← Chapters

လောကပါလပြစ်ဒဏ်

Vol. 85 Ch. 1185

လောကပါလပြစ်ဒဏ်

Vol. 85 Ch. 1185

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ဖန်ရှုံ့ဖုန်း၏ဓားက တာအိုစာလုံးကိုးလုံးနှင့် ထိတွေ့သွားသည်။ တဖျပ်ဖျပ်လက်နေသော အဆုံးမဲ့အလင်းရောင်နှင့်အတူ အလွန်ကျယ်လောင်သောပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာသည်။ ဆဋ္ဌမပြစ်ဒဏ်၏ တာအိုစာလုံးကိုးလုံးမှာ ချက်ချင်း ပြိုကွဲပြာကျသွားတော့၏။

တစ်ချိန်တည်းမှာပင် ဓာတ်တစ်မျိုးမျိုး လှုံ့ဆော်ခံခဲ့ရသည့်အလား ဖန်ရှုံ့ဖုန်းထံမှ ဖြာထွက်နေသော မိုးပြာရောင်အလင်းသည် ပို၍ပင် စူးရှတောက်ပလာ၏ ... အလင်း တောက်ပကွန့်မြူးလာသည်နှင့်အမျှ သူ့ကိုယ်ထဲရှိ တာအိုသစ်စေ့က အရည်စပျော်လာသည်။

ထိုသို့အရည်ပျော်သည့်အခါ မန်ဟို လွန်စွာရင်းနှီးသော လောကပါလအင်မော်တယ်အရှိန်အဝါအနည်းအကျဉ်း ပေါ်ထွက်လာသည်။ ၎င်းက လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ အရှိန်အဝါမဟုတ်ဘဲ သာမန်လောကပါလအင်မော်တယ်တစ်ဦး၏ ပထမအဆင့်သာ ဖြစ်သည်။

နောက်ဆုံးတော့ မန်ဟိုမှာ ဘာ့ကြောင့် သူ့ခံစားချက်များမကောင်းခဲ့သည်လဲ သဘောပေါက်လိုက်လေပြီ။ ထိုမကောင်းသောခံစားချက်သည် ... တာအိုသစ်စေ့မှ လာနေ၏။

ယခုအချိန်တွင် ဖန်ရှုံ့ဖုန်း၏ကိုယ်ထဲရှိ လောကပါလအင်မော်တယ် နိုးထလာခဲ့ပြီး ပြစ်ဒဏ်ပြောင်းလဲမသွားခဲ့လျှင် ပြဿနာမရှိ။ သို့သော် ... အကယ်၍သာ လောကပါလအင်မော်တယ်တစ်ဦးပေါ်ထွန်းလာမှုနှင့်အတူ ပြစ်ဒဏ်၏ ကြောက်မက်ဖွယ်သဘာဝသာ ပြောင်းလဲသွားခဲ့လျှင်တော့ ဖန်ရှုံ့ဖုန်း၏ပြစ်ဒဏ်သည် များစွာခက်ခဲသွားလိမ့်မည်။

မိုးပြာရောင်အလင်း ဖန်ရှုံ့ဖုန်းဆီမှ မှိတ်တုတ်မှိတ်တုတ် လင်းလက်ဖြာထွက်နေပြီး တာအိုသစ်စေ့ အရည်စပျော်လာစဉ် ခေါင်းအထက်ရှိ ဝဲသည် တစ်ခုခုကို အာရုံရလိုက်သကဲ့သို့ တုံ့ခနဲ ရပ်သွား၏။ ထို့နောက် တဂျုန်းဂျုန်းမြည်သံများနှင့်အတူ ဝဲကား ဆယ်ဆကြီးမားလာတော့သည်။

