အမှောင်ဆုံးည
Vol. 10 Ch. 114
ဓားပင်လယ်အတွင်း သတင်းတစ်ခုက တောမီးပမာ ပျံ့နှံ့လာပြီး သေမျိုးတိုင်းပြည်များအပေါ် ခေါင်းဆောင်နှစ်ယောက်၏ လုပ်ရပ်ကို တီးတိုးပြောဆိုနေကြသည်။ အမြဲတမ်း စည်ကားသက်ဝင်နေခဲ့သော အသူရာလမ်းပင် ခြောက်ကပ်တိတ်ဆိတ်သွားသော်လည်း ကျင့်ကြံသူပေါင်းများစွာ စုဝေးနေကြ၏။ အရေအတွက် သုံးသောင်းကျော်ပြီး အင်အားစုနှစ်ခု၏ တပည့်များလောက် အစွမ်းမထက်သော်လည်း အသူရာဓားဂိုဏ်းသားများနှင့် တန်းတူဖြစ်ပြီး မျိုးနွယ်ပေါင်းစုံမှ ပါဝင်သည်။
သူတို့ကို ခေါင်းဆောင်များ အုပ်ချုပ်သော်လည်း ဤသတင်းကြောင့် မျက်မှောင်ကြုတ်ကာ စိတ်ပျက်နေကြသည်။
"အောက်တန်းကျတယ်"
"ခေါင်းဆောင်ရှောင်က မဟာဖုန်းဆိုးမြေစာချုပ်ကြောင့် လူတွင်ကျယ် လုပ်နေတာလား"
"ငါတို့က အသူရာပင်လယ်ကိစ္စကြောင့် ယွမ်ရှောင်ကို မုန်းပေမယ့် ဒါကြီးကတော့ မသင့်တော်ဘူး"
ရှေးဟောင်းမျှော်စင်သည် ယွမ်ရှောင်၏ ဂိုဏ်းတူအစ်မကျောက်ကို ဖမ်းဆီး၍ နတ်ပင်လယ်နောက်ပိုင်းအဆင့် ကျင့်ကြံသူငါးထောင်ကျော်ဖြင့် ထောက်ချောက်ဆင်ထားကာ မူလအမြုတေအဆင့်ငါးရာလည်း ရှိနေသောကြောင့် သေလမ်းပင် ဖြစ်၏။ ယွမ်ရှောင်က မြောက်ပိုင်းဖုန်းဆိုးမြေတွင် နတ်ဆိုးသိန်းချီကို သတ်ဖြတ်ခဲ့သော်လည်း ၎င်းတို့မှာ နိမ့်ကျပြီး နဂါးနွေဦးအဆင့်ဖြင့်ပင် မယှဥ်နိုင်ပေ။ ဤလူများသည် ဓားပင်လယ်၏ ထိပ်တန်းဓားသမားများချည်း ဖြစ်သောကြောင့် လွတ်လမ်း မရှိပေ။ အသူရာဓားဂိုဏ်း၌ နတ်ပင်လယ်အဆင့် တစ်ထောင်သာရှိပြီး မြောက်ပိုင်းဖုန်းဆိုးမြေတိုက်ပွဲတွင် ပါဝင်ခဲ့သူအများစုမှာ နဂါးနွေဦးအဆင့်များသာ ဖြစ်သည်။ ခေါင်းဆောင်များ စုစည်းထားသော အင်အားကို နဂါးဘုရင်အဆင့် ဆယ်ယောက်ပင် တိုက်ခိုက်ချေမှုန်းရန် မလွယ်ချေ။
ဓားကောင်းကင်နှင့် ရှေးဟောင်းမျှော်စင်၏ ဓားငါးထောင်ကျော်ဖြင့် တိုက်ခိုက်ရလျှင် သက်တမ်းရာချီ နတ်ဆိုးဘုရင်ငါးထောင်ပင် အသတ်ခံရပေလိမ့်မည်။ ခေါင်းဆောင်နှစ်ယောက်ကလည်း နဂါးဘုရင်နောက်ပိုင်းအဆင့်များ ဖြစ်ကာ ယွမ်ရှောင်အနေဖြင့် ခြေတစ်လှမ်းမှားသွားရုံနှင့် အဆင့်နိမ့် ဓားဝိညာဥ်တစ်ခုပင် အသက်ချွေယူသွားနိုင်၏။ ဓားကောင်းကင်မှ တပည့်ဟောင်းဖြစ်သော ကျောက်ကျန်ရှင်း၏သမီး ကျောက်ရန်ရန်မှာ သေမျိုးတိုင်းပြည်များ၌ နတ်ဆိုးများကို ရှင်းလင်းနေစဥ် ရှေးဟောင်းမျှော်စင်က မကောင်းကြံခဲ့သည်။ မျိုးနွယ်တူအချင်းချင်း အနိုင်ကျင့်ခံရသည့်အပြင် ခေါင်းဆောင်များ၏အကြံတွင် ပွန်းရုပ်အလား အသုံးချခံနေရသည်။
မဟာဖုန်းဆိုးမြေစာချုပ်ကြောင့် ဓားပင်လယ်၏ ကျင့်ကြံသူများသည် ဓားထုတ်ရန် ဝန်လေးလာ၍ နတ်ဆိုးများကို မတိုက်ခိုက်ရသောကြောင့် အရည်အချင်းများ နိမ့်ကျလာကာ အဆင့်တက်ရန် ခက်ခဲနေသည်။
"ယွမ်ရှောင် ရောက်လာပြီ"
အော်သံတစ်ခုကြောင့် အသူရာလမ်းတွင် စုဝေးနေသူများမှာ အဖြူရောင်သေမင်း ရောက်လာကြောင်း သိလိုက်ရသည်။ သူက ရတနာလမ်းထံ ဦးတည်နေပြီး သတင်းပို့လျှင် စိတ်ကျောက်တုံးတစ်သန်းရမည် ဖြစ်သော်လည်း မည်သူမှ မလှုပ်ရှားကြပေ။ ခေါင်းဆောင်လင်းက သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သည့်တိုင်အောင် လွတ်မြောက်သွားပြီး ခေါင်းဆောင်ရှောင်နှင့် ပူးပေါင်းကာ သေမိန့်ချရသည်အထိ အင်အားကောင်းသူဖြစ်နေသည်။ ထို့အပြင် အင်အားစုနှစ်ခု၏ ကောက်ကျစ်မှုအောက်တွင်ပင် သူသည် တစ်ညတည်းဖြင့် အချင်းချင်းတိုက်ခိုက်စေကာ အင်အားတစ်ဝက်ကျော် သေကြေသွားစေရန် ဖန်တီးနိုင်ခဲ့၏။ ထို့ကြောင့် လူထု၏အမြင်က သူ့အပေါ် ပြောင်းလဲသွားကာ သတ္တိကို လေးစားလာကြသည်။ သို့ရာတွင် အသူရာပင်လယ်ပျက်စီးမှုအတွက် မုန်းတီးနေဆဲ ဖြစ်သောကြောင့် ကူညီမည် မဟုတ်ချေ။
ကျင့်ကြံသူသုံးသောင်းကျော်သည် ယွမ်ရှောင်ကို ခံစားချက်ပေါင်းစုံဖြင့် စောင့်ကြည့်နေကြပြီး ကြားနေရန်သာ ဆုံးဖြတ်ထား၏။
"ယွမ်ရှောင်"
လမ်းထောင့်တစ်နေရာတွင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ ဆံပင်များ ရှုပ်ထွေးနေသော မိန်းမတစ်ယောက် ရှိနေခဲ့သည်။
"နင်ရန် ခင်ဗျား ထွက်မသွားဘူးလား"
ယွမ်ရှောင်၏အသံက ငရဲမှတက်လာသော မိစ္ဆာတစ်ကောင်ပမာ အေးစက်နေပြီး နင်ရန်ကြုံဖူးသမျှတွင် အားအကောင်းဆုံးသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လျက် ရှိ၏။
