နဝမတောင်ပင်လယ်သခင်၏ သတ်ဖြတ်လိုစိတ်များ
Vol. 85 Ch. 1186
မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူလည်း လက်ကိုမြှောက်၍ နဖူးပေါ် ဖိချလိုက်သည်။ သူ့မှာ တာအိုနယ်ပယ်တွင် မဟုတ်သည့်အတွက် မလှုပ်ရှားရဲပေ။ သို့သော် သူ့တွင် နတ်မီးတောက်အနှစ်သာရ ရှိသည့်အတွက် မီးပင်လယ်တစ်စင်းက သူ၏ခေါင်းထိပ်မှ ထွက်လာပြီးနောက် သူ့အဖေ၏ နတ်ပြစ်ဒဏ်ကို ကူညီပေးရန် ဖန်ရှုတောက်၊ ဖန်ယန်ရှီတို့နှင့်အတူ ပျံတက်သွားသည်။
သူတို့သုံးယောက် ဖန်ရှုံ့ဖုန်းကို ကူညီရန် တက်သွားသည်နှင့်တစ်ပြိုက် လေးယောက်လုံး သွေးအန်လိုက်လိုက်ရသည်။ သို့သော် ဖန်ရှုံ့ဖုန်း တောင့်ခံနေခဲ့ရသည့် အားအင်လျော့နည်းမှုမှာ များစွာ နှေးကွေးသွား၏။
မန်ဟို့မျက်နှာမှာ ဖြူဆုတ်နေသည်။ သူ၏စိတ်၊ ခန္ဓာနှင့် ဝိညာဉ်အားလုံး လျင်မြန်စွာ အရည်ပျော်နေသည့်တိုင် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပနေ၏။ သူကား သူ့အဖေကို ကူညီဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် ဆန္ဒရှိလေသည်။
မန်ဟို၊ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့က အားကို မျှခံလိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ ဖန်ရှုံ့ဖုန်းမှာ အသက်ကို မျှင်း၍ ရှူနေရပြီး သူ့ခန္ဓာကိုယ်မှာ အားနည်း၍ မယုံနိုင်လောက်အောင် ပိန်ချုံးနေသည်။ သို့သော် ယခုတွင် သူကား ဝဲထံမှ ကိုးမီတာသာ ကွာဝေးတော့လေပြီ။
သူ လုပ်ရမည့်အရာမှာ ထိုကိုးမီတာကို ဖြတ်ပြီး ဝဲထဲ၀င်၍ လမ်းပေါ် ခြေချရုံလေးသာ...။
သို့သော် နောက်ဆုံးကိုးမီတာသည် န၀မပြစ်ဒဏ်၏ ကြောက်စရာအကောင်းဆုံးအပိုင်း ဖြစ်၏။ ဆယ်ဆမပြင်းထန်ဘဲနှင့်တင် ထိုနောက်ဆုံးကိုးမီတာမှာ တာအိုသို့၀င်ရောက်ရန် ကြိုးစားသည့် သာမန်ကျင့်ကြံသူများအတွက် အင်မတန်မှခက်ခဲပေသည်။ ဆယ်ဆပြင်းထန်နေမှတော့ မည်မျှ ကြောက်စရာကောင်းမည်လဲ တွေးကြည့်နေစရာတောင် မလိုပေ။
ဖန်ရှုံ့ဖုန်းက သွေးတစ်ပွက်အန်လိုက်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့မှာ ပို၍ ခြောက်ကပ်သွား၏။ သူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်မှာလည်း အားနည်းလာသည်။