ထိုမြင်ကွင်းက တောင်ကောင်းကင်ဂြိုဟ်ပေါ်မှ ကြည့်နေသော ကျင့်ကြံသူအားလုံးကို အံ့အားသင့်သွားစေသည်။ မှန်ပါသည်၊ ဘာတွေဖြစ်နေသလဲ နားလည်သူကတော့ မရှိသလောက်ပင်။ မျိုးနွယ်ဝင်အကြီးအကဲတစ်ချို့သာလျှင် ရိပ်စားမိလိုက်ကြ၏။

အများစုမှာ တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်များကို တစ်ခါမၑှ မကြည့်ခဲ့ရဖူးပေ။ သို့သော် မြင်ခဲ့ဖူးသည့် အကြိးအကဲများမှာ တစ်ခုခုထူးခြားနေကြောင်း သဘောပေါက်လိုက်သဖြင့် တုန်လှုပ်သွားကြသည်။

သွေးကမ္ဘာထဲတွင် ဖန်ရှုတောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ဆယ်ဆပိုကြီးမားနေသော ဝဲကိုကြည့်ပြီး ဖန်ရှုံ့ဖုန်းကို ပြန်ကြည့်ပြီးနောက် သူ့မျက်နှာပေါ်တွင် ခါးသီးနေသည့်အမူအရာတစ်ခု ပေါ်လာသည်။ နောက်ဆုံးတော့ သူက သက်ပြင်းရှည်ကြီးချလိုက်တော့၏။

ဖန်ယန်ရှီလည်း ခေါင်းခါလိုက်ပြီး စိတ်ညစ်သွားသည်။

“ဒီနှစ်ခုက မယုံနိုင်စရာကောင်းတဲ့ မင်္ဂလာတွေဆိုပေမယ့် နှစ်ခုပေါင်းလိုက်တဲ့အခါ .... ကပ်ဘေးဖြစ်သွားရော”

မန်ဟို့မျက်နှာမှာ အတိုင်းထက်အလွန် မသာမယာဖြစ်နေပြီး ဖန်ရှုံ့ဖုန်းလည်း ဖြစ်ပျက်နေသောအရာကို ချက်ချင်း နားလည်သွားသည်။ သူ့ကိုယ်ပွားသည် ဝဲကို ကြည့်ရင်း လေလယ်တွင် တိတ်ဆိတ်စွာ ပျံဝဲနေ၏။ နောက်ဆုံးတော့ သူက ဟက်ခနဲ ရယ်လိုက်သည်။

“ကောင်းပြီ ဒါလည်း အဆင်ပြေတယ်။ ဒီနည်းနဲ့မှ တကယ့် တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်ကို မြည်းစမ်းကြည့်နိုင်မှာ။ ပြစ်ဒဏ်ကို ကျော်လွှားဖို့ ဆုံးဖြတ်ထားပြီးမှတော့ ရှေ့ဆက်သွားဖို့ တစ်နည်းပဲကျန်တော့တယ်... “ သူက တဟားဟား အော်ရယ်လိုက်သည်။ သို့သော် သူ့ရယ်သံ ထွက်လာသည့်အချိန်မှာပင် ဝဲထဲမှ ဂျုန်းခနဲအသံအကျယ်ကြီး ထွက်လာသည်။

မတန်မဆကြီးမားသောဝဲကြီး လည်နေစဉ် ... သတ္တမပြစ်ဒဏ်က ရောက်ရှိလာခဲ့လေပြီ။

သတ္တမပြစ်ဒဏ်သည် ... ကြေးဒင်္ဂါးများ ဖြစ်သည်။

ကြေးဒင်္ဂါးများသည် ဝဲထဲမှ စီးဆင်းလာကြ၏။ မူလအတိုင်းဆိုလျှင် ကိုးစေ့သာ ရှိသင့်သော်လည်း ယခုတွင် ဝဲက ဆယ်ဆကြီးမားသွားခဲ့ရာ ကြေးဒင်္ဂါးကိုးစေ့မကဘဲ ... ကိုးဆယ် ရှိနေသည်။