"ရန်ရန်ကို ကယ်ပေးပါ"
"ခင်ဗျားက ဂရုစိုက်သေးတယ်ပေါ့။ လင်းချင်းဖန် ကစားတာခံရပြီးမှ မိသားစုအစစ်အမှန်ကို လိုချင်တာလား။ ခင်ဗျားက စိတ်ပျက်စရာပဲ"
ယွမ်ရှောင်က ခေါင်းယမ်း၍ နှာခေါင်းရှုံ့လိုက်သည်။
"ငါ မှားခဲ့ပါတယ်။ အခွင့်အရေးတစ်ခုလောက် ပေးပါ။ ရန်ရန်က အပြစ်ကင်းပါတယ်။ သူမရဲ့ အသက်ကို ကယ်တင်ပေးပါ"
သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ ကျဆင်းလာခဲ့သည်။
"ခင်ဗျား တောင်းဆိုနေစရာ မလိုဘူး။ ကျုပ်ကို ကူညီချင်ရင် သတင်းတစ်ခု ဖြန့်ပေး"
"ကောင်းပြီ"
"လင်းချင်းဖန် ကျုပ်ကို ဒီလောက်လိုချင်နေတာက သူ့ဓားအရိုးနဲ့ လဲလှယ်ပြီး ကြယ်ပွင့်အဆင့် ဓားဝိညာဥ်ကို အပိုင်သိမ်းချင်လို့ပဲ"
အမှန်တရားက ခါးသီး၍ ရက်စက်သောကြောင့် သူမသည် မင်သက်သွားသကဲ့သို့ အကြောင်းအရင်းကို မသိထားသော လူများပင် တုန်လှုပ်သွားကြသည်။ လင်းချင်းဖန်သည် ကြယ်ပွင့်အဆင့် ဓားဝိညာဥ်အပေါ် လောဘတက်နေသဖြင့် ကောက်ကျစ်စွာ ကြံစည်ခဲ့ကြောင်း ထင်ရှားနေသည်။ ထို့ကြောင့် ယွမ်ရှောင်၏လုပ်ရပ်များအတွက် သင့်တော်သော အဖြေတစ်ခုကို သိလိုက်ရပြီး အင်အားစုနှစ်ခုကို ရန်တိုက်ခြင်းမှာ ကိုယ့်ကိုကိုယ် အသက်ကယ်ရန်သာ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။ နင်ရန် သတင်းမဖြန့်ခင်မှာပင် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် အမှန်တရား ပေါ်ထွက်လာခဲ့သည်။
"လင်းချင်းဖန်ရဲ့ ကောက်ကျစ်မှုကို ကမ္ဘာကြီးက သိစေရမယ်။ ဒီလိုဆိုရင် သူတို့ မင်းကို နားလည်လာပါလိမ့်မယ်"
နင်ရန်က အံကြိတ်၍ ကတိပေးလိုက်ပြီး လင်းချင်းဖန်အပေါ် လေးစားမှုများ ပျောက်ကွယ်သွားကာ ယွမ်ရှောင်၏ပုံရိပ် အစားထိုး ဝင်ရောက်လာခဲ့သည်။
"ဒါကို ကျုပ် ဂရုမစိုက်ဘူး။ အရေးကြီးတာ ဒီခွေးနှစ်ကောင်မသေခင်မှာ သူတို့ရဲ့မျက်နှာဖုံး ကွာကျပြီး ဂုဏ်သိက္ခာ ပျက်စီးစေဖို့ပဲ"
