← Chapters

ပြင်ဆင်မှုများပြုလုပ်ခြင်း

Vol. 96 Ch. 1338

ပြင်ဆင်မှုများပြုလုပ်ခြင်း

Vol. 96 Ch. 1338

အခန်း (၁၃၃၈) ပြင်ဆင်မှုများပြုလုပ်ခြင်း

ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ၏ စကားကိုကြားပြီးနောက် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပါားက သူမကို ဦးညွှတ်လိုက်ရင်း...

“ရွှမ်ဟွမ်ဧကရီကို ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်နဲ့ ကျွန်တော့်အဖေကလည်း ရွှမ်ဟွမ်ဧကရီနဲ့ ဆရာဘိုးဘိုး’လုန်’ တို့ကို တွေ့ဆုံဖို့ မျှော်လင့်နေကြတာပါ”

ကောင်းချင်းရွှမ်က ခေါင်းညိတ်လိုက်ပြီးနောက် ရန်ကျောက်ကဲနှင့်အခြားသူများ တာအိုကျောင်းဆောင်ဖြစ်သော ကျောက်ဂူအိမ်တော်အတွင်းမှ ထွက်ခွာသွားကြသည်။

ကောင်းချင်းရွှမ်က နွယ်ပင်ဧကရီနှင့် စကားပြောစရာရှိသေးကြောင်း သူတို့အားလုံး သိရှိကြပေသည်။

မည်သို့ပင်ဖြစ်စေ နွယ်ပင်ဧကရီ စိတ်ပြောင်းသွားမည်ဟု ရန်ကျောက်ကဲ မမျှော်လင့်ခဲ့ပေ။

ကျောက်ဂူအိမ်တော်မှ ထွက်ခွာပြီးနောက် ရန်ကျောက်ကဲက ထိုနေရာတွင် ဆက်မနေတော့ပေ။

သူက လုန်ချင်းရွှမ် ၊ လုန်ရွှယ်ကျီးနှင့် တိမ်လွှာခွင်းဧကရာဇ်တို့ကို နှုတ်ဆက်ပြီး ကောင်းရွှယ်ပေါ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူက စိတ်ဆုံးဖြတ်ပြီးပြီဖြစ်ရာ နောက်ထပ်အချိန်ဆွဲရန် မလိုတော့ပေ။ ချက်ချင်းပင် လုပ်ဆောင်မှုများကို စတင်လိုက်သည်။

အပေါ်ယံကြည့်လျှင် ကောင်းရွှယ်ပေါ်က ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်လျှောက် ပေါ့ပေါ့ပါးပါး ရှုမျှော်ခင်းကြည့်ရှုရန် လိုက်လံပြသပေးနေသည်ဟု ထင်မှတ်ရသည်။

ပိုးသားဧကရာဇ်’ဖုယွင်ချီ’ က ရန်ကျောက်ကဲနှင့်အတူ အထက်ဘုံကမ္ဘာမှထွက်ခွာသွားခဲ့သော်လည်း သူက ထိုက်ချင်အဆက်အနွယ် ဖြစ်နေသေးသည်။

ထို့ကြောင့် များစွာပိုပြီး လွတ်လပ်မှုရှိသည်။

ထို့ကြောင့် ဖုယွင်ချီက ကောင်းရွှယ်ပေါ်၏လမ်းညွှန်မှုဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွင်း လှည့်လည်သွားလာနေခြင်းမှာ သိပ်ပြီး စိတ်ဝင်စားစရာကိစ္စ မဟုတ်ခဲ့ပေ။

ဖုယွင်ချီ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဝင်ရောက်လာသည်ကိုပင် မည်သူမှ သတိထားမိကြမည် မဟုတ်ပေ။

ရန်ကျောက်ကဲကတော့ လက်ရှိအချိန်တွင် အမှောင်ထဲ လျှို့ဝှက်စွာ ပုန်းအောင်းနေပြီး အထက်ဘုံကမ္ဘာတွင် ပြုလုပ်ခဲ့သလိုပင် ပြင်ဆင်မှုများကို စနစ်တကျ ပြုလုပ်နေလေသည်။