နောက်ဆုံးကိုးမီတာအနက်မှ ခြောက်မီတာသို့ ရွေ့လျားပြီးသော် ဖန်ရှုံ့ဖုန်းမှာ မတတ်နိုင်တော့ပေ။ ဖန်ရှုတောက်၊ ဖန်ယန်ရှီနှင့် မန်ဟိုတို့အတွက်လည်း အတူတူပင်။ ဆက်ကြိုးစားလျှင် သူတို့ရရှိနေသော ဒဏ်ရာများသည် ယာယီမဟုတ်ဘဲ သေရာပါဖြစ်သွားလိမ့်မည်။
သို့သော် သေရာပါဖြစ်စေကာမူ မန်ဟိုကတော့ ဂရုမစိုက်။
"ခေါင်းဆောင်ကြီးရှုတောက်၊ ခေါင်းဆောင်ကြီးယန်ရှီ ကျွန်တော့်ကို ခွင့်ပြုပါ" မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းရင်း ပြောလိုက်သည်။ သူ သူ့အဖေကို နောက်ဆုံးအကြိမ်အကူအညီပေးဖို့ သူ၏စိတ်၊ ခန္ဓာနှင့် ဝိညာဉ်စွမ်းအားတို့ကို ထုတ်ဖော်တော့မည့်အချိန် ဖန်ရှုတောက်က ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ အသံက တောင်ကောင်းကင်ဂြိုဟ်တစ်ခွင် ဟိန်းထွက်သွား၏။
"ဖန်မျိုးနွယ်၀င်အကုန်လုံး မျိုးနွယ်စုခေါင်းဆောင်ကို ကူညီပေးဖို့ သွေးစတေးကြ"
သူ့စကားလုံးများ ဟိန်းထွက်လာသောအခါ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်ဝင်အားလုံး တုန်ရီသွားကြသည်။ သူတို့သည် တုံ့ဆိုင်းမနေဘဲ သူတို့၏ရင်ဘတ်များကို ရိုက်၍ သွေးများအန်ထုတ်လိုက်ကြ၏။ သွေးထုကြီးက လေပေါ် မြောက်တက်လာသည်။
မန်လီ၏သွေးအား ထည့်မရသော်လည်း ဖန်ယုကတော့ ထည့်နိုင်သည်။ သူမသည် တွန့်ဆုတ်မနေဘဲ သွေးကို ထွေးထုတ်လိုက်သည်။ ထိုသို့လုပ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး သူမ၏မျက်နှာလေးသည်လည်း ဖြူဖျော့သွား၏။ သို့သော် သူမ၏သွေးက ကျန်သွေးများနှင့်အတူ လေပေါ် မြောက်တက်သွားသည်။
စွန်းဟိုက်က သူမကို ကပျာကယာ ပွေ့လိုက်သည်။ သူမ၏စတေးမှုကြောင့် သူ့နှလုံးသားမှာ နာကျင်နေသော်လည်း သူက သူမကို မတားခဲ့ပေ။
သွေးထုကြီးက ဖန်ရှုံ့ဖုန်းဆီ မြောက်တက်လာသည်။ ဖန်ရှုံ့ဖုန်း၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး သူက သွေးကို ငြင်းဖို့ပြင်ဆင်နေပုံရသည်။ သူ့မှာ သူ့ဘာသာသူ တာအိုသို့ မ၀င်ရောက်နိုင်ဘဲ ... မျိုးနွယ်၀င်များ၏စတေးမှုကို အမှီပြုနေရသည့်အတွက် အပြစ်ရှိသလို ခံစားနေရပုံပေါ်သည်။
ထိုစတေးမှုက ကုစားမရသည့်အရာမဟုတ်သော်လည်း ဖန်ရှုံ့ဖုန်းမှာတော့ အပြစ်ရှိသလို ခံစားနေရသေး၏။