ယွမ်ရှောင်သည် ကိုယ့်ကိုကိုယ် အင်မော်တယ်ဟု သွေးနားထင်ရောက်နေသော ခေါင်းဆောင်နှစ်ယောက်ကို ပြစ်ဒဏ်ပေးရန် စီစဥ်လိုက်သည်။ ထို့နောက် သူက နင်ရန်ကို လျစ်လျူရှုကာ ရတနာလမ်းထံ ဦးတည်သွားပြီး မုန်တိုင်းမလာခင် အခြေအနေအလား ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
"လူတစ်ယောက်ကို ဆိုးဆိုးရွားရွား ခံစားပြီး သေစေချင်တယ်။ ဒီလိုလုပ်နိုင်တဲ့ အရာမျိုး ကျုပ် လိုအပ်တယ်"
"နှလုံးစားဂူကောင်အဆိပ်"
ဆိုင်ရှန်ချန်က ယွမ်ရှောင်၏အမေးကို ခေါင်းညိတ်ပြကာ လျှို့ဝှက်ခန်းအတွင်းမှ ကျောက်စိမ်းပုလင်းတစ်လုံးဖြင့် ပြန်ရောက်လာခဲ့သည်။ ၎င်းက လူတစ်ယောက်စာဖြစ်ပြီး သုံးရက်ကြာလျှင် အရိုးနှင့် အသားမှ တဆင့် နှလုံးတိုင်အောင် မရေမတွက်နိုင်သော ပိုးကောင်များ စားသောက်ခြင်း ခံရပေလိမ့်မည်။
"ကျုပ်အတွက် ဆယ်ယောက်စာပေး"
ယွမ်ရှောင်သည် ကျသင့်ငွေ စိတ်ကျောက်တုံးနှစ်သိန်းကို ဂရုမထားဘဲ နှစ်သန်းထုတ်ပေးကာ တောင်းဆိုလိုက်သည်။
"ဆယ်ယောက်တောင်လား"
"မဟုတ်ဘူး။ တစ်ယောက်တည်းအတွက်။ ကျုပ်က လက်စားချေရတာ သိပ်ကြိုက်တယ်"
ယွမ်ရှောင်၏အဖြေကြောင့် သူမပင် မျက်ခုံးပင့်လိုက်မိပြီး ဆယ်ယောက်စာအဆိပ်ကို တစ်ယောက်တည်းအပေါ်တွင် အသုံးပြုလျှင် ထိုလူ၏ ကံတရားမှာ သေသည်ထက် ဆိုးရွားပေလိမ့်မည်။
"အဖမ်းခံလိုက်ရတဲ့ကလေးမ သူမက လက်ဆောင်ရဲ့ ပိုင်ရှင်မလား။ ဓားပျံအရှိန်အရဆိုရင် သိပ်မကြာခင် ရှေးဟောင်းမျှော်စင်ကို ရောက်လာလိမ့်မယ်။ ခဏလောက် ရပ်ဦး"
ဆိုင်ရှင်ချန်သည် အဆိပ်ပုလင်းများကိုယူ၍ အေးစက်စက် လှည့်ထွက်သွားသော ယွမ်ရှောင်အား ရုတ်တရက် တားမြစ်လိုက်၏။
"ဘာကိစ္စလဲ"
သူ၏မျက်လုံးများမှာ အသူတရာနက်သော ချောက်ကမ်းပါးအလား နက်မှောင်၍ ဓားအလင်းများ ဖြာထွက်နေပုံရသည်။
"ရှေးဟောင်းမျှော်စင်မှာ ခေါင်းဆောင်နှစ်ယောက်အပြင် နတ်ပင်လယ်နောက်ပိုင်းအဆင့် ငါးထောင်ကျော်၊ မူလအမြုတေအဆင့် ငါးရာကျော် စောင့်နေကြတယ်။ မင်းဝင်တိုးမယ့် ထောင်ချောက်က ပြန်လမ်းမရှိဘူး။ သိပ်မကြာခင် ရဲကုရင်လည်း ထွက်လာတော့မယ်။ ငါက နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ပေမယ့် မင်းလိုနဂါးတစ်ကောင်ကို မမြင်ဖူးဘူး။ ဒီလိုပါရမီရှင်မျိုး အလဟဿသေရမှာ နှမြောစရာကောင်းတယ်"
"ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ"
"ဒါကို ယူသွားလိုက်။ ကောင်းကင်နယ်မြေရဲ့ ဓားနှလုံးသားတစ်ခု၊ အမှန်အတိုင်းပြောရရင် ဒါက ငါ့ဆိုင်တစ်ခုလုံးထက်တောင် အဖိုးတန်တယ်"
သူမက ပြောပြောဆိုဆိုနှင့် သေတ္တာနက်တစ်ခုကို ကမ်းပေးလာရာ ကောင်းကင်သင်္ချိုင်းဓားအတွက် ဝါးမျိုရန် အရင်းအမြစ်ဖြစ်နေသောကြောင့် ရေကန်အသင့် ကြာအသင့်ပင်။
"ဘယ်လောက်ပေးရလဲ"
သူက ၎င်းကို တစ်ချက်စိုက်ကြည့်လိုက်သော်လည်း ဤတန်ဖိုးမှာ တတ်နိုင်သည်ထက် ကျော်လွန်ပေလိမ့်မည်။
"ငါ့စေတနာလို့ မှတ်ထားလိုက်ပါ။ ရတနာနန်းတော်ရဲ့ လက်ဆောင်ပေါ့"
ဆိုင်ရှင်ချန်က ကျေနပ်စွာပြုံး၍ ခေါင်းယမ်းပြလိုက်သည်။ ဤသို့ဖြင့် ယွမ်ရှောင်သည် ရတနာနန်းတော်အပေါ် အကြွေးတစ်ခု တင်သွားမည် ဖြစ်သည်။
"ကျုပ် စာချုပ်ရေးပေးရမလား။ ခင်ဗျားပြဿနာဖြစ်ရင် ကျုပ် လာကူညီမယ်"
"မင်းရဲ့စကားက လုံလောက်နေပါပြီ"
ဆိုင်ရှင်ချန်အတွက် ဤလက်ဆောင်က ရင်းနှီးမြုပ်နှံမှုဖြစ်ကာ အလောင်းအစားလုပ်လိုက်ခြင်းပင်။ ထောင်ချောက်ထံ တည့်တည့်မတ်မတ် ဦးတည်နေသော ယွမ်ရှောင်အတွက် ခေါင်းဆောင်နှစ်ယောက်ကို ဓားနှလုံးသားဖြင့် သတ်ပစ်ရန် သူမက အကြံပေးခဲ့သည်။ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ကျင့်ကြံသူငါးထောင်ကျော်ဖြစ်ကာ ဦးဆောင်သူမရှိတော့လျှင် အားလုံး ပြိုကွဲသွားပေလိမ့်မည်။
"ကျုပ် ဒါကို လက်ခံလိုက်မယ်။ ဘယ်လို အသုံးပြုမယ်ဆိုတာကိုတော့ စောင့်ကြည့်လိုက်"
ယွမ်ရှောင်က သူမအနားကပ်၍ တီးတိုးပြောကာ သေတ္တာနက်ကို သိမ်းဆည်းရင်း ဓားပျံစီးနင်းပြီး ကောင်းကင်သို့ ပျံတက်သွားခဲ့၏။
"ယွမ်ရှောင်က ရှေးဟောင်းမျှော်စင်ကို တကယ်သွားနေပြီ"
"ဘုရားရေ ဒီတိုက်ပွဲက သမိုင်းတွင်လိမ့်မယ်"
ဓားပင်လယ်၏ လူထုမှာ စိုးရိမ်နေကြသော်လည်း သိလိုစိတ်ကို မထိန်းချုပ်နိုင်သော လူတစ်သောင်းကျော် လိုက်ပါသွားကာ အကြီးအကဲဝမ်နှင့် နင်ရန်လည်း ပါဝင်နေသည်။ ဤညကား ဓားပင်လယ်၏ သမိုင်းတွင် အမှောင်မိုက်ဆုံးညဖြစ်လာရန် သေချာသလောက် ဖြစ်လေသည်။