← Chapters

ကျောက်ရန်ရန်၏ သတ္တိ

Vol. 10 Ch. 115

ကျောက်ရန်ရန်၏ သတ္တိ

Vol. 10 Ch. 115

တိမ်များအကြားသို့ တိုးထွက်နေသော ရှေးဟောင်းမျှော်စင်သည် အောက်နယ်မြေအတွက် အထက်ဘုံမှ သတ္တဝါကြီးပမာ ထင်မှတ်ရသည်။ ၎င်း၏အပြင်ဘက်တွင် လေ့ကျင့်ရေးကွင်းတစ်ခုရှိပြီး အနက်ရောင်အုတ်များဖြင့် တည်ဆောက်ထားသောကြောင့် မြင်လေရာ မှောင်မိုက်နေ၏။ လက်ရှိတွင် သန်းခေါင်ယံအချိန် ဖြစ်သော်လည်း ၎င်း၏မီးအိမ်များကို ထွန်းညှိထားသဖြင့် လေ့ကျင့်ရေးကွင်းတွင် လင်းထိန်နေကာ လေထု တင်းမာနေသည်။

ဓားသမားငါးထောင်ကျော်က ဤနေရာတွင် စုဝေးနေကာ အနက်ရောင်နှင့် အနီရောင်သည် ရှေးဟောင်းမျှော်စင်၏ ကျင့်ကြံသူများဖြစ်ကာ အပြာရောင်နှင့် အစိမ်းရောင်သည် ဓားကောင်းကင်အင်အားစု ဖြစ်သည်။ သူတို့က မျှော်စင်ကို ကျောပေး၍ ဝင်ပေါက်ကို သားကောင်းချောင်းမြောင်းနေသည့် စွန်ရဲများအလား စိုက်ကြည့်နေသည်။ ရှေးဟောင်းမျှော်စင်ဘက်တွင် တစ်ယောက်ချင်းစီသည် ပါရမီရှင်များဖြစ်သကဲ့သို့ ဓားကောင်းကင်ဘက်၌ အရေအတွက် အလွန်များပြားသည်။ ယခင်ညတွင် ဤအင်အားစုနှစ်ခုသည် အသေအကြေ တိုက်ခိုက်ခဲ့ကြသော်လည်း လက်ရှိတွင် ပူးပေါင်းနေသဖြင့် ရှေးဟောင်းမျှော်စင်၏ သြဇာအာဏာ သိသာနေသည်။

ထိုအချိန်၌ မျှော်စင်ကြီးသည် ဘုန်းခနဲ တုန်ခါသွားကာ ထိပ်ဖျားပိုင်းမှ ချီစွမ်းအင်များ ထွက်ပေါ်လာသဖြင့် လူတိုင်း ပြုံးလိုက်ကြသည်။ ရဲကုရင်က အလွန်အစွမ်းထက်သောကြောင့် တာအိုမျိုးစေ့ဟု ခေါ်ထိုက်ပြီး အချိန်စောထွက်လာနိုင်ချေ ရှိ၏။ သူက ယွမ်ရှောင်ကို အလွယ်တကူ သတ်နိုင်သောကြောင့် သူတို့အနေဖြင့် တိုက်ခိုက်နေစရာ မလိုအပ်တော့ပေ။ သူတို့၏အမြင်တွင် ရဲကုရင်က ကောင်းကင်နယ်မြေသို့ ရောက်သွားလျှင် ဓားနယ်မြေကို ဂုဏ်ဆောင်မည်ဟု တထစ်ချ မှတ်ယူထား၏။ ဤသို့ဖြင့် ရှေးဟောင်းမျှော်စင်သည် အရှက်ကွဲခဲ့ရသောအဖြစ်ကို ရှင်းလင်းနိုင်ပေလိမ့်မည်။ ဤရက်များတွင် လူငယ်လေးတစ်ယောက်က ၎င်း၏မျက်နှာကို အကြိမ်ပေါင်းများစွာ ဖြတ်ရိုက်ခဲ့သည် မဟုတ်ပါလော။

"အချိန်ကျပြီ။ သေမျိုးတိုင်းပြည်ကနေ ဓားပင်လယ်ကို ရောက်ဖို့ နည်းနည်းတော့ ကြာတယ်"