ယခု သူက ကောင်းရွှယ်ပေါ်၏ အင်္ကျီလက်ထဲတွင် ပုန်းအောင်းနေပြီး အလင်းအင်းသင်္ကေတများကို တစ်ခုပြီးတစ်ခု ရေးသားလျှက် ရှိသည်။

ထို့နောက် အင်းသင်္ကေတများက အမြင်ရသောအသွင်သို့ပြောင်းလဲသွားကာ လေထဲသို့စီးဆင်းသွားပြီး မိုင်ပေါင်းသန်းနှင့်ချီကျယ်ပြန့်သော အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ နယ်မြေများဆီသို့ ကျရောက်သွားသည်။

ကောင်းရွှယ်ပေါ်က ဖုယွင်ချီနှင့် ပုံမှန်ပင်စကားပြောနေရင်းမှ ရန်ကျောက်ကဲ၏လုပ်ဆောင်ချက်များကိုလေ့လာနေခဲ့သည်။

ယခု လူငယ်၏လုပ်ရပ်က သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

“သိပ်ကို သိမ်မွေ့ပါလား ၊ အခု ကြည့်ရတာနဲ့တင် တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်”

သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ညီဖြစ်သူ’လုန်ရွှယ်ကျီး’ ကဲ့သို့ ဓားပညာတစ်မျိုးတည်းကို အားသွန်ခွန်စိုက် ကျင့်ကြံခဲ့သူ မဟုတ်ပေ။

ကောင်းရွှယ်ပေါ်က အခြားသောပညာရပ်များဖြစ်သည့် အစီအရင်ပညာ ၊ အဂ္ဂိရတ်ပညာတို့ကိုလည်း လေ့လာလိုက်စားခဲ့သည်။

တကယ်တော့ သူက ထိုပညာများတွင် အတော်အတန် ကျွမ်းကျင်သူလည်း ဖြစ်၏။

သို့တိုင် ရန်ကျောက်ကဲရေးသားနေသည့် အင်းသင်္ကေတများကို တစ်ချက်ကြည့်ရုံဖြင့် နားလည်နိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲရေးသားနေသော အင်းသင်္ကေတများက အလွန်နက်နဲကြောင်း သိရှိသည့်တိုင် ထိုအင်းသင်္ကေတများ၏အဓိပ္ပါယ်ကို အပြည့်အဝ ပုံဖော်နိုင်ခြင်း မရှိပေ။

ကောင်းရွှယ်ပေါ်၏ ချီးကျူးစကားကိုကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဆရာဦးလေး’ကောင်း’ က ချီးကျူးလွန်းနေပါပြီ”

သူက ဆက်ပြောလိုက်သည်။

“ဒါနဲ့... ဆရာဦးလေး’ကောင်း’ နတ်ဘုရားလူသားကပ်ဘေးကိုဖြတ်ကျော်ပြီး နတ်ဘုရားတံခါးအောင်မြင်စွာဖွင့်လှစ်နိုင်သွားတာရယ် ၊ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့် တက်ရောက်သွားတာရယ်အတွက် ဂုဏ်ပြုစကားတောင် မပြောရသေးဘူး”

ကောင်းရွှယ်ပေါ်က ခပ်ဟဟ ရယ်မောလိုက်ရင်း...

“ငါက အသက်ကြီးနေပါပြီ ၊ ဒါကြောင့် မလွဲမသွေ ဒီလိုလုပ်ရမှာပဲပေါ့ ၊ ဒါကြောင့် ဂုဏ်ပြုစရာမလိုပါဘူး ၊ မင်းတို့ရှေ့မှာ ငါက ရယ်စရာတောင် ဖြစ်နေပါသေးတယ်”

သူတို့နှစ်ယောက် စကားပြောနေသည်ကို ပိုးသားဧကရာဇ်’ဖုယွင်ချီ’ သည်လည်း ကြားနိုင်လေသည်။