ဒင်္ဂါးစေ့တစ်ခုစီတိုင်းသည် တစ်ထေရာတည်းတူ၏။ ဒင်္ဂါးစေ့၏တစ်ဖက်တွင် ရှစ်ထောင့်အစီအရင်(ပါးကွအစီအရင်)၏ ပုံစံအား မြင်ရနိုင်ပြီး အခြားတစ်ဖက်တွင်မူ မှော်သင်္ကေတသဖွယ် စာလုံးများ ရှိနေသည်။ ထိုမျှသာမက ဒင်္ဂါးတစ်စေ့စီတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ယမ်းပစ်နိုင်သော စွမ်းအားများအား ထုတ်လွှတ်နေ၏။

ဒင်္ဂါးများ ကျဆင်းလာသဖြင့် လေထဲတွင် အလွန်ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်နေသည်။

"တောင်သရဲမိုးကြိုးအမိန့်ပြစ်ဒဏ်" ဖန်ရှုတောက်က ရေရွတ်လိုက်သည်။ "အဲ့ဒင်္ဂါးက တောင်ပင်လယ်တွေမှာရှိတဲ့ အဖိုးထိုက်ရတနာတစ်ပါးရဲ့ အသွင်အပြင်ပဲ။ ဒီတောင်သရဲ မိုးကြိုးအမိန့်က မိုးပြိုမြေပြိုနိုင်စေတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်" လေလယ်တွင် ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက ခေါင်းနောက်လှန်၍ ဟားတိုက်ရယ်လိုက်သည်။ သူ ကြေးဒင်္ဂါးကိုးဆယ်ဆီသို့ ပြေးထွက်သွားစဉ် ဓားချီက သူ့ထံမှ စီးမျောထွက်လာ၏။

"ပြစ်ဒဏ်က ဆယ်ဆတိုးသွားတယ်ပေါ့လေ ဟမ်။ ဘာအရေးလဲ" ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက ဓားတစ်လက်၏အရိပ်အသွင်ပြောင်းရင်း ဒင်္ဂါးများထံ ဦးတည်သွားသည်။

သူတို့ ၀င်တိုက်တော့မည့်အခိုက်အတန့်တွင် ရှေးဆန်သောအသံကြီးတစ်သံက ကြေးဒင်္ဂါးကိုးဆယ်အတွင်းမှ ရုတ်တရက် စကားပြောလိုက်၏။

"တောင်သရဲ" ချက်ချင်းပင် ကြေးဒင်္ဂါးများ၏ ကျောပေါ်ရှိ ညာဘက်အကျဆုံး စာလုံးနှစ်လုံးက မျက်စိကျိန်းမတတ် တောက်ပလာသည်။

တဖြည်းဖြည်း အရာအားလုံးကို တုန်ရီနေစေသော ဟိန်းဟောက်သံကိုးဆယ်အား ကြားလာရပြီး အရိပ်ကိုးဆယ်သည် ကြေးဒင်္ဂါးကိုးဆယ်အတွင်းမှ ထွက်ပေါ်လာ၏။ ၎င်းတို့ကား တောင်သရဲများမှတစ်ပါး အခြားမဟုတ်ပေ။

တောင်သရဲများသည် တကယ်တော့ တောင်နတ်မင်းများဖြစ်ကြ၏။ တရား၀င် ခန့်အပ်ခြင်းမခံခဲ့ရသည့်အတွက် နတ်မင်းများ၏ မညွှန်းဆိုဘဲ သရဲများဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

သူတို့၏ ပုံပန်းသွင်ပြင်များက ရက်စက်ခက်ထန်ပြီး သူတို့သည် တန်ခိုးစွမ်းအားတို့ဖြင့် ပြည့်၀နေ၏။ အကောင်ကိုးဆယ်လုံးက ပေါ်လာသောအခါ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဖန်ရှုံ့ဖုန်းဆီသို့ ပြေးတက်သွားကြလေသည်။