နောက်ဆုံးတွင် ရှိနေသည့် ခေါင်းဆောင်နှစ်ယောက်က ရှောင်ရွယ်ပြန်အလာကို စောင့်ဆိုင်းနေပြီး ဓားပျံစီးနင်းရာတွင် ကျင်လည်သော ယွမ်ရှောင်ပင် ကျင့်ကြံဆင့် နိမ့်ကျသောကြောင့် ဤခရီးအတွက် သုံးလ အချိန်ယူခဲ့ရသည်။ အချိန်တစ်ခုအကြာတွင် ရှောင်ယု၏ညီမ ကောင်းကင်ရွေးချယ်ခံတစ်ယောက်ဖြစ်သော ရှောင်ရွယ်သည် အပြာရောင်ဓားပျံနှင့် ရောက်ရှိလာကာ သူတို့ရှေ့တွင် ရပ်တန့်လိုက်သည်။

"ရွယ်အာက ဒေါ်လေးကို ဂုဏ်ယူအောင် လုပ်ခဲ့တယ်"

ရှောင်ယုက ရှေ့တက်ကာ ချီးကျူးလိုက်ပြီး တစ်ဖက်လူ၏လက်ထဲတွင် အိတ်တစ်ခု ပါလာခဲ့သည်။ သူမက ၎င်းကို ဖွင့်လိုက်သောအခါ သံကြိုးများနှင့် တုပ်နှောင်ခံထားရပြီး တစ်ကိုယ်လုံးနှင့် မျက်နှာအထက်၌ ဓားဒဏ်ရာများရှိနေသော ကျောက်ရန်ရန် ထွက်ပေါ်လာခဲ့သည်။ သူမကို နှိုးရန်အတွက် ရှောင်ယုက ရေတစ်ပုံးဖြင့်ပက်လိုက်ပြီး ကျင့်ကြံသူငါးထောင်ကျော်၏ အကြည့်နှင့် ရင်ဆိုင်ခဲ့ရသည်။

"ထိပ်တန်းကျင့်ကြံသူတွေက နတ်ဆိုးတွေကို သတ်ရမယ့်အစား ငါ့ကိုဖမ်းပြီး ယွမ်ရှောင်ကို အကျပ်ကိုင်ချင်နေတယ်ပေါ့။ ဒါလား ဓားအင်မော်တယ် ထွီ"

အကင်းပါးသော သူမက အခြေအနေကို ချက်ချင်းနားလည်လိုက်ပြီး တစ်ယောက်ချင်းစီ၏ မျက်နှာကို စေ့စေ့စပ်စပ် စိုက်ကြည့်ကာ တံတွေးထွေးလိုက်၏။

"မောင်လေးယွမ် ဂရုစိုက်ပါ။ နောက်ဘဝကျရင် ကံမကုန်ဘဲ ပြန်တွေ့ချင်ပါသေးတယ်"

ထို့နောက် သူမက မျက်လုံးများမှိတ်လိုက်ပြီး လူတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။ သူမက ယွမ်ရှောင်၏ဘဝတွင် အဟန့်အတားမဖြစ်လိုသောကြောင့် အသက်ကို ငြိမ်းချမ်းစွာ အဆုံးသတ်လိုနေသည်။ မြောက်ပိုင်းဖုန်းဆိုးမြေကို ဖျက်ဆီးပြီး ဂိုဏ်းတူအစ်ကိုအမများကို ကယ်ဆယ်နိုင်ခဲ့သောကြောင့် ဤဘဝတွင် နောက်ဆံတင်းစရာဟူ၍ ဖခင်ဖြစ်သူသာ ရှိပေသည်။ သို့သော် ဓားအခြေတည်ဆေးတစ်လုံးလောက်ကို ယွမ်ရှောင်က အရယူနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။

"သူ့ဘဝ အမြင့်ရောက်မှာကို ငါ မမြင်ခဲ့ရတာကတော့ နှမြောစရာပဲ"