သို့သော် သူက အံတင်းတင်းကြိတ်၍ သူ့ပတ်ပတ်လည်၌ တဖွေးဖွေးလှုပ်နေသော တာအိုမြူများကို ကြည့်ရင်း မြူတချို့စုပ်ယူလိုက်၏။ သူ့ကိုယ်သူ ကုစားရန်မဟုတ်။ မန်ဟို၊ ဖန်ရှုတောက်နှင့် ကျန်မျိုးနွယ်၀င်များကို ကူညီရန် ဖြစ်သည်။
"ရှုံ့ဖုန်း ရပ်လိုက်စမ်း။ မင်း ငါတို့ကို ကုစားပေးဖို့ မလိုဘူး။ ဖန်ယန်ရှီနဲ့ငါတို့ ကိုယ့်ဘာသာ လုပ်နိုင်တယ်။ ကျန်တဲ့မျိုးနွယ်၀င်တွေကိုလည်း ကုစားပေးဖို့ မျိုးနွယ်စုထဲမှာ ဆေးလုံးတွေ အများကြီးရှိတယ်။ ဟိုအာကလည်း ဘာအကူအညီမှ မလိုဘူး။ မင်း ငါတို့ကို ကူညီနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက တာအိုကို ၀င်ရောက်ဖို့ပဲ"
"အဖေ" မန်ဟိုက လှမ်းအော်သည်။ "မြန်မြန် တာအိုထဲ ၀င်ရောက်လိုက်ပါတော့" ဖန်ရှုံ့ဖုန်း မျိုးနွယ်စုအပေါ် တင်သည့်အကြွေးသည် မန်ဟို ပြန်ဆပ်ရမည့် အကြွေးလည်းဖြစ်၏။
ဖန်ရှုံ့ဖုန်း၏နှလုံးသားမှာ တုန်ရီသွားသော်လည်း သူသည် ပြတ်သားသော လူတစ်ယောက်ဖြစ်သည်။ သူက ထပ်မံတွန့်ဆုတ်မနေတော့ဘဲ သွေးစွမ်းအားကို အသုံးချရင်း .... နောက်ဆုံးသုံးမီတာကို ဖြတ်သန်းလိုက်သည်။ သူကား နဂါးဂိတ်ကို ခုန်တက်လိုက်သော ငါးတစ်ကောင်အလား ဝဲထဲသို့ ၀င်ရောက်၍ တာအိုနယ်ပယ်ကို ကိုယ်စားပြုသော လမ်းအပေါ် ခြေချလိုက်လေပြီ။
ထိုအခိုက်အတန့်တွင် နတ်ပြစ်ဒဏ်သည် ပျောက်ကွယ်သွားပြီး ဝဲသည် လည်နေခြင်းရပ်ကာ တဖြည်းဖြည်း မှေးမှိန်သွား၏။ ပြစ်ဒဏ်များ ရပ်တန့်သွားပြီး ဖန်ရှုံ့ဖုန်းကား ထိုလမ်းပေါ်တွင် တစ်ယောက်တည်း ရပ်နေလေသည်။
တစ်ချိန်တည်းမှာပင် ဖန်ရှုံ့ဖုန်းကို ဗဟိုပြုလျက် လှိုင်းဂယက်များ ဖြာထွက်လာသည်။ လှိုင်းများက …. န၀မတောင်တစ်ခွင် ဖြာထွက်သွား၏။
ဤလှိုင်းဂယက်များသည် တာအိုသို့ ၀င်ရောက်ခြင်းမှ ပေါ်ထွက်လာသော လှိုင်းများဖြစ်ပြီး ကျင့်ကြံသူတစ်ယောက် ပြစ်ဒဏ်ကို အောင်မြင်စွာ ကျော်လွှား၍ ဝဲထဲသို့ ၀င်ရောက်လိုက်သောအခါ ပေါ်လာတတ်သည့်အရာများ ဖြစ်သည်။
ရလဒ်အနေဖြင့် တစ်စုံတစ်ယောက် ဤအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း တာအိုနယ်ပယ်အဆင့်ကျင့်ကြံသူတိုင်း သိသွားကြလေ၏။
မိုးတိမ်ဂုရုကြီးသည် ဝဲထဲသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ဤကဲ့သို့အရာမျိုး မဖြစ်ပွားခဲ့ပေ။ သို့သော် ဖန်ရှုံ့ဖုန်းက အောင်မြင်ခဲ့ပြီဖြစ်ရာ လှိုင်းဂယက်များက ချက်ချင်း ဖြာထွက်လာသည်။ န၀မတောင်ပင်လယ်ရှိ တာအိုနယ်ပယ်ပညာရှင်အကုန်လုံး ဖြစ်ပျက်နေသောအရာကို အာရုံရလိုက်ကြ၍ တောင်ကောင်းကင်ဂြိုဟ်ကို စုံစမ်းရန် နတ်ဘုရားအာရုံများ စေလွှတ်လိုက်ကြသည်။