သူက ချက်ချင်းပင် ပြောလိုက်သည်။

“ဘာလို့ ဒီလိုပြောရတာလဲ တာအိုရောင်းရင်း’ကောင်း ၊ မင်းက ဓားကျင့်ကြံတာ အောင်မြင်ခဲ့တယ် ၊ ဓားကျင့်ကြံတာ အောင်မြင်ပြီးတဲ့နောက် မင်းရဲ့စွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာတယ် ၊ အခုဆို ငြိမ်သက်ခြင်းပြည့်ဝတဲ့ နက်ရှိုင်းနတ်ဘုရားအဆင့်ရောက်ဖို့တောင် နီးကပ်နေပြီ ၊ မင်းက ဒီလိုစကားမျိုးပြောတာ ငါ့ကိုစိတ်ဆင်းရဲစေတာပဲ”

လွန်ခဲ့သော နှစ်အနည်းငယ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အစစ်အမှန်နတ်ဘုရားတစ်ပါး ထပ်မံထွက်ပေါ်ခဲ့သည်။

ထိုသူက ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ နှင့် လုန်ချွမ်ဧကရာဇ်’လုန်ရှင်းချွမ်’ တို့၏ အကြီးဆုံးသား ‘ကောင်းရွှယ်ပေါ်’ ပင် ဖြစ်သည်။

သူက လူသားအထွတ်ထိပ်အဆင့်သို့ရောက်ရှိပြီးနောက် နှစ်ပေါင်းတစ်ထောင်ကျော်ကြာမှ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူက ဝမ်ကျန်းချန်နှင့် ယွဲ့ကျန့်ပေတို့လောက် အသက်မကြီးသေးသော်လည်း ဖုယွင်ချီထက် များစွာအသက်ကြီးသည်။ ညီဖြစ်သူ လုန်ရွှယ်ကျီးနှင့်ယှဉ်လျှင်လည်း သူက များစွာပိုပြီး အသက်ကြီးသည်။

သူ လူသားအထွတ်ထိပ်အဆင့်တွင် အချိန်ကြာမြင့်စွာ ရှိနေရခြင်းမှာ စန့်ချင်အဆက်အနွယ်၏ လျှို့ဝှက်အတတ်ပညာတစ်ခုဖြစ်သော “ဓားထုတ်ခြင်း နှင့် ဓားကျင့်ကြံခြင်း” ပညာကို ကျင့်ကြံနေသောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ နှစ်ပေါင်းတစ်ထောင်က သူ့အတွက် အချိန် (၁)ရက်ပမာ ဖြစ်ရသည်။

ဤပညာရပ်က စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူများကို လက်ရှိ ကျင့်ကြံခြင်းအဆင့်တွင် အချိန်ကြာမြင့်စွာ ရှိနေစေသည့်တိုင် ကျင့်ကြံခြင်းကို အဆက်မပြတ် ချောမွေ့ထက်မြက်စေသည်။

ဓားကျင့်ကြံခြင်း ပြီးဆုံး၍ ကမ္ဘာလောကတွင် ကျင့်ကြံသူ၏ နတ်ဘုရားဓား ထွက်ပေါ်လာသည့်အခါ သူ့အနေဖြင့် လက်ရှိကျင့်ကြံခြင်းအဆင့်ကို ကျော်လွှားရန် အခွင့်အလမ်း ပိုမိုမြင့်မားလာပေသည်။

ထို့ပြင် ဤသို့ အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုက နောက်ထပ်ကျင့်ကြံခြင်းအဆင့်တစ်ခုသို့တိုင် သက်ရောက်မှုရှိပြီး ပိုမိုဝေးကွာသော နယ်ပယ်တစ်ခုဆီသို့ ဦးတည်စေနိုင်သည်။

ထို့ကြောင့် အခြေအနေပေးသည်ဆိုပါက စန့်ချင်အဆက်အနွယ် ကျင့်ကြံသူအချို့က ဤပညာရပ်ကို သေချာပေါက် ကျင့်ကြံကြလေသည်။