သူမက တစ်ချက်ရယ်မောလိုက်ပြီး ဓားဝိညာဥ်ကို ဖျက်ဆီးကာ ကိုယ့်ကိုကိုယ်သတ်သေရန် တွန့်ဆုတ်မနေခဲ့ပေ။ အနက်ရောင်ဓားက ဖြတ်ခနဲ ထွက်ပေါ်လာကာ ချီစွမ်းအင်များ ဝင်ရောက်သွားသောအခါ ဝိညာဥ် ပြိုကွဲစပြုလာသည်။ ရန်သူများသည် လုံးဝသတိလွတ်နေပြီး တစ်ဖက်လူမှာ သတိရရချင်း ကိုယ့်ကိုကိုယ် သတ်သေမည်ဟု ထင်မထားကြပေ။ ဤအချက်အရ ကျောက်ရန်ရန်သည် ယွမ်ရှောင်အပေါ်တွင် မည်မျှအလေးထားကြောင်း သိသာနေသည်။

"နင်ရန်ရဲ့ သမီးက နိမ့်ကျလွန်းတယ်။ ကိုယ့်ကိုကိုယ် သတ်သေချင်နေတာလား။ နင့်လက်တွေကို ဖြတ်ပြီး ဒန်တန်ကို ဖျက်ဆီးလိုက်ရင် ဘာဆက်လုပ်နိုင်မှာလဲ။ ဒီကောင်မကို မသန်မစွမ်းဖြစ်အောင်လုပ်ပြီးရင် နတ်ဆိုးတွေ ပျော်ပါးဖို့ လုပ်ရမယ်။ ယွမ်ရှောင် နင် ဘာတတ်နိုင်သေးလဲ"

ရှောင်ယုက ကောက်ကျစ်စွာ အော်ဟစ်၍ ဓားဝိညာဥ်ဆင့်ခေါ်ကာ ချက်ချင်းပိုင်းချလိုက်သည်။ ကျောက်ရန်ရန်သာ သေသွားလျှင် ယွမ်ရှောင်အနေဖြင့် ရူးသွပ်သွားနိုင်သောကြောင့် ပို၍ဆိုးရွားသော အဖြစ်မျိုးကို သူမက မြင်တွေ့ချင်နေသည်။ ကျောက်ရန်ရန်၏ ဓားဝိညာဥ် မပျက်စီးခင် လက်ကိုဖြတ်ပစ်ရန် ရည်ရွယ်ထားပြီး ကျင့်ကြံသူငါးထောင်ကျော်က ကျေနပ်စွာ စောင့်ကြည့်နေစဥ် မိုးပြာရောင်အလင်းတစ်ချက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ၎င်းက လမ်းကြောင်းတလျှောက်ရှိ ဦးခေါင်းများကို ထိုးဖောက်၍ တောက်ပစွာဖြင့် ချဥ်းကပ်လာခဲ့သည်။

အန္တရာယ်ကို ရိပ်စားမိလိုက်သော ရှောင်ယုက ကျောစိမ့်သွား၍ လှည့်ကြည့်လိုက်ရာ မိုးပြာရောင်နဂါးကြီးတစ်ကောင်အလား ဝင်ရောက်လာသည့် ဓားဖျားကို မြင်လိုက်ရသည်။ ခေါင်းဆောင်နှစ်ယောက်သည် သူမကို ကယ်တင်ချင်သော်လည်း နောက်ကျသွားကာ ဓားမြှောင်သည် ခဏအတွင်း ခြေ၊ လက်၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးကို နုတ်နုတ်စင်းသွားခဲ့၏။ အော်သံတစ်ချက်ပင် မထွက်ခင်မှာပင် တစ်ကိုယ်လုံး အပိုင်းတစ်သောင်းမက ပိုင်းဖြတ်ခံလိုက်ရကာ အနားရှိ ခေါင်းဆောင်နှစ်ယောက်ကိုယ်ပေါ်သို့ သွေးများ စွန်းထင်းကုန်၏။

လင်းချင်းဖန်၏ လက်ဝါးအတွင်း မျက်လုံးတစ်လုံး ရောက်ရှိနေသော်လည်း တစ်ခြမ်းပျက်စီးနေသည့် ဇနီးဖြစ်သူ၏ နောက်ဆုံးသော အကြွင်းအကျန်ပင်။