"ဖန်ရှုံ့ဖုန်း တာအိုကို ၀င်ရောက်နေပြီ"
"ဖန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အလောင်းအလျာက တာအိုအဆင့် ရောက်တော့မယ်"
"နေဦး။ ခဏနေပါဦး။ မဟုတ်သေးဘူး။ သူက ဘယ်လိုလုပ် တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာ တာအိုကို ဝင်ရောက်နိုင်မှာတုန်း။ ငါမှတ်မိတာမှန်ရင် သူ့သားကို ကယ်ဖို့ သူက တောင်ကောင်းကင်ဂြိုဟ်ရဲ့အပြင်ကို ခြေတစ်လှမ်းတောင်မချဘူးလို့ သဘောတူခဲ့တာမဟုတ်လား။ တောင်ပင်လယ်တွေကိုတောင် တိုင်တည်ပြီး သူ ကတိကို ချိုးဖျက်ခဲ့ရင် သူ့ဝိညာဉ်နဲ့ခန္ဓာ ပျက်စီးပါစေသားလို့ ကျိန်ဆိုခဲ့တာမဟုတ်လား"
" သူ တကယ်ကြီး တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာ တာအိုနယ်ပယ် တက်ရောက်နေတာ ငါမယုံနိုင်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း" ဖြစ်ပျက်နေသောအရာကို အာရုံရလိုက်သည့် တာအိုနယ်ပယ်ပညာရှင်အားလုံး အံ့အားသင့်သွားကြလေသည်။
"အခုထက်ထိ မပြီးသေးဘူး။ အခုမှ လမ်းတစ်၀က်ပဲ ရှိသေးတာ။ သူ့ရဲ့ ကျရှုံးနိုင်ခြေက အရင်တိုင်း မြင့်နေဆဲပဲ"
"သူ အောင်မြင်သွားပြီး တာအိုကို ၀င်ရောက်နိုင်ရင်တော့ အနှစ်သာရ ၁ ခု ရအောင် ခြေကိုးလှမ်း လှမ်းရမယ်။ ဖန်ရှုံ့ဖုန်းက တာအိုတွေအားလုံးထဲမှာ အခက်ခဲဆုံးဖြစ်တဲ့ ဓားတာအိုနဲ့ တာအိုအဆင့် တက်လှမ်းဖို့ ရွေးချယ်ခဲ့တာ။ အဲ့ဒီခြေလှမ်းကိုးလှမ်းက ခက်ခဲလွန်းမှာပဲ" ယခုအချိန်တွင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအားလုံး၏ အံ့အားသင့်နေသော နတ်ဘုရားအာရုံများသည် တောင်ကောင်းကင်ဂြိုဟ်၏ ပတ်ပတ်လည်တွင် စုဝေးနေကြခဲ့လေပြီ။
မန်ဟိုမှာ တင်ပျဉ်ခွေထိုင်မနေနိုင်တော့ပေ။ သူသည် ထရပ်လိုက်ပြီး သူ၏မျက်လုံးများက ထိုလမ်းပေါ်တွင် ရပ်နေသော သူ့အဖေကို မမှိတ်မသုန် ကြည့်နေ၏။