အကြိတ်အနယ်တိုက်ပွဲကြီး စတင်သဖြင့် ထစ်ချုန်းသံများ ဆူညံလာသည်။ ပထမဆုံးတိုက်ကွက်သာ ဖလှယ်ရသေးသည်၊ ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားမှာ သွေးအန်လိုက်ရပြီး သူ့ကိုယ်တစ်ပိုင်းလုံး ပျက်စီးသွားခဲ့လေပြီ။ သို့ထိတိုင် သူ့ဓားက တောင်သရဲအကောင်ကိုးဆယ်လုံးကို ပိုင်းဖြတ်ရင်း ပြာချပစ်လိုက်သေးသည်။

သို့ရာတွင် သတ္တမပြစ်ဒဏ်ကား ယခုထက်ထိ မပြီးဆုံးသေး။ တောင်သရဲအကောင်ကိုးဆယ် ပြိုကွဲသွားသည့်အချိန်မှာပင် ရှေးဆန်သောအသံကြီးက တစ်ဖန်ပဲ့တင်ထပ်လာပြန်သည်။

“တောင်သရဲမိုးကြိုး သရဲတွေကို သတ်၊ ဝိညာဉ်တွေကို နှိမ်နင်းပစ်လော့။ မိစ္ဆာတွေကို သတ်၊ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပစ်လော့။ နတ်ဘုရားတွေရဲ့ ထာဝရသန့်စင်မှုကို ထိန်းသိမ်းကြလော့”

ဂျိန်းးးးးးးး။ အသံကြီး ပဲ့တင်ထပ်နေစဉ် မိုးကြိုးတန်းကိုးဆယ်က ကြေးဒင်္ဂါးများထံမှ ထွက်လာသည်။ ဤမိုးကြိုးတန်းများသည် ပထမပြစ်ဒဏ်မှ မိုးကြိုးနှင့် လားလားမျှမတူပေ။ ၎င်းတို့သည် မိုးနှင့်မြေ၏ အကြီးအမှူးများအလား၊ မကောင်းဆိုးဝါးဟု သတ်မှတ်၍ရသမျှ အရာအားလုံးကို သုတ်သင်ဖယ်ရှားပစ်မည့် ကောင်းကင်ဘုံ၏တာအိုကို ကိုယ်စားပြုနေသည့်အလား အသတ်အဖြတ်အငွေ့များ လှိုင်လှိုင်ထနေသည်။

ဖန်ရှုံ့ဖုန်း၏ကိုယ်ပွားက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ကာ ဓားချီများစွာ ထွက်ပေါ်လာစေပြီး မိုးကြိုးအတန်းကိုးဆယ်အား ပြေးတိုက်စေလိုက်သည်။ မိုးကြိုးတစ်တန်းပြီးတစ်တန်းကို ပိုင်းဖြတ်နေသည်နှင့်အမျှ ကိုယ်ပွားမှာ ဒဏ်ရာဒဏ်ချက်များမှ သွေးတို့ယိုစီးကျနေလျက် နောက်သို့ တွန်းထုတ်ခံနေရသည်။ ၆၃ ခုမြောက် မိုးကြိုးတန်း သူ့ကို ထိမှန်သွားသောအခိုက်အတန့်တွင် ကိုယ်ပွားမှာ ထပ်မံတောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသွားတော့၏။

ထိုအချိန်တွင် ကျန်မိုးကြိုးတန်း ၂၇ တန်းက သွေးလေကို ခွင်းရင်း ဖန်ရှုံ့ဖုန်း၏ကိုယ်အစစ်ဆီသို့ ဦးတည်လာသည်။

မန်ဟို့မျက်လုံးများ နီရဲသွားပြီး သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါ်ထွက်လာသည်။ သူက သုံးထောင့်တာအိုအစီအရင်ကို သုံးရင်း သူ့အင်အားများကို ဖန်ရှုံ့ဖုန်း၏ကိုယ်ထဲ စီးဆင်းစေလိုက်ပြီး တတိယကိုယ်ပွားဖြစ်ပေါ်လာစေသည်။ ကိုယ်ပွားက ပေါ်လာလျှင်ချင်း မိုးကြိုးတန်း ၂၇ တန်းဆီ ပျံတက်၍ ဓားဖြင့် ပိုင်းချလိုက်၏။