ယခု ယွိချင်အဆက်အနွယ်တစ်ယောက်ဖြစ်သော လုန်ချွမ်ဧကရာဇ်သည်ပင် ဤပညာရပ်ကို ကျင့်ကြံလျှက် ရှိ၏။

သို့သော် ဤပညာရပ်က လေ့ကျင့်ရန် အလွန်ခက်ခဲပြီး အောင်မြင်အောင်ကျင့်ကြံနိုင်သူဦးရေလည်း အလွန်နည်းပါးသည်။

တကယ်တော့ ထိုပညာရပ်ကို ကျင့်ကြံသူ အများစုမှာ ထိုပညာရပ်၏တန်ပြန်ထိခိုက်မှုကို ခံခဲ့ရသည်ချည်းပင် ဖြစ်၏။

အခြေခံအားဖြင့် ဤလျှို့ဝှက်ပညာဖြစ်သော “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ပညာရပ်ကို ဘေးကင်စွာ လေ့ကျင့်နိုင်သူများက နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်သည့် အလားအလာနှင့် စွမ်းရှည် ရှိကြသူများသာလျှင် ဖြစ်သည်။

ထို့ပြင် ‘ဓားကျင့်ကြံခြင်း’ ၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ တကယ့်တိုက်ပွဲအတွက် ထည့်သွင်းစဉ်းစားခြင်းလည်း ဖြစ်၏။

ဓားကျင့်ကြံခြင်းပြီးဆုံးပြီး ချိတ်ပိတ်ထားသည့်ဓားကို ပြန်လည်ဖွင့်လှစ်သည့်နေ့တွင် ရန်သူများ အံ့အားသင့်သွားရလောက်အောင် ဓားကထက်မြက်နေပြီး သေခြင်းရှင်ခြင်းတိုက်ပွဲများ ရင်ဆိုင်ရသည့်အခါ လျှို့ဝှက်တိုက်ကွက်အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

တဖက်တွင်လည်း ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန်အတွက် အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်ပေသည်။

ဤ ‘ဓားကျင့်ကြံခြင်း’ က ကျင့်ကြံရန် အလွန်ခက်ခဲသဖြင့် ထိုနည်းလမ်းကို ရွေးချယ်လေ့ကျင့်သူ အနည်းငယ်သာ ရှိသည်။

ကောင်းရွှယ်ပေါ်ကတော့ ထိုပညာရပ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်သူများထဲမှ တစ်ယောက်ဖြစ်၏။

သဘောတရားအရဆိုလျှင် “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ပညာရပ်ကို အဆုံးမရှိ ဆက်တိုက်ဆိုသလို ဆက်လက်ကျင့်ကြံနိုင်သည်။

သို့သော် ကျ့င်ကြံသူများ၏သက်တမ်း အကန့်အသတ်ရှိသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ကောင်းရွှယ်ပေါ်က လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏ဓားချိတ်ပိတ်ထားခြင်းကို ဖွင့်လှစ်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးခဲ့ခြင်းမှာ သူသက်တမ်းမှာ အလွန်အိုမင်းနေပြီ ဖြစ်သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် အနောက်ဘက် ‘သူတော်စင်ဘုံ’ နှင့် နတ်မိစ္ဆာမျိုးနွယ်များ ပြန်လည်ထွက်ပေါ်လာခြင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကောင်းရွှယ်ပေါ်ကိုယ်တိုင်အတွက် မှန်းဆမရသည့်အခြေအနေများကို ရင်ဆိုင်ရစေသည်။

ထို့ကြောင့် ကောင်းရွှယ်ပေါ်က ‘ဓားကျင့်ကြံခြင်း’ ကို ဆက်လက်မပြုလုပ်တော့ဘဲ ဓားကိုဖွင့်လှစ်လိုက်ပြီး နတ်ဘုရားတံခါးကို တွန်းဖွင့်ခဲ့ခြင်း ဖြစ်၏။

ကောင်းရွှယ်ပေါ် နတ်ဘုရားအဆင့်သို့ တက်ရောက်သည့်အခါ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ လူအင်အားကို တိုးမြှင့်နိုင်သည့်အပြင် သူ၏မိဘများဖြစ်သော ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏ ဝန်ထုပ်ဝန်ပိုးများကိုလည်း သက်သာသွားစေရန် ကူညီထမ်းဆောင်‌ပေးနိုင်သည်။

လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်နှိုင်းယှဉ်ပါက နတ်ဘုရားတစ်ပါးက အရာရာကို ကိုင်တွယ်ရာတွင် ပိုမိုလွယ်ကူစွာ ဖြေရှင်းနိုင်သည် မဟုတ်ပါလား။

ကောင်းရွှယ်ပေါ် ကျင့်ကြံခြင်းအဆင့်တက်သွားခြင်းဖြင့် ရွှမ်ဟွမ်ဧကရီနှင့် အခြားသူများ စိတ်သက်သာရာရနိုင်ပြီး ကျင့်ကြံခြင်းတွင် ပိုမိုအချိန်ပေးနိုင်မည် ဖြစ်သည်။

ဖုယွင်ချီက ပြုံးလိုက်ရင်း...

“မင်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာပဲ”

“ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” ပညာရပ်အား ကျင့်ကြံစဉ်ကာလအတွင်း စုဆောင်းထားသည့် ကျင့်ကြံခြင်းစွမ်းအားများကြောင်း ယခုအခါ ကောင်းရွှယ်ပေါ်မှာ ပိုးသားဧကရာဇ်ထက်ပင် နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်ရန် ပိုမိုနီးစပ်နေပြီ ဖြစ်၏။

သူယခင်က စုဆောင်းထားခဲ့သော အချိန်နှင့် ကျင့်ကြံခြင်းများက အလဟဿ ဖြစ်မသွားခဲ့ပေ။

သို့သော် ဖုယွင်ချီကလည်း ထိုအချက်ကို အရေးမစိုက်ပေ။ အကြောင်းမှာ သူသည်လည်း သူ၏လက်ရှိအခြေအနေကို ကောင်းစွာနားလည်သောကြောင့် ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်း(၂၀)အတွင်း ရန်ကျောက်ကဲ၏ သတိပေးချက်ရရှိပြီးနောက် သူက ‘ခံစားချက်မျိုးကွဲ’ ပညာရပ်ကို ဆက်လက်လေ့လာခဲ့သည်။

အောင်မြင်မှုမရရှိသေးသော်လည်း အချို့သောအကျိုးကျေးဇူးများကိုတော့ ရရှိလာပေပြီ။

သို့သော် ရန်ကျောက်ကဲနှင့် သတင်းအချက်အလက်များ ဆက်တိုက်ဖလှယ္နေကြစဉ် သူ့အနေဖြင့်ထိုလူငယ်နှင့်ပတ်သက်ပြီး မည်သည့်ခံစားချက်မျိုးထားရမည်ကိုပင် နားမလည်ခဲ့ပေ။

ရန်ကျောက်ကဲ၏ ထိုက်ချင်အဆက်အနွယ်၏ လျှို့ဝှက်ပညာရပ်များအပေါ် နားလည်သိရှိခြင်းက နှစ်ပေါင်းထောင်ချီ အသက်ရှင်နေထိုင်ခဲ့သော ထိုက်ချင်အဆက်အနွယ်တစ်ယောက်ဖြစ်သည့် သူကိုယ်တိုင်ထက်ပင် ပိုမိုနက်ရှိုင်းနေခဲ့သည်။

ရန်ကျောက်ကဲက စန်းချင်း(၃)ပါး ပညာရပ်အားလုံးကို ကျင့်ကြံသည့်လမ်းစဉ်ကို လျှောက်လှမ်းနေကြောင်း သိရှိသည့်တိုင် ၊ ထိုက်ချင်အဆက်အနွယ်နှင့်ပတ်သက်သည့် သူ၏နားလည်မှုက ဖုယွင်ချီကို အံ့အားသင့်စေခဲ့သည်။