သူ့အဖေ၏ တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်မှာ ပုံမှန်ထက် ဆယ်ဆပိုမိုပြင်းထန်၍ ခက်ခဲခဲ့သည်။ ပုံမှန်ဆိုလျှင် သူ့အနေဖြင့် တာအိုသို့ အလွယ်တကူ ၀င်ရောက်နိုင်ခဲ့မည်ဖြစ်သော်လည်း မြင့်တက်လာခဲ့သည့်ခက်ခဲမှုအဆင့်ကြောင့် တစ်မျိုးနွယ်စုလုံး၏ အကူအညီကို ရယူခဲ့ရသည်။ ထို့ကြောင့်သာမဟုတ်လျှင် သူ့မှာ မိုးတိမ်ဂုရုကြီးနည်းတူ အဆုံးသတ်သွားပြီး သက်တမ်းအကန့်အသတ်နှင့် တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ယင်းက မန်ဟို လက်ခံနိုင်သည့်အရာ မဟုတ်သလို သူ့အမေနှင့် သူ့အစ်မလည်း လက်ခံမည်မဟုတ်ပေ။
သူ့အဖေ ထိုလမ်းပေါ်တွင် ရပ်နေသည်ကို မြင်ရခြင်းက မန်ဟို့ကို စိတ်သက်သာသွားစေခြင်းမရှိ။ ထိုအစား ပို၍ပင် စိုးရိမ်လာစေသည်။ ပုံမှန်အဆင့်နှင့်ပင် ခက်ခဲနေသည့် ခြေလှမ်းကိုးလှမ်းက ယခုတွင် မည်မျှခက်ခဲနေမည်ဖြစ်ကြောင်း သူ့မှာ စိတ်ကူးသာ ကြည့်နိုင်လေသည်။
"အနှစ်သာရ ၁ ခုအတွက် ခြေလှမ်းကိုးလှမ်း” ဖန်ရှုတောက်က ပြောသည်။ “မင်းအဖေရဲ့ ဓားတာအိုအနှစ်သာရက သတ်ဖြတ်ခြင်းအပေါ်မှာ အာရုံစိုက်တာ။ အဲ့ဒါက အသတ်အဖြတ်အနှစ်သာရမျိုးပဲ။ ပုံမှန်တောင် ခက်ခဲနေပြီးသားကို .... အခုတော့ လောကပါလကြောင့် ပိုလို့တောင် ခက်ခဲတော့မှာ" သူက သက်ပြင်းချရင်း အသက်ပိုကြီးသွားပုံပေါ်သည်။
"ဒါပေမဲ့ အောင်မြင်သွားခဲ့ရင်တော့ ..." ဖန်ယန်ရှီက မျှော်လင့်ချက်များဖြင့် မျက်လုံးများတောက်ပနေလျက် ပြောသည်။ "မင်းအဖေက အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ သူ့အတိုက်အခိုက်စွမ်းရည်က အနှစ်သာရ ၃ ခု တာအိုသခင်နဲ့ ယှဉ်လို့ရလိမ့်မယ်"
တောင်ကောင်းပင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး ဝဲကို ကြည့်နေစဉ် ဖန်ရှုတောက်က ပထမဆုံး ခြေလှမ်းလှမ်းလိုက်သည်။ သူ ထိုသို့ လှမ်းလိုက်သောအခါ တဝုန်းဝုန်း မြည်သံများသည် ဝဲအတွင်း၌ ပဲ့ထင်ထပ်လာပြီး ၎င်းအား တုန်ရီလာစေ၏။ ထိုလမ်းပေါ်တွင် လျှောက်လှမ်းရသော ခံစားချက်ကိုမူ တာအိုနယ်ပယ်ပညာရှင်များ သို့မဟုတ် တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူများသာ နားလည်နိုင်လိမ့်မည်။
မန်ဟိုမှာတော့ ထိုခံစားချက်ကို မသိပေ။ သူ မြင်နေရသမျှမှာ ပထမဆုံးခြေလှမ်းကို လှမ်းပြီးနောက် သူ့အဖေ တုန်ရီနေခြင်းကိုသာ ဖြစ်သည်။ ဝဲထံမှ ဖြာထွက်နေသော လှိုင်းဂယက်များက ပိုမိုပြင်းထန်လာရာ န၀မတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်အား တုန်ရီနေစေတော့သည်။
