ဖိနှိပ်လိုက်”

All Chapters