မိုးကြိုးတန်း ၂၇ တန်း ပြိုကွဲသွားသဖြင့် ပေါက်ကွဲမှုကြီး ရိုက်ညောင်းထွက်သွားသည်။ ထို့နောက် ကိုယ်ပွားသည် ကြေးဒင်္ဂါးကိုးဆယ်ထံ ဆက်လက်ရွေ့လျားသွားပြီး ဓားချီများဖြင့် တိုက်ခိုက်လိုက်၏။ သို့သော် ကြေးဒင်္ဂါးကိုးဆယ်မှာ မှေးမှိန်ရုံသာ မှေးမှိန်၍ ပြိုကွဲမသွားခဲ့ပေ။ ထိုအစား ၎င်းတို့သည် လေတွင် လှည့်ပတ်ရင်း ကြေးဒင်္ဂါးတစ်စေ့တည်းအဖြစ် ပြန်လည်စုစည်းပြီးနောက် ဝဲထဲ ပြန်ဝင်သွား၏။

ဖန်ရှုံ့ဖုန်းက ကြေးဒင်္ဂါးကို နောက်ဆုတ်သွားစေခဲ့ခြင်းမဟုတ်၊ ဤဒုက္ခကို တောင့်ခံနိုင်ခဲ့သည်အတွက် သတ္တမပြစ်ဒဏ်ပြီးဆုံးသွားခြင်းဖြစ်သည်။ ယခု အဋ္ဌမပြစ်ဒဏ် လာနေချေပြီ။

အဋ္ဌမပြစ်ဒဏ်သည် ဝဲထဲမှ ဆန့်ထွက်လာသော ဧရာမလက်ချောင်းကြီးတစ်ချောင်း ဖြစ်၏။ ၎င်းက အလွန်ကြီးမားလေးလံသည့်ဖိအားကို ထုတ်လွှတ်နေပြီး တောင်ပင်လယ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။ ၎င်းက ဖန်ရှုံ့ဖုန်းကို လှမ်းထိုးလိုက်သည်။

ဤပြစ်ဒဏ်သည် သာမန်တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်နှင့် တခြားစီပင်။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့ ကြုံတွေ့ခဲ့သော တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်များမှာ ဤပြစ်ဒဏ်နှင့်ယှဉ်လျှင် ကလေးကစားစရာဖြစ်နေသည်။

“လောကပါလပြစ်ဒဏ်” ဖန်ရှုတောက်က သူ သုံးသပ်ခဲ့မိသောအရာကို ရေရွတ်လိုက်သည်။

မန်ဟိုသည် ထိုစကားများကို ကြားလျှင် သူငယ်အိမ်များ ကျုံ့သွားပြီး ဆောက်တည်ရာမဲ့လာ၏။ သူက သူ့အဖေ၏ကိုယ်ပွားနှင့် ဧရာမလက်ချောင်းကြီးကို မော့ကြည့်လိုက်သည်။ လက်ချောင်းက ကိုယ်ပွားကို ထိုးလိုက်ရာ ကိုယ်ပွားမှာ ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။ ထို့နောက် သူ့အဖေ၏ကိုယ်အစစ်က သုံးထောင့်တာအိုအစီအရင်၏အလယ်မှ ထရပ်လိုက်၏။ သူကား တစ်ချက်လေးပင်တွန့်ဆုတ်မနေဘဲ ပျံတက်သွားတော့သည်။

“အဖေ” မန်ဟိုက ထရပ်ရင်း အသားကုန်အော်သည်။ သူ့မျက်လုံးများသည် နီရဲနေပြီး သူ့မှာ ထပ်သည်းခံမနေနိုင်တော့ပေ။ သူ့အနေဖြင့် သူ့အဖေ ထိုပြစ်ဒဏ်ကို ပြန်တိုက်ခိုက်နိုင်အောင် သွားရောက်ကူညီမှဖြစ်တော့မည်။