တစ်ချိန်တည်းမှာပင် တာအိုမြူများသည် ဖန်ရှုံ့ဖုန်း၏ ခေါင်းထက်တွင် စုဝေးလာရင်း မသဲမကွဲအရာတစ်ခုကို ဖော်ဆောင်လိုက်၏။
ထို့နောက် ဖန်ရှုံ့ဖုန်းက ဒုတိယခြေလှမ်းကို မနည်းလှမ်းပြီး ပြင်းပြင်းထန်ထန် တုန်ရီလာ၏။ တတိယခြေလှမ်းကို လှမ်းလိုက်သောအခါ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ မီးစာကုန်၍ ငြိမ်းသေတော့မည့် မီးအိမ်သဖွယ် ဖြစ်လာသည်။
တတိယခြေလှမ်းကိုလှမ်းပြီးနောက် ဝဲထံမှ လိမ့်ထွက်နေသော လှိုင်းဂယက်များသည် န၀မတောင်ပင်လယ်တစ်ခုလုံးကို အပြင်းအထန် ယိမ်းခါနေစေရင်း ပို၍ပင် အားကောင်းလာခဲ့၏။ ပြင်းအားအရ ခြေလှမ်းကိုးလှမ်းလုံးသာ လှမ်းပြီးလျှင် န၀မတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်ပင် တုန်လှုပ်သွားတော့မည့်အလားပင်။
ထိုမျှသာမက ထိုခြေလှမ်းသုံးလှမ်းကို လှမ်းပြီးနောက်တွင် ဖန်ရှုံ့ဖုန်း၏ခေါင်းအထက်ရှိ တာအိုမြူများသည် စုခဲလာရင်း တစနှင့်တစ ဓားတစ်လက်၏အသွင်သဏ္ဍာန် ပေါ်ပေါက်လာသည်။
သို့သော် မန်ဟိုက ဓားကို အာရုံမရှိ၊ သူ့အဖေကိုသာ အာရုံစိုက်နေသည်။ မန်ဟို့မျက်နှာသည် သူ့အမေနှင့် သူ့အစ်မ၏နည်းတူ သွေးမရှိတော့ပေ။
"တာအိုဆီ လျှောက်လှမ်းတဲ့အခါ ခြေလှမ်းကိုးလှမ်း လှမ်းရတယ်။ အဲ့ခြေလှမ်းတစ်လှမ်းစီတိုင်းက အသက်အန္တရာယ်အရမ်းများတယ်" ဖန်ရှုတောက်က အံကြိတ်ထားသည့်ကြားမှ ပြောသည်။ ထို့နောက် သူက ညာလက်ကို မြှောက်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း အပြင်လောကထံသို့ ဝှေ့ယမ်းလိုက်သည်။ ဝှေ့ယမ်းမှုသည် ဝဲထဲရှိ ဖန်ရှုံ့ဖုန်းအပေါ် သက်ရောက်မှုမရှိဘဲ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်မန္တန်၀င်္ကပါအားလုံးအပေါ် သက်ရောက်သွား၏။ မန္တန်၀င်္ကပါများက တလက်လက် တောက်ပလာပြီးနောက် စွမ်းအားတို့ကို ထုတ်ဖော်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့က အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်းမုခ်၀နှင့် ဆက်သွယ်နေသော တူးမြောင်းသဖွယ် လမ်းကြောင်းတစ်ခုကို ဖန်ဆင်းလိုက်ကြသည်။
ထိုလမ်းကြောင်းမှတစ်ဆင့် ချဉ်းကပ်လာနေသည်က ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ.....