ဖုယွင်ချီအနေဖြင့် ကောင်းရွှယ်ပေါ်၏အင်္ကျီလက်ထဲတွင် ပုန်းခိုနေသော ရန်ကျောက်ကဲကို မတွေ့မြင်နိုင်သော်လည်း သူ၏ခေါင်းထဲမှာတော့ အတွေးအမျိုးမျိုးအလယ် လွင့်မျောသွားခဲ့သည်။

သူတို့နှစ်ယောက် လမ်းလျှောက်လာကြရင်း မကြာခဏရပ်နားလျှက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နယ်မြေ(၉)ခုတစ်လျှောက် သဏ္ဌန်မဲ့အင်းသင်္ကေတများကို ချန်ထားခဲ့ကြလေသည်။

***

ချန်စန်းရှင်းဟိုင်စကြာဝဠာ၌ များပြားလှစွာသော  ကြယ်စင်များပမာ နိမ့်လိုက်မြင့်လိုက် လွင့်မျောနေသော မရေမတွက်နိုင်သည့်ကမ္ဘာများ တည်ရှိနေသည်။

ရုတ်တရက် ကြယ်စင်တစ်ခုမှ အဝါရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာသည်။

ထိုအဝါရောင်တိမ်တိုက်က ပါးလွှာပြီး ရှည်လျားကာ မြွေတစ်ကောင်နှင့် ဆင်တူသည်။

ထိုတိမ်တိုက်က ချန်စန်းရှင်းဟိုင်စကြာဝဠာ၏ ဗလာနယ်ထဲ လှည့်ပတ်သွားလာနေပြီး နောက်ဆုံးမှာတော့ စကြာဝဠာဗဟိုချက်သို့ ရောက်ရှိသွားလေသည်။

ထိုနေရာတွင် ကောင်းကင်ဘုံပမာ အလွန်တရာလှပသော ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော ကမ္ဘာတစ်ခု ရှိနေခဲ့သည်။

အဝါရောင်တိမ်တိုက်က ထိုကမ္ဘာထက်သို့ဆင်းသက်လိုက်ပြီး တိမ်တိုက်များလွင့်စင်သွားကာ တာအိုဆရာတစ်ယောက်၏ရုပ်သွင် ထွက်ပေါ်လာသည်။

အနောက်ဘက်တွင် သူ၏တပည့်များနှင့်အစေခံများသည်လည်း အတူတကွလိုက်ပါလာသည်ကို တွေ့ရသည်။

တာအိုဆရာက သူ့လူများကိုခေါ်ဆောင်ကာ မရေမတွက်နိုင်သော တောတောင်ရေမြေများကိုဖြတ်သန်းပြီး နောက်ဆုံး ကျောက်ဂူအိမ်တော်တစ်ခု၏ တံခါးဝသို့ ရောက်ရှိသွားသည်။

သူ့ခြေထောက်များ ကျောက်ဂူအိမ်တော်ရှေ့တွင် မြဲမြံစွာရပ်တန့်မိသည်နှင့် အတွင်းမှ ကျောက်ဂူအိမ်တော်သခင်၏ အသံကိုကြားလိုက်ရသည်။

“မျက်လုံးတစ်ရာတာအိုဆရာ... နတ်ဆေးလုံးကို အောင်မြင်စွာဖော်ဆပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

မျက်လုံးတစ်ရာတာအိုဆရာက...

“ကျေးဇူးပဲ ကျေးဇူးပဲ”

ဟုပြောလိုက်ရင်း ကျောက်ဂူအိမ်တော်အတွင်း လှမ်းဝင်လိုက်သည်။

အစေခံကောင်လေးတစ်ယောက်ထွက်လာပြီး မျက်လုံးတစ်ရာတာအိုဆရာအား ဦးညွှတ်ဂါရဝပြုလိုက်ပြီး ကျောက်ဂူအိမ်တော်သခင်နှင့်တွေ့ဆုံရန် ခေါ်ဆောင်သွားသည်။

မျက်လုံးတစ်ရာတာအိုဆရာက မေးခွန်းထုတ်လိုက်သည်။

“ဒီကိုလာဖို့ ကျုပ်ကို ဘာလို့ဖိတ်ခေါ်ရတာလဲ”

All Chapters