“ဟိုအာ” ဖန်ရှုတောက်က သူ့လမ်းကို တားရင်း ပြောသည်။ “မင်းက တာအိုနယ်ပယ်မှာ မဟုတ်သေးဘူး။ ဒါက မင်းအဖေရဲ့ပြစ်ဒဏ်၊ မင်း စွက်ဖက်လို့မရဘူး။ စွက်ဖက်လိုက်ရင် မင်းအဖေကို ကူညီတာမဟုတ်ဘဲ ဒုက္ခပေးတာ ဖြစ်သွားလိမ့်မယ်” ထို့နောက် သူသည် ဖန်ယန်ရှီနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြ၏။

သူတို့နှစ်ယောက်သား ခေါင်းထောင်၍ ဖန်ရှုံ့ဖုန်း ထိုးဆင်းလာနေသော ဧရာမလက်ချောင်းကြီးကို ရင်ဆိုင်နေသည်ကို ကြည့်လိုက်စဉ် သူတို့၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်လိုက်မှုတို့ ပေါ်ပေါက်လာသည်။ ထို့နောက် သူတို့သည် အသက်ဝဝရှူ၍ ... ပြိုင်တူမာန်သွင်းဟိန်းဟောက်လိုက်၏။

“တာအို”

အသံက မိုးကောင်းကင်တွင် အရောင်အဝါများ ဖြတ်ပြေးသွားစေပြီး လေပြင်းကြီးတစ်ချက် တိုက်ခတ်သွားစေသည်။ အနှစ်သာရစွမ်းအား ပေါ်ထွက်လာပြီး သဘာဝနိယာမရုပ်သွင်များ ဖြစ်တည်လာသည်။ သူတို့က မိုးကောင်းကင်ကို နှောင့်ယှက်ရန် တာအိုကို ဆင့်ခေါ်လိုက်သဖြင့် .... မိုးနှင့်မြေသည် ပုံပျက်ရှံ့တွလာ၏။

သူတို့ပူးပေါင်းလိုက်ကြသည့်အခါ သူတို့၏တာအိုများနှင့် သဘာဝနိယာမများသည် ဖန်ရှုံ့ဖုန်း၏ပတ်ပတ်လည်တွင် ပေါ်လာကာ ဖန်ရှုံ့ဖုန်း၏တာအိုမြူတိမ်ကို ဆယ်ဆကြီးမားလာစေသည်။ ၎င်းနောက်ဆုံးအကန့်အသတ်အထိ ကြီးမားသွားခဲ့စဉ် ဖန်ရှုံ့ဖုန်းက လက်ချောင်းကြီးကို ပြေးတိုက်လိုက်၏။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသလို၊ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့လည်း သွေးအန်လိုက်ကြရသည်။

သို့သော် သူတို့ပေးဆပ်ခဲ့သည် အဖိုးအခက လက်ချောင်းကြီးကို တုန်ရီ၍ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေသည်။ ဖန်ရှုံ့ဖုန်းသည် အစအနများကို ဖြတ်ရင်း ဝင်ရောက်နိုင်တော့မည့် ဝဲအနား ချဉ်းကပ်သွားလေပြီ။

သို့သော် ဤအခိုက်အတန့်တွင် နဝမပြစ်ဒဏ်ပေါ်လာသည်။ ဤပြစ်ဒဏ်တွင် ရုပ်အသွင်ဟူ၍မရှိ၊ ၎င်းအား မမြင်ရပေ။၊ ... အဘယ်ကြောင့်ဆိုသော် ၎င်းသည် နတ်ပြစ်ဒဏ်ဖြစ်၏။