"တာအိုခေါင်းလောင်း။ တာအိုအဆင့် တက်လှမ်းနေတဲ့ မျိုးနွယ်စုခေါင်းဆောင်ကို စောင့်ရှောက်ပါလော့" ဖန်ရှုတောက်၏အသံ ပဲ့တင်ထပ်နေစဉ် အရှေ့အောင်ပွဲဂြိုဟ်ရှိ ဘိုးဘေးမြေအပေါ်က လေထုသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး တာအိုခေါင်းလောင်း ပေါ်ပေါက်လာသည်။ ၎င်းက ဒေါင်ခနဲ မြည်ကာ အသံလှိုင်းများသည် နေရာရွှေ့ပြောင်းခြင်းမုခ်၀ကို ဖြတ်ကာ တောင်ကောင်းကင်ဂြိုဟ်ပေါ် ရောက်ရှိလာသည်။
အသံလှိုင်းသည် ဝဲထဲသို့ ၀င်ရောက်သွားပြီး ခေါင်းလောင်းသံကို ကြားသောအခါ ဖန်ရှုံ့ဖုန်းမှာ တုန်ရီသွားပြီး လေးလှမ်းမြောက်၊ ငါးလှမ်းမြောက်နှင့် ခြောက်လှမ်းမြောက်ကို လှမ်းလိုက်နိုင်သည်။
သူ၏စိတ်ဝိညာဉ်မှာ အားပြည့်သွားသည့်အလားပင်။ သူ၏စွမ်းအားတို့ တရိပ်ရိပ် ထိုးတက်လာပြီး ဝဲအပြင်ရှိ လှိုင်းများသည်လည်း ပို၍ပင် အလိပ်လိုက်ဖြာထွက်လာ၏။ တောင်ပင်လယ်အားလုံး တုန်ရီနေပြီး ကြယ်တာရာကောင်းကင်များ တုန်ခါနေသည်။ ယခုတွင် တာအိုနယ်ပယ်ပညာရှင်တစ်ယောက်မကျန် ဖြစ်ပျက်နေသောအရာကို သိသွားကြလေပြီ။
ဖန်ရှုံ့ဖုန်း၏ခေါင်းထက်ရှိ တာအိုမြူတိမ်မှာ ဓားတစ်လက်၏သဏ္ဌာန်ကို လျင်မြန်စွာ ဖော်ဆောင်နေ၏။ ဓားက ယခုတွင် ဓားအသွားကိုပင် ပိုင်ဆိုင်ထားပုံရပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ဓား၏အရောင်က သွေးရောင် ဖြစ်နေသည်။ ၎င်းက အသတ်အဖြတ်အနှစ်သာရကို ရယူဖို့ ဓားတာအိုကို အသုံးပြုနေသော အရိပ်အယောင်ပင်။
ဖန်ရှုံ့ဖုန်းက ခုနစ်လှမ်းမြောက်ခြေလှမ်းကို လှမ်းပြီးနောက် တုန်ရီသွားသည်။ သူ၏စွမ်းအားမှာ ယခုတော့ အားနည်းလာလေပြီ။ တာအိုခေါင်းလောင်းမှအကူအညီက သူ့ကို ဤအထိသာ တွန်းပို့နိုင်ခဲ့ပြီး အောင်မြင်အောင် မကူညီနိုင်ခဲ့ပေ။ ဖန်ရှုံ့ဖုန်းက အံတင်းတင်းကြိတ်ပြီးနောက် နောက်တစ်လှမ်း ထပ်လှမ်းရန် မာန်သွင်းဟိန်းဟောက်ရင်း အစွမ်းကုန်ထုတ်လိုက်သည်။
ခြေလှမ်းရှစ်လှမ်း
ယခုတွင် သူကား တာအိုဆီ ရောက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့လေသည်။ သို့သော် သူ ခြေဖဝါးကို မြှောက်၍ ကိုးလှမ်းမြောက်လှမ်းရန် ပြင်လိုက်စဉ် မန်ဟိုသည် ရုတ်တရက် အာကာသကို ဖြတ်၍ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသော အသံတစ်သံကို ကြားလိုက်ရ၏။
“တောင်ပင်လယ်လောကရဲ့စည်းမျဉ်းဥပဒေတွေအရ နဝမတောင်ပင်လယ်သခင်က လက်ရှိ တာအိုအဆင့်တက်လှမ်းနေတဲ့ လောကပါလအင်မော်တယ်ကို ... သုတ်သင်ပစ်ဖို့ တောင်းဆိုထားတယ်။ ဒီကိစ္စဟာ လူတစ်ယောက်တည်း လုပ်ဆောင်လို့မရသလို၊ တောင်ပင်လယ်လောကကိုယ်တိုင်လည်း ချမှတ်လို့ရတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေဘူး
“ဒါ့ကြောင့် .... တောင်ပင်လယ်ကိုးခုရဲ့ သခင်အပေါင်းတို့ ဆုံးဖြတ်ချက်ချတော်မူကြပါ။ သခင်အပေါင်းတို့၊ မဲပေးတော်မူကြပါ”