လူတစ်ယောက် အရှင်လတ်လတ် နုတ်နုတ်စင်းခံလိုက်ရသည့် မြင်ကွင်းကြောင့် ကျင့်ကြံသူငါးထောင်မှာ ဦးခေါင်းများ တူဖြင့် ထုချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားကြသည်။ ဓားမြှောင်က အရှိန်မသေသေးသဖြင့် ရှေးဟောင်းမျှော်စင်ထံ ဆက်လက်တိုးဝင်သွားကာ ဒါဇင်ချီသော နံရံများကို ပြိုလဲသွားစေသည်။

"နေလနတ်ဓားသိုင်း နေဖောက်သက်တန့်"

ရှောင်ချန်တန်း၏ မျက်နှာက သွေးဆုတ်သွားကာ သူမြင်ဖူးသမျှတွင် ဤသိုင်းကွက်မှာ အကြမ်းတမ်းဆုံးဖြစ်ပြီး ရပ်တန့်မရနိုင်ချေ။

"မိန်းမ"

လင်းချင်းဖန်သည် လက်ဝါးအတွင်းရှိ မပြည့်စုံသော မျက်လုံးကို ကြည့်နေရင်း စိတ်နှလုံး နာကျင်သွားသည်။ ထိုအချိန်တွင် ဧရာမတံခါးချပ်ကြီးများ ကန်ဖွင့်ခံလိုက်ရသဖြင့် လူအုပ်ထံ လွင့်ထွက်လာရာ အရေအတွက်ဆယ်ယောက်ကျော် တံခါးပိ၍ အသေဆိုးကုန်၏။ တံခါးအပြင်ဘက်မှ အဖြူရောင်သေမင်းသည် ဓားမြှောင်ကို ပြန်လည်ဆင့်ခေါ်၍ ထီမထင်ဟန်ဖြင့် တစ်လှမ်းချင်း ဝင်ရောက်လာခဲ့သည်။ ရန်သူအားလုံးမှာ တုန်လှုပ်သွားသော်လည်း သတ်ဖြတ်လိုစိတ်ကြောင့် မျက်လုံးများ သွေးရောင်နီရဲနေသည်။

"ထန်"

လူတိုင်းက ဓားဝိညာဥ်ကိုယ်စီဆင့်ခေါ်၍ ယွမ်ရှောင်ကို အဆုံးသတ်ရန် အသင့်ဖြစ်နေကြသည်။ ဖမ်းချုပ်ခံထားရသည့် ကျောက်ရန်ရန်မှာ ကျေနပ်စွာပြုံးလိုက်ပြီး နွေးထွေးသော ခံစားချက်ကို ရလိုက်သည်။ သူမက ယွမ်ရှောင်ကို အလုံးစုံယုံကြည်ပြီး သတ္တိရှိရှိဖြင့် တရားမျှတမှုအား ရှာဖွေပေလိမ့်မည်။

"ဒီလိုလူတစ်ယောက်က မကောင်းတဲ့ ဘုရင် ဟုတ်လား"

ဤကမ္ဘာကြီးတွင် သူ့ကို ကျောက်ရန်ရန်ထက် ပို၍နားလည်သူ မရှိနိုင်ချေ။ တိမ်တိုင်းပြည်တွင် သူ၏ပုံပြင်များကို ကြားခဲ့ရပြီး မှောင်မိုက်နေသော ညအချိန်တွင် တလက်လက်တောက်ပနေသည့် မျက်ဝန်းများ အကြည့်ချင်း ဆုံခဲ့ကြ၏။ ယွမ်ရှောင်သည် ကျင့်ကြံသူငါးထောင်ကျော်ကို တစ်ချက်ဝေ့ကြည့်လိုက်သောအခါ အားလုံး ရင်ထိတ်ကုန်သည်။

"ယွမ်ရှောင်"

ခေါင်းဆောင်နှစ်ယောက်က ဒေါသတကြီးဖြင့် အသံကုန် အော်ဟစ်လိုက်ကြသည်။

"တိတ်တိတ်နေ အလောင်းတွေက စကားမပြောရဘူး"

အဖြူရောင်သေမင်းသည် နှုတ်ခမ်းရှေ့တွင် လက်ညှိုးတစ်ချောင်းကပ်ကာ သတိပေးလိုက်လေသည်။

All Chapters