ပျက်စီးမှုသည် မမြင်ရသော ပြစ်ဒဏ်တစ်ခု ဖြစ်၏။ တာအိုသို့ တက်လှမ်းဖို့ ကြိုးစားသော မည်သူမဆို ကောင်းကင်၊ မြေကြီးနှင့် လူ၏ ပျက်စီးခြင်းသုံးပါးကျော်ဖြတ်ရပေမည်။

မိုးကောင်းကင်က နာမ်စိတ်ကို ပျက်စီးစေသည်။ မြေကြီးက ရုပ်ခန္ဓာကို ပျက်စီးစေသည်။ လူသားက ဝိညာဉ်ကို ပျက်စီးစေသည်။

ဖန်ရှုံ့ဖုန်း တုန်လှုပ်သွားသည်။ သူ့စိတ်မှာ ယိုင်လဲလာပြီး သူသည်လည်း သွေးမည်းညစ်ညစ်များကို အန်ရင်း ယိမ်းယိုင်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင်သည်အထိ ခြောက်ကပ်လာ၏။ တစ်ဆက်တည်းမှာပင် သူ့ဝိညာဉ်မှာ တိုက်ခိုက်ခံနေရပုံပေါ်ပြီး လျင်မြန်စွာ အရည်ပျော်နေသည်။

သူက ဟိန်းဟောက်ပြီး ဒဏ်ရာများကို ကုစားဖို့ သူ့ပတ်ပတ်လည်ရှိ တာအိုမြူတချို့ကို ရှူသွင်းလိုက်သည်။ သို့သော် ၎င်းက ဤပြစ်ဒဏ်ကို ကျော်လွှားရာတွင် အကူအညီမဖြစ်ပေ။ ပြစ်ဒဏ်သည် ရှိနေဆဲဖြစ်၍ သူသာ တာအိုမြူများကို ဆက်ရှူရင်း ဖြုန်းတီးပစ်လျှင် ဝဲထဲဝင်နိုင်လျှင်တောင်မှ တာအိုသို့ လျှောက်လှမ်းနိုင်တော့မည်မဟုတ်ပေ။

တာအိုမြူတိမ်၏ ရည်ရွယ်ချက်အစစ်သည် ဝဲထဲ ဝင်ရောက်ပြီးနောက် အသုံးပြုဖို့ ဖြစ်၏။ ထိုအချိန်အတွင် အနည်းအကျဉ်းသာ ကျန်ခဲ့ပါက အနုတ်သဘောဆောင်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်။

သို့သော် ဤအခိုက်အတန့်တွင် ဖန်ရှုတောက်နှင့် ဖန်ယန်ရှီုတို့နှစ်ယောက်လုံး အံတင်းတင်းကြိတ်၍ ပြိုင်တူဆိုလိုက်ကြသည်။ “သင်တို့ ငါ၏ဝိညာဉ်ကို ယူဆောင်၍ ကောင်းချီးပေးအပ်ခြင်းခံရတော်မူစေ”

ထို့နောက် သူတို့သည် သူ့နဖူးအပေါ် ဖိချလိုက်ရာ ဝုန်းခနဲ အသံတစ်သံ ထွက်လာသည်။ သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူတို့၏ခန္ဓာကိုယ်များမှာ ပို၍ပင် ခြောက်ကပ်လာတော့၏။ သို့သော် သူတို့၏ဝိညာဉ်များက သူတို့ငယ်ထိပ်မှ ထွက်လာကြသည်။

စိတ်နှလုံးတုန်လှုပ်ဖွယ်ကောင်းစွာပင် .... သူတို့ကား သူတို့၏ဝိညာဉ်၊ နာမ်စိတ်နှင့် ရုပ်ခန္ဓာများကို အသုံးပြုရင်း ဖန်ရှုံ့ဖုန်းကို ကူညီနေလေပြီ။ သူတို့အတူတူ နောက်ဆုံးပြစ်ဒဏ်၊ နဝမပြစ်ဒဏ်ကို ကျော်လွှားကြမည်ဖြစ်သည်။

All Chapters